← Chapters

အဆင့်၂ အစီအရင်ဆရာလေး

Vol. 10 Ch. 136

အဆင့်၂ အစီအရင်ဆရာလေး

Vol. 10 Ch. 136

ထျန်းလုံချီမှာ ယခုထိတိုင် အဖြစ်မှန်ကိုလက်မခံနိုင်သေးဘဲ သူ့ကိုယ်သူ အိပ်မက်မက်နေသလားဟု ထင်‌‌ယောင်ထင်မှားဖြစ်လို့နေသည်။ ထိုအဖြစ်မှန်ဆိုသည်မှာလည်း သူလုံးစေ့ပတ်စေ့စီစဥ်ထားသော လှည့်ကွက်များအားလုံး ပျက်စီးရုံသာမက ‌ရွှေဒင်္ဂါးတစ်သန်းကိုပါ ဆုံးရှုံးရတော့မည်တဲ့လေ။ ဘယ်လိုများယုံကြည်နိုင်ပါမည်နည်း?

စိုးရိမ်သောကများဖုံးအုပ်လျက် ထိန်းမနိုင်သိမ်းမရ မျက်နှာပျက်လာသော ထျန်းလုံချီကိုကြည့်ပြီး ဖုန့်ချန်းမသိမသာပြုံးလိုက်သည်။ ဖုန့်ယွင်၏စွမ်းအားကို သာမန်အမြင် သာမန်အကြံအစည်လောက်ဖြင့် ရိုက်ချလို့မရနိုင်မှန်း ဖုန့်ချန်းအပြည့်အဝနားလည်ထားပါ၏။

ဘာပဲဖြစ်ဖြစ် ငါ့ညီက အဓိကဇာတ်ကောင်ပဲလေ။

(အဓိကဇာတ်‌ကောင်ဆိုတဲ့နေရာကို ပေါ့သေးသေးများထင်နေလား လွယ်လွယ်ကူကူအရှုံးပေးလိုက်ရတယ်ဆိုတာမျိုး ဇာတ်လိုက်ရဲ့အဘိဓာန်မှာမရှိဘူးလေ)

ထို့အပြင် ဖုန့်ယွင်သာသိမ်မွေ့အေးခဲမီးတောက်ကိုထုတ်သုံးလျှင် အစီအရင်မှာ တောင့်ခံနိုင်စွမ်းမရှိတာကို သူကောင်းကောင်းသိထားပေသည်။ သိမ်မွေ့အေးခဲမီးတောက်ကို စွမ်းအားပမာဏအများကြီးထုတ်သုံးလိုက်ပြီး နိုင်နင်းစွာပြန်လည်ထိန်းချုပ်လိုက်နိုင်သည့် သူ့ညီကိုလည်း သူအထင်ကြီးချီးကျူးမိပါသည်။

သိမ်မွေ့အေးခဲမီးတောက်၏ အမြင့်ဆုံးစွမ်းအားအထိ အလုံးစုံထိန်းချုပ်နိုင်သွားမည်ဆိုပါက ဒီ့ထက်ပိုအစွမ်းထက်ဖို့သာရှိတော့သည်။ အဆင့်၄အစီအရင်ကို ချိုးဖျက်ဖို့ပင် လုံလောက်နေပါပြီလေ။

သို့သော် ဒဏ္ဍာရီလာဝိဉာဥ်မီးတောက်တစ်ခုကို အလုံးစုံထိန်းချုပ်နိုင်ရန်ဆိုသည်မှာ လွယ်ကူသည့်ကိစ္စတော့မဟုတ်။

ဒါတွေထားလိုက်ပါဦးလေ။ အခုတော့ အစောကမှ ယုံကြည်မှုအပြည့်နဲ့‌ထောင်လွှားနေခဲ့တဲ့ ထျန်းလုံချီကို ဒုက္ခပေးဖို့မစောင့်နိုင်တော့ဘူး။

"အင်း ကြည့်ရတာတော့ ထျန်းလုံမိသားစုခေါင်းဆောင်လိုချင်တဲ့ စိတ်လှုပ်ရှားစရာလေးတွေ ဖြစ်လာပြီထင်ပါရဲ့" ဖုန့်ချန်းသွားဆွလိုက်သည်။

ယခုထိတိုင် မလှုပ်နိုင်ရှာသေးသော ထျန်းလုံချီသည် တည်ငြိမ်မှုပျက်ပြားသွားပြီး မျက်မှောင်ကြုတ်ကာ ဖုန့်ချန်းထံသို့ နာကျည်းစွာ စူးစူးရဲရဲစိုက်ကြည့်လာသည်။

စက္ကန့်သံတစ်ချက်ပြီးတစ်ချက် ကျော်လွန်လာသည်နှင့် ထျန်းလုံချီ၏ မတိုင်မီက ပျော်ရွှင်စိတ်လှုပ်ရှားမှုများမှာ ချဥ်စူးစူးနာကျင်မှုများအဖြစ် ပြောင်းလဲသွားပြီးဖြစ်သည်။ အားထုတ်ထားသမျှ သဲထဲရေသွန်ဖြစ်သွားပြီဆိုသောအသိဖြင့် ဖုန့်ချန်းထံသို့ စားမတတ်ဝါးမတတ်စိုက်ကြည့်နေသည်။ အောင်မြင်ဖို့ အသေအချာတွက်ချက်ထားခဲ့သောအခြေအနေတွင် ရှုံးနိ့မ်မှု၏နောက်ဆက်တွဲများအကြောင်းစဥ်းစားဖို့ အချိန်မရခဲ့ပါချေ။ ရှုံးနိုင်ချေလည်းမရှိဟု ယုံကြည်ခဲ့မိသည်ကိုး။ သို့သော် သလင်းကျောက်မျက်နှာပြင်ထက် မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသော ပုံရိပ်ကြောင့် အစီအရင်ကိုပထမဆုံးချိုးဖျက်နိုင်ခဲ့သူမှာ ဖုန့်ယွင်ဖြစ်သည့် အမှန်တရားကို သူငြင်းဆန်ရန်အားမရှိတော့ပါပေ။ ထျန်းလုံချီသည် မခံချင်စိတ်ဖြင့် လက်သီးကိုတင်းတင်းပါအောင်ဆုပ်လိုက်သည်။ လက်ဖဝါးထဲသို့ လက်သည်းများစူးဝင်သွားသည့်နာကျင်မှုကြောင့် မုန်တိုင်းတိုက်နေသောရင်ထဲဝယ် အသိတစ်ချို့ပြန်ဝင်လာတော့၏။ "ဒါကအဆုံးသတ်မဟုတ်သေးပါဘူး" သူအသံတိတ်ကြိမ်းဝါးလိုက်ပြီး ဂုဏ်သိက္ခာတွေအကုန်ရေစုန်မမျောခင် မျက်နှာပြန်ထိန်းဖို့ကြိုးစားလိုက်သည်။

"ဟဲဟဲ ထျန်းလုံမိသားစုခေါင်းဆောင် ကျုပ်တို့အလောင်းအစားအကြောင်းလည်းမမေ့နဲ့ဦးနော် ရွှေဒင်္ဂါးတစ်သန်းကို မှတ်မှတ်ရရလေးတော့ပေးဦး တစ်နာရီနောက်ကျရင် အတိုး၁၀ရာခိုင်နှုန်းဗျ"

ဖုန့်ချန်းသည် လူတိုင်းကြားနိုင်လောက်သောအသံဖြင့် အကြွေးတောင်းနေလေသည်။ ထျန်းလုံချီအပြတ်အသတ်ရှုံးသွားလေပြီဖြစ်သဖြင့် ဒီတိုင်းလွှတ်ထားလိုက်ဖို့စိတ်ကူးမရှိဘဲ ရစရာရှိတာကို ချက်ချင်းထတောင်းကာမှအဆင်ပြေမည်။

ဒီလောက်အချိန်တိုလေးအတွင်းမှာ ထျန်းလုံချီ တစ်သန်းရအောင်ဘယ်လိုစုမလဲဆိုတာက‌တော့ သူပူစရာကိစ္စဟုတ်မနေပါ။

ထျန်းလုံချီမှာ ဖုန့်ချန်း၏နှုတ်သီးကောင်းလျှာပါးလှောင်ပြောင်စကားများကိုနားထောင်ရင်း ဒေါသဖြင့် တစ်မျက်နှာလုံးရှုံ့တွန့်လာချေတော့၏။ လူအုပ်ကြီးမှာလည်း ခေါင်းဆောင်နှစ်ဦးကြားက အခြေအနေတင်းမာလာမှုကို ခံစားမိသည်နှင့်အမျှ ထိန်းမနိုင်သိမ်းမရစိတ်လှုပ်ရှားလာလျက် အာရုံစိုက်စောင့်ကြည့်နေကြတော့သည်။

ပွဲကြည့်များထဲမှာ အချို့လူများမှာ ထျန်းလုံချီတစ်ယောက် ကိုယ့်ထောင်ချောက်နှင့်ကိုယ်ပြန်ပိတ်မိနေသည်အား အရသာခံစောင့်ကြည့်နေကြလျက် အချို့ကတော့ ဖုန့်ချန်း၏ မကြောက်မရွံ့မျက်နှာပြောင်နိုင်မှုကို အံ့သြမဆုံးဖြစ်နေကြ၏။

"ဆယ်ရာခိုင်နှုန်းအတိုးတဲ့လား"

"ဖုန့်မိသားစုခေါင်းဆောင်က အင်အားကြီးရုံတင်မကဘူး ညှာတာစိတ်လည်းရှိမနေဘူးဟ"

"ဟားဟား သူပဲလောင်းကစားလုပ်ဖို့စပြောတုန်းက အရမ်းတွေတက်ကြွနေတာမလား အနိုင်အရှုံးကိုလည်းလက်ခံနိုင်ရမှာ‌ပေါ့"

...........

ပွဲကြည့်ပရိတ်သတ်များမှာလည်း အပြင်လူများသာဖြစ်ပြီး တစ်ယောက်ယောက်ဒုက္ခရောက်နေလျှင် အရသာခံလှောင်ရယ်ကြရုံပဲရှိပေမည်။ ထို့အပြင် ထျန်းလုံချီမှာ သူ့သေတွင်းကို သူကိုယ်တိုင်တူးခဲ့တာဖြစ်သောကြောင့် စာနာသနားနေစရာလည်းမလိုပါ။

"‌‌ဟော..ဟဲ..ဟော..ဟဲ"

ထျန်းလုံချီမှာ ပေါက်ကွဲတော့မတတ်ကြီးထွားလာသော ဒေါသမီးတောင်ကို ပြန်လည်မျိုသိပ်ရင်း အသက်ရှူသံများပင်မတည်မငြိမ်ဖြစ်လာရတော့သည်။ ရွေဒင်္ဂါးတစ်သန်းဆုံးရှုံးရတော့မည်ဆိုသည့် ထိုးနှက်ချက်က သေလောက်အောင်ပြင်းထန်ပေသော်ငြား ဤမျှခန်းလုံးပြည့်မိသားစုများ ဂိုဏ်းဂဏများရှေ့တွင် အရှက်ဗြန်းဗြန်းကွဲရသည့်အဖြစ်က ပိုလို့စိတ်ပျက်နာကျည်းဖွယ်ပင်။ သူကိုယ်တိုင် စစ်စစ်ပေါက်ပေါက် စစ်ဆေးစီစဥ်ခဲ့ရသော အကြံအစည်များမှာ သူ့ရှေ့မှောက်တည့်တည့်တွင် အကုန်ပြိုကွဲသွားခဲ့လေပြီ။

"ငါပေးမှာပါ" ထျန်းလုံချီက အသံအက်အက်ဖြင့်ပြန်ပြောလာသည်။ အခုချိန်တွင် သူလုပ်နိုင်တာဘာမှမရှိသေး‌ပေ။ မိသားစုပေါင်းများစွာ မျက်မြင်ကြားသိလိုက်ရပြီး အေးခဲမြူခိုးဂိုဏ်းပါရှိနေသောအချိန်တွင် သူ့ကတိကဝတ်ကို ပြန်ဖျက်သိမ်းဖို့မဖြစ်နိုင်ပေ။

ထျန်းလုံမိသားစုအကြီးအကဲများမှာ တစ်စုံတစ်ခုအား ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့် သူ့အား အေးစက်စွာစိုက်ကြည့်နေကြ၏။

ထျန်းလုံချီ အံတင်းတင်းကြိတ်လိုက်သည်။

မိသားစုငွေကြေးများ ဒီလောက်ပမာဏအထိ အလဟဿဆုံးရှုံးလိုက်ရပြီးနောက် ထျန်းလုံမိသားစုခေါင်းဆောင်နေရာတွင်ဆက်ထိုင်ဖို့ အခွင့်အရေးမကျန်တော့သည်မှန်း သူရိပ်မိပါ၏။

သို့သော် သူဒေါသထွက်ရသည်မှာ အစောကဖုန့်ချန်းကို လောင်းကစားလုပ်ဖို့သူစိန်ခေါ်စဥ်ကလည်း အကြီးအကဲများတစ်‌ယောက်မှဝင်မတားသည့်အပြင် အားပေးအားမြှောက်ပါပြုခဲ့ကြသည်မဟုတ်လော။ သူတို့အားလုံးလည်း ဒုတိယပြိုင်ပွဲစဥ်မှာ သေချာပေါက်အောင်ပွဲခံနိုင်မည်ဟု ယုံကြည်ထားခဲ့ကြသည်လေ။ ထျန်းလုံမိသားစုပြိုင်ပွဲဝင်များသာ ပထမနေရာကိုရယူနိုင်လိမ့်မည်ဟု သူတို့တပ်အပ်တွေးခဲ့ကြသည်ပင်။

ယခုတော့ အစီအစဥ်ကျရှုံးသွားသည့်အချိန်ဝယ် တာဝန်များအားလုံးကသူ့ခေါင်းပေါ်ကိုသာကျလာသည်။ အားလုံးကတစ်ညီတည်း သူ့ကိုဝိုင်းအပြစ်တင်လိုဟန်ပြလာသည်။ သို့ပေမယ့် သူဒီအတိုင်းပဲအရှုံးပေးလိုက်မည်မဟုတ်။ ခေါင်းဆောင်နေရာကို ဆက်ထိန်းထားနိုင်ရုံသာမက ပိုလို့ပင်သန်မာလာစေမည့် နောက်ဆုံးအစီအစဥ်တစ်ခု သူ့မှာကျန်ရှိနေသေးသည်ပင်။

(ဟားဟား နောက်မှ ငါရက်စက်လှပါတယ်ဆိုပြီး အပြစ်တင်မယ်မကြံနဲ့ ဖုန့်ချန်း)

တစ်ဖက်တွင်မူ အေးခဲမြူခိုးဂိုဏ်းမှာ ကောင်းကင်သလင်းကျောက်မျက်နှာပြင်ထက်သို့ နောင်တရိပ်များဖြင့်ကြည့်လို့နေကြသည်။

ဖုန့်ယွင်သာမိန်းကလေးဖြစ်လိုက်ရင်တော့ သူ့ကိုရဖို့ ဂိုဏ်းတစ်ခုလုံး ဘာမဆိုရင်းနှီးပုံအောရဲသည်ပင်။

ယခုတော့ ဖုန့်ယွင်မှာယောကျ်ားစင်စစ်ဖြစ်နေသည့်အချက်ကို အားလျော့စွာဖြင့်လက်ခံရုံသာတတ်နိုင်တော့၏။

“ဂိုဏ်းချုပ် သူ့ကို သင်းကွပ်မယ်ဆိုရင်ကော....”

“တိတ်စမ်း”

လူအုပ်ကြီးတစ်ဖန်ပြန်လည်ငြိမ်သက်သွားချိန်ဝယ် နောက်ထပ်အာမေဋိတ်သံများ ထပ်ပေါက်ကွဲထွက်လာပြန်တော့သည်။

"ကြည့်စမ်း နောက်တစ်ယောက်ချိုးဖျက်လိုက်နိုင်ပြန်ပြီ"

ကောင်းကင်သလင်းကျောက်မျက်နှာပြင်၏ အဓိကပုံရိပ်မှာ အစီအရင်ချိုးဖျက်လိုက်နိုင်သည့် နောက်ပြိုင်ပွဲဝင်တစ်ဦးကို ပြောင်းလဲဖော်ပြလာတော့သည်။ ဒီတစ်ကြိမ်၏အောင်နိုင်သူကတော့ ဖုန့်လျန်းဖြစ်ပြီး ချိုးဖျက်မှုကိုလက်စသတ်ပြီးကာ ထျန်းလုံစံအိမ်ဘက်သို့ပင် ပြန်လာနေပြီဖြစ်၏။

ဖုန့်ယွင်ကတော့ သူ့အစ်ကိုကိုစောင့်နေဟန်ဖြင့် နဂိုနေရာတွင်သာရှိသေးသည်။ ကြည့်ရသလောက်ကတော့ ဖုန့်လျန်းမကြာခင်ရောက်လာတော့မည်ကို သူကြိုတင်ခန့်မှန်းမိပုံပေါ်ပြီး အတူပြန်ရန်ခဏစောင့်နေပုံပင်။

ဒါမှမဟုတ် သူ့စွမ်းအင်များကိုပြန်လည်စုစည်းကို ခဏနားနေခြင်းပေလား?

မည်သို့ပင်ဖြစ်စေ ဖုန့်လျန်းကတော့ စောင့်နေသည့်ဖုန့်ယွင်ကိုပါဝင်ခေါ်ပြီး စံအိမ်ထံဦးတည်ပြန်လှမ်းလာကြလေပြီ။

"ငါထင်သားပဲ"

ဖုန့်လျန်းက အနည်းငယ်စိတ်ပျက်သွားဟန်ဖြင့် ရေရွတ်လာသည်။ ဒီတစ်ကြိမ်တော့ ဖုန့်ယွင်ကိုသူနိုင်လောက်လေမလားဟု မျှော်လင့်မိခဲ့ပေသည့် ရှုံးနိမ့်ခဲ့ရပြန်လေပြီ။

သို့သော် မကြည်ဖြူမကျေနပ်ခြင်းအလျဥ်းမရှိပါပေ။

"ဟားဟား အစ်ကိုလျန်းကလည်း ကျွန်တော်ကံကောင်းပြီး နည်းနည်းပိုမြန်သွားရုံပါ မဟုတ်ရင်အစ်ကိုတော့ ဒီတစ်ပွဲမှာအပြတ်အသတ်နိုင်မှာပဲ"

ဖုန့်ယွင်က ရိုးသားပွင့်လင်းစွာဖြင့်ဆိုလာသည်။ သူ့စကားများမှာ ဖုန့်လျန်းကိုနှစ်သိမ့်လိုသောကြောင့် ဟုတ်သော်လည်း သူ့ဘက်ကအမှန်တကယ်ပြောချင်သည်များလည်း ပါဝင်သည်။

သူ့တွင် ဖုန့်ချန်းလက်ဆောင်ပေးထားသော သိမ်မွေ့အေးခဲမီးတောက်မရှိပါက ထိုအဆင့်၂အစီအရင်ကိုချိုးဖျက်ဖို့ အချိန်များစွာကြာမြင့်ပေဦးမည်။

ထို့အပြင် သိမ်မွေ့အေးခဲမီးတောက်အကူအညီဖြင့်တောင်မှ သူ့ဘက်က တစ်မိနစ် နှစ်မိနစ်လေးမျှသာ ပိုမြန်ခဲ့တာဖြစ်သောကြောင့် အစီအရင်နှင့်ပက်သက်သောဖုန့်လျန်း၏ပါရမီမှာ မည်မျှအစွမ်းထက်သည်မှန်း ခန့်မှန်းလို့ရပေသည်။

ဖုန့်ယွင်၏စကားများကိုကြားသော် ဖုန့်လျန်းလည်း နှလုံးသားလေးပျော့ပျောင်းသွားသည့်နှယ်ပင်။ ပြီးတာကပြီးသွားပြီပဲလေ။ သူလည်း တတ်နိုင်သမျှအကောင်းဆုံးကြိုးစားခဲ့သည်ဖြစ်သောကြောင့် နောင်တမရှိပါ‌ချေ။

ရှုံးနိမ့်ခဲ့သည်ဆိုလျှင်တောင်မှ လုပ်နိုင်သမျှအကုန်လုပ်ခဲ့ပြီး တာဝန်ကျေကျေရှုံးနိမ့်ခဲ့ခြင်းသာ ဖြစ်ချေတော့၏။

All Chapters