အခန်း (၁၂၈)
Vol. 10 Ch. 128
ထျန်းလုံစံအိမ်တွင်းမှာတော့ လေထုမှာသက်ဝင်လှုပ်ရှားလို့နေပြီး အများစုမှာစိတ်လက်ပေါ့ပါးစွာပင် ပတ်ဝန်းကျင်မှာသက်တောင့်သက်သာဖြစ်လို့နေ၏။
ပြိုင်ပွဲဝင်များမှာ စံအိမ်အပြင်တွင်အလုပ်လုပ်နေရသည်ဖြစ်တာကြောင့် ကောင်းကင်သလင်းကျောက်မျက်နှာပြင်မှသာ ကြည့်ရှုနေရသည်မှာ အပြင်လူများပွဲလာကြည့်နေသကဲ့သို့ တစ်မျိုးတစ်ဖုံခံစားရစေလေသည်။
ဖုန့်မေနှင့်ဖုန့်ရှောင်ယုသာ လူအုပ်ကြားမှာမတ်တပ်ရပ်လျက် သိသိသာသာစိတ်လှုပ်ရှားနေကြဟန်ပင်။ "ဟုတ်ပြီ အစ်ကိုယွင် ချိုးပစ်လိုက်တော့" ဖုန့်မေမှာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အော်ဟစ်အားပေးလို့နေသည်။
"ဆက်လုပ် လျန်းအာရေ ငါတို့မင်းကိုယုံတယ်" ဖုန့်ရှောင်ယုကလည်းနောက်မှလိုက်အော်သည်။
ပြိုင်ပွဲဝင်များမှ သူတို့အသံကိုမကြားနိုင်သော်ငြား စွမ်းအင်အပြည့်ဖြင့်အသံများမှာ ခန်းမတစ်ခုလုံးကိုတက်ကြွစေတော့သည်။ ဖုန့်ချန်းသည်လည်း ဖုန့်မိသားစုကိုယ်စားပြု ပြိုင်ပွဲဝင်နှစ်ဦးကိုကြည့်ရင်း စဥ်းစားခန်းဝင်နေမိသည်။
သူတို့နှစ်ယောက်ရထားသောအစီအရင်များမှာ ခက်ခဲမှုအဆင့်တူရုံမက တိုက်ခိုက်သူ၏အင်အားဖြင့် တန်ပြန်ရိုက်ခတ်စေသည့် အမျိုးအစားလည်းတူညီနေသေး၏။
ထိုအဆင့်၂အစီအရင်များ၏စွမ်းအားပမာဏကို သူခန့်မှန်းမိပြီး သူလည်းဖုန့်ယွင်လိုပင် တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိကြံစည်ခဲ့သည်ဟု ခံစားရသည်။ နောက်ကွယ်မှလူကိုကား များများစားစားတွေးနေစရာမလိုပါပေ။
(ထျန်းလုံကျင်းဟောင်များကြောင့်များလား ဒါမှမဟုတ် ဒြပ်စင်နိုးထဆေးကြောင့်လား)
ထျန်းလုံမိသားစု၏လုပ်ရပ်များနောက်ကွယ်မှအကြောင်းရင်းကို ဖုန့်ချန်းတွေးကြည့်နေမိသည်။ သူနှင့်ဖုန့်ယွင်ကို ပစ်မှတ်ထားနေခြင်းဆိုတာထက် ပိုကြီးသောအကြံအစည်တစ်ခုခုကို အစပျိုးနေခြင်းဖြစ်မည်ဟု သူသံသယရှိမိသည်။ ပိုင်မိသားစု သူတို့ကိုလာရောက်ရန်စသည်ကို ဘက်လိုက်ကူညီပေးတုန်းကလိုမျိုးပေါ့။
သို့သော် ဖုန့်ချန်းသိပ်စိတ်မပူမိပါ။ ဖုန့်ယွင်၏အင်အားက မည်သည့်အဆင့်၂အစီအရင်မဆိုချိုးဖျက်နိုင်ရုံမက အဲ့ထက်ပင်ပိုနိုင်သေး၏။
ဖုန့်လျန်းကိုယ်တိုင်ကလည်း အဆင့်၁အစီအရင်ဆရာတစ်ဦးဖြစ်နေသည့်အတွက် ထိုအဆင့်၂အစီအရင်ကိုချိုးဖျက်ဖို့ အချိန်တစ်ခုသာယူရပေမည်။
ထို့အပြင် အခက်ကြုံလို့ ဒီတစ်ခေါက်ထိပ်ဆုံးနေရာကိုမရနိုင်လျှင်လည်း သိပ်ပူစရာမရှိပါ။ ပထမပွဲစဥ်တုန်းက စွမ်းဆောင်ရည်ရမှတ်များကိုထပ်ပေါင်းထည့်လျှင် စုဝေးပွဲမှာပထမနေရာရဖို့ သိပ်မခက်ခဲနိုင်ပါပေ။
ပြဿနာတစ်ခုရှိတာကတော့ သူတို့သာဒီပြိုင်ပွဲစဥ်မှာပထမနေရာမရခဲ့လျှင် စနစ်မှပေးမည့်ဆုလာဘ်ကိုလည်း လက်လွှတ်ရပေမည်။
တစ်ဖက်မှထျန်းလုံချီသည် ဖုန့်ချန်းအားလှမ်းအကဲခတ်ရင်း ကောက်ကျစ်စွာပြုံးလို့နေ၏။ ယခုသူ့မျက်နှာထားကို တစ်ချက်လောက်ကြည့်လိုက်ရုံဖြင့် မဟုတ်တာကြံစည်နေပြီဆိုတာကို လူတိုင်းသိနိုင်ပေသည်။ သို့သော် သူ့ကိုဘယ်သူကသွားပြောရဲပါမည်နည်း?
မဟာအကြီးအကဲရန်တောက်ယုက သက်ပြင်းတစ်ချက်ချ၍မေးလာသည်။
"ခင်ဗျား ကျုပ်လုပ်ခိုင်းတာ လုပ်ခဲ့ရဲ့လား"
"ဒါပေါ့ မစိုးရိမ်ပါနဲ့ ကျုပ်မိသားစုပဲပထမစွဲပါလိမ့်မယ် ဖုန့်မိသားစုအတွက်ကတော့ ဟင်းဟင်း.. အထုတ်ပယ်မခံရရင်ဘဲ ကံကောင်းလှတယ်ဖြစ်နေပြီ"
ထျန်းလုံချီက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
ထျန်းလုံချီမှာ ပျော်ရွှင်မြူးထူးလို့နေသည်။ ဖုန့်မိသားစုကိုလက်စားပြန်ချေဖို့ အခွင့်အရေးထပ်ရလာရုံသာမက မုန်တိုင်းဝိဉာဥ်နန်းတော်မှ ဖုန့်မိသားစုကပါရမီရှင်များကို လိုချင်တပ်မက်နေလေမလားဟူသော စိုးရိမ်စိတ်များလည်း ပျောက်ကွယ်သွားရလေပြီ။
မုန်တိုင်းဝိဉာဥ်နန်းတော်၏ပူးပေါင်းမှုကြောင့် သူ ဖုန့်မိသားစုကို နောင်တတစ်လှေကြီးပိုက်၍ ကိုယ့်နေရာကိုယ်ကောင်းကောင်းသိသွားအောင် ပညာပေးလိုက်ဖို့အသင့်ဖြစ်လို့နေလေပြီ။
ဟူး
မဟာအကြီးအကဲရန်တောက်ယုမှာ သက်ပြင်းတစ်ချက်ထပ်ချလိုက်ရပြန်လေသည်။ မျက်နှာလည်းမကောင်းလှပေ။
(ငါတို့ဂိုဏ်းကဘာလို့ ဖုန့်မိသားစုကိုထပ်ထိုးချစေချင်နေသေးတာလဲ သူတို့ပါရမီရှင်တွေက လင်းမေယုကိုတောင်ယှဥ်နိုင်ကြောင်း သတင်းပို့ပြီးသားပဲ အရသာယူနိုင်ရင် ငါတို့လည်းပိုတိုးတက်ဖို့ပဲရှိတော့တာကို)
ဖုန့်မိသားစုနှင့်ပူးပေါင်းလိုသည့် သူ့တောင်းဆိုချက်မှာ ငြင်းပယ်ခံလိုက်ရပြီး ဖုန့်မိသားစုကို အရှေ့ဘက်စီရင်စုစုဝေးပွဲတွင် ရှုံးအောင်သာဆက်လုပ်ဖို့ရန် ဂိုဏ်းက ညွှန်ကြားခြင်းကိုပင် ခံလိုက်ရပေသည်။ ထို့အပြင် အစီအစဥ်ပိုသေသပ်ရန် အခြားတစ်ယောက်ကိုပါ ထပ်ပို့လိုက်ဟန်ပေါ်၏။ ရန်တောက်ယု ဝင်ပြောဖို့ကြိုးစားပါသေးသော်လည်း သူ့ဂိုဏ်းက အသေအချာဆုံးဖြတ်ချက်ချထားပြီးဟန်ရှိလေသည်။ အခုလောလောဆယ်တော့ သူပွဲပြီးအောင်သာစောင့်ပြီး ဂိုဏ်းကိုပြန်ရောက်မှသာ နောက်တစ်ဖန်ထပ်မဲဆွယ်နိုင်ပေလိမ့်မည်။