အခန်း (၁၃၀)
Vol. 10 Ch. 130
မဟာအကြီးအကဲရန်တောက်ယုမှာ အေးခဲမြူခိုးဂိုဏ်းရောက်လာသည့်အချိန်မှစ၍ မျက်နှာပိုလို့မည်းမှောင်လာသလိုပင်။ သူတို့ရောက်လာရသည့်အကြောင်းရင်းမှာ ဖုန့်မိသားစုပါရမီရှင်များအား အရယူချင်၍မှန်း သူသိနေပါသည်။ သို့သော် ဆန်းကြယ်မီးတောက်ဂိုဏ်းမဟုတ်သောကြောင့် တစ်မျိုးဖြေသာပါသေး၏။
သူတို့အစီအစဥ်အထမြောက်သွားလျှင်တောင် မိန်းကလေးများဖြစ်သော ဖုန့်မေနှင့်ဖုန့်ရှောင်ယုကိုသာ ခေါ်ဆောင်သွားပေမည်။ ဒီလိုဆိုလျှင် အတော်ဆုံးဖြစ်သောဖုန့်ယွင်ကိုအရယူဖို့ သူမှာအခွင့်အရေးကျန်ပါသေး၏။
(ဂိုဏ်းကခွင့်ပြုပေးဖို့ပဲကျန်တော့တယ် သူတို့ဘာတွေဖြစ်နေကြတာလဲ ငါပြန်ရောက်ရင်တော့ တစ်ခြားမဟာအကြီးအကဲတွေနဲ့ စကားပြောမှဖြစ်တော့မယ်)
ရန်တောက်ယု ဤသို့တွေးနေမိသည်။
ဂိုဏ်းချုပ်၏အတွေးကသူနှင့်မတူလျှင်တောင်မှ တစ်ခြားဂိုဏ်းအဖွဲ့သားများကိုသာ စည်းရုံးနိုင်လျှင် ဂိုဏ်းချုပ်၏ခွင့်ပြုချက်မလိုဘဲ ဆုံးဖြတ်ချက်ချလို့ရနိုင်၏။ သူ့လုပ်ရပ်များမှာလည်း ဂိုဏ်းတိုးတက်ဖို့အတွက်ပဲဖြစ်ရာ ရအောင်လုပ်နိုင်လိမ့်မည်ဟုလည်း ယုံကြည်ချက်ရှိသည်။ ဆန်းကြယ်မီးတောက်ဂိုဏ်းချုပ်နှင့် အေးခဲမြူခိုးဂိုဏ်းချုပ်တို့လိုမဟုတ်ဘဲ သူတို့ဂိုဏ်းချုပ်မှာ သူကဲ့သို့ ဓာတ်ကြီးသုံးပါးနတ်အဆင့်တွင်သာရှိသေးပေသည်။ ထို့ကြောင့် ဝိဉာဥ်သန္ဓေကျင့်ကြံသူများလောက် သြဇာမသက်ရောက်နိုင်ပေ။
ဂိုဏ်းအတွင်းတွင် ဂိုဏ်းချုပ်၏အမိန့်မှာ တစ်ချက်လွှတ်ဟုတ်မနေပါ။ သူတို့အားလုံး၏ဆုံးဖြတ်ချက်ကိုလည်း လိုအပ်နေသေး၏။
ထိုအချိန်တွင် ရေခဲနတ်သမီးကတော့ ခန်းမတစ်ခုလုံးကိုလိုက်အကဲခတ်ရင်း တစ်ယောက်ယောက်ကိုရှာနေဟန်ပေါ်လေသည်။
တည်ကြည်ကာ ခန့်ညားသည့် ထိုသူ့ကို သူမ အပူတပြင်းရှာဖွေနေမိသည်။
သူမ၏ အကြည့်မှာ လူအုပ်ကို လူးလာခေါက်တုန့်နေပြီးနောက်တွင် အကြီးအကဲများခြံရံလျက်ထိုင်နေသော ဖုန့်ချန်းကိုထံသို့ အကြည့်ရောက်သော် ထိုနေရာမှာပင်ရပ်သွားတော့သည်။ ထို့နောက် ချက်ချင်းဦးတည်လျှောက်လှမ်းလာတော့၏။
ဖုန့်ချန်းဘေးတွင်ထိုင်နေသောယွမ်ဟောင်မှာ သူတို့နေရာထံဦးတည်လျှောက်လာသော ရေခဲနတ်သမီးကိုမြင်သော် အံ့သြမင်သက်သွားရသည်။
ရေခဲနတ်သမီး၏ရည်ရွယ်ချက်ကို သူသိပြီးသားပါပေ။ သူ့သမီးကို သူတို့ဂိုဏ်းသို့ဖိတ်ခေါ်ရန် ယွမ်အိမ်တော်ထံသို့ တစ်ခေါက်လာရောက်ခဲ့ဖူးသည်လေ။ သို့သော် ယွမ်ကျိရန်မှာ ဆန်းကြယ်မီးတောက်ဂိုဏ်းသို့ဝင်ရောက်ပြီးသားဖြစ်၍ စိတ်ပြန်မပြောင်းလိုတော့ချေ။
ယခုတော့ သူ့သမီး၏ပါရမီကိုပင်ကျော်လွန်၍ လင်းမေယုနှင့်ပုခုံးချင်းယှဥ်နိုင်သော မိန်းကလေးတစ်ဦး ပေါ်ထွက်လာပြန်လေပြီ။ အေးခဲမြူခိုးဂိုဏ်းက ဖုန့်မေကိုလိုချင်ပါသည်ဆိုလျှင် အံ့သြနေစရာတော့မရှိပါ။ ဂိုဏ်းချုပ်ကိုယ်တိုင်ဦးဆောင်လာသည်ဆိုကတည်းက သူတို့ဖုန့်မေကိုမည်မျှတန်ဖိုးထားမှန်း မြင်သာနေလေပြီ။
ပထမပြိုင်ပွဲစဥ်တုန်းကလိုမဟုတ်ဘဲ ယွမ်ဟောင်နှင့် ဖုန့်ချန်းဘေးတွင် တစ်ခြားတစ်ယောက်ပါနေရာယူထားတာဖြစ်၏။
သူသည်လည်း သေချာပေါက် ဖုန့်မိသားစုနှင့် မိတ်ဆွေဖွဲ့လိုလှသော တစ်စုံတစ်ဦးဖြစ်ပါသည်။
အေးခဲမြူခိုးဂိုဏ်းရောက်လာသည်ကိုမြင်သော် သူအခြေအနေကိုချက်ချင်းနားလည်လိုက်ပါသည်။ ထို့ကြောင့် ဖုန့်ချန်းအား လေးစားသမှုဦးညွှတ်လျက် နေရာမှထရပ်လိုက်တော့သည်။ "ဖုန့်မိသားစုခေါင်းဆောင်နဲ့ စကားစမြည်ပြောရတာ ဂုဏ်ယူစရာပါပဲ အခုကျွန်တော်သွားပါဦးမယ်။ ဖုန့်ခေါင်းဆောင် ခွင့်ပြုပါဦး" သူကနွေးထွေးစွာနှုတ်ဆက်လာသည်။
ထို့နောက် အခြေအနေကိုသိတတ်လိမ္မာစွာဖြင့် နောက်တစ်ခုံသို့ ရွှေ့ထိုင်လိုက်၏။
ထိုမမလေးတို့အဖွဲ့မှာ ဖုန့်ချန်းနှင့်စကားပြောလိုသောကြောင့် ဒီဘက်သို့ဦးတည်လာသည်မှန်း သူနားလည်သဖြင့် သူတို့မိသားစုမဟုတ်လျှင် ယွမ်မိသားစုဖြစ်ဖြစ် ရွှေ့ပေးရမည်သာ။
သူတို့မိသားစုအဆင့်အတန်းမှာ ယွမ်မိသားစုထက် ပိုနိမ့်ပါသဖြင့် သေချာပေါက်သူတို့ကအရင်ထပေးရမည်ပင်။ ထို့အပြင် ဖုန့်မိသားစု၊ ယွမ်မိသားစုနှင့် အေးခဲမြူခိုးဂိုဏ်းတို့ရှေ့တွင် အလိုက်သိလိမ္မာသူအဖြစ်လည်း မျက်နှာယူချင်လှသေးသည်လေ။
အေးခဲမြူခိုးဂိုဏ်းကတော့ နေရာမှထပေးသောမိသားစုကိုမြင်သော်ငြား သိပ်တော့အထင်ကြီးအံ့သြမသွားပါပေ။ သူတို့ဂိုဏ်းကို လူတိုင်းက အထူးလေးစားသမှုဖြင့်ဆက်ဆံကြသည်အား အသားကျနေကြပြီပင်။
သို့သော် ဖုန့်မိသားစုနှင့်တိုက်ရိုက်စကားပြောခွင့်ရသည့်အတွက် ကျေးဇူးတင်မိပါသည်။
အေးခဲမြူခိုးဂိုဏ်းမှာ နေရာလွတ်သွားသောခုံများတွင် နေရာဝင်ယူလိုက်ပြီး ဖုန့်မိသားစုနေရာမှာ ဖုန့်မေအားမြင်လိုက်ရတော့ အံ့သြသွားကြပုံပေါ်၏။
သူမ၏ ရှားပါးပါရမီဆင့်အရ ဖုန့်မိသားစုတွင် အင်အားအကြီးဆုံးပါရမီရှင်များထဲမှတစ်ဦး ဖြစ်မည်သေချာသော်လည်း ပြိုင်ပွဲဝင်အဖြစ်ရွေးချယ်ခံမထားရပေ။
သို့သော် တစ်နည်းအားဖြင့် သူတို့အတွက်ကောင်းကွက်ပင်။
ထိုပါရမီရှင်မိန်းကလေးကို တိုက်ရိုက်စကားပြောပြီး ဂိုဏ်းအဖွဲ့သားတစ်ဦးဖြစ်ချင်လေသလားဟု မေးမြန်းနိုင်ပေလိမ့်မည်။
ရေခဲနတ်သမီးပင်းရွှယ်သည် ဖုန့်ချန်းတို့ထိုင်နေသောနေရာအရှေ့ရောက်မှရပ်လိုက်သည်။ အရှိန်အဝါမှာ ဆောင်းဥတုတွင်းတိုက်ခတ်သောလေအေးများကဲ့သို့ ခဲသက်အေးစက်နေသော်ငြား ကျက်သရေတစ်မျိုးလည်း ခြုံလွှမ်းထားပါသေး၏။ ထို့နောက် ဖုန့်ချန်း၏ဘေးကပ်ရပ်ထိုင်ခုံတွင် နေရာယူလိုက်တော့သည်။ နေရာယူပြီးသွားသည်နှင့် ဖုန့်ချန်းကို မသိမသာအကဲခတ်ကြည့်သော် သူမတစ်ယောက်လုံးအနားရောက်လာတာတောင် တစ်ဖက်လူကမည်သည့်တုံ့ပြန်မှုမှပြမလာ။ မျက်နှာပြင်တွင် မည်သည့်ခံစားချက်မှထင်ဟပ်မလာသလို သူမ၏တည်ရှိမှုက သူ့ကိုမြူမှုန်သော်မျှသက်ရောက်မှုမရှိသည့်အလား။
ပင်းရွှယ်မှာ အသက်အရွယ်အဆင့်အတန်းမရွေးသော ပုရိသယောကျ်ားတိုင်း သူမ၏အလှတရားအောင်တွင် နစ်မျောအားပျော့သွားတတ်ကြသည်ကို ကျင့်သားရနေပြီဖြစ်၏။ အမျိုးသမီးအချင်းချင်းပင် သူမကိုလျစ်လျူမရှုနိုင်ကြပါပေ။ သို့သော် ခုံချင်းကပ်ရပ်နီးနီးလေးတွင်ရှိသော ဖုန့်ချန်းက အမှန်ပင်နဂိုအတိုင်းမပြောင်းမလဲတည်ငြိမ်နေလျက်သာ။ စိတ်အနှောင့်အယှက်ဖြစ်ပုံလည်းမပေါ်သလို ချီးမွမ်းချင်ဟန်လည်းရှိမနေပါ။ ကန်ရေပြင်လိုတည်ငြိမ်လှသောတုံ့ပြန်မှုကြောင့် သူမကိုယ်တိုင်ပင် အတော်လေးအံ့အားသင့်သွားရတော့သည်။
ဖုန့်မိသားစုအနားသို့ချဥ်းကပ်သွားလျှင် ဖုန့်ချန်းထံမှ ရင်ခုန်ဖွယ်ချီးမွမ်းစကားတစ်ခွန်းနှစ်ခွန်းကို အရင်ကြားရပေမည်ဟု ပင်းရွှယ်မျှော်လင့်ထားခဲ့သော်ငြား လက်တွေ့တွင်မူ လူတိုင်းကတိတ်ဆိတ်လျက်သာ။ စကားစဖို့တာဝန်မှာ သူမထံသို့ကျရောက်လာပြီဖြစ်သဖြင့် တိတ်ဆိတ်မှုကိုစတင်ဖြိုခွင်းဖို့ ဆုံးဖြတ်လိုက်တော့သည်။
ဖုန့်ချန်းဘက်သို့လှည့်ကာ တည့်တည့်ပင်မျက်နှာချင်းဆိုင်၍ ယဥ်ကျေးစွာခေါင်းတစ်ချက်ဆတ်ပြလိုက်ပြီး စကားစလိုက်သည်။ အကြည့်များကတော့ တည်ငြိမ်အေးစက်လျက်သာပင်။
"ဖုန့်မိသားစုခေါင်းဆောင်" ကြည်လင်သိမ်မွေ့သောအသံလေးဖြင့် သူမကစတင်နှုတ်ဆက်လာသည်။
"ကျွန်မက အေးခဲမြူခိုးဂိုဏ်းရဲ့ဂိုဏ်းချုပ် ပင်းရွှယ်ပါ ဖုန့်မိသားစုရဲ့အင်အားကြီးမားပုံနဲ့ ကျင့်ကြံရေးပါရမီစွမ်းတွေအကြောင်း ကျွန်မအများကြီးကြားဖူးပါတယ် အထူးသဖြင့် ခေါင်းဆောင်ဖုန့်ရဲ့စွမ်းဆောင်ရည်အကြောင်းပေါ့"
အနည်းငယ်စိတ်ဝင်စားဟန်ပါသော အကြည့်လေးတစ်ချက်ဖြင့် သူမကစကားဆက်သည်။ "ခေါင်းဆောင်ဖုန့်ရဲ့ဂုဏ်သတင်းကတော့ နေရာအနှံ့မွှေးပျံ့နေတာပါ" လေသံကအေးစက်စက်ပေသည့် ဖုန့်ချန်း၏ဂုဏ်သတင်းကို သေချာခွဲခြမ်းစိပ်ဖြာပေးနေသလိုပင်။ "ကျွန်မကြားခဲ့ဖူးတဲ့ ခေါင်းဆောင်ရဲ့ ပါရမီတွေ စွမ်းအားတွေက အစစ်အမှန်ဖြစ်မယ့်ပုံပါပဲ"
ဖုန့်ချန်းက အသိအမှတ်ပြုသလိုခေါင်းညိတ်ပြလိုက်ပြီး မသိမသာပြုံးလို့လာသည်။ "ဂိုဏ်းချုပ်ပင်းရွှယ်လည်း ကိုယ့်ဟာနဲ့ကိုယ်တော့ သိပ်မဆိုးလှပါဘူး"
ဖုန့်ချန်း၏စကားလုံးများကြောင့် အေးခဲမြူခိုးဂိုဏ်းအကြီးအကဲများ တောင့်တင်းသွားလျက် မျက်မှောင်ကုတ်ကာ မနှစ်မြို့ဟန်အမူအရာများပေါ်လွင်လာသည်။ လူအများလေးစားအားကျရတဲ့ သူတို့ဂိုဏ်းချုပ်အတွက် ဖုန့်ချန်း၏ဖြစ်သလိုမှတ်ချက်ချလိုက်သောစကားများက လှောင်ပြောင်လိုက်သလိုပင်။ "မဆိုးလှပါ" ဟူသောမှတ်ချက်စကားမှာ သူတို့ဂိုဏ်းချုပ်၏စွမ်းအားအစစ်အမှန်ကို တမင်အသိအမှတ်မပြုစွာဖြင့် စော်ကားမော်ကားပြုလာခြင်းပင်ဖြစ်၏။ မိုးပြာကောင်းကင်အင်ပါယာ၏ အင်အားအကြီးဆုံးသော ကျင့်ကြံသူများထဲမှတစ်ဦးအပါအဝင်ဖြစ်သော ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူအား သိပ်မဆိုးလှပါဟု မည်သူကပြောရဲမည်နည်း?
သို့သော် ဂိုဏ်းချုပ်၏စကားဝိုင်းထဲသို့ဝင်နှောင့်ယှက်ဖို့တော့ သူတို့စိတ်မကူးကြပါ။ သူတို့အလိုရှိနေသည့် ပါရမီရှင်မိန်းကလေးအား အရယူရမည့်စကားဝိုင်းမဟုတ်ပါလော? ဂိုဏ်းတစ်ခုလုံးအတွက် အရေးပါလှသော အခွင့်အရေးတစ်ခုဖြစ်နေတာကြောင့် စကားတစ်လုံးထွက်ဖို့ကို ဂရုတစိုက်ဆင်ခြင်စဥ်းစားရမည့်အခြေအနေပါပေ။
ပင်းရွှယ်ကတော့ တည်ငြိမ်မှုကိုဆက်လက်ထိန်းသိမ်းလျက်ပင် အဓိပ္ပာယ်ခန့်မှန်းလို့မရနိုင်သော အပြုံးပါးပါးလေးကိုသာတပ်ဆင်လာသည်။
ဖုန့်ချန်း၏တသမတ်တည်းတည်ငြိမ်နိုင်မှုကြီးအား သူမလည်းအံ့အားသင့်နေရဆဲမဟုတ်ပါလား? ထိုသူ၏မျက်နှာအမူအရာမှာလည်း သူမကိုအထင်သေးနေပုံလည်းမပေါ်။ တစ်ချိန်တည်းမှာပင် လေးစားကြောက်ရွံ့နေဟန်လည်းမရှိ။ ခန့်မှန်းရခက်လှပါသည်။
တစ်ယောက်တစ်ခွန်း စကားစမြည်ပြောဆိုပြီးနောက် ခန်းမမှာ တစ်ဖန်ပြန်တိတ်ဆိတ်သွားပြန်တော့၏။
ကြည့်ရှုသူပရိတ်သတ်အများမှာတော့ ပြိုင်ပွဲထက် အေးခဲမြူခိုးဂိုဏ်းကိုသာ စိတ်ရောက်နေကြပြီး စူးစမ်းချင်လို့ပဲဖြစ်စေ သတိထားခံချင်လို့ပဲဖြစ်စေ ကွက်ကြားကွက်ကြားချောင်းမြောင်းလို့နေကြတော့သည်။ ကောင်းကင်သလင်းကျောက်မျက်နှာပြင်ကိုသာ အာရုံစိုက်ထားသောသူဟူ၍ အများဆုံးမှ အယောက်နှစ်ဆယ်လောက်သာကျန်ပေတော့မည်။
ပြိုင်ပွဲသို့သိပ်စိတ်မဝင်စားကြတော့သည် နောက်အကြောင်းရင်းတစ်ချက်မှာ သလင်းကျောက်မျက်နှာပြင်ထက်က ပုံရိပ်များတွင် သိပ်စိတ်လှုပ်ရှားစရာရှိမနေသေး၍ဖြစ်သည်။ ပြိုင်ပွဲဝင်များမှာ သက်ဆိုင်ရာအစီအရင်များကို တိုက်ခိုက်ဖို့ ဖြေရှင်းဖို့ ကြိုးစားနေကြရင်း တိုးတက်မှုသိပ်မရှိကြသေးပေ။ ထိုအချိန်တွင် စိတ်ဝင်စားစရာအပြည့်နှင့် အေးခဲမြူခိုးဂိုဏ်းက ခန်းမတွင်းဝင်ရောက်လာသဖြင့် သလင်းကျောက်မျက်နှာပြင်မှာ ပိုလို့ပင်ပျင်းစရာကောင်းသွားဟန်ဖြစ်ချေတော့၏။
ရေခဲနတ်သမီးမှာတော့ ဖုန့်ချန်း၏ထူးခြားသောတုံ့ပြန်မှုကြောင့် စိတ်ဝင်တစားဖြစ်နေရသော်ငြား နဂိုရည်ရွယ်ချက်ကိုတော့ မေ့မသွားခဲ့ချေ။
သလင်းကျောက်လိုကြည်လင်သော်ငြား ဖောက်ထွင်းမြင်မရအောင်အေးခဲနေသည့် မျက်လုံးအစုံမှာ ဖုန့်မေထံသို့အကြည့်ရောက်သွားတော့သည်။ ထက်မြက်စူးရှသောမျက်လုံးများဖြင့် ဖုန့်မေ၏ အတွင်းပိုင်းစိတ်ဝိဉာဉ်နက်နက်ထဲထိတိုင်ဖောက်ထွင်းရှုမြင်နိုင်သကဲ့သို့ တိတ်ဆိတ်စွာအကဲလတ်လို့နေသည်။ အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်ဆင့်သို့ ရောက်နိုင်ပြီးဖြစ်သော မိန်းကလေးအားကြည့်ရင်း ပါရမီရှင်အစစ်အမှန်ပါပေဟု ပင်းရွှယ်စိတ်ထဲမှမှတ်ချက်ပြုလိုက်မိသည်။