အရှေ့ပိုင်းစီရင်စုစုဝေးပွဲ၏ တတိယပွဲစဥ်
Vol. 10 Ch. 139
ထျန်းလုံကျန်း၏ကြေညာသံမှာ ပဲ့တင်ထပ်၍ ခန်းမကျယ်ကြီးတစ်ခုလုံးအနှံ့ပျံ့လွင့်သွားတော့သည်။ နားဆင်နေကြသောလူအများ၏ စိတ်လှုပ်ရှားမှုများမှာလည်း ဖုံးမနိုင်ဖိမရပင်။ အံ့သြစရာဖြစ်ရပ်များ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်သွားသောအရှိန်ကြောင့် လူအုပ်ကြီးမှာ ယခုထိတိုင် တသောသောဆွေးနွေးပြောဆိုနေကြဆဲရှိသေးသည်။ အများစုကတော့ ဒီစုဝေးပွဲမှာ ဖုန့်မိသားစုသာပထမနေရာရလိမ့်မည်ဟု ခန့်မှန်းထားကြပြီးဖြစ်၏။ သူတို့လိုမိသားစုများနှင့် ဖုန့်မိသားစုကြားကအမှတ်ကွာခြားချက်ကိုကြည့်လျှင်လည်း ယှဥ်မရနိုင်တော့တာသိသာနေပါပြီလေ။
သို့သော် တစ်ယောက်မှ မလိုမုန်းတီးဖို့အချိန်မရှိကြဘဲ လက်ရှိအချိန်ကိုအခွင့်ကောင်းယူက ဖုန့်မိသားစုကို အပြိုင်အဆိုင်မြှောက်ပင့်ကြတော့၏။
"ဖုန့်မိသားစုကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲဗျာ ဒီလိုပါရမီရှင်လေးတွေနဲ့ဆိုရင် တစ်ခါကြိုပြီးအောင်ပွဲခံထားလို့တောင်ရနေပြီ"
"ဖုန့်ယွင်ရဲ့စွမ်းဆောင်ရည်က နေရာတိုင်းမှာအံ့မခန်းလောက်အောင်တော်နေတာ ဘယ်သူကများသူ့ကိုစိန်ခေါ်ရဲဦးမတဲ့လဲ"
"အမှတ်ကွာခြားချက်ကို ယုံတောင်မယုံနိုင်ဘူး ခင်ဗျားတို့ဖုန့်မိသားစုကတော့ အားလုံးရဲ့အထက်ကပါပဲ"
...........
မိသားစုခေါင်းဆောင်အများစုမှာ ဖုန့်ချန်းအနားတွင်ဝိုင်းဝိုင်းလည်လျက် ချီးကျူးမြှောက်ပင့်စကားများဆိုလို့မပြီးနိုင်ကြတော့ပါ။ ဒီအချိန်မှာ အဆင့်တက်ချင်ရင်တောင် တစ်နေရာစာလောက်ပဲတက်နိုင်တော့မှာဖြစ်ပြီး ဘာမှသိပ်အရေးပါနေတာလည်းမဟုတ်ပေ။ အရေးကြီးတာက အေးခဲမြူခိုးဂိုဏ်းကို ကျောထောက်နောက်ခံအဖြစ်ရထားသည့် ဖုန့်မိသားစုနှင့် ဆက်ဆံရေးကောင်းကောင်းရှိထားဖို့ပင်။
ဖုန့်ချန်းလည်း ချီးကျူးစကားများကို ခေါင်းညိတ်လက်ခံနေလိုက်ပြီး အာရုံတော့သိပ်မရှိလှပေ။ တစ်ဖက်တွင်မူ ထျန်းလုံချီမှာ သူ့ကိုအမြဲကပ်ဖားရပ်ဖားလုပ်တတ်ကြသော မိသားစုအချို့မှ ဖုန့်ချန်းကိုတစ်ပြန်သွားကပ်နေကြသည်အားကြည့်ရင်း စိတ်တွင်းမှကျိန်ဆဲလို့နေသည်။
(သူတို့မိသားစုမှာ ပါရမီရှင်တွေတစ်ပြုံလိုက်ရထားတာ ဖုန့်ချန်းကံကောင်းလို့ပဲမဟုတ်ဘူးလား တစ်ခြားဘာများထူးခြားတာရှိသေးလို့လဲ)
ထျန်းလုံချီတွေးနေမိသည်။ သူလည်း ဖုန့်ချန်းလောက်သာကံကောင်းပြီး ပါရမီရှင်မျိုးဆက်သစ်တွေများများရထားလျှင် ဤသို့အရှက်တကွဲအကျိုးနည်းဖြစ်နေစရာမလို ဟုလည်း တွေးမိလေသည်။
သိပ်မကြာသောအချိန်အတွင်း ထျန်းလုံကျန်းရှေ့ပြန်တက်လာပြီး စတင်ကြေညာတော့သည်။ "အခုကတော့ တတိယပြိုင်ပွဲစဥ်ဖြစ်တဲ့ သားရဲနှိမ်နင်းခြင်းကို ဆက်သွားမှာဖြစ်ပါတယ်"
ပြိုင်ပွဲအမည်ကိုကြားလိုက်ရသော် ပြိုင်ပွဲဝင်များမှာ သတ္တိမွေးအားတင်းလိုက်ရပြီး လူအုပ်ကြီးတစ်ခုလုံးလည်း ဝုန်းခနဲစိတ်လှုပ်ရှားလာကြတော့သည်။
ထျန်းလုံကျန်းကဆက်ပြောသည်။ "ဒီပြိုင်ပွဲအတွက် မိသားစုတစ်ခုကို ပြိုင်ပွဲဝင်သုံးယောက်စီ စေလွှတ်ပေးရပါမယ်ခင်ဗျာ ပြိုင်ပွဲမှာတော့ ထျန်းလုံမိသားစုကဖမ်းဆီးလာတဲ့ သားရဲအဆင့်အမျိုးမျိုးကို ကိုင်တွယ်နှိမ်နင်းပေးရမှာဖြစ်ပါတယ်"
"အဆင့်၁သားရဲကို၁၀မှတ် အဆင့်၂သားရဲကို၅၀မှတ် အဆင့်၃သားရဲကို၁၀၀မှတ်ပေးပြီး အားလုံးထဲမှာကြောက်စရာအကြောင်းဆုံး ကိုင်တွယ်ရအခက်ဆုံးဖြစ်တဲ့ အဆင့်၄သားရဲကိုနှိမ်နင်းနိုင်ခဲ့ရင်တော့ အမှတ်၂၀၀အထိ ချီးမြှင့်ခံရမှာဖြစ်ပါတယ် သတိပေးချက်အနေနဲ့ တစ်ခုမှတ်ထားရမှာတော့ မိမိရွေးချယ်ထားတဲ့သားရဲကို အောင်အောင်မြင်မြင်နှိမ်နင်းနိုင်မှအမှတ်ရပါမယ် ကျရှုံးတဲ့သူအတွက် သုညမှတ်ပါပဲ"
အများစုမှာ နားထောင်နေကြရင်း စိတ်လည်းလှုပ်ရှားသလို ရင်လည်းတုန်မိပါသည်။ များသောအားဖြင့် ငယ်ရွယ်ပြီးအတွေ့အကြုံနုနယ်သေးတဲ့ ပြိုင်ပွဲဝင်လေးများသာဖြစ်ကြရာ သားရဲတစ်ကောင်နှင့်မျှမရင်ဆိုင်ဖူးသဖြင့် သူတို့၏လုပ်နိုင်စွမ်းကို သူတို့ကိုယ်တိုင်လည်းမသေချာ။
ထို့ကြောင့် မည်သည့်သားရဲအဆင့်ကိုရွေးချယ်ရမည်နည်းဟူသော မေးခွန်းအောက်မှာ သူတို့အားလုံးကြံရာမရဖြစ်နေကြရှာသည်။ အဆင့်နိမ့်သားရဲကိုရွေးချယ်လျှင် အနိုင်ရနိုင်လောက်မည်ဆိုပေမယ့် အမှတ်ကျနည်းနည်းလေးပဲရလိမ့်မည်။
တစ်ဖန် အင်အားကြီးသားရဲကိုရွေးချယ်ပြန်ရင်လည်း အောင်မြင်ပါကကိစ္စမရှိ၊ ရှုံးနိမ့်ပါလျှင် တစ်မှတ်မျှရမည်မဟုတ်ပေ။
ဒီပြိုင်ပွဲစဥ်မှာ အင်အားသက်သက်ကိုသာစမ်းသပ်ခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင်၏စွမ်းရည်အတိုင်းအတာကို နားလည်သဘောပေါက်ရန်လည်း လိုအပ်ပေသည်။
ပြိုင်ပွဲဝင်တစ်ဦးက သူတကာထက်သန်မာနေစေကာမူ ကိုယ်မကိုင်တွယ်နိုင်တဲ့သားရဲကိုရွေးချယ်မိလျှင် အမှတ်ဗလာဖြင့်သာအိမ်ပြန်ရပေမည်။
တစ်ဖက်တွင်မူ ဖုန့်မိသားစုပါရမီရှင်များမှာ အေးဆေးတည်ငြိမ်လျက်ပင်။ အာကာသလေ့ကျင့်ရေးခန်းမထဲတွင် သားရဲများထောင်ချီမဟုတ်လျှင်တောင် ရာချီသည်ထိတော့ တိုက်ခိုက်ခဲ့ဖူးကြပြီးဖြစ်ရာ မည်သို့ကိုင်တွယ်နှိမ်နင်းရမည်ကို ကျွမ်းကျင်ရုံမက မည်သည့်သားရဲအဆင့်ကို ရွေးချယ်ရမည်မှန်းလည်း သေချာသိကြ၏။
တစ်ခုတည်းသော စိုးရိမ်စရာက ခေါင်းဆောင်မှ သူတို့ကိုရွေးချယ်ပါ့မလားဆိုတာပင်။
"အခု ကျွန်တော်နဲ့အတူ ပွဲကြည့်စင်ကိုလိုက်ခဲ့ကြပါ" အားလုံးကိုလိုက်ပါရန်လက်ဟန်ပြပြီး ထျန်းလုံကျန်းမှ ဦးဆောင်ခေါ်သွားသည်။ ပွဲကြည့်စင်ဆိုသည်မှာ ကွင်းပြင်းတစ်ခုကိုပတ်ပြီး အမြင့်တည်ဆောက်ထားသည့် ခမ်းနားလှပသောအဆောက်အဦးတစ်ခုဖြစ်ပြီး နံရံကျောက်တုံးများတွင် သတ္တိနှင့်အောင်နိုင်မှုကိုဖော်ဆောင်သော ရှေးဟောင်းသင်္ကေတများ ရေးဆွဲထွင်းထုထားသည်။ နေရောင်ခြည်မှာ အမိုးဖွင့်အဆောက်အဦးကြီးပေါ်ဖြာကျနေပြီး သဲထူသောတိုက်ပွဲကွင်းပြင်ကို တောက်ပလင်းလက်နေစေသည်။ အဆောက်အဦးထဲသို့ရောက်သွားသော် ယခင်အဆက်ဆက်ကျင်းပလာသောတိုက်ပွဲများ၏ အငွေ့အသက်က မြေကြီးထဲမှထိုးထွက်ဖြန့်ကျက်နေသည့်ခံစားချက်ကို ပေးစွမ်း၍ လူတိုင်းအား သွေးများပွက်ပွက်ဆူအောင် စိတ်လှုပ်ရှားလာစေသည်။ မိသားစုများ နေရာယူပြီးသည်နှင့် လေထုမှာပြောင်းလဲသွားပြီး လျှပ်စီးစွမ်းအင်တစ်မျိုးက လေထုကိုဖြန့်ကျက်လာသည်။
ထျန်းလုံကျန်းမှာ ကွင်းပြင်အလယ်တွင်နေရာယူထားသည်။ ဒီပွဲစဥ်မှာ သူ့တာဝန်က ဒိုင်လူကြီးတစ်ဦးဖြစ်ပေးရုံသာမက ပြိုင်ပွဲဝင်များအန္တရာယ်ကြုံလျှင်လည်း ကူညီကယ်ဆယ်ပေးရန်ဖြစ်၏။ သားရဲများမှာ အတိုင်းအဆမရှိရက်စက်တတ်ကြသည်ဖြစ်ရာ မတော်လို့ ပါရမီရှင်များအသက်ဆုံးရှုံးလိုက်ရလျှင် သူတို့ထျန်းလုံမိသားစုက တာဝန်ယူရမည်သာပင်။
"ကဲ အခုတော့ တတိယပြိုင်ပွဲစဥ်ကို စလိုက်ကြရအောင်ခင်ဗျာ" ထျန်းလုံကျန်း၏ကြေညာသံမှာ ကွင်းပြင်တစ်ခုလုံးကိုပျံ့နှံ့သွားတော့သည်။ "ကျွန်တော်က မိသားစုတစ်ခုချင်းစီရဲ့နာမည်ကိုခေါ်ပါမယ် နာမည်ခေါ်တဲ့အချိန်မှာ ရွေးချယ်ထားတဲ့ပြိုင်ပွဲဝင်တွေကို အရှေ့ကိုပို့လာပေးပါ"
လူအုပ်ကြီးတစ်ခုလုံး ငြိမ်ကျသွားပြီး လေထုကလည်းတင်းမာလာတော့သည်။ "ပထမဆုံးအနေနဲ့ ပိုင်မိသားစု ပြိုင်ပွဲဝင်များကိုရှေ့ထုတ်ပေးပါ"
ပိုင်မိသားစုလှုပ်လှုပ်ရွရွဖြစ်သွားကြပြီးနောက် ပြိုင်ပွဲဝင်သုံးဦးရှေ့သို့တက်လာတော့သည်။ လူငယ်လေးများမှာ ယုံကြည်မှုအပြည့်ဖြင့်မာန်တင်းထားသော်လည်း စိတ်လှုပ်ရှားနေဟန်အမူအရာများကိုလည်း မဖုံးကွယ်နိုင်ပါ။ သုံးဦးထဲမှ အသန်မာဆုံးဖြစ်သော ပိုင်ရှင်းသည် ကွင်းပြင်တစ်ခုလုံးကို ယုံကြည်မှုအပြည့်ဖြင့်တစ်ချက်ခြုံကြည့်လိုက်သည်။ အနောက်မှလိုက်ပါလာသော ပိုင်လင်းနှင့် ပိုင်ဖန်သည်လည်း စွမ်းအားများကိုထုတ်ပြရန် စိတ်အားထက်သန်နေကြလေပြီ။
ပိုင်မိသားစု၏ ပြိုင်ပွဲဝင်သုံးဦးမှာ ကြည့်ရှုသူတို့၏မျက်လုံးအလယ်တွင် ဖြောင့်မတ်သတိရှိစွာ ရပ်တည်လို့နေကြ၏။
ထိုအခိုက်အတန့်တွင် လူအများ၏အာရုံစိုက်ခံ အဓိကဇာတ်လိုက်များလိုလို သူတို့ကိုယ်သူတို့ခံစားသွားရသည်။
"သားရဲတွေကို ဉာဏ်နဲ့ယှဥ်ပြီးရွေးချယ်ကြပါ" ထျန်းလုံကျန်းက လေးလေးနက်နက်ဖြင့်သတိပေးလာသည်။ "သားရဲကိုအနိုင်ယူနိုင်တဲ့သူကမှ မိသားစုအတွက်အမှတ်ပြန်ယူသွားနိုင်မယ်ဆိုတာကိုမမေ့ပါနဲ့ အခု ဘယ်သူအရင်စပြိုင်မလဲ"
"ကျွန်တော်ပါ"
ပိုင်ရှင်းက ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်ပြီး ရှေ့သို့ထွက်လိုက်သည်။ သူက အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သဖြင့် အခြေတည်ထောင်ခြင်းအဆင့်သာရှိသော ကျန်နှစ်ယောက်ထက် ပိုသန်မာပေသည်။
ဒီနေရာမှာ သူရှိနေမှတော့ သူ့ကိုကျော်ပြီး တစ်ခြားလူထွက်ခွင့်ပေးစရာအကြောင်းမရှိပါ။
"ဘယ်သားရဲအဆင့်နဲ့ ယှဥ်ပြိုင်တိုက်ခိုက်ချင်ပါသလဲ" ထျန်းလုံကျန်းကမေးလာသည်။
"ဟမ့် အဆင့်၃သားရဲနဲ့"
ပိုင်ရှင်းက ဆောင့်ကြွားကြွားဟန်ဖြင့်ပြန်ဖြေသည်။ အသိဉာဏ်မရှိတဲ့သားရဲတစ်ကောင်က သူ့ကိုဘယ်လိုများအနိုင်ယူနိုင်မှာတဲ့လဲ?
ထျန်းလုံကျန်းခေါင်းတချက်ညိတ်လိုက်ပြီးနောက် သားရဲများသိုလှောင်ထားရာဂိတ်တံခါး ပွင့်ဟလာခဲ့ပြီး အဆင့်၃သားရဲတစ်ကောင်ထွက်ပေါ်လာတော့သည်။ ခပ်နိမ့်နိမ့်ဟိန်းဟောက်သံမှာ ကွင်းပြင်တစ်လျှောက်ပျံ့နှံ့သွားပြီး သားရဲသည် အလင်းရောင်အောက်သို့ ချင်းနင်းဝင်ရောက်လာသည်။ ကြည့်ရှုသူအားလုံးလည်း အသက်အောင့်ထားသည့်အလား တိတ်ဆိတ်သွားရ၏။
ထွက်ပေါ်လာသောသားရဲမှာ ညရိပ်မြွေဆိုးဟုအမည်ရပြီး အဆိပ်ပြင်းသောအစွယ်များနှင့် လူပင်သေစေနိုင်လောက်သည်ဟူသော အကြည့်ကြောင့် လူသိများသည်။ အစိမ်းရင့်ရောင်နှင့် အနက်ရောင်ရောထားသော အကြေးခွံများက တဖျတ်ဖျတ်တောက်ပနေပြီး ပုံသေမဟုတ်သည့်အတွက် လိုသလိုအရောင်ပြောင်းကာ အရိပ်ထဲတွင်ပုန်းကွယ်နေနိုင်စွမ်းရှိသည်။ ကြက်သွေးရောင်တောက်နေသောမျက်လုံးအစုံသည် အာဏာရှင်ဆန်ဆန်အငွေ့အသက်ကိုထုတ်လွှတ်နေပြီး ကြည့်ရှုသူအများကိုပါ ကြက်သီးဖြန်းဖြန်းထလောက်အောင်ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ အထူးသဖြင့် အခြေတည်ထောင်ခြင်းအဆင့်ကျင့်ကြံသူလေးများဆိုလျှင် လွန်စွာမှကြောက်ရွံ့နေကြလေပြီ။
ပိုင်ရှင်းသည် ခပ်မတ်မတ်ပင်ရပ်လျက်ရှိသည်။ သို့သော် မြွေဆိုး၏အကြည့်က သူ့ထံဆိုက်ရောက်လာသောအခါ သူ့အစာအိမ်ကိုဆွဲညှစ်လိုက်သကဲ့သို့ ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။ အခိုက်အတန့်မျှ သူတွန့်ဆုတ်သွားရ၏။
သို့သော် အကြောက်တရားများကိုဖယ်ထုတ်၍မြွေဆိုး၏အကြည့်ကို ပြန်လည်ရင်ဆိုင်လိုက်သည်။ "ငါက ပိုင်မိသားစုရဲ့ အတော်ဆုံးပါရမီရှင်ပဲ" ပိုင်ရှင်းက သူ့ကိုယ်သူအားပေးသည်။ "ဒီသားရဲက ငါ့အင်အားနဲ့ယှဥ်ရင် ဘာကောင်မှမဟုတ်တော့ဘူး"