တားမြစ်ပင်လယ်၏ ကောင်းကင်ပေါ်မှ အပြောင်းအလဲများ
Vol. 92 Ch. 1429
မီးတောက်ဖီးနစ်က ကောင်းကင်ပေါ်မှာ ပျံသန်းနေစဉ် သက်ရှိအားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။
ယနေ့တွင် တားမြစ်ပင်လယ်အတွင်းမှ ကျွန်းစုအမျိုးမျိုးပေါ်ရှိ မျိုးနွယ်စုများသည် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
အနီရောင်အလင်းသည် ကောင်းကင်ကို အစားထိုးသွားသည်။
ပူပြင်းသော လေသည် တားမြစ်ပင်လယ်ပေါ်မှာ မရပ်မစဲ တိုက်ခတ်နေသည်။
မီးတောက်မီးလျှံများသည် ပင်လယ်ရေမျက်နှာပြင်ကို ဖြတ်သန်း၍ တားမြစ်ပင်လယ်ကို ဖုံးလွှမ်းလိုက်သည်။
လှိုင်းလုံးများသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ဒေါသကို သယ်ဆောင်ထားကြသည်။
မီးတောက်ဖီးနစ်သည် ပင်လယ်ပေါ်သို့ ဆင်းသက်လာသည်။
“ ဘယ်အရာက မီးတောက်ဖီးနစ်ကို အရမ်းဒေါသထွက်စေတာလဲ ”
ကြောက်ရွံ့ရိုသေသော အသံများသည် တားမြစ်ပင်လယ်ထဲမှ ကျွန်းစုများပေါ်တွင် ပေါ်ထွက်လာသည်။
မရေမတွက်နိုင်သော အကြည့်များသည် ကောင်းကင်ပေါ်မှ ဧရာမမီးတောက်ပုံရိပ်ပေါ်သို့ ကျရောက်သွားကြသည်။
ခန့်မှန်းမှုအမျိုးမျိုးက ပျံ့နှံ့သွားသည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ ဤအခိုက်အတန့်မှာ တားမြစ်ပင်လယ်ထဲမှ မျိုးနွယ်စုအသီးသီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နှလုံးတုန်သွားကြသည်။
ထို့ကြောင့် သူတို့က မုန်တိုင်း၏ ဦးတည်ရာဆီသို့ အလိုအလျောက် ကြည့်လိုက်ကြသည်။
တားမြစ်ပင်လယ်၏ အပေါ်၊ အတိတ်တွင် အလောင်းကောင်တားမြစ်နယ်မြေ တည်ရှိခဲ့သော ဧရိယာ၏ အပေါ်တွင် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေသည် ကောင်းကင်ဘုံတောင်တစ်လုံးပမာ ထီးထီးမားမား တည်ရှိနေသည်။
ထိုတောင်က အလွန်ကြီးမားကျယ်ပြောလေရာ တစ်စုံတစ်ယောက်က ခေါင်းမော့လိုက်သည့်အခါ တောင်ထိပ်ကို မမြင်နိုင်ပေ။
အဝေးမှကြည့်လျှင် တောင်ပေါ်မှာ မရေမတွက်နိုင်သော မှော်သင်္ကေတများက ဝေဝေဝါးဝါး ထွက်ပေါ်နေကြောင်း မြင်နိုင်လိမ့်မည်။ ယင်းတို့က အလင်းထဲမှာ ရွေ့လျားကူးခတ်နေကြပြီး တစ်ချိန်လုံး အချင်းချင်း ထိတွေ့နေကြသည်။ မှော်သင်္ကေတများ၏ ထိတွေ့မှုအကြိမ်ရေပေါ်မူတည်၍ ဝုန်းခနဲ မြည်သံများက မတူညီသော အတိုင်းအတာထိ ပျံ့လွင့်သွားလေ့ ရှိသည်။
တစ်ခါတစ်ရံ အသံက တိုးညင်းပြီး တစ်ခါတစ်ရံ ယင်းက ကောင်းကင်ဘုံမိုးခြိမ်းသံပမာ အလွန်ကျယ်လောင်သည်။
ယင်းက မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ ကာကွယ်ရေးစည်းချအစီအရင်ဖြစ်သည်။ ယင်းကို အတိတ်တွင် မျိုးနွယ်စု၏ မဟာဧကရာဇ်က ခင်းကျင်းထားခဲ့ခြင်း ဖြစ်သည်။
သူတော်စင်ကုန်းမြေများဟု အမည်တွင်လာခဲ့ခြင်းမှာ မဟာဧကရာဇ်များ၏ တည်ရှိမှုကြောင့် ဖြစ်သည်။
အတိတ်တွင် ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးကုန်းမြေမှ ထွက်ခွာသွားခဲ့စဉ် သူ့နောက်သို့ လိုက်ရန် အရည်အချင်းပြည့်မီခဲ့သော မျိုးနွယ်စုအားလုံးဆီမှာ မဟာဧကရာဇ်များ ရှိခဲ့ကြသည်။
သို့သော်လည်း အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ မတော်တဆမှုတချို့ ဖြစ်ပေါ်လာပြီး မဟာဧကရာဇ်တချို့က သေဆုံးသွားခဲ့ကြသည်။
ထို့ကြောင့် အဝါရောင်အဆင့် သူတော်စင်ကုန်းမြေက ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
သူတော်စင်ကုန်းမြေကို တည်ထောင်ခဲ့သော မဟာဧကရာဇ်က သေဆုံးသွားပြီး မျိုးနွယ်စုထဲမှာ နောက်ထပ် မဟာဧကရာဇ်တစ်ပါး ထွက်ပေါ်မလာလျှင် ယင်းက အဝါရောင်အဆင့် သူတော်စင်ကုန်းမြေအဖြစ် သတ်မှတ်ခံရလိမ့်မည်။
ထိုသို့အခြေအနေမျိုးကို မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေက အတိတ်မှာ တွေ့ကြုံခဲ့ရသည်။ သူတို့၏ မဟာဧကရာဇ်က သေဆုံးသွားပြီဖြစ်သော်လည်း တောင်ပေါ်တွင် သူခင်းကျင်းထားခဲ့သော ကာကွယ်ရေးစည်းချအစီအရင်က မျိုးနွယ်စုကို နှစ်ထောင်ပေါင်းများစွာကြာအောင် ကာကွယ်ပေးနိုင်ခဲ့သည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မဟာဧကရာဇ်၏ အားဖြည့်ပေးမှုမရှိတော့သည့်အခါ အကာအကွယ်စည်းချအစီအရင်၏ စွမ်းအားက တဖြည်းဖြည်း အားနည်းလာသည်။ ယခု အစီအရင်က အထွတ်အထိပ်စွမ်းအားကို မပိုင်ဆိုင်တော့ပေ။
သို့သော်လည်း ယင်းက အစွမ်းတချို့ ကျန်ရှိနေဆဲပင်။
ဤအခိုက်အတန့်မှာ စည်းချအစီအရင်ပေါ်မှ မှော်သင်္ကေတများက ထွန်းလင်းတောက်ပလာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ဘုံတောင်အောက်မှ ကီလိုမီတာတစ်ထောင်ကျယ်ဝန်းသော ရေခဲလွင်ပြင်နှင့် ဘေးပတ်ဝန်းကျင်မှ တားမြစ်ပင်လယ်က တုန်ယင်သွားသည်။ ဤသည်မှာ ယင်းတို့က စည်းချအစီအရင်ကို တုံ့ပြန်နေသည့်အလားပင်။
ဤဧရိယာထဲတွင် လှေများ၊ သင်္ဘောများနှင့် ပင်လယ်သားရဲများက သူတော်စင်ကုန်းမြေနားသို့ မချဉ်းကပ်လာဝံ့ကြချေ။ ယင်းက တားမြစ်ပင်လယ်ပေါ်တွင် ကျွန်းစုတောင်တစ်လုံးပမာ ထီးထီးမားမား တည်ရှိနေသည်။
ထို့ပြင် ထိုတောင်မှ ထုတ်လွှတ်နေသော ကြယ်တာရာကောင်းကင်၏ အရှိန်အဝါသည် ရှေးကျသည်။ ယင်းက ဝမ်ကူးကုန်းမြေထံမှ ဟင်းလင်းပြင်နှင့် ပေါင်းစပ်သွားပြီးနောက် ဘေးပတ်ဝန်းကျင်တွင် အဖြူရောင်မြူခိုးကို ဖွဲ့စည်းလိုက်သည်။
တောင်ကို ဗဟိုထား၍ မြူခိုးက ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ ဘေးပတ်ဝန်းကျင်မှ မည်းနက်သော တားမြစ်ပင်လယ်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် အရောင်ကွာခြားမှုက အလွန်ကြီးမားသည်။
သို့ဖြစ်၍ ဤအတောအတွင်း ဘေးပတ်ဝန်းကျင်မှ ကျွန်းစုများရှိ မျိုးနွယ်စုများ၏ နှလုံးသားထဲတွင် ဤနေရာက နတ်ဘုံတစ်ခု ဖြစ်သည်။
သို့သော်လည်း ယနေ့ နတ်ဘုံ၏ အပြင်ဘက်တွင် မိစ္ဆာလေက တိုက်ခတ်လာပြီး မိစ္ဆာသံစဉ်က ပျံ့လွင့်လာသည်။
မိစ္ဆာလေသည် မီးတောက်များမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တောင်ပိုင်းမှ တိုက်ခတ်လာသည်။ လေတိုက်ခတ်လာသည့်အခိုက် ကောင်းကင်သည် အနီရောင်သို့ ပြောင်းလဲသွားသည်။ ဤသည်မှာ ကောင်းကင်က သွေးစွန်းသွားသည့်အလား သို့မဟုတ် ကမ္ဘာပျက်ကပ်ဘေးက ကျဆင်းလာသည့်အလားပင်။
တားမြစ်ပင်လယ်၏ ဘေးပတ်ဝန်းကျင်မှ အနက်ရောင်မြူခိုးသည် လောင်ကျွမ်းသွားသည်။ မြူခိုးထဲမှ မရေမတွက်နိုင်သော တစ္ဆေများနှင့် မိစ္ဆာများက ရုန်းကန်နေကြပြီး အော်ဟစ်ညည်းညူနေကြသည့်အလား ထူးဆန်းသော ရေရွတ်သံများက ပဲ့တင်ထပ်လာသည်။
ယင်းက မိစ္ဆာသံစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
တခြားတစ်စိတ်တစ်ပိုင်းသည်တော့ လေထဲမှ တအင့်အင့်ငိုညည်းသံ ဖြစ်သည်။
ဤအခိုက်အတန့်မှာ ကောင်းကင်သည် ဟိန်းဟောက်လိုက်ပြီး မြေပြင်သည် အော်မြည်လိုက်သည်။ သက်ရှိအားလုံးသည် နာကျင်စွာ အော်ဟစ်ညည်းညူလိုက်ကြသည်။
ထိုအသံအားလုံးက ပေါင်းစည်းသွားသည့်အခါ ကမ္ဘာတုန်ဟီးစေနိုင်သော မြည်သံက ထွက်ပေါ်လာသည်။
မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေသည် ထိုမြည်သံ၏ အမျက်ဒေါသကို အရင်ဦးဆုံး တွေ့ကြုံခံစားလိုက်ရသည်။
ကီလိုမီတာတစ်ထောင်ကျယ်ဝန်းသော ရေခဲလွင်ပြင်သည် ချက်ချင်း အရည်ပျော်သွားသည်။
ဤဧရိယာကို လွှမ်းခြုံထားသော အဖြူရောင်မြူခိုးက လောင်မြိုက်သွားပြီး မီးတောက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။ ယင်းတို့က လေထဲမှာ အနောက်သို့ လွင့်စင်သွားလေရာ အထဲမှ ဧရာမတောင်က ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
ကြက်သွေးရောင်က ကောင်းကင်ကို အပြည့်ဖုံးလွှမ်းထားပြီး မီးတောက်များက တားမြစ်ပင်လယ်ကို ဝန်းရံထားသည်။ မုန်တိုင်းတိုက်ခတ်သံများနှင့် အော်ဟစ်ညည်းညူသံများက ထိုဧရိယာတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားသည့်အခါ ဖီးနစ် သို့မဟုတ် လင်းယုန်နှင့်ဆင်တူသော ဧရာမပုံရိပ်တစ်ခုက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
၎င်းက မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေဆီသို့ ဦးတည်သွားသည်။
၎င်းက အနားသို့ ချဉ်းကပ်သွားသည့်အခိုက် အနက်ရောင်တိမ်တိုက်များထဲမှ ၎င်း၏ ဧရာမလက်သည်းကို ဆန့်ထုတ်လိုက်သည်။
လက်သည်းသည် မရေမတွက်နိုင်သော မိုးကြိုးသွားများကို သယ်ဆောင်လျက် တောင်ကို အကြမ်းပတမ်း ဖမ်းဆုပ်လိုက်သည်။
ဤသည်မှာ ၎င်းက တောင်ကို အပေါ်သို့ မမြှောက်ချင်နေသည့်အလားပင်။
မီးတောက်ဖီးနစ်၏ လက်သည်းသည် နတ်ဘုရားတစ်ပါး၏ လက်ကဲ့သို့ ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ လက်သည်းဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်က ဆုတ်ဖြဲခံလိုက်ရပြီး လောကက တုန်ယင်သွားသည်။ တားမြစ်ပင်လယ်သည်ပင် အောက်သို့ နစ်မြုပ်သွားသည်။
ပြင်းထန်သော အမျက်ဒေါသကို သယ်ဆောင်ထားသော ကြောက်မက်ဖွယ်ရာဖိအားက ဘေးပတ်ဝန်းကျင်ကို ချက်ချင်း လွှမ်းခြုံသွားသည်။
ယင်းက ဆင်းသက်လိုက်သည့်အခိုက် တောင်၏ ဘေးပတ်ပတ်လည်မှ ပင်လယ်ရေက လောင်ကျွမ်းသွားသည်။ မီးတောက်များသည် တောင်ပေါ်မှ ဧရိယာအားလုံးကို လွှမ်းခြုံသွားသည်။
ဝုန်းခနဲ မြည်သံသည် ရုတ်တရက် ကောင်းကင်ကို ဆုတ်ဖြဲလိုက်ပြီး တားမြစ်ပင်လယ်ကို တုန်လှုပ်သွားစေသည်။
မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေသည် အပြင်းအထန် တုန်ခါသွားသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အေးစက်စက် နှာခေါင်းရှုံ့သံသည် တောင်ထဲမှ ပဲ့တင်ထပ်လာသည်။ နောက်အခိုက်အတန့်မှာ တောင်ပေါ်မှ မှော်သင်္ကေတအားလုံးက လေထဲသို့ တစ်ပြိုင်နက် မြှောက်တတ်သွားကြပြီး ဧရာမအကာအကွယ်အလွှာတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ယင်းက မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ ကာကွယ်ရေးစည်းချအစီအရင် ဖြစ်သည်။
စည်းချအစီအရင်ထွက်ပေါ်လာသည်နှင့်ချက်ချင်း အလင်းရောင်က လှည့်ပတ်သွားပြီး ဘေးပတ်ဝန်းကျင်ကို ထွန်းလင်းသွားစေသည်။ တစ်ချိန်တည်းမှာ အလင်းထဲမှ မရေမတွက်နိုင်သော မှော်သင်္ကေတများသည်လည်း ကျယ်ပြောသော စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။
ယင်းက အကာအကွယ်၏ ခုခံမှုကို အဆုံးစွန်ထိ တိုးမြှင့်ပေးလိုက်ပြီး မီးတောက်ဖီးနစ်၏ ဧရာမလက်သည်းကို ခုခံပေးလိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံက ကောင်းကင်ကို တုန်လှုပ်သွားစေသည်။
တားမြစ်ပင်လယ်၏ တစ်စိတ်တစ်ပိုင်းကို တုန်လှုပ်စေနိုင်သော အားလှိုင်းအတတ်အကျများက ချက်ချင်း ပေါ်လျှိုးလာကြသည်။
ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးများက ပင်လယ်မှ မြှောက်တတ်လာကြသည်။
နောက်ဆုံးမှာတော့ မီးတောက်ဖီးနစ်၏ လက်သည်းက ဆက်ပြီး မဆင်းသက်နိုင်တော့ဘဲ အကာအကွယ်စည်းချအစီအရင်ကိုသာ ဖမ်းဆုပ်သွားသည်။
စည်းချအစီအရင်ထဲတွင် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေထဲမှ မျိုးနွယ်ဝင်အားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။ သူတို့အားလုံးက ခေါင်းမော့လိုက်ကြပြီး စည်းချအစီအရင်၏ အပြင်ဘက်မှ ကောင်းကင်ကို ဖုံးလွှမ်းထားသော မီးတောက်ဖီးနစ်ကို ကြည့်လိုက်ကြသည်။
လူတိုင်းက နှလုံးတုန်သွားကြစဉ် အဖိုးအို၏ ပုံရိပ်တစ်ခုက တောင်ထိပ်ပေါ်မှာ ထွက်ပေါ်လာသည်။
သူက မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ ဘိုးဘေးဖြစ်သည်။ သူက အထွတ်အထိပ်အဆင့် အုပ်ချုပ်သူဖြစ်သည်။
သူက အကာအကွယ်ထဲမှတဆင့် အပြင်သို့ ကြည့်လိုက်သည်။
သူက မီးတောက်ဖီးနစ်နှင့် နန်းဟွမ်ကုန်းမြေထဲ၌ ၎င်း၏ အဆင့်အတန်းကို သိထားသည်။
အတိတ်တွင် သူက တစ်ဖက်လူ၏ ခွန်အားနှင့် အခြေအနေကို အကဲဖြတ်ခဲ့ဖူးသည်။
ယခု သူကိုယ်တိုင်မြင်လိုက်ရသောအခါ တစ်ဖက်လူအပေါ် သူ၏ ခွန်အားအကဲဖြတ်မှုက အခြေခံအားဖြင့် မှန်ကန်ကြောင်း အတည်ပြုနိုင်သွားသည်။
သို့သော်လည်း မီးတောက်ဖီးနစ်၏ အခြေအနေနှင့်ပတ်သက်ပြီး သူ၏ အကဲဖြတ်မှုထဲမှာ ကြီးမားသော လွဲမှားမှုတစ်ခု ရှိနေသည်။
“ သူက ဝမ်ကူးကုန်းမြေမှာရော ကြယ်တာရာကောင်းကင်မှာရော အရမ်းရှားပါးတဲ့ မျိုးစိတ်ပဲ… သူ့ရဲ့ နတ်ဘုရားအရင်းအမြစ်က အရမ်းအစွမ်းထက်တယ်… ဒါတောင် သူ့ဆီမှာ ရှေးဦးအပျက်အစီးနဲ့ ဘာကမ္မဆက်နွယ်မှုမှ မရှိဘူး… ”
“ သူက နတ်ဘုရားလမ်းစဉ်ကို လျှောက်လှမ်းတယ်… ဒါပေမဲ့ သူက နတ်ဘုရားမီးတောက်ကို မထွန်းညှိခဲ့ဘူး ”
မကောင်းဆိုးဝါးဘိုးဘေးက နှလုံးမွန်းကျပ်သွားသည်။
“ သူက နတ်ဘုရားမီးတောက်မရှိဘဲ သူ့ရဲ့ နတ်ဘုရားအရင်းအမြစ်တစ်ခုတည်းကို အသုံးပြုပြီး တောင်ရဲ့ အကာအကွယ်စည်းချအစီအရင်ကို တိုက်ခိုက်ခဲ့တယ်… ပြီးတော့ သူထုတ်လွှတ်လိုက်တဲ့ ဖိအားက နတ်ဘုရားယဇ်ပလ္လင်အဆင့် ဒါမှမဟုတ် မဟာဧကရာဇ်တစ်ပါးကို မနှိုင်းယှဉ်နိုင်ဘူးဆိုပေမဲ့ ငါနဲ့ အဆင့်တူညီတယ်… ”
“ သူက ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်တာလဲ ”
“ သူ့ရဲ့ နတ်ဘုရားအရင်းအမြစ်က အံ့ဩစရာကောင်းတဲ့ အဆင့်ထိ ရောက်နေတာ သေချာတယ်… တကယ်လို့ သူသာ နတ်ဘုရားမီးတောက်ကို ထွန်းညှိလိုက်မယ်ဆိုရင်… ”
မကောင်းဆိုးဝါးဘိုးဘေး၏ အမူအရာက တည်ကြည်လေးနက်သွားသည်။
“ သူ့ရဲ့ အခြေခံအုတ်မြစ်က အလွန်နက်ရှိုင်းပြီး ပြိုင်ဘက်ကင်းတယ်လို့တောင် ဆိုနိုင်တယ်… ပြီးတော့ သူ့ရဲ့ ရည်မှန်းချက်ကလည်း အံ့ဩစရာပဲ… သူက နတ်ဘုရားမီးတောက်ကို ထွန်းညှိတဲ့အခါ ခြေတစ်လှမ်းတည်းနဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာဖို့ နတ်ဘုရားအရင်းအမြစ်တွေအများကြီးကို သူ့နည်းသူ့ဟန်နဲ့ စုဆောင်းထားခဲ့တယ် ”
“ ဒါပေမဲ့… သူ့ရဲ့ ခန္ဓာကိုယ်မှာ ပြစ်ချက်ရှိနေတယ် ”
“ သူက ချုပ်နှောင်ခံထားရတယ်… အစွမ်းထက်ပညာရှင်တစ်ဦးက သူ့ကို နန်းဟွမ်ကုန်းမြေရဲ့ ဧရိယာအတွင်းမှာ ချုပ်နှောင်ခဲ့တယ်… သူက ဒီကနေ အဝေးကြီးကို မထွက်သွားနိုင်ဘူး… ”
“ အဲ့ဒါကြောင့် သူက ခြေတစ်လှမ်းတည်းနဲ့ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိဖို့အတွက် ကြံစည်နေတာပဲ… အဲ့ဒါမှပဲ သူက ဒီအချုပ်အနှောင်ကနေ ရုန်းထွက်နိုင်လိမ့်မယ် ”
ထိုသို့တွေးမိသောအခါ မကောင်းဆိုးဝါးဘိုးဘေး၏ အမူအရာက တည်ကြည်သွားသည်။ သူက ဖြည်းညင်းစွာ ပြောသည်။
“ တာအိုရောင်းရင်းမီးတောက်ဖီးနစ်… မင်းက ဒေါသူပုန်ထပြီး ဒီကိုရောက်လာတယ်ဆိုရင်တောင် ငါ့ကို ဖြေရှင်းချက်တစ်ခု ပေးရလိမ့်မယ် ”
မကောင်းဆိုးဝါးဘိုးဘေး၏ အသံသည် မိုးခြိမ်းသံသဖွယ် အပြင်လောကထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ရွှီချင်းကို ပြန်လွှတ်ပေးစမ်း ”
စည်းချအစီအရင်၏ အပြင်ဘက်တွင် မီးတောက်မီးလျှံများက မီးတောက်ဖီးနစ်၏ ခန္ဓာကိုယ်ပေါ်မှာ တဟုန်းဟုန်း တောက်လောင်လာသည်။ ၎င်းက စည်းချအစီအရင်ကို လက်သည်းဖြင့် ဖမ်းဆုပ်ထားရင်း ကမ္ဘာတုန်ဟီးစေနိုင်သော မြည်သံကို ထုတ်ဖော်လိုက်သည်။
မကောင်းဆိုးဝါးဘိုးဘေးက နှလုံးတုန်သွားသည်။ မကြာသေးခင်က ရွှင်းထိုင်နတ်ဆိုး၏ တံခါးပိတ်ကျင့်ကြံခြင်းမှ ပြန်ထွက်လာခြင်းကို တွေးမိသွားသောအခါ အဖြေကို သူသိသွားသည်။ သို့သော်လည်း ရွှင်းထိုင်နတ်ဆိုးက မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ အနာဂတ်မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။ ထို့ပြင် သူက မျိုးနွယ်စု၏ တစ်ဦးတည်းသော အကာအကွယ်အစောင့်အရှောက် ဖြစ်သည်။
သူ၏ အရေးကြီးမှုက တခြားမျိုးနွယ်ဝင်အားလုံးထက် သာလွန်သည်။
အထူးသဖြင့် သူ၏ ဒဏ်ရာဟောင်းများက ကုသနိုင်သည်ထက် ကျော်လွန်နေပြီး သူ့ဘဝသက်တမ်း၏ နေဝင်ချိန်က တဖြည်းဖြည်း နီးကပ်လာနေသည်။ သို့ဖြစ်၍ သူ၏ မျိုးနွယ်ဝင်အားလုံး မျိုးတုန်းသေဆုံးသွားမည်ဆိုလျှင်ပင် တစ်ဖက်လူအသက်ရှင်နေသေးသရွေ့ သူ၏ မျိုးနွယ်စုက ဆက်လက် တည်ရှိနေဦးလိမ့်မည်။
ထိုသို့မဟုတ်ဘဲ အကယ်၍ ရွှင်းထိုင်နတ်ဆိုးက အသတ်ခံလိုက်ရပြီး သူက သက်တမ်းစေ့သွားမည်ဆိုလျှင် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေက ဤလောကထဲမှ ထာဝရ ပျောက်ကွယ်သွားလိမ့်မည်။
မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို မျက်စိကျနေကြသော တခြားသူတော်စင်ကုန်းမြေများက အများကြီးပင်။
သူတော်စင်ကုန်းမြေများ၏ သမိုင်းတစ်လျှောက်တွင် အုပ်ချုပ်သူများကို ဆုံးရှုံးသွားသော သူတော်စင်ကုန်းမြေများသည် အင်အားပြိုကွဲသွားပြီး တခြားသူတော်စင်ကုန်းမြေများ၏ ဝါးမျိုခံရလေ့ ရှိသည်။
အတိတ်တုန်းက လျောင်ရွှမ်းသူတော်စင်ကုန်းမြေသည်လည်း ထိုအတိုင်း တွေ့ကြုံခဲ့ရသည်မဟုတ်ပါလော။
သို့ဖြစ်၍ သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ဤကိစ္စက အလွန်ကြီးမားသော ပြဿနာဖြစ်ပြီး ထိုထဲမှာ မဟာအန္တရာယ်ပင် ပါဝင်နေနိုင်သော်လည်း ရွှင်းထိုင်နတ်ဆိုးက ငတုံးမဟုတ်ကြောင်း ယုံကြည်ရန် သူက ရွေးချယ်လိုက်ဆဲပင်။ တစ်ဖက်လူက ထိုသို့လုပ်ဆောင်ခဲ့မှတော့ ယင်းက အကျိုးအကြောင်းကို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့သောအရာ ဖြစ်ရမည်။
‘ အဲ့ဒီရွှီချင်းဆီမှာ ရွှင်းထိုင်နတ်ဆိုးက မျိုးနွယ်စုတစ်ခုလုံးရဲ့ ကံကြမ္မာနဲ့ အလောင်းအစားလုပ်ရလောက်တဲ့အထိ တန်ဖိုးကြီးမားတဲ့ တစ်စုံတစ်ခုရှိရမယ် ’
သို့ဖြစ်၍ မကောင်းဆိုးဝါးဘိုးဘေးက မျက်မှောင်ကြုတ်လိုက်ပြီး အံ့ဩသော အမူအရာကို ထုတ်ဖော်လိုက်သည်။
“ မင်းပြောတဲ့ ရွှီချင်းဆိုတာ သန့်စင်ရေလှိုင်းဒေသကြီးနဲ့ ဝိညာဉ်နက်ဒေသကြီးရဲ့ ဒေသအရှင်သခင်လား ”
သူက စကားပြောပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး ညင်သာစွာ ဖျစ်ညှစ်လိုက်သည်။ ချက်ချင်းဆိုသလို ပုံရိပ်များစွာက လေထဲမှာ ထွက်ပေါ်လာကြသည်။
ဤသည်မှာ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေက စုဆောင်းထားခဲ့သော သတင်းအချက်အလက်များ ဖြစ်သည်။ ထိုထဲမှ ပုံရိပ်တစ်ခုက ရွှီချင်းမှလွဲ၍ တခြားမဟုတ်ပေ။
“ တာအိုရောင်းရင်းမီးတောက်ဖီးနစ်… မင်းပြောတဲ့လူက သူလား… ဒီလူကို အရင်က ငါတစ်ခါမှ မမြင်ဖူးဘူး ”
ထိုသို့ပြောပြီးနောက် သူက ခေါင်းလှည့်လိုက်ပြီး သူတော်စင်ကုန်းမြေမှ မျိုးနွယ်ဝင်များကို ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ မေးသည်။
“ မင်းတို့ သူ့ကို အရင်က မြင်ဖူးကြလား ”
မျိုးနွယ်ဝင်များက ခေါင်းခါလိုက်ကြသည်။
“ ဒီတော့ တာအိုရောင်းရင်းမီးတောက်ဖီးနစ်… မင်းပစ်မှတ်ထားတဲ့နေရာက မှားယွင်းနေတယ်လို့ ငါထင်တယ်… မင်းက ငါတို့ကို အကြောင်းမဲ့သက်သက် လာအနိုင်ကျင့်နေတာပဲ ”
မကောင်းဆိုးဝါးဘိုးဘေးက မီးတောက်ဖီးနစ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
သို့သော်လည်း သူ၏ စကားဆုံးသည်နှင့် စည်းချအစီအရင်အပြင်ဘက်မှ မီးတောက်ဖီးနစ်၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည်။ ၎င်းက အတောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
လျှပ်တစ်ပြက်အတွင်းမှာ ၎င်းက ကောင်းကင်၏ အမြင့်တစ်နေရာသို့ ရောက်ရှိသွားသည်။ ထို့နောက် ၎င်းက မီးတောက်ဥက္ကာပျံတစ်စင်းပမာ အောက်သို့ ပြန်ထိုးဆင်းလာသည်။
၎င်းက လုံးဝအရှိန်မလျော့ခဲ့ပေ။
၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်က အက်ကွဲသွားပြီး လောကက တုန်လှုပ်သွားသည်။ ပင်လယ်ရေက တပွက်ပွက် ဆူပွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ဆင်းသက်လာသည်။
မီးတောက်များသည် ဘေးပတ်ဝန်းကျင်တွင် အကြမ်းပတမ်း ပေါက်ကွဲသွားကြသည်။
ထိုမြင်ကွင်းက အစီအရင်အတွင်းမှ မကောင်းဆိုးဝါးဘိုးဘေးကို နှလုံးတုန်သွားစေသည်။ စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက မီးတောက်ဖီးနစ်၏ နောက်တစ်ကြိမ် တိုက်ခိုက်မှုကို ခုခံတားဆီးရန် စည်းချအစီအရင်၏ စွမ်းအားကို တိုးမြှင့်ရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ လောကက တုန်ယင်သွားသည်။ ကြီးမားသော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်တစ်ခုက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ဤနေရာမှာ အတင်းအဓမ္မ ထွက်ပေါ်လာသည်။
လပူဇော်ဒေသကြီး၏ အရှိန်အဝါသည် ထိုတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ထဲမှ အကြမ်းပတမ်း ပေါ်ထွက်လာသည်။
ထိုအရှိန်အဝါက ပျံ့နှံ့ထွက်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်ကို လွှမ်းမိုးဖိနှိပ်လိုက်သည်။ တစ်ချိန်တည်းမှာ အေးစက်စက် စကားသံက အလွန်ထက်ရှသော ဓားချီကို သယ်ဆောင်လျက် ပဲ့တင်ထပ်သွားသည်။
“ အနိုင်ကျင့်တော့ရော မင်းက ဘာလုပ်ချင်လဲ ”
“ ငါတို့ရဲ့ ပစ်မှတ်က မှားလား မှန်လားဆိုတာ မင်းဆုံးဖြတ်ပေးစရာ မလိုဘူး… ငါတို့ဘာသာ ဆုံးဖြတ်မယ် ”
စကားသံက ဆုံးသွားသည့်အခါ လပူဇော်ဒေသကြီးထဲမှ အဖိုးကိုးက စည်းချအစီအရင်ထဲမှ ထွက်လျှောက်လာသည်။
သူက ဝိညာဉ်စုစည်းခြင်းအဆင့်မှာသာ ရှိသေးကြောင်း ထင်ရှားသော်လည်း ဤအခိုက်အတန့်မှာ သူထုတ်လွှတ်လိုက်သော ထက်ရှမှုက အုပ်ချုပ်သူတစ်ပါးကိုပင် ခြိမ်းခြောက်နိုင်သည်။
သူ၏ အနောက်တွင် အိမ်ရှေ့စံမင်းသား၊ တတိယမင်းသမီး၊ ပဉ္စမမင်းသမီးနှင့် အဌမမင်းသားက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ သူတို့၏ အရှိန်အဝါနှင့် အခွင့်အာဏာများက ယခင်ကထက် အများကြီး ပိုအားကောင်းလာကြသည်။
လီဇီဟွား၏ သားသမီးများသည် ပါရမီရှင်များဖြစ်ကြပြီး ဝိညာဉ်စုစည်းခြင်းအဆင့်မှာကတည်းက အခွင့်အာဏာများကို ဖမ်းဆုပ်ထားနိုင်ကြသည်။
အတိတ်တွင် ရှေးဘုရင်ရွှမ်ယုံကပင် သူတို့ကို မဟာကောင်းကင်အရွေးချယ်ခံများအဖြစ် ချီးမြှောက်ခဲ့ဖူးသည်။
အတိတ်မှာ သူတို့က နီလာနတ်သမီးကြောင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော်လည်း ယခု ပြန်လည်လွတ်မြောက်လာပြီးနောက် သူတို့၏ တတ်လမ်းကို မည်သည့်အရာကမှ မပိတ်ပင်နိုင်တော့ပေ။
ဤအခိုက်အတန့်မှာ သူတို့က ဤနေရာဆီသို့ ရောက်ရှိလာကြသည်။
ရွှီချင်းတစ်ခုခုဖြစ်နေကြောင်း အားညိုထံမှ သတင်းရရှိပြီးနောက် သူတို့က ချက်ချင်း ပြေးလာခဲ့ကြသည်။ တစ်ချိန်တည်းမှာ သူတို့က အတိတ်တွင် လီဇီဟွား၏ အထွတ်အမြတ်ရတနာဖြစ်ခဲ့သော လပုန်ကန်ခန်းမကိုလည်း တစ်ပါတည်း ခေါ်ဆောင်လာခဲ့သည်။
ပိုပြီးအံ့ဩဖွယ်ကောင်းသည်မှာ အကယ်၍ ရွှီချင်းနှင့် အားညိုသာ ဤနေရာမှာ ရှိနေမည်ဆိုလျှင် သူတို့၏ ခန္ဓာကိုယ်ထဲမှ လီဇီဟွား၏ အရှိန်အဝါကို ထုတ်လွှတ်နေကြောင်း သေချာပေါက် အာရုံခံနိုင်လိမ့်မည်။
တစ်ချိန်တည်းမှာ သူတို့၏ အနောက်တွင် လင်းအာက အရှေ့သို့ စိုးရိမ်တကြီး လျှောက်လာပြီး မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို စိုက်ကြည့်လိုက်သည်။
ယင်းကို မြင်သောအခါ မီးတောက်ဖီးနစ်၏ ပုံရိပ်က ရပ်တန့်သွားသည်။ အဘယ့်ကြောင့်ဆိုသော် လပူဇော်ဒေသကြီး ထွက်ပေါ်လာသည်နှင့်ချက်ချင်း အရွယ်အစားကြီးမားသော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အတူတကွ ပေါင်းစည်းသွားပြီး ထိတ်လန့်ဖွယ်ကောင်းသော အန္တရာယ်အရှိန်အဝါကို ဖြစ်ပေါ်လာစေသည်။ စစ်သည်တော်များသည် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များထဲမှ အစီအစဉ်တကျ ထွက်ပေါ်လာကြသည်။
သူတို့က သန့်စင်ရေလှိုင်းဒေသကြီး၏ စစ်တပ်ဖြစ်သည်။
သူတို့က သူတို့၏ အရှင်သခင်ကို ကယ်တင်ရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။
စစ်သည်တော်ချည်းသာ မဟုတ်ပေ။ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသော ကောင်းကင်နက်နတ်ဆရာများလည်း ရှိကြသည်။ သူတို့၏ ဦးခေါင်းပေါ်တွင် ခရမ်းလတိုတမ်ကို ရေးထိုးထားကြသည်။ သူတို့က ခရမ်းလအရှင်သခင်အတွက် တိုက်ခိုက်ရန် ခရမ်းလဘုရားကျောင်းများထံမှ ရောက်ရှိလာကြသည်။
ထို့နောက် မကောင်းဆိုးဝါးဘိုးဘေးနှင့် မကောင်းဆိုးဝါးမျိုးနွယ်ဝင်များ၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားကြစဉ် ပိုပြီးကြီးကျယ်ခမ်းနားသော စည်းချအစီအရင်တစ်ခုက သူတော်စင်ကုန်းမြေ၏ အပေါ်မှာ ထွန်းလင်းတောက်ပလာသည်။
အလွန်အားကောင်းသော လူသားမျိုးနွယ်၏ ကမ္မစွမ်းအားသည် စည်းချအစီအရင်ထဲမှ ပေါ်လျှိုးထွက်လာသည်။ ယင်းက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားသည်နှင့် နန်းမြို့တော်၏ လူသားမျိုးနွယ်စစ်တပ်က သတ်ဖြတ်ချင်သော စိတ်ဆန္ဒနှင့်အတူ ထွက်လျှောက်လာသည်။
အရှေ့ဆုံးမှ ပုဂ္ဂိုလ်သည် ဘုရင်ကျန်းယန်ဖြစ်သည်။
သို့သော်လည်း မပြီးဆုံးသေးချေ။
အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားများ၏ အရှိန်အဝါများက အချိန်ကာလထဲမှ ချဉ်းကပ်လာနေကြသည်။
တားမြစ်ပင်လယ်ထဲတွင် လေနှင့်တိမ်တိုက်များက ဗြောင်းဆန်သွားကြပြီး ကောင်းကင်၏ အရောင်က ပြောင်းလဲသွားသည်။