← Chapters

ထျန်းလုံချီရဲ့အလောင်းအစား

Vol. 10 Ch. 134

ထျန်းလုံချီရဲ့အလောင်းအစား

Vol. 10 Ch. 134

ပွဲကြည့်ပရိတ်သတ်များလည်း အာမေဋိတ်သံများကိုမထိန်းနိုင်လိုက်တော့။ တီးတိုးဆွေးနွေးနေသံများမှာလည်း စိတ်ဝင်စားမှုများ အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေသည်။ "ထျန်းလုံမိသားစုကတော့ အောချက်ပဲ"

"ရှီး ရွေဒင်္ဂါးသုံးသိန်းတဲ့လား ငါတို့မိသားစုရဲ့ဆယ်စုနှစ်တစ်ခုစာဝင်ငွေလောက်ရှိတယ်"

"ကြည့်ရတာ ဒီပွဲစဥ်မှာတော့ ထျန်းလုံမိသားစုက သူတို့မျိုးဆက်သစ်တွေကိုအတော်ယုံထားပုံပဲ ဖုန့်ယွင်ရဲ့ပါရမီကိုသိထားတာတောင် ဒီလောက်ပမာဏအများကြီးလောင်းကြေးထပ်ရဲသေးတယ္"

"ပါရမီကပါရမီ အင်အားကအင်အားပဲလေ ဖုန့်ယွင်ကပါရမီအမြင့်ဆုံးဖြစ်နိုင်ပေမယ့် ကျင့်ကြံဆင့်အရတော့ ထျန်းလုံယုက အင်အားအကြီးဆုံးဖြစ်လောက်မှာပဲ"

လောင်းကြေးပမာဏအမြင့်ကြီးကြောင့် ခန်းမတစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်ကုန်ကြတော့သည်။ ဖုန့်ချန်းကတော့ မျက်နှာအမူအရာပင်မပြောင်းလဲပေ။ ထျန်းလုံချီကိုသာမြဲမြဲမြံမြံစိုက်ကြည့်နေပြီး မျက်လုံများကလှောင်ရိပ်သန်းလာက ရယ်သွမ်းသွေးလိုက်သေးသည်။

"ရွေဒင်္ဂါးသုံးသိန်းလား ဒါခင်ဗျားတတ်နိုင်တာအကုန်ပဲပေါ့" ဖုန့်ချန်းကခေါင်းကိုအသာယမ်းရင်း စိတ်ပျက်လက်ပျက်ဟန်ဖြင့်ဆိုလိုက်သည်။ "ကျုပ်က ထျန်းလုံမိသားစုခေါင်းဆောင်ဆီက ဒီ့ထက်ပိုမျှော်လင့်ထားတာလေဗျာ ဒီလောက်အဆင့်အတန်းမြင့်တဲ့ ယောကျ်ားတစ်ယောက်က လောင်းကြေးကိုလည်း စို့စို့ပို့ပို့လေးတော့ထုတ်ပေးနိုင်မယ်ထင်ထားတာ‌ပေါ့ အခုတော့မုန့်ဖိုးအကြွေလာလဲနေသလိုပါပဲလား။ ဆင်းရဲလိုက်တာ"

လူအုပ်ကြီးထဲတွင် တီးတိုးသံများတစ်ဖန်ပျံ့လွင့်သွားပြန်တော့သည်။ ထျန်းလုံချီဆိုလာသောလောင်းကြေးကို ဖုန့်ချန်းကပယ်ချပစ်သဖြင့် ဘေးလူများ၏သိချင်စိတ်ကို မီးစာထည့်ပေးလိုက်သည့်နှယ်။

ထို့အပြင် ဖုန့်ချန်းသည် ထျန်းလုံချီအား ရွှေဒင်္ဂါးသုံးသိန်းသာတတ်နိုင်သည့် လူဆင်းရဲလေးတစ်ဦးပမာ ခပ်ပြောင်ပြောင်ပင်နှိပ်ကွပ်လိုက်သေး၏။

ဖြစ်သင့်ပါတယ်လေ။ ရေခဲနတ်သမီးရဲ့ကမ်းလှမ်းချက်ကိုတောင် ငြင်းပယ်ရဲတဲ့လူပဲဟာ။

ထျန်းလုံချီ၏မျက်နှာမှာ လန့်ဖျပ်မှုကြောင့်အနည်းငယ်ထူပူသွားပြီး အပြုံးသည်လည်းမှေးမှိန်လို့သွားသည်။

သူဆိုလိုက်သောလောင်းကြေးကြောင့် ဖုန့်ချန်းလန့်ဖျပ်သွားလိမ့်မည်ဟုထင်ခဲ့ပေမယ့် တကယ်တမ်းသူတောင်းစားလိုဆက်ဆံခံလိုက်ရတာက သူဖြစ်နေသည်။ မနေ့က လေလံပွဲမှာ သူဖုန့်ချန်းကိုရှုံးနိမ့်ခဲ့သည့်အခိုက်အတန့်အား သူပြန်မြင်ယောင်မိရင်း ဒီလှောင်ပြောင်မှုမှာလည်း ထိုဖြစ်ရပ်၏နောက်ဆက်တွဲဖြစ်ကြောင်း သူနားလည်လိုက်သည်။ ဒေါသဖြင့် သူအံတင်းတင်းကြိတ်လိုက်သော်လည်း စိတ်လိုက်မာန်ပါမဖြစ်အောင်တော့ ထိန်းထားနိုင်လိုက်သည်။

(စိတ်လျှော့ထား အဲ့ကောင်မာန်တက်ချင်လည်း ဒီခဏလေးပဲ)

"ဆိုတော့ ဘယ်လိုလုပ်ကြမလဲခေါင်းဆောင်ဖုန့် လောင်းကြေးထပ်တိုးချင်တာလား"

"ဒါပေါ့" ဖုန့်ချန်းပြန်ပြောသည်။

တည်ငြိမ်ဟန်မပျက်သေးသောဖုန့်ချန်းကိုကြည့်ရင်း ထျန်းလုံချီကောက်ကျစ်စွာပြုံးလိုက်သည်။ ဘာဆက်ဖြစ်မယ်မှန်းမသိသေးတော့လည်း မာန်တက်ထားနှင့်ဦးပေါ့ကွာ။

ဖုန့်ချန်းဘက်က လောင်းကြေးမြှင့်ချင်သည်ဆိုတာကိုပင် သူကျေနပ်သလိုခံစားလိုက်ရသည်။ ဒီမာန်မာနတွေအားလုံးက ခဏအကြာမှာ နောင်တတရားတွေအဖြစ် ပြောင်းလဲသွားမှာပဲမဟုတ်လား။

(ဟမ့် ဘယ်အချိန်ထိဆက်ပြုံးနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့)

"ဒါဆို ဘယ်လောက်ထိမြှင့်ကြမလဲ" ထျန်းလုံချီကမေးလာသည်။

"ရွှေဒင်္ဂါးတစ်သန်း အလျှော့အတင်းမရှိဘူး"

ဟောခန်းမကြီးတစ်ခုလုံး ကြက်သေသေသွားရသည်။ ထျန်းလုံချီတစ်ယောက်တောင် အံ့သြသွားသည့်မျက်နှာကို မဖုံးကွယ်နိုင်လိုက်ပဲ သူ၏ခိုင်မာလှသောယုံကြည်မှုသည်လည်း တစ်ခဏမျှတုန်လှုပ်သွားရသည်။ ထိုပမာဏကိုစုနိုင်ဖို့ သူတို့မိသားစုရတနာသိုက်တစ်ခုလုံးကို အပြောင်တူးဖော်ရမည့်ပုံပင်။ လေလံပွဲမှာ သန်းဂဏန်းအထိဈေးမြှင့်ပေးရဲခဲ့တာကလည်း မြေကမ္ဘာအဆင့်ကျင့်စဥ်ကိုလိုချင်၍သာဖြစ်ပြီး ယခုတော့ ဖုန့်မိသားစုနှင့်လောင်းကြေးထပ်ရန် ဖြစ်သွားရလေပြီ။

"တ..တကယ်ကြီးတစ်သန်းလား" ထျန်းလုံချီမှာ စကားများပင်ထစ်လို့နေ၏။ ဖုန့်ချန်းဆိုလိုက်သော ပမာဏကြောင့် သူအံ့သြတကြီးဖြစ်သွားရပေမယ့် ခဏအကြာတွင် စိတ်လှုပ်ရှားလာတော့သည်။

နောက်ဆုံးတော့လည်း သူ့ဆီရောက်လာမယ်ပိုက်ဆံတွေပဲမဟုတ်လား။ လောင်းကြေးမြင့်လေ သူပိုက်ဆံပိုရလေပဲဖြစ်မှာမလား။

အဲ့လောက်ကြီးလေးတဲ့ငွေပမာဏကို မိသားစုငယ်လေးတစ်ခုက ဘယ်လိုများတတ်နိုင်မလဲသူမသိသော်ငြား သူဂရုစိုက်စရာလည်းမဟုတ်ပါချေ။ သူ့ခေါင်းထဲမှာ လောင်းကြေးနိုင်လာတဲ့ပိုက်ဆံတွေနဲ့ ဘာလုပ်ရမလဲဆိုတာကို အရင်စဥ်းစားနေရလေပြီ။ သူ့စိတ်သူပြန်ငြိမ်အောင်ထိန်းလိုက်ပြီး ကောက်ကျစ်သောအပြုံးဖြင့် တည်ငြိမ်သည့်အမူအရာကိုပြန်ဖမ်းယူလိုက်သည်။

"ကောင်းပြီ ရွှေဒင်္ဂါးတစ်သန်းပေါ့ လက်ခံတယ်"

ထျန်းလုံချီက အပြုံကြီးကြီးဖြင့် ခန်းမတစ်ခုလုံးကိုလှည့်ပတ်ကြည့်ကာ အားလုံးကြားနိုင်လောက်မည့်အသံဖြင့်ပြောလာလေသည်။

"ဒီနေရာမှာရှိတဲ့လူတိုင်းက မျက်မြင်သက်သေပဲ" အောင်ပွဲကြိုရနေသောအသံဖြင့် ထျန်းလုံချီကကြေညာလိုက်သည်။ ဖုန့်ချန်းတစ်ယောက် စကားကိုပြန်မရုပ်သိမ်းနိုင်ရန် အားလုံးအားသက်သေထူလိုက်ခြင်းပင်။ အောင်ပွဲရသည့်အခါတွင်လည်း သူမိသားစုသာအဓိကဇာတ်လိုက်ဖြစ်စေရန် ကြိုလမ်းခင်းထားခြင်းလည်းဖြစ်သည်။

"ကျုပ်နဲ့ မိသားစုခေါင်းဆောင်ဖုန့်တို့ကြားက လောင်းကြေးပမာဏဟာ ရွှေဒင်္ဂါးတစ်သန်းဖြစ်ပါတယ် အစီအရင်ကို ဘယ်ပြိုင်ပွဲဝင်ကအရင်ဆုံးချိုးဖျက်နိုင်မလဲဆိုတာကြည့်ပြီး အနိုင်ရရှိသူကိုဆုံးဖြတ်ပါမယ်"

ပွဲကြည့်ပရိတ်သတ်ကြီးမှာ တစ်ယောက်ကိုတစ်ယောက်မျက်စပစ်ရင်း အံ့သြတကြီးတွတ်ထိုးလို့မဆုံးနိုင်တော့ပေ။ ဤမျှလောင်းကြေးကို ရဲရဲဝံ့ဝံ့ထပ်နိုင်ကြသည် ထိုနှစ်ဦးသားအား မယုံကြည်နိုင်လောက်အောင်အံ့သြရသလို ဖုန့်ချန်း၏ ဘာမှမဖြစ်သလိုတည်ငြိမ်နေဆဲမျက်နှာထားကြောင့်လည်း ပိုပြီးမင်သက်ရတော့၏။

ထျန်းလုံချီ၏ အလွန်အကြူးရန်စမှုများမှာ ဖုန့်ချန်းထံသို့ နည်းနည်းမှပင်မသက်ရောက်သည့်အလား မျက်နှာအမူအရာမှာ တည်ငြိမ်စွာကျန်ရှိမြဲ။

(အခုတော့ ရယ်ထားဦးပေါ့)

ဖုန့်ချန်းမှာ ထျန်းလုံချီ၏အတွေးများနှင့် ဖြာထွက်နေသောယုံကြည်မှုများကို အကဲခတ်မိရင်း ရယ်ချင်ပက်ကျိဖြစ်လို့နေသည်။ သိပ်မကြာမီအချိန်အတွင်း လက်တွေ့ရလဒ်တစ်ခုက ထျန်းလုံချီကို အသိစိတ်ပြန်ဝင်အောင်သွင်းပေးနိုင်ပါလိမ့်မည်။

"ကျုပ်လည်း လောင်းကြေးကိုအာမခံပါတယ်" ဖုန့်ချန်းကပြောလာသည်။ ထျန်းလုံချီကတော့ မဲ့ပြုံးပြုံးရင်း ယုံကြည်မှုအပြည့်ဖြင့်ဆိုလာသည်။ "ဟားဟား ဖုန့်မိသားစုခေါင်းဆောင် နောင်တမရဖို့တော့မျှော်လင့်...."

ထျန်းလုံချီစိတ်ကျေနပ်မှုအပြည့်ဖြင့် လှောင်ပြောင်တော့မည့်ဆဲဆဲ အော်သံတစ်ခုကကြားဖြတ်ဝင်လာသည်? "ကြည့်ကြစမ်း တစ်ယောက်‌ယောက်က အဆင့်၂အစီအရင်တစ်ခုကို ချိုးဖျက်နိုင်လိုက်ပြီ"

အာမေဋိတ်သံများတစ်ပြိုင်တည်းထွက်ပေါ်လာပြီး ကောင်းကင်သလင်းကျောက်မျက်နှာပြင်ထံသို့ လူတိုင်းအပြေးကြည့်လိုက်ကြသည်။

(ဘယ်သူပါလိမ့် ထျန်းလုံယုလား ထျန်းလုံပင်းများလား)

ထျန်းလုံချီ စိတ်လှုပ်ရှားစွာတွေးမိသည်။

ထျန်းလုံပင်းဖြစ်လိမ့်မည်လို့တော့ သူထင်မိသည်။ ထျန်းလုံပင်းမှာ အဆင့်၁အစီအရင်ဆရာတစ်ဦးဖြစ်ပြီး ဒီပွဲစဥ်အတွက် အထူးရွေးချယ်ခံထားရသူလည်းဖြစ်၏။

ထျန်းလုံပင်းမှာ အစီအရင်တွေနှင့် ရင်းနှီးပြီးသားဖြစ်သည့်အပြင် သူမ ရရှိသောအစီအရင်မှာ အားအနည်းဆုံးများထဲမှတစ်ခုပင်။

ထျန်းလုံပင်း အစီအရင်ကိုချိုးဖျက်ဖို့ တစ်နာရီလောက်အချိန်ယူရမည်ဟု သူတွက်ချက်ထားခဲ့သော်ငြား အခုတော့မိနစ်နှစ်ဆယ်အတွင်းမှာကို ချိုးဖျက်နိုင်လိုက်ပြီတဲ့လား? အမှန်ပင် သြချစရာပါပေ။

(တကယ်ကိုပဲ ငါ့မိသားစုကပါရမီရှင်လို့မပြောရဘူး)

သူတွေးမိနေသည်။ ဒီအောင်ပွဲမှာ သူရွေဒင်္ဂါးတစ်သန်းကိုလည်းအပိုင်ရပြီး အေးခဲမြူခိုးဂိုဏ်းကလည်း ထျန်းလုံပင်းကို သူတို့တပည့်အဖြစ်ဖိတ်ခေါ်ဖို့ စိတ်ဝင်စားလာကြမည်ဟု သူအပိုင်တွက်လိုက်သည်။

ဒါကြောင့် ဒီအခွင့်အရေးကိုအမိအရယူပြီး ဖုန့်ချန်းနှင့်လောင်းကြေးထပ်ချင်ခဲ့တာပင်။

(ငါတော့ နေရင်းထိုင်ရင်းချမ်းသာတော့မယ်ဟေ့)

All Chapters