အရှေ့ပိုင်းစီရင်စုစုဝေးပွဲ ဒုတိယပြိုင်ပွဲစဥ်၏ ပထမဆုရှင်
Vol. 10 Ch. 135
သူ့ကို သေချာပေါက်စောင့်ကြိုနေမည့်ဆုကြေးငွေများအား စိတ်ကူးယဥ်ရင်း ထျန်းလုံချီအခိုက်အတန့်မျှသတိလွတ်သွားချိန်ဝယ် လူအုပ်ကြားထဲရှိတီးတိုးသံများ သူ့နားထဲသို့လျှံကျလာသည်။ လူတိုင်း၏မျက်လုံးများမှာ ပုံရိပ်များအားဖော်ပြနေသော ကောင်းကင်သလင်းကျောက်မျက်နှာပြင်ထက် ဦးတည်သွားကြပြီး အစီအရင်အားချိုးဖျက်ပြီးသွားသော ထိုပြိုင်ပွဲဝင်၏မျက်နှာအား သေချာစူးစိုက်ကြည့်လိုက်ကြသည်။
ထို့နောက် ခန်းမတစ်ခုလုံး ငြိမ်ကျသွားတော့၏။
ထိုပြိုင်ပွဲဝင်မှာ ထျန်းလုံပင်းလည်းမဟုတ်သလို ထျန်းလုံယုလည်းဟုတ်မနေပါ။
ထိုသူမှာ ဖုန့်ယွင်ဖြစ်၏။
ကောင်းကင်သလင်းကျောက်မျက်နှာပြင်ထက်ရှိပုံရိပ် တဖြည်းဖြည်းရှင်းလင်းပြတ်သားလာပြီး မည်သူမှန်းကွဲပြားသွားသောအချိန်တွင် လူတိုင်းထိတ်လန့်သွားကြသည်။ ပြိုကွဲပျက်စီးသွားသော အဆင့်၂အစီအရင်၏အကြွင်းအကျန်များကြားတွင် ဖုန့်ယွင်သည် အောင်နိုင်သူတစ်ဦးပမာ ခပ်မတ်မတ်ရပ်တည်နေလေ၏။
လူအများ၏အာရုံကို ပိုလို့ဖမ်းစားသွားသည်မှာ သူ့ကိုဝန်းရံခြုံလွှမ်းနေသော မီးတောက်များပင်ဖြစ်သည်။ မီးအပူမှာပြင်းထန်လွန်းသဖြင့် ဘေးပတ်ပတ်လည်ရှိလေထုကိုပင် မီးရောင်ရဲရဲထင်ဟပ်နေစေသည်မှာ ဖုန့်ယွင်တစ်ယောက်မီးတွင်းထဲတွင်ရပ်နေသကဲ့သို့ ပုံပေါ်စေသည်။
မီးတောက်များမှာ အရိုင်းဆန်စွာယိမ်းနွဲ့ကခုန်နေပြီး ကြက်သွေးရောင်နှင့်ရွှေရောင်တောက်တောက်အရိပ်သဏ္ဍာန်များကို ဖန်တီးပေးနေသည်။ ဖုန့်ယွင်ကတော့ မျက်နှာအမူအရာပင်မပျက်ဘဲ အလုံးစုံတည်ငြိမ်လျက်သာ။ လေထုထဲတွင် လှိုင်းများထအောင်စီးဆင်းနေသော မီးတောက်စွမ်းအင်များကြားတွင် ခိုင်မြဲစွာပင်ရပ်တည်လို့နေပြီး မီးတောက်များကိုထိန်းချုပ်ဖို့ကြိုးစားနေသည်။ သို့သော် အပူရှိန်ပြင်းပြင်းဖြင့်လောင်ကျွမ်းနေသော မီးပင်လယ်ကြား ဖုန့်ယွင်မှာမူ အဝတ်လေးတစ်စပင်မီးမစွဲခဲ့။ မီးတောက်များကိုပင် အတုလောအစစ်လော သံသယဝင်ချင်စရာ။
"သောက်ကျိုးနည်း...ဘယ်...ဘယ်လိုမီးတောက်ကြီးလဲဟ” လူအုပ်ထဲမှတစ်ဦးက အံ့အားသင့်နေဟန်ကိုမဖုံးကွယ်နိုင်စွာဘဲ ခပ်တိုးတိုးရေရွတ်လာသည်။
"ကြည့်....ကြည့်ရတာ မီးတောက်ကအသက်ရှိနေသလိုခံစားရတယ်" နောက်တစ်ယောက်လည်း အသံတိုးတိုးဖြင့်လိုက်ပြောလာသည်။
"မဟုတ်မှ...ဝိဉာဥ်မီးတောက်များလား"
ဖုန့်ယွင်၏ဘေးပတ်လည်ရှိမီးတောက်များမှာ ကြည့်လေလေ သာမန်မဟုတ်သောမီးတောက်တွေမှန်း ပိုလို့သေချာလာလေလေဖြစ်ကာ လူအများမှာ ဝိဉာဥ်မီးတောက်များပေလားဟု စတင်တွေးတောလာကြတော့သည်။ သို့သော် ထိုမီးတောက်များကို ဒဏ္ဍာရီလာမီးတောက်အမျိုးအစားထဲကဖြစ်နိုင်သည်ဟုတော့ မည်သူမှမတွေးမိကြပါ။ ကိုယ်ပိုင်ဝိဉာဥ်မီးတောက်တစ်ခုရှိနေသည် ဆိုတာကပင် အင်မတန်ခက်ခဲရှားပါးသောဖြစ်ရပ်ဟု သတ်မှတ်လို့ရသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးအတွက်ဆိုလျှင် မဖြစ်နိုင်သလောက်ထိခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူများပင် ထိန်းချုပ်ရခက်ခဲသော ဒဏ္ဍာရီလာဝိဉာဥ်မီးတောက်တစ်ခုကို ဖုန့်ယွင်ပိုင်ဆိုင်ထားပါသည်ဟု မည်သူကတွေးမိနိုင်ပါမည်နည်း?
သူတို့အဲ့လောက်ထိ ဦးနှောက်မကောင်းနိုင်ပါ။
မီးတောက်များမှာ ဖုန့်ယွင်၏ထိန်းချုပ်မှုအောက်မှလွတ်မြောက်ချင်သကဲ့သို့ တစ်ချက်ခုန်လိုက်သည်။ သို့သော် ဖုန့်ယွင်မှာ သိပ်အခက်အခဲရှိပုံမပေါ်ဘဲ မျက်လုံးများကိုသာကျဥ်းမြောင်းလိုက်ပြီး စိတ်စွမ်းအင်ကိုသုံးကာ ထိန်းချုပ်ရာတွင်ပိုအားစိုက်လိုက်သည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေသော မီးတောက်မှာလည်း တမုဟုတ်ချင်း ငြိမ်သက်စွာနာခံသွားတော့၏။
ဟူး
ဖုန့်ယွင်လည်း ယခုမှစိတ်သက်သာသွားဟန်ဖြင့် သက်ပြင်းချနိုင်တော့သည်။ တောက်ပသော သိမ်မွေ့အေးခဲမီးတောက်မှာ သူ့ထိန်းချုပ်မှုအောက် တစ်ဖန်ထပ်ကျရောက်သွားသဖြင့် သူ့ထံဝပ်ဆင်းခစားလာတော့သည်။
"သိမ်မွေ့အေးခဲမီးတောက်တဲ့" သူအသာရေရွတ်မိသည်။ အားတော်တော်သုံးလိုက်ရသဖြင့် အတော်လေးလက်လန်သွားရသည်သာ။ "ထိန်းချုပ်ဖို့တကယ်ခက်ခဲတာပဲ"
ဆေးလုံးသန့်စင်ဖော်စပ်ရာတွင် ထိုမီးတောက်ကို သူကျွမ်းကျင်နိုင်နင်းစွာအသုံးပြုနိုင်ပြီဖြစ်သော်ငြား ပိုပြီးပြင်းပြင်းထန်ထန်အသုံးပြုရမည့်အချိန်မျိုး၊ ယခုလို မီးတောက်၏စွမ်းအားကို အကုန်ထုတ်သုံးရမည့်အချိန်မျိုးမှာတော့ သူ့အတွက်ခက်ခဲနေဆဲပါပင်။
ဖုန့်ယွင် ဒီအဆင့်၂အစီအရင်ကို ဤမျှမြန်မြန်ဆန်ဆန် ချိုးဖျက်နိုင်လိုက်ခြင်းမှာ သိမ်မွေ့အေးခဲမီးတောက်၏အကူအညီကြောင့်သာဖြစ်၏။
ကျင့်စဥ်တိုက်ကွက်အမျိုးမျိုးကိုသုံး၍ စမ်းသပ်ဖြိုခွင်းကြည့်သေးသော်ငြား အစီအရင်က သူ့စွမ်းအားတွေကိုစုပ်ယူလိုက်ယုံသာမက တန်ပြန်ပင်ရိုက်ခတ်စေလာသေးသည်။
ကောင်းကင်ဓားသိုင်းတိုက်ကွက်ကို အသုံးပြုလိုက်တုန်းကဆိုလျှင် တန်ပြန်ရိုက်ခတ်မှုကြောင့် ဒဏ်ရာအကြီးစားရလိုက်မိတော့မလိုပင်။ သူအမြန်ရှောင်နိုင်လိုက်၍သာ သက်သာသွားခဲ့ရတာဖြစ်၏။
အစီအရင်ကို အက်ကွဲကြောင်းပေါ်လာအောင်တော့ သူဖြိုခွင်းနိုင်ခဲ့သော်ငြား ၎င်းက သူ့ဘာသာပင်ပြန်ဆက်ပြီး ပြင်ဆင်လိုက်သေးသည်လေ။ အပြီးတိုင်ဖြိုခွဲဖို့ဆိုလျှင် ထိုအက်ကွဲကြောင်းပေါ်လာစေသောတိုက်ကွက်ကို ဆယ်ကြိမ်လောက်ဆက်တိုက်သုံးနိုင်မှ အဆင်ပြေမည်ဖြစ်ရာ အချိန်ပိုကြာဖို့သာရှိတော့သည်။
ဤသို့ဖြင့် မီးတောက်ကိုအသုံးပြု၍ အစီအရင်ဖြိုခွဲရန် အကြံရသွားခြင်းဖြစ်၏။ သို့သော် သူသာမန်သုံးနေကျ မီးတောက်အမျိုးအစားများ အစီအရင်၏စုပ်ယူဖျက်ဆီးခြင်းကို တောင့်မခံနိုင်ခဲ့ပါပေ။
ထို့ကြောင့် သိမ်မွေ့အေးခဲမီးတောက်ကို ထုတ်ယူအသုံးပြုခဲ့သော်လည်း သူသာမန်သုံးနေကျအတိုင်းအတာမှာ အဆင့်၂အစီအရင်ကို ချိုးဖျက်နိုင်လောက်သည်အထိ စွမ်းအားမပြင်းထန်ပါ။
ရွေးချယ်စရာလည်းမရှိတော့သောကြောင့် သိမ်မွေ့အေးခဲမီးတောက်ကိုသာ အားကုန်ထုတ်သုံးဖို့ရှိလေသည်။ ဒါပေမယ့် မီးတောက်၏စွမ်းအားကို သူပိုထုတ်သုံးလေလေ ထိုမီးတောက်ကိုထိန်းချုပ်ရတာ ပိုခက်ခဲလေလေဖြစ်၏။
သို့သော် အစီအရင်ကိုချိုးဖျက်နိုင်ရန် လိုအပ်သည့်သိမ်မွေ့အေးခဲမီးတောက်စွမ်းအားအဆင့်ကို သူယခုထိတိုင် နိုင်နိုင်နင်းနင်းမထိန်းချုပ်နိုင်သေးပေ။
သို့ပေမယ့် ကြိုးစားမကြည့်ပါဘဲ လုပ်နိုင်၊ မလုပ်နိုင်ကို မသိနိုင်ပါ။
ဤသို့ဖြင့် သူစိတ်ပိုင်းဖြတ်ပြီး သိမ်မွေ့အေးခဲမီးတောက်၏စွမ်းအားကို ပိုမြှင့်လိုက်တော့သည်။ ထိုသို့စွမ်းအားမြင့်လာသည်နှင့် အစီအရင်မှာ အပူဒဏ်၏သိပ်သည်းဆကို တောင့်မခံနိုင်တော့သည့်အလား ချက်ချင်းပြိုကွဲသွားလေတော့၏။ သို့သော် ထိန်းချုပ်နိုင်စွမ်းမလုံလောက်သေးသောကြောင့် မီးတောက်မီးညွန့်များမှာ ရေဝဲတစ်ခုပမာ ပိုင်ရှင်ဖြစ်သူကို ဝါးမျိုတော့မတတ် ဖုံးအုပ်လာကြတော့သည်။
သို့သော် ဖုန့်ယွင်ကိုတော့ တစ်စုံတစ်ရာမထိခိုက်စေခဲ့ပါဘဲ သူကလည်း မကြာလိုက်သောအချိန်အတွင်းမှာ အားသုံး၍ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ကံကောင်းသည်က သူ့ဝတ်ရုံအစမှာ မီးတောက်ဒဏ်ခံနိုင်သော မှော်ရတနာအမျိုးအစားဖြစ်သဖြင့် ကိုယ်လုံးတီးမဖြစ်လိုက်ဘဲ အများရှေ့ရှက်ဖွယ်လိလိအကြည့်ခံရမည့်အခြေအနေမှ လွတ်မြောက်သွားရတော့၏။
ထျန်းလုံခန်းမထဲတွင် တီးတိုးသံများမှာ အံ့သြတကြီးဖြင့် တစ်စထက်တစ်စပိုကျယ်လောင်လာကြပြီး ကြည့်ရှုသူများမှာ ဘုရားတလို့မဆုံးနိုင်ကြသေး။
"အဲ့ဒါ...ဖုန့်ယွင်လား"
"မဖြစ်နိုင်လိုက်တာ ဒီလောက်အမြန်ကြီးချိုးဖျက်နိုင်လိုက်တယ်တဲ့လား"
"အဲ့ဒါသေချာပေါက် ဝိဉာဥ်မီးတောက်ပဲ သေမျိုးမီးတောက်က အဲ့လောက်စွမ်းအားမကြီးနိုင်ဘူး"
အများစုမှာ မြင်နေရသည့်မြင်ကွင်းကိုပင် မယုံနိုင်စွာ ထပ်ခါတလဲလဲပြန်စစ်ဆေးနေရတော့သည်။ ဖုန့်ယွင်မှာ ပါရမီဆင့်အမြင့်ဆုံးနေရာကိုရယူနိုင်ခဲ့သော်လည်း ထိုအဆင့်မှာ အလားအလာအကောင်းဆုံးဟုသာအဓိပ္ပာယ်ရပြီး အင်အားအကြီးဆုံးဟုမဆိုလိုပေ။
သို့သော် သူ့ထက်အသက်လည်းကြီးပြီး ကျင့်ကြံဆင့်လည်းပိုမြင့်သည့်အလျောက် အင်အားရောပိုကြီးမားသင့်ပါသည့် တစ်ခြားသူများထက် သာလွန်ကာ ဒုတိယပြိုင်ပွဲစဥ်တွင်လည်း ပထမနေရာကို ဆွတ်ခူးရရှိပြန်ခဲ့လေသည်ကော။
ထိုမြင်ကွင်းကိုမြင်လိုက်ရသောထျန်းလုံချီမှာလည်း ဘဝင်မြင့်နေသည့်မျက်နှာထားမှ အေးခဲတောင့်တင်းသွားက မျက်နှာတစ်ခုလုံးဖြူဆုတ်သွားရတော့၏။ သလင်းကျောက်မျက်နှာပြင်ထက်ကလူငယ်၏ပုံရိပ်ကိုကြည့်ရင်း အခြေအနေကိုနားလည်အောင် မနည်းကြိုးစားနေရပုံပေါ်လေသည်။ ဖုန့်ယွင်၏ပုံရိပ်သည် သူ့ခေါင်းထဲတွင် ထပ်ခါထပ်ခါပေါ်လာရင်း ပြည့်နှက်လို့သွားပြီး အစောကအောင်ပွဲခံနေသည့် ထျန်းလုံခေါင်းဆောင်မှာ မမျှော်လင့်ထားသောကြောက်စရာဖြစ်ရပ်မှန်ကို လက်ခံလိုက်ရတော့သည်။
"မဖြစ်နိုင်တာ..." ထျန်းလုံချီက ခပ်တိုးတိုးရေရွတ်လာသည်။ အစောကမာန်တက်နေသည့်အပြုံးမှာ အလုံးစုံလွင့်စင်ပျောက်ကွယ်သွားလေပြီ။
"မိသားစုခေါင်းဆောင် အဲ့ဒါဖုန့်ယွင်ပါ" သူ့မိသားစုဝင်တစ်ဦးက သရဲတစ္ဆေကိုမြင်လိုက်ရသည့်နှယ် အလန့်တကြားထအော်လာသည်။ လောင်းကြေးကိုလည်းအတည်ပြုပြီးဖြစ်သဖြင့် သူတို့မိသားစုမကြာခင်ကြုံရတော့မည့် ဆင်းရဲမွဲတေခြင်းကပ်ဆိုးကြီးကို သူလည်းကြိုသိလိုက်ရလေပြီ။
တတ်များတတ်နိုင်လျှင် အချိန်ကိုနောက်ပြန်လှည့်ပြီး မိသားစုခေါင်းဆောင်ကို ပါးသွားချလိုက်ချင်သည်။ အခုတော့ အလကားနေရင်း ဖုန့်မိသားစုကို ရွှေဒင်္ဂါးတစ်သန်းနဲ့ ဆည်းကပ်ရဦးမည်လေ။ မျိုးရိုးစဥ်ဆက်စုဆောင်းလာသော ရွှေဒင်္ဂါးများမှာ မိသားစုခေါင်းဆောင်၏လောင်းကြေးအဖြစ် တစ်ပါတည်းပြုတ်ပြုတ်ပြုန်းရလေပြီ။
ထျန်းလုံချီမှာ အခြေအနေကို လုံးစေ့ပတ်စေ့နားလည်အောင်ကြိုးစားနေရင်း အစာအိမ်ကို ကြိုးတစ်ချေင်းဖြင့်နာနာစည်းနှောင်ထားသည့်နှယ် တင်းကျပ်နာကျင်လာတော့သည်။
ဖုန့်ယွင်ရော ဖုန့်လျန်းရောသည် သူတို့အထူးစီစဥ်ထားသော အဆင့်၂အစီအရင်၏စွမ်းအားကို ရင်ဆိုင်ချိုးဖျက်နိုင်လောက်အောင် အင်အားမကြီးကြမှန်း သူသေချာစုံစမ်းခဲ့ပါသည်လေ။
ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူများပင် ခက်ခက်ခဲခဲချိုးဖျက်ရလောက်မည့် အစီအရင်များကို သူတို့အထူးတည်ဆောက်ခိုင်းခဲ့ကြခြင်းဖြစ်သည်။
"မဖြစ်နိုင်ပါဘူး မဖြစ်ရဘူး" ထျန်းလုံချီသွေးရူးသွေးတမ်းဖြင့် လျှောက်ပြောမိနေရင်း သူ့ပါးစပ်မှာလည်း ရှုံးနိမ့်ခြင်း၏အရသာဖြင့် ခါးသက်လာသလိုခံစားလိုက်ရသည်။