ဆွံ့အခြင်း
Vol. 10 Ch. 133
ဖုန့်ရှောင်ယု၏စကားအဆုံးတွင် ခန်းမတစ်ခုလုံးတိတ်ကျသွားတော့၏။ လူအုပ်ကြီးမှာလည်း အချင်းချင်း မျက်လုံးပြူးမျက်ဆံပြူးဖြင့်ကြည့်လိုက်ကြပြန်သည်။ မျက်နှာအမူအရာများမှာ မယုံကြည်နိုင်ဟန် အံ့သြမကုန်နိုင်ဟန် အပြည့်ဖြင့်။ ဖုန့်မိသားစုသည် သူတို့၏မျိုးဆက်သစ်များကို အေးခဲမြူခိုးဂိုဏ်းတွင်လေ့ကျင့်သင်ကြားခွင့်ဟူသော တစ်သက်မှတစ်ခါ ရှားပါးလှသည့်အခွင့်အရေးကြီးအား ဖမ်းဆုပ်နိုင်ခဲ့ပေသည်။ တစ်ယောက်တည်းတောင်မဟုတ်ဘူးနော် နှစ်ယောက်တောင်။ ဒါကိုလည်း စဥ်းစားဖို့အချိန် ယူချင်ပါသေးသတဲ့။
လုံးဝကို မယုံကြည်နိုင်စရာပါပဲ။
အများစုမှာ စိတ်ပျက်လက်ပျက်ဟန်ဖြင့်သာခေါင်းယမ်းလိုက်ကြပြီး တွေးမိကြတော့သည်။
(အဲ့ဖုန့်မိသားစုရဲ့ဦးနှောက်တွေက ဘယ်လိုများဖွဲ့စည်းတည်ဆောက်ထားကြတာလဲ)
သာမန်ဦးနှောက်နှင့် သာမန်လူသာဆိုလျှင် ပထမကမ်းလှမ်းချက်မှာကတည်းက ဝမ်းသာအားရလက်ခံလိုက်မှာဖြစ်သည်။ ဒုတိယကမ်းလှမ်းချက်ပါ ပါလာလျှင်တော့ ရမည့်အကျိုးကျေးဇူးက နှစ်ဆပင်။
ပင်းရွှယ်ကတော့ တည်ငြိမ်လျက်သာပင်။ ဒုတိယအကြိမ်ငြင်းဆိုခံရမှုမှာ ပထမအကြိမ်ကလောက် လန့်ဖျပ်သွားခြင်းမရှိတော့ပါ။ သူမခေါင်းတစ်ချက်သာညိတ်၍ ဖုန့်မေနှင့်ဖုန့်ရှောင်ယုကို ချီးမွမ်းချင်ဟန်ဖြင့် အပြန်အလှန်ကြည့်လိုက်သည်။
ယနေ့တွင် သူမဘဝတစ်သက်တာမကြုံဖူးသည့် ငြင်းဆိုချက်နှစ်ခုဆင့်ကိုလက်ခံခဲ့ရသည်။ သို့သော် စိတ်ပျက်လက်ပျက်လည်းမဖြစ် ဒေါသလည်းမထွက်မိရုံမက ထိုမိန်းကလေးများကို ပို၍ပင်နှစ်ခြိုက်သဘောကျလာသလို ခံစားရ၏။ ကမ်းလှမ်းချက်ကို ပြီးစလွယ်လက်မခံဘဲ အလေးအနက်စဥ်းစားရန်အချိန်ယူကြသည့်အတွက် သူမကျေနပ်မိရသည်။ နောက်ဆုံး လက်ခံပေးကြရင်တော့ အတိုင်းမသိပျော်ရွှင်မိမည်သာပင်။
"ကောင်းပါပြီ ဖုန့်ရှောင်ယု အချိန်လုံလုံလောက်လောက်ယူပါ အေးခဲမြူခိုးဂိုဏ်းက ဒီလိုအလေးအနက်စဥ်းစားပေးတာမျိုးကို တန်ဖိုးထားပါတယ် ဖုန့်မေရဲ့ဆုံးဖြတ်ချက်နဲ့အတူ စောင့်နေပါ့မယ်"
ဖုန့်ရှောင်ယုလည်း အတွေးထဲနစ်မြုပ်နေရင်း ရိုသေစွာဦးညွှတ်ပြလိုက်သည်။
တစ်ဖက်တွင်မူ မဟာအကြီးအကဲဖုန့်ကျန်းရှန်နှင့် ဖုန့်ကျီလန်တို့မှာ ပြုံးနေကြသည်ကိုပင် ရပ်မရတော့ပါ။ စုဝေးပွဲသို့ရောက်ရောက်ချင်းတွင် ပိုင်မိသားစု၏ ကျက်သရေမရှိလာသောကြိုဆိုခြင်းဖြင့် တည့်တည့်တိုးခဲ့ရသော်ငြား ယခုတော့ ကံကောင်းမှုများသာ ဆက်တိုက်ဖြစ်ပေါ်လာနေလေပြီ။
ယွမ်မိသားစုနှင့် မိတ်ဖွဲ့လိုက်နိုင်ရုံသာမက အင်ပါယာ၏ထိပ်သီးဂိုဏ်းသုံးခုထဲမှ တစ်ခုကပါ သူတို့မျိုးဆက်သစ်များကို ဖိတ်ခေါ်ကမ်းလှမ်းလိုကြောင်း ဖော်ပြလာလေပြီ။ မဟာမိတ်များပိုတိုးလို့လာလေပြီ။
ဖုန့်မေနှင့်ဖုန့်ရှောင်ယုကို ရေခဲနတ်သမီး၏ကမ်းလှမ်းချက်အား လက်ခံစေလိုကြပါသော်ငြား သူတို့၏ဆုံးဖြတ်ချက်ကိုလည်း လေးစားရမည်ပင်။
ထို့အပြင် လက်ရှိပါရမီစွမ်းများနှင့်ဆိုလျှင် အေးခဲမြူခိုးဂိုဏ်းသို့မဝင်လျှင်တောင်မှ အနာဂတ်မှာတောက်ပလာမည့်ကလေးများဖြစ်ကြောင်း သူတို့ကောင်းကောင်းသိကြပေသည်။
မည်သို့ပင်ဖြစ်စေ သူတို့မျိုးဆက်သစ်လေးများအတွက် လွန်စွာမှဂုဏ်ယူရပါ၏။
အခြေအနေများကို တိတ်တဆိတ်လေ့လာစောင့်ကြည့်နေသော ထျန်းလုံချီလည်း ဆူပွက်နေသောဒေါသမီးများကို ဖုံးကွယ်မထားနိုင်တော့ပါ။ မျက်နှာထားမှာ စိတ်အလိုမကျမှုဖြင့်မည်းမှောင်နေပြီး လက်သီးများကိုလည်း ကျစ်ကျစ်ပါအောင်ဆုပ်လို့ထားသည်။ မုန်တိုင်းဝိဉာဥ်နန်းတော်၏အကူအညီကြောင့် ဖုန့်မိသားစုကိုလက်စားချေရန်ကိစ္စမှာ လွယ်ကူချောမွေ့သွားပေမည်ဟု သူထင်မှတ်ထားချိန်တွင် အေးခဲမြူခိုးဂိုဏ်းရောက်လာခဲ့တာဖြစ်၏။
သို့သော် သူနေရာချထားပြီးသားအစီအစဥ်အကြောင်းပြန်တွေးလိုက်သည်နှင့် စိတ်ခံစားချက်များပြန်ကောင်းလာပြီး ရုတ်တရတ် အကြံတစ်ခုကိုရလိုက်သည်။
ဒါကသူ့အတွက် အခွင့်အရေးတစ်ခုလည်းဖြစ်နိုင်တာပဲ။
သူခုံမှထလိုက်ပြီး ဖုန့်ချန်းထံသို့ဦးတည်လျှောက်လှမ်းသွားကာ ဖုန့်ချန်းရှေ့တည့်တည့်တွင်ရပ်လိုက်သည်။ စုဝေးပွဲမစခင်က သူတို့နှစ်ဘက်ထိပ်တိုက်တွေ့ခဲ့ကြသေးသည်ကို လူအများသိရှိကြပြီးသားပင်။ ထိုမျှမက မနေ့ကလေလံပွဲမှာလည်း ပစ္စည်းတစ်ခုကို အပြိုင်အဆိုင်လုရင်း ရန်ပွဲဖြစ်ခဲ့ကြသေးသည်။
ယခု ထျန်းလုံချီက ဖုန့်ချန်းထံသို့ဦးတည်လျှောက်သွားသည်အားမြင်ကြသော် စိတ်လှုပ်ရှားစရာတစ်ခုခုတော့ ဖြစ်လာတော့မည်မှန်း အားလုံးခန့်မှန်းမိလိုက်ကြသည်။
ထျန်းလုံချီက လည်ချောင်းတစ်ချက်ရှင်း၍ လူအုပ်ကြီးတစ်ခုလုံး သဲသဲကွဲကွဲကြားနိုင်လောက်အောင် ကျယ်လောင်သည့်အသံဖြင့် စကားစသည်။ လေသံက လှောင်ပြောင်ရိပ်အနည်းငယ်စွက်လျက်။
"ခေါင်းဆောင်ဖုန့်" သူကစကားစလာသည်။ အသံက ပုံမှန်အတိုင်းပြေပြေပြစ်ပြစ်ရှိလှသော်လည်း လူတိုင်း၏အာရုံကိုတော့ ချက်ချင်းဖမ်းစားလိုက်နိုင်၏။
"ဒီလိုလေးစားအပ်တဲ့ဧည့်သည်တော်တွေပါထပ်ရောက်လာမှတော့ ပြိုင်ပွဲကဒီတိုင်းကြီးပဲဆက်သွားနေရင် အရမ်းခြောက်ကပ်သွားတော့မှာပေါ့" ခပ်ဖြည်းဖြည်းသာပြောနေသော်လည်း တစ်ဖက်ကနားဆင်သူကို လွန်စွာမှစိတ်အနှောင့်အယှက်ဖြစ်စေသည့် စကားမျိုးပင်။ "စိတ်လှုပ်ရှားစရာလေးတွေ လုပ်မကြည့်ချင်ဘူးလား"
ခန်းမတစ်ခုလုံးတိတ်ဆိတ်နေပြီး လူတိုင်းမှာ ထျန်းလုံချီနှင့်ဖုန့်ချန်းကြားကိုပဲ စုန်ချည်ဆန်ချည်ကြည့်ရင်း ဆက်ဖြစ်မည့်အခြေအနေကို မျှော်လင့်စောင့်စားနေကြလေသည်။ ဖုန့်ချန်းက မတူသလိုမတန်သလိုဟန်ဖြင့် ထျန်းလုံချီကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။ သူတကယ်လည်း ထျန်းလုံချီကိုထည့်တွက်မနေပါ ခြိမ်းခြောက်မှုဟုသတ်မှတ်လို့ရမည့်အနေအထားပင်မရှိ။
"ဘာကိုဆိုလိုချင်တာလဲ ထျန်းလုံမိသားစုခေါင်းဆောင်" ဖုန့်ချန်းပြန်မေးလိုက်သည်။
"လောင်းကြေးနည်းနည်းလောက်ထပ်မယ်ဆိုရင်ရော ဖုန့်မိသားစုခေါင်းဆောင်ဘယ်လိုသဘောရလဲ" ထျန်းလုံချီကဆိုလာသည်။
"လောင်းကြေး?"
ဖုန့်ယွင်နှင့်ဖုန့်လျန်းတို့နှစ်ယောက်လုံး စွမ်းအားကြီးအဆင့်၂အစီအရင်တွေကိုရခဲ့သည်မှာ တိုက်ဆိုင်မှုမဟုတ်ဘဲ နောက်ကွယ်မှာထျန်းလုံချီပါဝင်နေကြောင်း ဖုန့်ချန်းသေချာနားလည်သွားတော့သည်။
ထျန်းလုံမိသားစုကတော့ သူ့ကို အမှန်အကန်ပစ်မှတ်ထားနေလေပြီ။ အရင်တစ်ခေါက်ကရန်ပွဲရော ဒီတစ်ခုပါပေါင်းလိုက်လျှင် ထျန်းလုံမိသားစုကို ရန်သူအဖြစ်သတ်မှတ်ဖို့ လုံလောက်နေပြီဖြစ်၏။
(လျစ်လျူရှုပေးဖို့ကြိုးစားခဲ့ပေမယ့် ကြည့်ရတာ သင်ခန်းစာမရမချင်း နားလည်မှာမဟုတ်ဘူးထင်တယ် သူ့ကိုယ်သူ ဘယ်သူနဲ့လာရှုပ်မိနေမှန်းတောင်မသိရှာဘူးပဲ)
ထျန်းလုံချီ၏ တစ်ဖက်လူကိုရန်စတတ်တဲ့အကျင့်ကို ဖုန့်ချန်းတကယ်းဂရုမစိုက်မိပါချေ။ အင်အားကြီးတိုင်း လူတိုင်းကိုလိုက်ပြီး ဖိနှိပ်အနိုင်ကျင့်လို့ရမယ်ထင်နေတာ ဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။
သို့သော် သူသတ်မှတ်ထားတဲ့နောက်ဆုံးစည်းကိုကျော်လာရင်တော့ ဒီတိုင်းထားလို့မရတော့ပေ။ သူ့မိသားစုကို လာရှုပ်တဲ့သူမှန်သမျှ ပြန်ပြီးလက်စားချေရမှာက သူ့တာဝန်ပင်။ ထျန်းလုံချီက ပြိုင်ပွဲကိစ္စတွေထိဝင်ပါလာပြီး သူ့မိသားစုပြိုင်ပွဲဝင်တွေကို ပစ်မှတ်ထားနေပြီဆိုမှတော့ ထျန်းလုံချီသွေးမြေကျချိန်တန်လေပြီ။
ထျန်းလုံချီက စိန်ခေါ်ဟန်ဖြင့်ပြုံးပြလိုက်သည်။ "ကျုပ်တစ်ခုပြောပြရရင်တော့ ခေါင်းဆောင်အစစ်အမှန်ဆိုတာ သူ့မိသားစုရဲ့အင်အားနဲ့အလာအလာကို ယုံကြည်ပေးရတယ်တဲ့ ကိုယ်ယုံကြည်တဲ့အရာအတွက် ဘာမဆိုရင်းနှီးမြှုပ်နှံရဲရမယ်မဟုတ်လား ဒီတစ်ခေါက်ပြိုင်ပွဲစဥ်မှာ ကျုပ်တို့ပါရမီရှင်တွေထဲ ဘယ်သူကပထမနေရာရလိမ့်မလဲဆိုတာကို လောင်းကြေးစားကြေးလုပ်ကြည့်ရင်ရော"
"ဆိုတော့ လောင်းကြေးကဘာလဲ" ဖုန့်ချန်းပြန်မေးလိုက်သည်။
ထျန်းလုံချီမှာစိတ်ကျေနပ်သွားဟန်ဖြင့် ရင်ကိုကော့လိုက်သည်။ "ပမာဏတစ်ခုသတ်မှတ်ထားကြတာပေါ့ ရွှေဒင်္ဂါးသုံးသိန်းဆိုရင်ရော? အနိုင်ရတဲ့သူက သုံးသိန်းလုံးအပိုင်သိမ်းရမှာပဲ ခင်ဗျားမိသားစုက ကလေးတွေက ကျုပ်မိသားစုက ကလေးတွေထက် စွမ်းဆောင်ရည်ပိုသာနေရင် အဲ့သုံးသိန်းခင်ဗျားရမယ် မဟုတ်ရင်တော့ ကျုပ်ယူရမှာပေါ့ ရိုးရှင်းတယ်မလား သဘောတူပါသလား?"