ရေခဲနတ်သမီး၏ ကမ်းလှမ်းမှု
Vol. 10 Ch. 131
"ဖုန့်မေ" ပျော့ပျောင်းဟန်ရှိသောငြား ပြတ်သား၍ သြဇာအပြည့်ပါသောလေသံဖြင့် ရေခဲနတ်သမီးကခေါ်ဆိုလာသည်။ "ညီမလေးရဲ့ထူးကဲတဲ့ပါရမီစွမ်းအကြောင်း ကြားဖူးထားပါတယ် အေးခဲမြူခိုးဂိုဏ်းက သူတကာထက်သာလွန်တဲ့ ပါရမီရှင်တွေကို အထူးတန်ဖိုးထားတဲ့အဖွဲ့အစည်းပါ ညီမလေးက အဖွဲ့သားတစ်ယောက်ဖြစ်ဖို့အတွက် သေချာပေါက်သင့်တော်နေတာပဲ"
ဖုန့်မေသည် ခေတ္တမျှကြောင်အသွားပြီးနောက် တဖျတ်ဖျတ်တောက်ပလာသောမျက်လုံးများဖြင့် အံ့သြတကြီးမော့ကြည့်လာသည်။ ဒီလိုကမ်းလှမ်းမှုမျိုး ဆိုက်ရောက်လာလိမ့်မယ်လို့ သူမတစ်ခါမှမျှော်မှန်းမထားဖူးပါချေ။ အထူးသဖြင့် အေးခဲမြူခိုးဂိုဏ်း၏ ဒဏ္ဍာရီလာဂိုဏ်းချုပ်ထံမှပင်။ ဖုန့်ချန်းက သူမ၏ပါရမီအကြောင်းကြားသိကြသော ဂိုဏ်းများအနေဖြင့် လာရောက်ကမ်းလှမ်းဖိတ်ခေါ်လာနိုင်သည်ဟု ကြိုပြောပြထားပေးသော်လည်း ထိုဂိုဏ်းများထဲတွင် အေးခဲမြူခိုးဂိုဏ်းပါနေလိမ့်မည်ဟုတော့ သူမလုံးဝထင်မှတ်မထားခဲ့ပါပေ။
သို့သော် ရေခဲနတ်သမီးထံမှ တိုက်ရိုက်လာသောကမ်းလှမ်းချက်ပင်ဖြစ်လင့်ကစား သူမချက်ချင်းလက်ခံလိုက်ဖို့စိတ်ကူးမရှိသေးပါ။ ဖုန့်ယွင်နှင့်ခွဲခွာရမည့်လမ်းကို သူမလွယ်လွယ်နှင့်မရွေးရက်နိုင်ပါ။
ဖုန့်မေ၏တွန့်ဆုတ်သွားမှုကို ပင်းရွှယ်ကခံစားမိလိုက်ဟန်ဖြင့် ပိုမိုညင်သာသောအသံလေးနှင့်ထပ်ပြောလာသည်။ "တို့ကညီမလေးကို ကိုယ်ပိုင်အနီးကပ်တပည့်အဖြစ်ခေါ်ထားမှာ အနာဂတ်မှာ အေးခဲမြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာနိုင်ချေတောင်ရှိတယ် ဒီလိုထူးကဲတဲ့ပါရမီနဲ့ နည်းလမ်းကျတဲ့ညွှန်ပြချက်တွေကိုသာပေါင်းထည့်လိုက်ရင် စိတ်ကူးနိုင်သမျှထက်ပိုတဲ့အောင်မြင်မှုတွေကို သေချာပေါက်ဆွတ်ခူးနိုင်မှာ"
ပင်းရွှယ်သည် ဂိုဏ်းချုပ်အလောင်းအလျာရာထူးဖြင့် ဖုန့်မေကိုဆွဲဆောင်ရန်ကြိုးစားသည်။ ဖြစ်လာနိုင်ချေရှိသည် ဆိုသည်မှာ သေချာပေါက်ဖြစ်ကိုဖြစ်လာလိမ့်မည်ဟု မဆိုလိုပေ။
သေချာပေါက်ဖြစ်လာမည်ဆိုလျှင်တောင် ဂိုဏ်းချုပ်ဖြစ်သူ ပင်းရွှယ်မှာ ယခုထိတိုင်ငယ်ရွှယ်လှသေး၍ ဘယ်ဆီဘယ်ဝယ်မှန်းမသိသေးသော အနာဂတ်တစ်ချိန်အား စောင့်မျှော်နေရုံသာပင်။
သို့သော် တမင်ချဲ့ကားပြောဆိုခြင်းတော့မဟုတ်ရပါ။ ပင်းရွှယ်ပြောသောစကားတိုင်းတွင် စိတ်ရင်းပါဝင်သည်ပင်။ ဂိုဏ်းချုပ်နေရာကိုရကတည်းက ကိုယ်ပိုင်တပည့်အဖြစ်ကမ်းလှမ်းခြင်းမှာ ဒါက ပထမဆုံးအကြိမ်ဖြစ်၏။ ဖုန့်မေ၏လက်ရှိပါရမီက လင်းမေယုနှင့်တန်းတူညီတူဖြစ်ရာ သေချာပေါက် အစွမ်းအစကလည်းတစ်ညီတည်းဖြစ်ရပေမည်။ ဒါကို အေးခဲမြူခိုးဂိုဏ်းတစ်ခုလုံး ယုံကြည်သည်။
ဖုန့်မေမှာ ရေခဲနတ်သမီးကို တစ်ချိန်လုံးအထင်ကြီးလေးစားခဲ့သူဖြစ်ပြီး သူမ၏စွမ်းဆောင်ရည်များကိုလည်းကြားသိထားသဖြင့် အမှန်တကယ်ပင်ဆွဲဆောင်ခံလိုက်ရတော့လေသည်။
သူမအပါအဝင် မိန်းကလေးတိုင်းသည် တစ်နေ့တစ်ချိန်တွင် ရေခဲနတ်သမီးလိုဖြစ်လာဖို့ကို စိတ်ကူးယဥ်အိပ်မက်မက်ဖူးကြလေသည်။ သို့သော် ဖုန့်ယွင်နှင့်ခွဲခွာရမည်ကို ပူပန်စိတ်မှာ မည်မျှကြီးကျယ်သောကမ်းလှမ်းချက်ကိုမဆို ငြင်းပယ်ပစ်လိုက်ဖို့ ဖိအားပေးနေခဲ့လေသည်။
တစ်ဖက်တွင်မူ ရေခဲနတ်သမီး၏ဆွဲဆောင်စကားများကို ကြားလိုက်ရသောလူတိုင်းမှာ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်ကုန်ကြ၏။
ဖုန့်မေ၏ပါရမီစွမ်းကို သူတို့မျက်လုံးများဖြင့်တပ်အပ်မြင်တွေ့ပြီးဖြစ်သော်ငြား ရေခဲနတ်သမီးထံမှ ကိုယ်ပိုင်အနီးကပ်တပည့်အဖြစ် ကမ်းလှမ်းလာခြင်းကိုမူ မယုံနိုင်ပင်ဖြစ်ရပါသည်။ ထို့အပြင် အနာဂတ်ဂိုဏ်းချုပ်လောင်းနေရာကိုပါ ကတိကဝတ်ပြုလာသည်တဲ့လေ။
မိန်းကလေးအများစုမှာ ဖုန့်မေအား အားကျလှသလို မနာလိုဝန်တိုစိတ်များကိုလည်း မဖုံးကွယ်နိုင်ခဲ့ပါပေ။ သူမတို့အားလုံး၏ အမြင့်ဆုံးသောအိပ်မက်ကြီးကို ဖုန့်မေက လွယ်လွယ်လေးဖြင့်အရယူသွားနိုင်လေပြီ။
မဟာအကြီးအကဲရန်တောက်ယုမှာလည်း ဖြစ်ပျက်နေသမျှကိုစောင့်ကြည့်နေရင်း မျက်နှာကြီးကမည်းသည်ထက်မည်းလာကာ ဝတ်ရုံအောက်မှလက်သီးကိုလည်း ကျစ်ကျစ်ပါအောင်ဆုပ်ထားရတော့သည်။ သူကိုယ်တိုင်လည်း ထိုသို့ရှားပါးပါရမီရှင်မျိုးကို ကိုယ်ပိုင်အနီးကပ်တပည့်အဖြစ် ခေါ်ထားလိုသည့်ရည်မှန်းချက်ရှိပါသော်လည်း အေးခဲမြူခိုးဂိုဏ်းက သူတို့ထက်အဆင့်အတန်းမြင့်လှသည်ကိုလည်း ငြင်းချက်ထုတ်မရပေ။ ဂိုဏ်းချုပ်၏ပစ်မှတ်မှာ ဖုန့်မေသာဖြစ်ပြီး ဖုန့်ယွင်ကိုတော့လွှတ်ပေးထားသောကြောင့် တော်သေးလှသည်ဟုသာဆိုရပေမည်။
ဖုန့်မေမှာ တွန့်ဆုတ်နေဆဲဖြစ်နေသဖြင့် ပင်းရွှယ်သည် အကြံဉာဏ်သစ်တစ်ခုဖျတ်ခနဲပေါ်လာကာ ဖုန့်ချန်းဘက်သို့ထပ်လှည့်လိုက်သည်။
"ဖုန့်မိသားစုခေါင်းဆောင်" ဆုံးဖြတ်ပိုင်ခွင့်အာဏာအပြည့်ရှိသော မိသားစုခေါင်းဆောင်ထံသို့ဦးတည်သွားသောအခါ သူမလေသံအနေအထားပါတစ်ပါတည်းပြောင်းလဲသွားသည်။ "ကျွန်မရဲ့လမ်းညွှန်သင်ပြချက်တွေအတိုင်းသာဆိုရင် ဖုန့်မေက ပြိုင်ဘက်မရှိအမြင့်တစ်နေရာထိ ထိုးတက်သွားနိုင်ပါတယ် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်လာဖို့လည်း အာမခံပါတယ် ကျွန်မကသူ့ကို အင်အားကြီးပြယုဂ်တစ်ခုဖြစ်လာအောင် ပျိုးထောင်ပေးနိုင်ပါတယ် နဂါးနဲ့ဖီးနစ်တို့ရဲ့ အဆင့်သတ်မှတ်ချက်တွေမှာ ပထမတန်းကျင့်ကြံသူတစ်ဦး ဖြစ်လာရပါစေ့မယ်"
ဖြစ်နိုင်ချေကို သက်သေထူပြနေသည့်အလား သူမစကားလုံးများမှာ သေချာပိုင်နိုင်မှုရှိလှ၏။ သေချာပေါက် ဖုန့်မေအားကူညီတိုက်တွန်းပေးရန် ဖုန့်ချန်းကိုမဲဆွယ်နေတာဖြစ်သည်။ ရေခဲနတ်သမီး၏ အနီးကပ်တပည့်ဆိုတဲ့ကမ်းလှမ်းချက်က ဖုန့်မေအတွက်ရော ဖုန့်မိသားစုအတွက်ပါ အကောင်းဆုံးသောရွေးချယ်မှုပင်။
"ဖုန့်မေက အေးခဲမြူခိုးဂိုဏ်းရဲ့ စစ်မှန်တဲ့ စွမ်းအားကြီးပြယုဂ်တစ်ခုဖြစ်လာလိမ့်မယ်လို့ ကျွန်မရဲရဲကြီးအာမခံပါတယ် ကျွန်မတို့အတူပူးပေါင်းပြီး သူ့ရဲ့ပါရမီစွမ်းကို အကောင်းဆုံးအနေအထားထိ ပျိုးထောင်နိုင်ပါတယ်"
ပင်းရွှယ်သည် သူမ၏ကြိုတင်မျှော်မှန်းထားမှုများကို ထုတ်ပြောလာရင်း မျက်လုံးများမှာလည်းတဖျတ်ဖျတ်တောက်ပလာကြသည်။ ကြီးမြတ်သောအောင်မြင်မှုများကို အာမခံရင်း ဖုန့်ချန်းနှင့်ဖုန့်မေတို့နှစ်ဦးကို မရရအောင်သွေးဆောင်လို့နေသည်။
သို့သော် သူမမျှော်လင့်ထားသလိုမဟုတ်ဘဲ ဖုန့်ချန်းမှာ ကမ်းလှမ်းချက်ကို များများစားစားစိတ်ထဲထည့်မနေပေ။ နဂါးနဲ့ဖီးနစ်တို့ရဲ့အဆင့်သတ်မှတ်ချက်ပထမတန်းတဲ့လား?
ဒါလောက်လေးရဖို့ကတော့ သူ့အတွက် ကြိုးစားနေစရာပင်မလိုပေ။
နောက်ပြီး ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူလား?
အချိန်တစ်ခုအကြာတွင် သူတို့တစ်မိသားစုလုံးကိုပင် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူများဖြစ်အောင် သူလုပ်နိုင်မည်ဟု ယုံကြည်ထားတာဖြစ်၏။
သို့သော် ဖုန့်မေတစ်ယောက် အေးခဲမြူခိုးဂိုဏ်း၏ အတွင်းတပည့်ဖြစ်လာလျှင် ရလာနိုင်မည့်အကျိုးကျေးဇူးများကို သူအသိအမှတ်ပြုပါသည်။ သူတို့မိသားစုမှာ အတော်အတန်အားနည်းခဲ့သည့်အလျောက် မျိုးဆက်သစ်လူငယ်လေးများမှာလည်း မိသားစုရိပ်အောက်တွင်သာခိုလှုံနေကြလျက် အပြင်လောကကြီးကို တွေ့ကြုံခံစားဖူးခြင်း မရှိကြသေးပေ။ အေးခဲမြူခိုးဂိုဏ်းအဖွဲ့ဝင်တစ်ဦးဖြစ်လာလျှင် ဖုန့်မေ၏ထိုးထွင်းဉာဏ်ကအစ အတွေ့အကြုံရင့်သန်မှုအဆုံး ပြည့်စုံကြွယ်ဝလာမည်ဖြစ်ပြီး ဒီ့ထက်ပိုတိုးတက်နိုင်မည်မလွဲပေ။
ထို့အပြင် ကလေးများမှာငယ်ရွယ်တော့သည်မဟုတ်တာကြောင့် အတောင်ဖြန့်ရန်အချိန်ကျပေပြီ။ အေးခဲမြူခိုးဂိုဏ်းနှင့်ချိတ်ဆက်ခြင်းက ဖုန့်မေလိုအပ်နေသောအတွေ့အကြုံကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ပေမည်။
ဆင်ခြင်စဥ်းစားလို့အပြီးတွင် ဖုန့်ချန်း ပင်းရွှယ်ကိုစကားပြန်လာသည်။
"ဂိုဏ်းချုပ်ပင်းရွယ်ရဲ့ကမ်းလှမ်းချက်က ကျွန်တော်တို့အတွက်ဂုဏ်ယူစရာပါပဲ ပေါ့ပေါ့တန်တန်သဘောမထားပါဘူး ဂိုဏ်းချုပ်ရဲ့လမ်းညွှန်မှုအောက်မှာ ဖုန့်မေရဲ့ကျင့်ကြံမှုက ဒီ့ထက်ပိုတိုးတက်ဖို့ပဲရှိပါတယ် ကံကောင်းခြင်းဆုလာဘ်တစ်ခုပါပဲ ဒါပေမယ့်..."
ပင်းရွှယ်မှာ ဖုန့်ချန်းစကားပြန်လာချိန်တွင် သဘောတူတော့မည်အထင်နှင့်ဝမ်းသာသွားရသော်ငြား ဒါပေမယ့်ဟူသောစကားကို မမျှော်လင့်ပဲကြားလိုက်ရလေ၏။
"ဒါပေမယ့် ဖုန့်မေက မိသားစုနဲ့အိမ်တော်ကို အင်မတန်ခင်တွယ်လွန်းပါတယ် ဒါကြောင့် သူနဲ့သေချာဆွေးနွေးပြီးမှ အပြီးသတ်ဆုံးဖြတ်ချက်ကို အကြောင်းပြန်လိုက်ပါ့မယ်"
ပင်းရွှယ်က နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။ ဖုန့်ချန်းက မိသားစုအရေးထက် ဖုန့်မေ၏ဆန္ဒကိုပိုဦးစားပေးလိမ့်မည်ဟု သူမထင်မထားခဲ့ပါ။
မိသားစုဝင်တစ်ဦးမှ အေးခဲမြူခိုးဂိုဏ်းချုပ်၏ အနီးကပ်တပည့်ဖြစ်လာခြင်းက သူတို့မိသားစုကို များစွာအကျိုးပြုမည်ဖြစ်သော်လည်း ဖုန့်ချန်းကတော့ ကာယကံရှင်၏ဆန္ဒကိုသာ အရင်ဦးစားပေးလိုသည်။ ပင်းရွှယ်၏နှလုံးသားမှာ နွေးထွေးနူးညံ့သွားရတော့၏။
အင်အားကြီးဖို့ကသာ အရာရာဖြစ်သော ဤလောကတွင် မိသားစုအကျိုးအမြတ်ထက် ကာယကံရှင်၏စိတ်နေသဘောထားကို ဦးစားပေးထည့်တွေးပေးသည့်အဖြစ်မျိုးမှာ အလွန်တရာကိုရှားပါးလွန်းနေခဲ့သည်မဟုတ်လော။