အေးခဲမြူခိုးဂိုဏ်း ရောက်ရှိလာခြင်း
Vol. 10 Ch. 129
မဟာအကြီးအကဲရန်တောက်ယုနှင့် ထျန်းလုံချီတို့ ကိုယ်စီအတွေးများထဲနစ်မြုပ်နေကြစဥ် စံအိမ်တံခါးပွင့်လာသံကြောင့် အတွေးစများပြတ်တောက်သွားရ၏။
ဝင်ရောက်ယှဥ်ပြိုင်ရမည်ဖြစ်သောမိသားစုများအားလုံးလည်း အစုံအလင်ရောက်ရှိနေပြီဖြစ်ပြီး အပြင်လူများကိုတားဆီးရန် အစောင့်အကြပ်များလည်း လုံလုံလောက်လောက်ချထားပါသည်။
ထိုအထဲမှ ဝင်ရောက်လို့ရမည့်သူများမှာလည်း ထျန်းလုံမိသားစု၏အာဏာကို လျစ်လျူရှုလို့ရသည်အထိ အင်အားကြီးရပေမည်။
မျက်လုံးများအားလုံး တံခါးဝဆီသို့လှည့်သွားကြသည်။ မဖိတ်ခေါ်ထားသော ဧည့်သည်တော်များမှာ သူတို့အားလုံးအတွက် ရင်းနှီးပြီးသားအသွင်တွေပါပေ။ အေးခဲမြူခိုးဂိုဏ်းပင်ဖြစ်၏။ သို့သော် ဒီတစ်ခေါက်တွင်တော့ မျက်နှာဖုံးပဝါများစည်းနှောင်မထားကြချေ။ လူအများမှာ မိန်းမလှအုပ်ကြီးထံမှ ဆွဲဆောင်ခံလိုက်ကြရသည်။ အထူးသဖြင့် ဂိုဏ်းချုပ်ဖြစ်သော ရေခဲနတ်သမီးပင်။
"နတ်သမီးတမျှပါလား လှလွန်းလို့အစစ်အမှန်ဟုတ်လေရဲ့လားလို့ထင်မိတယ် နှင်းပွင့်လေးကြွေကျလာသလိုပါပဲ"
"မျက်လုံးတွေ ကြည်လင်အေးစက်နေပုံက အကြည့်ခံရတဲ့လူကို ထိုးဖောက်သွားတော့မတတ်ပဲ"
"ရေခဲနတ်သမီးကိုယ်တိုင်ဒီကိုရောက်လာလိမ့်မယ်လို့ ငါတစ်ခါမှမထင်ဖူးဘူး"
"မင်းသူ့ကို မနေ့ကမြင်လိုက်မိသေးလား လေလံပွဲမှာ အေးခဲမြူခိုးဂိုဏ်းနဲ့အတူ သူပါလာတာ ငါလုံးဝသတိမထားမိလိုက်ဘူး"
"ဘယ်သူမှသတိမထားမိလိုက်ပါဘူး မျက်နှာဖုံးတွေနဲ့ကို ဘယ်မှတပ်အပ်ပြောနိုင်မလဲ အခုတော့ရှင်းလင်းသွားပါပြီ"
"လှရုံတင်မကဘူး သွားထိဖို့တောင်မတန်ဘူးလို့ခံစားရစေမယ့်အရှိန်အဝါပဲ ရေခဲနဲ့ထုလုပ်ထားသလို ကြည်လင်အေးစက်နေလိုက်တာ"
"နာမည်နဲ့လိုက်ဖက်ပါပေတယ် ရေခဲနတ်သမီးတဲ့ ကြောက်စရာလည်းကောင်းသလို စွဲလမ်းစရာလည်းကောင်းပါပေ့"
"အသက်ဝင်နေတဲ့ ဒဏ္ဍာရီလာအလှတရားလေး"
........
ပုရိသယောက်ျားများမှာ စိတ်ပင်မထိန်းနိုင်ကြတော့ဘဲ ရေခဲနတ်သမီးကို စကားလုံးအမျိုးမျိုးဖြင့် ဝိုင်းဝန်းချီးမြှောက်ကြလေတော့၏။ အိမ်ထောင်သည်ယောကျ်ားသားများပင် အကြည့်မလွှဲနိုင်ကြပါပေ။
ကြိုတင်အကြောင်းကြားမထားသော အေးခဲမြူခိုးဂိုဏ်း၏ ရောက်ရှိလာမှုကြောင့် ထျန်းလုံချီလည်းကြောင်အသွားရပြီး ချက်ချင်းထကြိုဆိုရတော့သည်။
အေးခဲမြူခိုးဂိုဏ်းဆိုသည်မှာ မုန်တိုင်းဝိဉာဥ်နန်းတော်ထက်ပင် ပိုလို့အင်အားကြီးမားပြီး ယခု သူတို့ဂိုဏ်းချုပ်ကိုယ်တိုင် ဦးဆောင်လာသည့်အချိန်မှာတော့ ထျန်းလုံချီတို့ ပျာပျာသလဲထမနှုတ်ဆက်ဘဲ မနေဝံ့လှပါချေ။
တတ်နိုင်သမျှ အကောင်းမွန်ဆုံးသော ရိုသေလေးစားမှုကို ပြသချင်ပြီး ဘာအကြောင်းရင်းကြောင့်ရောက်လာရသလဲ ဆိုတာကိုရော သိချင်စမ်းလှသည်။
ဒီအတိုင်း အလည်အပတ်ရောက်လာရုံဆိုပါက သူတို့မိသားစုအတွက်တော့ ဖွဲ့ဆို၍မရနိုင်သည့် ဂုဏ်သိက္ခာကြီးပင်။ သို့သော် အခြားရည်ရွယ်ချက်တစ်ခုခုဖြင့်ရောက်လာသည်ဆိုပါက သူတို့သွားရှုပ်ဖို့မသင့်တော်ပေ။ လိုအပ်သည့်အကူအညီရှိပါကလည်း အသင့်ပြင်ဆင်ပေးရမည်ပင်။
ထျန်းလုံချီသည် ရေခဲနတ်သမီးနှင့် နောက်ပါအခြွေအရံတို့အနားကို ရိုသေသမှုရှိလှစွာဦးညွှတ်လျက် ချဥ်းကပ်သွားလိုက်သည်။ စကားစလာသောလေသံမှာ ယဥ်ကျေးသော်ငြား သိလိုစိတ်ကိုမဖုံးကွယ်နိုင်ပါပေ။
စကားလုံးများကို သေချာစိစစ်ရွေးချယ်ပြီးမှ ထျန်းလုံချီစကားစလိုက်သည်။ "အေးခဲမြူခိုးဂိုဏ်းရဲ့ ဂုဏ်သရေရှိဂိုဏ်းအဖွဲ့ဝင်များခင်ဗျာ ထျန်းလုံစံအိမ်မှကြိုဆိုလိုက်ပါတယ် ဒီလိုရောက်ရှိလာတာ လွန်စွာမှကြီးမြတ်တဲ့ ဂုဏ်သိမ်တစ်ခုပါပဲ"
"ဘာအကြောင်းကြောင့်များ အလည်အပတ်ရောက်ရှိလာသလဲ သိခွင့်ရှိမလားခင်ဗျာ"
သူ့ကိုပြန်စိုက်ကြည့်လာသော ရေခဲနတ်သမီး၏အကြည့်မှာ အမှန်ပင်ရေခဲတမျှအေးစက်လှ၏။ မျက်နှာအမူအရာမှာလည်း ခန့်မှန်းလို့မရနိုင်သည်ပင်။ သူမ၏ဘေးတွင်ခြံရံလိုက်ပါလာသော စီနီယာဂိုဏ်းအဖွဲ့ဝင်တစ်ဦးက ရှေ့သို့တစ်လှမ်းတိုး၍ ဖြေဆိုလာသည်။ "အရှေ့ပိုင်းစီရင်စုစုဝေးပွဲကျင်းပနေတယ်ကြားလို့ပါ ကျွန်မတို့လည်း ချင်းယွင်မြို့ကိုရောက်လက်စနဲ့ တစ်ခါတည်းဝင်ကြည့်သွားဦးမလို့လေ"
ဒီ့ထက်ပိုနက်နဲတဲ့အကြောင်းရင်းတွေရှိနေဦးမည်မှန်း ထျန်းလုံချီသိသော်ငြား ထပ်မေးဖို့မဝံ့ရဲပါ။
ဘာအကြောင်းကြောင့်ပဲလာသည်ဖြစ်စေ သူတို့စိတ်ကျေနပ်သလိုသာလုပ်နိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် သူ့မှာတားဖို့အာဏာလည်းမပြည့်မီပါ။ ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးက ပါနေလိုက်သေးသည်လေ။
"ဒါပေါ့ခင်ဗျာ" ထျန်းလုံချီက အလွန်ရိုကျိုးစွာခေါင်းညိတ်၍ပြန်ဖြေသည်။ "မမလေးတို့ကို ဧည့်သည်အဖြစ်လက်ခံရတဲ့အတွက် ထျန်းလုံမိသားစုကသာ အတိုင်းမသိဂုဏ်ယူရတာပါ မမလေးတို့ သက်သာသလိုကြည့်ရှုနိုင်အောင် အခုပဲထိုင်ခုံတွေပြင်ဆင်ပေးပါ့မယ်"
ရေခဲနတ်သမီးက ခေါင်းတစ်ချက်ဆတ်သည်။ အေးစက်စက်အမူအရာမှာမပြောင်းလဲ။ "ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးပါ ထျန်းလုံချီ"
"ဒါပေမယ့် ကျွန်မတို့အတွက်နဲ့အလုပ်ရှုပ်မခံပါနဲ့ ထိုင်ခုံအပိုတွေရှိနေတာပဲ ဝင်ထိုင်လိုက်ပါ့မယ်"
ယဥ်ကျေးသောအမူအရာကိုဆက်ထိန်းထားလျက်ပင် ထျန်းလုံချီကခေါင်းညိတ်သည်။ "ဂိုဏ်းချုပ်အဆင်ပြေသလိုလုပ်ပါ သက်တောင့်သက်သာပဲနေကြပါ"
ရေခဲနတ်သမီးနှင့် နောက်လိုက်နောက်ပါများသည်လည်း ထိုင်ခုံများချထားရာနေရာသို့ လျှောက်လှမ်းလာကြသည်။ ဘာမှထူးထူးခြားခြားလုပ်မနေသော်ငြား သူတို့၏တည်ရှိမှုကပင် ခန်းမတစ်ခွင်လုံး၏အာရုံစိုက်စရာဖြစ်လို့နေလေပြီ။ ထိုအထဲတွင် သေချာပေါက် ဖုန့်ချန်းလည်းပါသည်ပင်။
ရေခဲနတ်သမီးမှာ ဝိဉာဥ်သန္ဓေကျင့်ကြံသူများကြားတွင် သူသိဖူးမြင်ဖူးသော ပထမဆုံးသူပင်။
သူကိုယ်တိုင်လည်း ရင်ဆိုင်တိုက်ခိုက်ခြင်းမရှိဖူးသည့်အလျောက် ဝိဉာဥ်သန္ဓေကျင့်ကြံသူများ မည်မျှစွမ်းအားကြီးမှန်း သူလည်းမပြောတတ်ပါပေ။
သို့သော် သူအဆင့်ခြောက်သားရဲများဖြင့်တိုက်ခိုက်ဖူးပြီး အသေလည်းသတ်ခဲ့ဖူးသည်။
လူသားကျင့်ကြံသူများသာ အဆင့်ခြောက်သားရဲများထက်ပိုအားနည်းသည်ဆိုလျှင် သေချာပေါက် သူဟာ သာမန်ဝိဉာဥ်သန္ဓေကျင့်ကြံသူများထက် အင်အားပိုကြီးသည်ပင်။
သို့သော် ရေခဲနတ်သမီးမှာ သာမန်ကျင့်ကြံသူဟုဆိုလို့မရပေ။ သူမသည် ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကို ချိုးဖျက်နိုင်ခဲ့သော အငယ်ဆုံးကျင့်ကြံသူဖြစ်၏။
ထို့အပြင်
အမည် - ပင်းရွှယ်
ကျင့်ကြံဆင့် - ဝိဉာဥ်သန္ဓေအထွဋ်အထိပ်ဆင့်
ပါရမီဆင့် - သာလွန်ထူးကဲသော
ခန္ဓာ - ယင်
အချက်အလက်များကို တွက်ဆကြည့်ခြင်းဖြင့် ပင်းရွှယ်မှာ သေချာပေါက် မိုးပြာကောင်းကင်အင်ပါယာ၏ အင်အားအကြီးဆုံးကျင့်ကြံသူများထဲမှတစ်ဦးဖြစ်ပေမည်။ သူရင်ဆိုင်ခဲ့သောသားရဲများထက်လည်း ပိုသန်မာမည်မလွဲ။
ဖုန့်ချန်းအနေနဲ့ ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူဆို၍ ဒီတစ်ယောက်သာတွေ့ဖူးသေးသော်ငြား သာလွန်ထူးကဲသောပါရမီဆင့်နှင့် ယင်ခန္ဓာပိုင်ဆိုင်ထားသည်အားကြည့်ခြင်းဖြင့် ထိုမိန်းကလေးမှာ ဝိဉာဥ်သန္ဓေအဆင့်ထက်ပိုချိုးဖျက်နိုင်သည့် အလားအလာရှိမှန်း သူခန့်မှန်းလို့ရနေသည်။
ပါရမီနှင့်ခန္ဓာထဲမှ တစ်ခုလောက်များထူးကဲနေလျှင်ပင် အံ့မခန်းအစွမ်းထက်နိုင်မည်ကို သူမကတော့ နှစ်ခုလုံးပိုင်ဆိုင်ထားသည်တဲ့လေ။ ငယ်ငယ်ရွယ်ရွယ်ဖြင့် အေးခဲမြူခိုးဂိုဏ်းချုပ်နေရာကိုရယူထားနိုင်တာ အံ့သြစရာမရှိတော့ပါ။
ယင်ခန္ဓာပိုင်ဆိုင်သောကျင့်ကြံသူများ၏ ရုပ်ရည်အသွင်အပြင်သည် သာမန်နှင့်မတူထူးခြားကွဲပြားလှသည်ဟု ဆိုကြသည့်အတိုင်း သူမရုပ်ရည်သွင်ပြင်မှာလည်း လုံးဝကိုသာမန်အလှတရားဟုတ်မနေ။
သို့သော် သူမနေ့ကတွေ့ခဲ့သော ဆံဖြူရှင်မိန်းမလှလေးနှင့်ယှဥ်ကြည့်ပါလျှင်မူ ကွာခြားမှုက နေ့နှင့်ညကဲ့သို့ပင်။ လူတစ်ဦး၏အတွေးအမြင်မှာ နှလုံးသား၏နှစ်သက်မှုကိုလိုက်၍ ပြောင်းလဲတတ်သဖြင့် သူ့အမြင်တွင်မတော့ မနေ့ကဆုံခဲ့သည့်မိန်းကလေးနှင့်ယှဥ်လျှင် ရေခဲနတ်သမီးမှာ အဘက်ဘက်မှနိမ့်ကျနေသည့်အလား။