ငါကတတိယနေရာတဲ့လား
Vol. 10 Ch. 138
ထျန်းလုံပင်းမှာ မာန်ဝင့်နေသောအပြုံးဖြင့် ထျန်းလုံစံအိမ်ရှိရာသို့ မော်ကြွားစွာလျှောက်လှမ်းလာတော့သည်။
သို့သော ထျန်းလုံခန်းမထဲသို့ပြန်ဝင်လိုက်သော် သူမမျှော်လင့်ထားသလို့ ကြိုဆိုအားပေးသံများ ချီးကျူးစကားများကို လက်ခံရမည့်အစား နှစ်သိမ့်စာနာဟန်အကြည့်များကိုသာ ရင်ဆိုင်လိုက်ရလေသည်။
လူအများမှာ ထိုဉာဏ်ကြီးရှင်ဖုန့်မိသားစုဝင်များသာမရှိလျှင် ဤမိန်းကလေးလည်း သူမထင်သလိုပထမရနိုင်လိမ့်မည်ဟုတွေးကာ သနားမိကြတော့လေ၏။
ထျန်းလုံပင်းကတော့ အကြောင်းရင်းရေရေရာရာမသိသေးဘဲ သူမမိသားစုရှိရာကိုဦးတည်လိုက်သော် အခြေအနေပိုဆိုးနေသည်ကို မြင်လိုက်ရတော့သည်။
ထျန်းလုံချီက သူမကိုစူးစူးရဲရဲစိုက်ကြည့်နေသည့်မှာ အမှားတစ်ခုခုလုပ်ထားမိသည့်အတိုင်းပင်။
(ဒါကြီးကတော့မဟုတ်သေးပါဘူး)
ချီးကျူးဂုဏ်ပြုမှုများကိုခံယူရမည့်အစား မိသားစုဝင်များထံမှ တစ်ပဲနှစ်ပြားပင်မတန်သို အေးစက်စက်ခပ်နှိမ်နှိမ်အကြည့်များကိုသာ လက်ခံနေရလေသည်။
အတွေးများရှုပ်ထွေးနေဆဲတွင် သူမဖုန့်ယွင်ကိုမြင်လိုက်မိသည်။ လူရာပေါင်းများစွာထဲတွင် ထိုအမျိုးသား၏ခန့်ညားချောမောသောသွင်ပြင်မှာ ထင်းခနဲမြင်သာလှပေ၏။
"ဒါဆိုရင်....."
နောက်ဆုံးတော့ သူမ အချက်အလက်ကိုဖမ်းဆုပ်လိုက်မိပြီး အဆင့်နေရာများပြသရာ ကောင်းကင်သလင်းကျောက်မျက်နှာပြင်ထံသို့ လှမ်းကြည့်လိုက်တော့သည်။
"တတိယနေရာ?"
ထျန်းလုံပင်းမှာ ထိတ်လန့်စွာရေရွတ်လိုက်ပြီး မျက်လုံးများလည်းပြူးကျယ်သွားရသည်။ ပထမနေရာကိုထားဦး၊ သူမမှာ ဒုတိယနေရာကိုပင်မချိတ်နိုင်ခဲ့ပါ။ ဒုတိယနေရာကိုကြည့်လိုက်သော် အခြားသော ဖုန့်မိသားစုဝင်တစ်ဦးပင်ဖြစ်နေပြန်သည်။
"ဒါ..ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူမလုံးဝမယုံကြည်နိုင်ပါ။ သူမ၏ အစီအရင်ပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့် အဖန်တလဲလဲလေ့ကျင့်သင်ကြားမှုတို့ကြောင့် ပြိုင်ပွဲတွင် သူမသာအမြန်ဆုံးဖြစ်ရမည်ဟု သေချာပေါက်တွေးထားသော်လည်း အခုတော့ ကြိုးစားအားထုတ်မှုအားလုံးမှာ သဲထဲရေသွန်ဖြစ်ရလေတော့မည်။
"သူတို့ကကျ ဘယ်လိုလုပ် ငါ့ထက်ပိုမြန်သွားကြတာလဲ"
ထို့အပြင် တတိယနေရာသာအရယူနိုင်ခဲ့သည်ဆိုသော်လည်း သူမလည်းမြန်နိုင်သလောက်မြန်မြန်လုပ်ခဲ့သည်သာ။ အဘယ့်ကြောင့် မိသားစုခေါင်းဆောင်နှင့်အကြီးအကဲများက သူမကိုအေးစက်စွာစိုက်ကြည့်နေကြပါသနည်း?
(အဲ့ဒါငါ့အပြစ်မှမဟုတ်ဘဲ ဟိုမကောင်းဆိုးဝါးလေးတွေအပြစ်ပဲ)
သူမမနေနိုင်တော့ဘဲ စိတ်ထဲမှကျိန်ဆဲလိုက်မိသည်။ သူမ၏ရှုံးနိမ့်မှုကြောင့် ထျန်းလုံချီရွှေဒင်္ဂါးတစ်သန်းကုန်ကျသွားခဲ့ရသည်ကိုတော့ သူမမသိခဲ့ပါ။
သို့သော် သူမသိခဲ့လျှင်တောင် ထိုကိစ္စကလည်း သူမအပြစ်မဟုတ်မှန်း အသိသာကြီးပါပေ။
ထိုအချိန်တွင် ထျန်းလုံယုမှာ ရေခဲတမျှအေးစက်သည့်အရှိန်အဝါဖြင့် ခြုံလွှမ်းထားပြီး နောက်ဆုံးတိုက်ကွက်တစ်ကွက်ကို အာရုံစိုက်ပစ်သွင်းအပြီးမှာတော့ နဖူးပေါ်တွင် ပုတီးစေ့လောက်ရှိသည့်ချွေးသီးချွေးပေါက်များ စီးကျနေပြီဖြစ်၏။ ဒီအစီအရင်ကို သူကြိမ်ဖန်များစွာလေ့ကျင့်ဖြိုခွဲဖူးသဖြင့် ယခုပြိုကွဲခါနီးအချိန်ရောက်နေပြီဆိုတာကို သိလိုက်သည်။
သူ့ခန္ဓာကိုယ်ဘေးပတ်လည်တွင် ရစ်ပတ်နေသော သလင်းပြာရောင်စွမ်းအင်များမှာ ပိုလို့အားကောင်းလာပြီး အစီအရင်ကို အစိတ်စိတ်အမွှာမွှာကွဲကြေသွားစေတော့၏။
ထျန်းလုံယုမှာ အတော်ပျော်ရွှင်သွားဟန်ရှိပြီး ထျန်းလုံပင်းကဲ့သို့ပင် ပထမနေရာရပြီအထင်ဖြင့် စံအိမ်ထံအပြေးပြန်လာတော့သည်။
ခန်းမတွင်းဝင်လိုက်သော် စိတ်ပျက်လက်ပျက်ဖြစ်နေဟန်ထျန်းလုံပင်းအားမြင်လိုက်ရပြီး သူလည်း အမှန်တရား၏အလစ်ဝင်တိုက်ခိုက်ခြင်းကို ခံလိုက်ရတော့၏။
သူပထမမရလျှင်တောင် သူ့ကိုအနိုင်ယူနိုင်မည့်လူမှာ အစီအရင်ဆရာတစ်ဦးဖြစ်သော ထျန်းလုံပင်းသာဖြစ်နိုင်သဖြင့် ဒုတိယနေရာလောက်တော့ရနိုင်မည်ထင်ထားတာပင်။
သို့သော် ထျန်းလုံပင်းရော အခြားမိသားစုဝင်များပါ မျက်စိမျက်နှာပျက်နေကြသည်ကိုမြင်သောအခါ သူလည်းခေါင်းရှုပ်သွားရ၏။
ဒီအချိန်မှာ ပထမနေရာရလို့ အောင်ပွဲခံနေသင့်တာမဟုတ်ဘူးလား?
သူ ထျန်းလုံပင်းအနားသို့ကပ်၍မေးလိုက်သည်။ "ဘာလို့အဲ့လောက်စိတ်ညစ်နေကြတာလဲ ငါတို့နိုင်သွားတာမဟုတ်ဘူးလား"
ထျန်းလုံပင်းကတော့ ခေါင်းပင်မော့မလာပဲ ကောင်းကင်သလင်းကျောက်မျက်နှာပြင်ထက်ကိုသာ လက်ညှိုးထိုးပြလာ၏။
ထျန်းလုံပင်း သူမ၏အမူအရာကြောင့် ပိုလို့ခေါင်းရှုပ်သွားသော်ငြား ညွှန်ပြသည့်နေရာကိုတော့ လှမ်းကြည့်ဖြစ်လိုက်သည်။
"ငါ ငါကအဆင့်၄လား?"
ထျန်းလုံယုက ထိတ်လန့်စွာအော်လိုက်သည်။ ထို့နောက် ပထမနှင့်ဒုတိယနေရာမှနာမည်များကိုလည်း မြင်လိုက်ရလေသည်။
"ဖုန့်ယွင်"
ပထမနေရာက ဖုန့်ယွင်၏အမည်ကိုမြင်ပြီး သူဒေါသတကြီးဖြင့်အော်ချလိုက်သည်။ ပါရမီဆင့်နှင့်ပက်သက်ပြီးတော့ သူ့ကိုယ်သူမပြင်ဆင်နိုင်ပေမယ့် ခွန်အားအရာမှာတော့ သေချာပေါက်သူကသာသည်ဟုသာ ခံယူထားခြင်းဖြစ်သည်။ ထို့အပြင် ကြိုတင်ပြင်ဆင်ထားသောအစီအစဥ်အတိုင်းဆိုလျှင် သူဖုန့်ယွင်ကိုရှုံးစရာအကြောင်းမရှိပေ။
သို့သော်လည်း ထိုလူကိုမှ သူနောက်တစ်ခါထပ်ရှုံးနိမ့်ခဲ့ရပြန်လေပြီ။
သူ လက်မခံနိုင်သေးပါ။
တတ်များတတ်နိုင်လျှင် အခုချက်ချင်းဖုန့်ယွင်ထံခုန်ဝင်သွားပြီး သူ့ဒေါသများကိုဖြေဖျောက်ဖို့ ထိပ်တိုက်ရင်ဆိုင်လိုက်ချင်သည်။
သို့သော် စောင့်ကြည့်နေသောမျက်လုံးများစွာအောက်မှာ သူအလျင်စလိုလှုပ်ရှားလို့မဖြစ်ပေ။ အခုအချိန် နောက်ဆုံးအနေနဲ့ သူလုပ်နိုင်သောအရာမှာ သူ့ဂုဏ်သိက္ခာကိုတတ်နိုင်သမျှထိန်းသိမ်းထားရန်ပင်။
သူဒီတိုင်းရပ်နေရုံသာတတ်နိုင်ပြီး ဖုန့်ယွင်ထံသို့ နာကျည်းစွာဖြင့် စူးစူးရဲရဲစိုက်ကြည့်နေတော့သည်။
နောက်ထပ်နာရီအနည်းငယ်ကြာသော် ပြိုင်ပွဲဝင်အချို့လည်းအပြီးသတ်နိုင်ခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက်ပြန်လာကြတော့သည်။
ထျန်းလုံယု၏နောက်တွင် ကပ်လျက်ပေါ်လာသူမှာ ယွမ်ကျိရန်ဖြစ်ပြီး သူ့နောက်တွင် ဟုလျန်းနှင့်ယွမ်လင်းတို့ ပေါ်လာကြသည်။
ယွမ်ကျိရန်ကတော့ သူမထက်ကျင့်ကြံဆင့်နိမ့်သည့်ဖုန့်ယွင်က သူမအားကျော်တက်သွားသည်ကို သိပ်ပြီးအံ့သြဟန်မပြပေ။ ကြိုတင်ခန့်မှန်းထားပြီးပုံပင်။
အချိန်၆နာရီပြည့်သွားသော် ဒုတိယပြိုင်ပွဲစဥ်ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲဝင်တစ်ဝက်ကျော်ကျော်မှာ အခုချိန်ထိအကျပ်ရိုက်နေဆဲသာ ရှိသေးသည်။
အဆင့်၂အစီအရင်မှာ သူတို့အတွက် လွန်စွာမှကြီးမားသောစိန်ခေါ်မှုတစ်ခုဖြစ်လို့နေပြီး ဘယ်လောက်ပဲအားထုတ်နေပါစေ မချိုးဖျက်နိုင်ခဲ့ကြပေ။
"အားလုံးရဲ့စိတ်ရှည်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ" ထျန်းလုံကျန်း၏ကြေညာသံလွင့်ပျံလာပြီး လူတိုင်း၏အာရုံကို ဖမ်းစားသွားတော့၏။
"အရှေ့ပိုင်းစီရင်စု စုဝေးပွဲ ဒုတိယပြိုင်ပွဲစဥ်ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် မိသားစုတစ်ခုချင်းစီရဲ့ရမှတ်များကို တစ်ချက်ကြည့်လိုက်ကြရအောင်လားခင်ဗျာ"
သူကဆက်မပြောခင် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှူလိုက်သည်။ "ဒီပြိုင်ပွဲစဥ်မှာ ဖုန့်မိသားစုက ၃၈၀မှတ်ကျော်ကျော်ရရှိခဲ့ပြီး စုစုပေါင်းရမှတ် ၈၂၀နဲ့ ပြိုင်ပွဲတစ်လျှောက်လုံးရဲ့ပထမနေရာကို ဆက်လက်ထိန်းသိမ်းထားလို့နေပါတယ်"
လူအုပ်ကြားထဲတွင် တီးတိုးသံများပျံ့နှံ့သွားပြီး ထျန်းလုံကျန်းက မိသားစုအလိုက်ရမှတ်များကို ဆက်လက်ကြေညာသည်။
စုစုပေါင်းရမှတ်များကိုကြည့်ရသလောက် ထိပ်ဆုံးမိသားစုသုံးခုမှာတော့ မပြောင်းမလဲတည်ရှိနေဆဲပင်။ ယွမ်မိသားစုက ဒုတိယနေရာကို ၆၁၀မှတ်ဖြင့်ဆက်လက်ထိန်းသိမ်းထားပြီး ထျန်းလုံမိသားစုကတော့ ၆၀၀မှတ်ဖြင့် တတိယနေရာတွင်ရပ်တည်နေသည်။
အဆင့်များကိုကြေညာနေသောထျန်းလုံကျန်း၏အသံမှာလည်း မျှော်လင့်ချက်မဲ့နေဟန်၊ မျိုသိပ်သည်းခံထားဟန်တို့ဖြင့် ရောပြွန်းနေသည်။ ဒုတိယပြိုင်ပွဲစဥ်အပြီးမှာ သူတို့မိသားစု ပထမနေရာကိုတက်လှမ်းနိုင်လိမ့်မည်ဟု သူတို့သေချာပေါက်ယုံကြည်ထားသော်လည်း အခုတော့ တတိယနေရာတွင်သာတွယ်ကပ်ကျန်နေမြဲပင်။
ဖုန့်မိသားစုနှင့် သူတို့ကြားကကွာခြားချက်မှာ အကြံအစည်များဖြင့်ဖြည့်ဆည်းလို့မရလောက်အောင်ကြီးမားလှသဖြင့် နောက်လာမည့်ပွဲစဥ်များတွင်လည်း ဒီအခြေအနေကိုပြောင်းနိုင်ပါ့မလားဆိုတာ သူတို့ကိုယ်တိုင်လည်းတွေးပူနေရသည်ပင်။ နောက်ကျန်သည့်ပြိုင်ပွဲနှစ်ခုလုံးတွင် ဖုန့်မိသားစုကို ကောင်းကောင်းထိုးချနိုင်မှသာ ဖြစ်နိုင်တော့မည့်အနေအထားပါပေ။
ထိုသို့ထိုးချနိုင်ဖို့ဆိုလျှင် တတိယနှင့်စတုတ္ထပြိုင်ပွဲစဥ်နှစ်ခုလုံးတွင် ထျန်းလုံမိသားစုက ပထမနေရာကိုဆက်တိုက်ရနေဖို့လိုသည်။ အမှားအယွင်းတစ်ခုမှမရှိရလေအောင် သေချာအကွက်ချစီစဥ်ရမည်ဖြစ်သည်။ ဖြစ်နိုင်ချေက နည်းလွန်းနေလှသည်ဖြစ်ရာ အရှေ့ပိုင်းစီရင်စု စုဝေးပွဲတွင် ပထမနေရာကိုအရယူဖို့ ယုံကြည်ချက်မရှိသလောက်ပါပေ။