← Chapters

ထျန်းလုံမိသားစုရဲ့ အကြံအစည်

Vol. 10 Ch. 127

ထျန်းလုံမိသားစုရဲ့ အကြံအစည်

Vol. 10 Ch. 127

အချိန်ပြည့်ရန် စက္ကန့်အနည်းငယ်မျှသာလိုတော့သောအခါ ထျန်းလုံကျန်းမှကြေညာလိုက်သည်။ "အချိန်ပြည့်ပါပြီ ပြိုင်ပွဲဝင်အပေါင်းတို့ ရှေ့တက်ခဲ့ကြပါ"

ဖုန့်ယွင်နှင့်ဖုန့်လျန်းလည်း ပြိုင်ပွဲဝင်များစုစည်းရာအလည်ကိုနေရာယူလိုက်ကြပြီး ကွက်လပ်တစ်ခုလုံးမှာ ပုခုံးချင်းယှဥ်ရပ်လျက်ရှိကြသော ပြိုင်ပွဲဝင်များဖြင့် ပြည့်နှက်သွားတော့၏။ ယွမ်မိသားစုကိုယ်စားပြုများကတော့ ခန့်မှန်းထားသည့်အတိုင်း ယွမ်ကျိရန်နှင့်ယွမ်လင်းပင်။ ထျန်းလုံမိသားစုကိုယ်စားပြုနှစ်ဦးတွင်လည်း သေချာပေါက် ထျန်းလုံယုကတော့ပါဝင်လေသည်။ ရွေးချယ်ခံပြိုင်ပွဲဝင်များကြားတွင် အများစုမှာ အင်အားကြီးရာတွင်ကျော်ကြားသူများဖြစ်ကြ၏။

အစီအရင်နှင့်ပက်သက်ပြီး ဗဟုသုတသိပ်မရှိသောမိသားစုများကတော့ အားအကြီးဆုံးပြိုင်ပွဲဝင်များကိုသာ ရွေးချယ်စေလွှတ်ကြသဖြင့် အစီအရင်နှင့်ကျွမ်းဝင်သူပါရမီရှင်ဟူ၍ အ‌တော်နည်းနည်းသာပါဝင်လေသည်။

ပြိုင်ပွဲဝင်များအားလုံး ထျန်းလုံကျန်း၏အရှေ့တွင် အစီအရီရပ်လိုက်ကြပြီးနောက် ထျန်းလုံကျန်းကလက်ဟန်တစ်ချက်ပြ၍ ထျန်းလုံမိသားစုဝင်အစေခံအချို့ကို ခေါ်ယူလိုက်သည်။ ထျန်းလုံကျန်းသည် ပြိုင်ပွဲဝင်အားလုံးကို တစ်ချက်ခြုံကြည့်လိုက်ပြီး လက်ဟန်ပြလိုက်သည့်ပုံမှာလည်း သြဇာအပြည့်ရှိလှ၍ တီးတိုးပေါက်ပေါက်ဖောက်သံများပါ တိတ်ကျသွားရ၏။

"ပြိုင်ပွဲဝင်အပေါင်းတို့" သူကစကားစသည်။ ရှင်းလင်းသောအသံမှာ ခန်းမတစ်လွှားဖြန့်ကျက်လျက်။ "ရှေ့ကနေဦးဆောင်ပေးမယ့်အစေခံနောက်ကို လိုက်သွားကြပါ အားလုံးနဲ့သက်ဆိုင်တဲ့ အစီအရင်နေရာတွေဆီ သူတို့ကလမ်းပြခေါ်ဆောင်သွားပေးပါလိမ့်မယ်"

သူအချက်ပြလိုက်သည်နှင့် အစေခံများထဲမှတစ်ဦးကရှေ့တက်ပြီး ပြိုင်ပွဲဝင်များကို စီစဥ်တကျတန်းစီစေသည်။ ပြိုင်ပွဲဝင်များမှာလည်း အနောက်မှလိုက်မသွားမီ တစ်ဦးနှင့်တစ်ဦးအကြည့်ချင်းဆုံကာ မကြာမီရင်ဆိုင်ရတော့မည့် စိန်ခေါ်မှုကြီးအတွက် အသင့်ပြင်ထားကြဖို့ အချင်းချင်းအသံတိတ်အားပေးနေကြတော့သည်။

အချို့ကတော့ ပွဲမစခင်မှာပင် မျှော်လင့်ချက်မဲ့လျက်ရှိပေပြီ။ အထူးသဖြင့် အခြေတည်ထောင်ခြင်းအဆင့်ကျင့်ကြံသူများပင်။ သူတို့၏လက်ရှိအင်အားဖြင့်တွက်ချက်ကြည့်လျှင် အစီအရင်မှာ မည်သည့်အမျိုးအစားပင်ဖြစ်နေပါစေ၊ အဆင့်၂ဆိုကတည်းက ချိုးဖျက်ဖို့ရာမဖြစ်နိုင်တော့ပြီ။

"အားလုံးပဲမှတ်ထားကြပါ" ထျန်းလုံကျန်းကမှာကြားသည်။ "မင်းတို့မှာ စုစုပေါင်းအချိန်၆နာရီရှိပါမယ် အဲ့ဒီအချိန်အတွင်းမှာမှ အစီအရင်ကိုမချိုးဖျက်နိုင်ဘူးဆိုရင်တော့ ပြိုင်ပွဲကနေထုတ်ပယ်ခံရပြီး ဒီပွဲစဥ်အတွက်လည်း အမှတ်သုညပဲပေးရပါလိမ့်မယ်"

ဖုန့်ယွင်နှင့်ဖုန့်လျန်းလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်မိလိုက်ကြသည်။

"ကံကောင်းပါစေ"

သူတို့တစ်ဦးကိုတစ်ဦး ဆုတောင်းပေးလိုက်ပြီးနောက် သက်ဆိုင်ရာအစီအရင်များထံသို့ ဦးဆောင်ခေါ်သွားခံရတော့သည်။

ဖုန့်ယွင်ကတော့ ယုံကြည်မှုအပြည့်ဖြင့် အတော်အတန်စိတ်အေးလက်အေးရှိနေပါသည်။ ဖုန့်လျန်းမှာလည်း စိတ်လှုပ်ရှားနေပေသည့် သေချာတော့စိတ်ပိုင်းဖြတ်လို့ထားပါ၏။ ဤစိန်ခေါ်မှုသည် သူ၏ကျွမ်းကျင်ရာဖြစ်သည်။ သူ့ပါရမီစွမ်းကိုချပြဖို့ အခွင့်ကောင်းတစ်ရပ်ဖြစ်သည်။

အစေခံမှာ ပြိုင်ပွဲဝင်များကို အချိုးအကွေ့များနှင့် ကွင်းပြင်များအားဖြတ်သန်း၍ သက်ဆိုင်ရာအစီအရင်များထံခေါ်ဆောင်သွားသည်။ သက်ဆိုင်ရာအစီအရင်များကို မိသားစုအမှတ်အသားများအား စွမ်းအင်အငွေ့အသက်ခပ်ဖျော့ဖျော့ဖြင့်အသက်သွင်း၍ အသေးစိတ်ထွင်းထုထားကာ ပြိုင်ပွဲဝင်တို့အတွက်မြင်သာအောင်ဖော်ပြထားသည်။ အဆင့်၂အစီအရင်များအား မျက်စိတစ်ဆုံးထိမြင်နိုင်ပြီး တစ်ခုနှင့်တစ်ခုပုံစံအတူ ထူးခြားနေကြသော်ငြား အကုန်လုံးက ကြည့်လိုက်သည်နှင့် ရင်တုန်စရာကောင်းလှပေသည်။

အမှန်ပင် အစီအရင်အားလုံးမှာ အဆင့်၂အစီအရင်များဖြစ်သော်လည်း ကွဲပြားနေသည်ကတော့ငြင်းလို့မရ။ အချို့က အဆင့်နိမ့်အစီအရင်များနှင့်ဆင်ဆင်တူပြီး အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်ဆင့်ကျင့်ကြံသူများမှ တော်သင့်ရုံအင်အားသုံးလိုက်လျှင်ကို အလွယ်တကူကျိုးပျက်မည့်ပုံပေါ်သည်။ သို့သော် အချို့အစီအရင်များကတော့ အမြုတေဖွဲ့စည်းခြင်းအထွဋ်အထိပ်ဆင့်ကျင့်ကြံသူများ အားသုံးချိုးဖျက်လျှင်တောင် တောင့်ခံနိုင်ကြဦးမည့်အနေအထားပင်။ အချို့အစီအရင်များက လူကိုထင်ယောင်ထင်မှားပုံရိပ်များမြင်အောင်ဖန်တီးတတ်ဖို့ အချို့ကတော့ရိုးရှင်းလေ၏။

ပြိုင်ပွဲမှာ အမှန်တကယ်ကိုမမျှတပါပေ။ အဆင့်၂ချင်းအတူတူကိုမှ ကံကောင်းသည့်သူမှာ အရည်အသွေးညံ့တာကိုရနိုင်ပြီး ကံဆိုးသူကတော့ ခိုင်မာတောင့်တင်းစွာအရည်အသွေးပြည့်ဝနေသည့်အစီအရင်များကို ရနိုင်ပေသည်။

ဖုန့်ယွင်နှင့်ဖုန့်လျန်းတို့နှစ်ဦးသားမှာတော့ ကံဆိုးသူမောင်ရှင်တို့အုပ်စုထဲပါသွားရှာလေသည်။ သူတို့ကျသည့်အစီအရင်များမှာ ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူများအတွက်ပင် ချိုးဖျက်ရန်ခက်ခဲနိုင်စေမည့် အမှန်အကန်ကို အရည်အသွေးမြင့်အစီအရင်များပါပေ။

"ငါကပဲကံဆိုးနေတာလား ကံဆိုးအောင်တမင်ကြိုတင်ကြံစည်ထားတာတွေများရှိနေမလား"

ဖုန့်ယွင်ခပ်တိုးတိုးရေရွတ်မိသည်။ သူရသောအစီအရင်မှာ အဆင့်၃ထက်နိမ့်သည်ဆိုရုံသာရှိပြီး တိုက်ဆိုင်မှုဟုဆိုနိုင်သော်ငြား သူကတော့ တစ်ယောက်ယောက်၏အကြံအစည်ဖြစ်လေမလားဟု သံသယဝင်မိသည်။

သို့သော် မည်မျှပင်ခက်ခဲနက်နဲနေပါစေ သူရအောင်ချိုးဖျက်မည်ဖြစ်ပြီး သူတကာထက်လည်းမြန်ကိုမြန်စေရမည့် စိတ်ပိုင်းဖြတ်မှုရှိနေပါသည်။ အင်အားကြီးသူ၏လက်အောက်တွင် မည်သည့်အကြံအစည်မှ‌တောင့်မခံနိုင်ပါ။ မည်မျှလိမ္မာပါးနပ်သော အစီအစဥ်များရှိနေပါစေ၊ မည်မျှအသေးစိတ်ကျသောဗျူဟာများ ဆွဲထားပါစေ၊ တစ်ဖက်လူကယှဥ်မရအောင်အင်အားကြီးနေလျှင် မပြိုကွဲဘဲခံနိုင်ရိုးလား?

သက်ဆိုင်ရာအစီအရင်များထံ အားလုံးဆိုက်ရောက်သွားကြသည်နှင့် ဝန်ထမ်းများကဘေးသို့ဖယ်၍ပြောလာသည်။ "စတင်လို့ရပါပြီ" ထျန်းလုံကျန်းသည်လည်း ပြိုင်ပွဲဝင်များအား စတင်ရန်အချက်ပြသည့်အနေဖြင့် ချီစွမ်းအင်များကို ဖြန့်ကျက်ပို့လွှတ်လာသည်။

ဖုန့်ယွင်နှင့်ဖုန့်လျန်းတို့လည်း နေရာယူပြီးကြပြီဖြစ်၏။ ဖုန့်ယွင်ကတော့ လက်သီးကိုတင်းတင်းပါအောင်ဆုပ်လျက် အင်အားသက်သက်ကိုသာမှီခိုဖို့ဆုံးဖြတ်လိုက်သည်။ ဖုန့်လျန်းကတော့ အကြည့်များစူးရှထက်မြက်လာပြီး အစီအရင်ကိုဖွဲ့စည်းထားသောမျဥ်းကြောင်းများနှင့် သင်္ကေတပုံစံကို စတင်ခွဲခြားကြည့်လာသည်။

ဖုန့်လျန်းသည်လည်း ဖုန့်ယွင်ကဲ့သို့ပင် အဆင့်၃ထက်နိမ့်သည်ဆိုရုံမျှသာရှိသော စွမ်းအားကြီးအဆင့်၂အစီအရင်တွင် နေရာချထားခံလိုက်ရတာဖြစ်၏။ သို့သော် သူကဖုန့်ယွင်လို အကြံအစည်ပေလားဟုတွေးမနေတော့ဘဲ ပြတ်သားသောဆုံးဖြတ်ချက်ဖြင့်သာ အစီအရင်ကိုစတင်လေ့လာတော့သည်။ ခဏမျှအကျဥ်းချုံးလေ့လာပြီးသော အမျိုးအစားကိုသူခွဲခြားသတ်မှတ်နိုင်လိုက်သည်။ ကျူးကျော်သူများကို တွန်းကန်ထုတ်ပြီး တိုက်ကွက်များကို စုပ်ယူဖျက်ဆီးနိုင်သည့် အကာအကွယ်အစီအရင်တစ်မျိုးပင်။ ခံနိုင်ရည်အားကြောင့် နာမည်ကြီးသောအစီအရင်မျိုးဖြစ်ပြီး လေထုထဲသို့ပင် တောက်ပဖြာထွက်နေသော အသေးစိတ်ရေးဆွဲထားသည့် စွမ်းအင်တည်ဆောက်ပုံများကြောင့် အားနှင့်ချိုးဖျက်မည့်တိုက်ခိုက်သူများကို မိမိအားဒဏ်မိမိပြန်ခံရစေရန် ပြန်လည်ပို့လွှတ်တတ်သည့်အစွမ်းရှိသည်။

အစီအရင်၏ ထူးခြားသောဂုဏ်သတ္တိများအား သတ်မှတ်လိုက်ပြီးသည်နှင့် အင်အားသုံးရုံဖြင့်မလုံလောက်မည်မှန်း သူနားလည်လိုက်သည်။ သူအားသုံးသည်ထက်ပင်ပို၍ ပြန်ထိခိုက်မည့် တန်ပြန်အစီအရင်မျိုးပင်။

တစ်ချက်လောက်အားသုံးတိုက်ခိုက်ကြည့်လိုက်မည်ဆိုလျှင်ပင် ဖုန့်လျန်းအားအင်ပြတ်လပ်သွားနိုင်သည့်အနေအထားဖြစ်ချေတော့၏။ ဤသို့ဖြင့် အားသုံးချိုးဖျက်ဖို့ကိုရွေးချယ်ရန် လုံးဝမဖြစ်နိုင်တော့ပေ။ ချီအရည်ဖွဲ့ခြင်းအဆင်ကျင့်ကြံသူများပင် အားသုံးချိုးဖျက်ဖို့သေချာပေါက်ခက်ခဲမည့် အရည်အသွေးကို အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူက မည်သို့စမ်းသပ်ရဲပါမည်နည်း?

ထို့ကြောင့် အစီအရင်၏အားနည်းချက်များကို အရင်ဆုံးရှာဖွေရမည်ဖြစ်သည်။ အစီအရင်ဟာ ကာကွယ်မှုကိုအသုံးပြုသည့်အခါတိုင်း အင်မတန်ကိုမှ မသိမသာလှစ်ဟသွားတတ်သည့် ဟာကွက်လေးများရှိနေတတ်၏။ သူအာရုံစိုက်လေ့လာလိုက်တော့ အစီအရင်မှာစီးဆင်းနေသော စွမ်းအင်လှိုင်းများ၏ စည်းချက်ကိုခံစားမိလာသည်။ ထို့ကြောင့် ထိုစွမ်းအင်လှိုင်းများ ကမောက်ကမဖြစ်သွားပြီး ဟာကွက်ကြီးကြီးပေါ်လာအောင် သူဘယ်လို အနုနည်းဖြင့်လှည့်စားလို့ရနိုင်မည်နည်းဟု စတင်တွက်ချက်သည်။ အချိန်ခဏကြာသွားသော် သူ့တွက်ချက်မှုပိုတိကျလာပြီး ထိုအစီအရင်ကိုရင်ဆိုင်ကြည့်ရန် သူယုံကြည်မှုရှိလာတော့၏။

ဖုန့်လျန်းမျက်လုံးနှစ်ဖက်ကို အသာမှေးမှိတ်လျက် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တစ်ဖန်ပြန်ဖွင့်ကာ အစီအရင်ကို စတင်ချိုးဖျက်ကြည့်တော့သည်။

All Chapters