ထျန်းလုံပင်း
Vol. 10 Ch. 137
"ညီလေး မင်းဘယ်လိုလုပ်ပြီးများ ဒီလောက်မြန်မြန်ချိုးဖျက်လိုက်နိုင်တာလဲ" ဖုန့်လျန်းကအံ့သြရိပ်သန်းနေဟန်ဖြင့် မေးလာသည်။
သူရှာတွေ့ထားသောနည်းလမ်းက အကောင်းဆုံးနဲ့အမြန်ဆုံးဖြစ်ပေမည်ဟု တွေးထားသော်လည်း ဖုန့်ယွင်က သူ့ထက်ပိုမြန်နေသည်လေ။
ဖုန့်ယွင်ကို သူအထင်သေးသည်မဟုတ်သော်ငြား အဆင့်၂အစီအရင်ကို အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ၏အင်အားလောက်ဖြင့် ချိုးဖျက်ဖို့ရန်ကားမဖြစ်နိုင်ပေ။
ဖုန့်ယွင်ကတော့ တစ်ခုမှဖုံးကွယ်မထားဘဲ သူသုံးလိုက်သည့်နည်းကို မခြွင်းမချန်ပြောပြလေသည်။
"အဲ့ဒါကြောင့် ကျွန်တော်ကံကောင်းလို့နိုင်ခဲ့တာလို့ပြောတာပေါ့"
ဖုန့်ယွင်ဇာတ်ကြောင်းစုံခင်းပြပြီး ထပ်ပြောလိုက်သည်။
ဖုန့်လျန်းလည်း ဖုန့်ယွင်ရှင်းပြတာကိုနားထောင်ပြီးမှ လုံးစေ့ပတ်စေ့နားလည်သွားတော့သည်။ တစ်ချိန်တည်းမှာပင် အစီအရင်တစ်ခုကို ထိုသို့နည်းလမ်းသုံးပြီးဖြိုခွဲလို့မရအောင် ဘယ်လိုတည်ဆောက်ရမလဲဟု တွေးတောနေမိသည်။
အစီအရင်များစမ်းသပ်တည်ဆောက်ပြီး ဖုန့်ယွင်ကိုစမ်းသပ်ဖြိုခွဲကြည့်ခိုင်းဖို့ပင် သူစိတ်ကူးပြီးလေပြီ။
"အစ်ကိုလျန်း အဆင့်၂အစီအရင်ဆရာဖြစ်သွားပြီလား" ဖုန့်ယွင်၏မေးခွန်းကြောင့် သူ့အတွေးစများပြတ်တောက်သွားသည်။
အဆင့်၂အစီအရင်ကို ဖုန့်လျန်းဖြိုခွဲလာသည့်အချိန်မှာလည်း အလွန်မြန်ဆန်လှသည်ဖြစ်ရာ အဆင့်၁အစီအရင်ဆရာတစ်ဦး မည်သို့မျှမရနိုင်သည့် အမြန်နှုန်းမျိုးပင်။
"ဟုတ်တယ် ငါအဆင့်တက်သွားပြီ"
ဖုန့်လျန်းကလည်းထိမ်ချန်မနေဘဲ အမှန်အတိုင်းပြောပြလာသည်။ သူအဆင့်တက်သွားသည်မှာ ရက်ပိုင်းမျှကြာမြင့်ပြီဖြစ်သော်ငြား အရှေ့ပိုင်းစီရင်စုဝေးပွဲက စတင်ကျင်းပနေပြီဖြစ်တာကြောင့် နောက်မှအားလုံးကိုပြောပြဖို့ စိတ်ကူးထားခြင်းဖြစ်၏။
မည်သို့ပင်ဆိုစေ အစီအရင်အဆင့်တက်သွားခြင်းက အရှေ့ပိုင်းစီရင်စုစုဝေးပွဲတွင် အသုံးဝင်မည်လည်းမဟုတ်ဟု သူထင်ထားခဲ့သည်သာ။
ဒါပေမယ့် မထင်မှတ်ထားစွာဘဲ ဒုတိယပြိုင်ပွဲစဥ်က အစီအရင်များကိုချိုးဖျက်ရန်ဖြစ်လာခဲ့သည်။
"ဟားဟား တော်လိုက်တာဗျာ အစ်ကိုလျန်းကတော့ အစီအရင်ပါရမီရှင်အစစ်ပဲ ကျွန်တော်ဆိုအဆင့်၁ထိတောင်မတက်နိုင်သေးဘူး အစ်ကိုလျန်းကအဆင့်၂ရောက်ပြီးနေပြီ"
ဖုန့်ယွင်အားပါးတရချီးကျူးလိုက်သည်။ သူကိုယ်တိုင်လည်း အစီအရင်ပိုင်းကိုလေ့လာနေဆဲဖြစ်သောကြောင့် အဆင့်၂သို့တက်ရန်မည်မျှခက်ခဲမှန်းနားလည်ပြီး ဖုန့်လျန်း၏ပါရမီကိုလည်း အသိအမှတ်ပြုမိသည်။
အပိုပြောခြင်းတော့မဟုတ်ပေသည့် သူကိုယ်တိုင်လည်း ဉာဏ်အကောင်းဆုံး အထက်မြက်ဆုံး ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဓားသိုင်းကျင့်စဥ်များကိုပင် လွယ်ကူစွာလေ့လာတတ်မြောက်နိုင်သည်။ သို့သော် ဤသို့ထူးကဲသောဉာဏ်ရည်ဖြင့်တောင် အစီအရင်ကိုလေ့လာဖို့တော့ သူကိုယ်တိုင်လည်းမနိုင်မနင်းဖြစ်နေဆဲပါပင်။
အစီအရင်လေ့လာခြင်းဆိုသည်မှာ ဆေးပညာလေ့လာခြင်းနှင့်သိပ်တော့မကွာ။ နယ်ပယ်နှစ်ခုလုံးတွင် မွေးရာပါ ပါရမီရှိဖို့တော့လိုအပ်ပေသည်။ အစီအရင်နှင့်ပက်သက်သော ဖုန့်လျန်း၏စွမ်းရည်ပါရမီမှာတော့ သူတကာနှင့်မတူထူးကဲလှသည်အမှန်ပင်။
ဆရာသခင်မင်ဟောင်ကိုယ်တိုင်ကပင် ဖုန့်လျန်းကို အစီအရင်မှာပါရမီထူးလှပေသည်ဟု အသိအမှတ်ပြုချီးကျူးဖူးလေသည်။ သူ့မိတ်ဆွေဟောင်းကြီး ဆရာသခင်တစ်ဦးသာ ဖုန့်လျန်း၏ပါရမီအကြောင်းကို သူ့ထံမှကြားသိပါက တပည့်တော်ချင်လွန်း၍ ထိုင်မရထမရဖြစ်နေပေလိမ့်မည်ဟူ၏။
သူ့ဆရာသခင်ကိုယ်တိုင်က အံ့မခန်းလောက်အောင် စွမ်းအားကြီးမားပြီး ဗဟုသုတလည်းပြည့်စုံကြွယ်ဝလှသဖြင့် သူ့မိတ်ဆွေဆရာသခင်ဆိုသည်မှာလည်း ပေါ့သေးသေးတော့မဟုတ်တန်ရာ။
ကံကြမ္မာသာတိုက်ဆိုင်ခဲ့လျှင် ဖုန့်လျန်းသည်လည်း တစ်နေ့နေ့တွင် ဆရာသခင်မင်ဟောင့်မိတ်ဆွေထံ တပည့်ခံရနိုင်ချေရှိလေသည်။
ဖုန့်ယွင်ကိုယ်တိုင်လည်း အစီအရင်ပိုင်းကို မဖြစ်မနေသိဖို့မလိုသော်ငြား ဗဟုသုတဆိုတာကတော့ ပိုသည်မရှိပါ။ နောင်အနာဂတ်တစ်ချိန်မှာ ဒီဗဟုသုတတွေကို အသုံးချလို့ရမယ့်နေရာ ရှိချင်ရှိလာနိုင်သည်လေ။ သူ့အချိန်အများစုကိုတော့ ကျင့်ကြံရေးနှင့်ဆေးပညာမှာပဲ ကုန်ဆုံးဖြစ်ပါသည်။
ဖုန့်ယွင်နှင့်ဖုန့်လျန်းတို့ စကားတပြောပြောဖြင့် ထျန်းလုံစံအိမ်ရှိရာသို့ ဦးတည်ပြန်လှမ်းလာခဲ့ကြတော့သည်။
နှစ်ဦးသား ခန်းမတွင်းသို့ပြန်လည်ရောက်ရှိသည်နှင့် လူတိုင်း၏ ဂုဏ်ပြုချီးမွမ်းဟန်အကြည့်များကို ရင်ဆိုင်လိုက်ရတော့လေသည်။
"ဂုဏ်ပြုပါတယ်ဖုန့်ယွင်ရေ မင်းကတော့ အဟုတ်ကိုအတော်ဆုံးပါပဲ"
"စွမ်းရည်စစ်ကျောက်တောင်မှာ ၁၈ဆင့်ထိတက်နိုင်ခဲ့တဲ့ပါရမီရှင်ကတော့ မျှော်လင့်ထားခဲ့တဲ့အတိုင်းချပြသွားတာပါပဲ"
"ဖုန့်လျန်းရေ ဒုတိယနေရာအတွက်ဂုဏ်ပြုပါတယ်ကွာ ငါ့တူ ဦးလေးတို့မြို့ဘက်ကိုများလာလည်ဖြစ်ရင် အကြောင်းကြားဖို့မမေ့နဲ့ဦးနော် ဦးလေးတို့မိသားစုက မင်းကို လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးပြီး အကောင်းဆုံးဧည့်ခံပေးမယ်"
............
ဖုန့်ယွင်နှင့်ဖုန့်လျန်းကတော့ ကြွားဝါမာန်ဝင့်နေခြင်းမျိုးမရှိပါဘဲ ချီးကျူးစကားများကို ခေါင်းညိတ်လက်ခံရင်းသာ ယဥ်ကျေးစွာတုံ့ပြန်ခဲ့ကြသည်။ အနိမ့်အမြင့် အတက်အကျများစွာကို ကြုံခဲ့ဖူးပြီးသည့်လူငယ်လေးနှစ်ဦးမှာ အာဏာပါဝါသာမရှိလျှင် အရေးပါအရာရောက်နိုင်မည်မဟုတ်သော လူ့လောကကြီးအကြောင်းကို အတော်အတန်နောကျေနေလေပြီ။
"အစ်ကိုယွင် အစ်ကိုလျန်း နှစ်ယောက်လုံးအရမ်းတော်ကြတာပဲ"
ဖုန့်ရှောင်ယုက ချီးမွမ်းလာသည်။
"အစ်ကိုယွင်လုပ်နိုင်လိမ့်မယ်ဆိုတာ ညီမသိတယ်"
ဖုန့်မေကလည်း ပျော်ရွှင်စွာပြောလာသည်။
"နှစ်ယောက်လုံးတော်တယ် မိသားစုကိုဂုဏ်ယူရစေတာပဲ"
ဖုန့်ချန်းလည်းဝင်ချီးကျူးလိုက်သည်။
သူ့အတွက် အလောင်းအစားနိုင်လို့ရဦးမည့်ရွေဒင်္ဂါးတစ်သန်းသာမက စနစ်၏ဆုလာဘ်ရမှတ်များကိုလည်း ရရှိဦးပေမည်။
[တာဝန်အခွဲ ၂ အောင်မြင် - အရှေ့ပိုင်းစီရင်စုစုဝေးပွဲဒုတိယပြိုင်ပွဲစဥ်တွင် ပထမနေရာအရယူခြင်း]
[ဆုလာဘ် - စနစ်ရမှတ် ငါးသောင်း]
[အဓိကတာဝန် - လေးပုံ နှစ်ပုံစာ ပြီးမြောက်]
ဒီတစ်ခေါက် စနစ်ရမှတ်အရယူခြင်းသည် ငြိမ်ငြိမ်လေးထိုင်နေပြီး ဘေးလူတွေကိုခိုင်းစားနေသလိုခံစားရသည်။
မိသားစုဝင်များထံမှ ချီးကျူးမြှောက်ပင့်စကားများကိုကြားသောအခါ ဖုန့်ယွင်နှင့်ဖုန့်လျန်းလည်း သူတို့ကိုယ်သူတို့ ဂုဏ်ယူမိကြလေသည်။ အပြင်လူများ၏မှတ်ချက်စကားများ ဘယ်လိုနေနေ သူတို့အတွက်အရေးမကြီးလှသော်လည်း အနီးကပ်မိတ်ဆွေများ၏ မှတ်ချက်များကိုတော့ သူတို့အလွန်တန်ဖိုးထားတတ်ကြသည်ပင်။ လူတိုင်းက သူတို့ချစ်ခင်ရတဲ့သူတွေအတွက် ဂုဏ်ယူဝမ်းမြောက်ပေးတတ်ကြတာပဲလေ။
သူတို့အချင်းချင်းစကားစမြည်ပြောနေကြပြး ဖုန့်ယွင်သည်လည်း ဖုန့်မေကို သူ့အတွေ့အကြုံများအကြောင်း နည်းနည်းမျှဝေပေးနေသည်။
သို့သော် ဖုန့်မေကတော့ အေးခဲမြူခိုးဂိုဏ်း၏ကမ်းလှမ်းချက်အကြောင်း ဖုန့်ယွင်ကိုပြောပြမထားသေးဘဲ ခဏတာလျှို့ဝှက်ထားရန်ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း ဖုန့်ယွင်ကတော့ သူ့အစ်ကိုဘေးကပ်ရပ်တွင်ထိုင်နေကြသော အေးခဲမြူခိုးဂိုဏ်းအဖွဲ့ဝင်များကို အစောတည်းကသတိပြုမိထားပြီး သူတို့၏ရည်ရွယ်ချက်ကိုလည်း ရိပ်မိပါပေသည်။ ဖုန့်မေ၏ပါရမီစွမ်းရည်အကြောင်း ကျော်ကြားသွားပြီးနောက်မှာတော့ အေးခဲမြူခိုးဂိုဏ်းက သူမကိုမျက်စိကျလာကြမှာမလွဲပေ။ သူမရှိတုန်း ဘာတွေဖြစ်သွားခဲ့မှန်း သူခန့်မှန်းမိသော်ငြား ဖုန့်မေကိုတော့တိုက်ရိုက်မေးမနေတော့ပါ။ သူမဘက်က ပြောပြလာချင်ဟန်မရှိမှတော့ သူလည်း သူမအခက်တွေ့အောင်မလုပ်ချင်။
တစ်နာရီမျှကြာသော် အခြားမိသားစုများသည်လည်း သူတို့ကိစ္စသူတို့သာ အာရုံစိုက်ကုန်ကြလေပြီ။ ဒုတိယနေရာကိုလည်း ဖုန့်မိသားစုကသာယူသွားသဖြင့် ကျန်သည့်ပြိုင်ပွဲဝင်များကိုလည်း သိပ်စိတ်ဝင်စားမှုမရှိကြတော့ချေ။ ကျန်သည့်ပြိုင်ပွဲဝင်များလည်း အစီအရင်ကို တိုက်ခိုက်မှုဖြင့်ချိုးဖျက်သူလည်းရှိသလို ဖွဲ့စည်းပုံကိုလေ့လာ၍ ဖြည်ထုတ်ဖို့ကြိုးစားနေသူများလည်းရှိသည်။
ဘန်း
"ကြည့်စမ်း နောက်တစ်ယောက် အစီအရင်ထပ်ချိုးဖျက်လိုက်နိုင်ပြီ"
အချိန်အကြာကြီးစောင့်ပြီးသည့်နောက်မှတော့ ဖုန့်မိသားစုဝင်မဟုတ်သောသောတစ်ခြားတစ်ယောက်က အစီအရင်ကိုချိုးဖျက်နိုင်ခဲ့လေပြီ။ ဖုန့်ယွင်ချိုးဖျက်စဥ်တုန်းကလောက် ရုတ်ရုတ်သဲသဲဖြစ်မသွားသော်ငြား လူအုပ်ကြီးမှာတော့ သလင်းကျော်ဖန်သားပြင်ထက်အာရုံစိုက်၍ တစ်ဖက်လူကိုစူးစမ်းနေကြဆဲပင်။
ဒီတစ်ကြိမ်အောင်နိုင်သူကတော့ ထျန်းလုံမိသားစု၏ အားကိုးယုံကြည်ထိုက်ပါသောပါရမီရှင်လေးများထဲမှတစ်ဦးဖြစ်သည့် ထျန်းလုံးပင်းဖြစ်ပါ၏။
သူမ ကြည့်ရတာတော့ အလွန်ပျော်ရွှင်နေသည့်ဟန်ပင်။ နှစ်နာရီပင်မပြည့်သေးသောအချိန်အတွင်း အစီအရင်ကိုချိုးဖျက်လိုက်နိုင်သဖြင့် ပထမနေရာရမည်ဟု ကျိန်းသေတွက်ထားပုံပင်။
အစီအရင်ဆရာတစ်ဦးအနေဖြင့် တစ်ခြားပြိုင်ပွဲဝင်များကြားတွင် အစီအရင်ကိုနှစ်နာရီအတွင်းချိုးဖျက်နိုင်သူ တစ်ဦးမှမရှိနိုင်ဟု သူမကြိုတင်တွက်ချက်ထားလေသည်။
"ပထမနေရာက ငါ့အပိုင်ပဲဟေ့"
သူမက ဟစ်ကြွေးလိုက်သည်။