← Chapters

ပိုင်မိသားစုအရှက်ရခြင်း

Vol. 10 Ch. 140

ပိုင်မိသားစုအရှက်ရခြင်း

Vol. 10 Ch. 140

မြင်မြင်ချင်းတော့ တုန်လှုပ်သွားပေမယ့် ပိုင်ရှင်း အားပြန်တင်းလိုက်ကာ သတ္တိများကိုစုစည်းလိုက်ပြီး ညရိပ်မြွေဆိုးကို တည့်တည့်ပြန်စိုက်ကြည့်လိုက်သည်။

"ဟမ့် မင်းလောက်များကြောက်မယ်ထင်နေသလား"

ပိုင်ရှင်းကြုံးဝါးလိုက်သည်။

ညရိပ်မြွေဆိုးမှာ ပိုင်ရှင်းကိုအာရုံစိုက်ကြည့်လာပြီး ကြက်သွေးရောင်မျက်လုံးအစုံမှာလည်း သတ်ချင်ဖြတ်ချင်စိတ်များဖြင့် တောက်ပလာသည်။

"မိုက်မဲလိုက်ပုံများ"

ကြည့်ရှုသူအများစုမှာ ပိုင်ရှင်းလုပ်နေပုံကိုကြည့်ရင်း မှတ်ချက်ချလာကြသည်။ အထူးသဖြင့် ညရိပ်မြွေဆိုးနှင့်တိုက်ခိုက်ဖူးသူများပင်။

ပိုင်ရှင်းမသိသောအချက်မှာ ထိုညရိပ်မြွေဆိုး၏မျက်လုံးများသည် အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သည်အထိ စွမ်းအားရှိကြောင်းပင်။ ထိုသားရဲနှင့် မျက်လုံးချင်းဆုံကာကြည့်မိကြသောသူမှန်သမျှကို လှုပ်မရပြုမရဖြစ်အောင်ချုပ်ကိုင်နိုင်ပြီး ထိုသက်ရောက်မှုမှာလည်း သတိထားမိလောက်အောင်မသိသာပေ။ အင်မတန်မှသိမ်မွေ့ညင်သာသော လူသတ်နည်းတစ်မျိုးဖြစ်၏။

ထိုအချက်ကြောင့် ညရိပ်မြွေဆိုးနှင့်ရင်ဆိုင်ရသော ကျင့်ကြံသူများမှာ ခြေထောက် သို့မဟုတ် အရိပ်ကိုသာကြည့်ပြီး တိုက်ခိုက်ကြခြင်းဖြစ်သည်။

မြွေဆိုး၏ အကြည့်စွမ်းအားသက်ရောက်မှုကို ခံနိုင်ရည်ရှိသည့်ကျင့်ကြံသူများလည်း ရှိသော်ငြား ထိုအထဲတွင် ပိုင်ရှင်းတော့မပါပေ။

သို့သော်လည်း ပိုင်ရှင်းမှာ ညရိပ်မြွေဆိုးနှင့် တစ်ခါမှမတိုက်ခိုက်ဖူးသည့်အပြင် ထိုသားရဲ၏ ထူးခြားသောလက္ခဏာများကို မလေ့လာဖူးသဖြင့် သူ့ကိုပဲအပြစ်တင်လို့လည်း မရပြန်။

ပိုင်ရှင်းမှာ သူ့‌ဘေးနားမှလေထု သိပ်သည်းတောင့်တင်းလာတာကိုခံစားမိပြီး ခြေလက်များမှာလည်း ထူးဆန်းစွာလေးလံလာတော့သည်။ ခန္ဓာကိုယ်ကို စေလိုရာမစေနိုင်တော့သည့်အခါ အစောကမှပြည့်ဝခိုင်မာခဲ့ပါသော ယုံကြည်မှုများလည်း ပြိုလဲကုန်လေတော့၏။ အကြောက်တရားမှာ အသွေးအသားထဲကဆန်တက်လာသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

"ဒါ...ဒါကဘာဖြစ်တာလဲ" ပိုင်ရှင်းသည် ခန္ဓာကိုယ်ကိုလှုပ်ရှားဖို့ကြိုးစားရင် အသံတုန်တုန်ဖြင့်ရေရွတ်လာသည်။ သူ့ခန္ဓာကိုယ်မှကြွက်သားများက လှုပ်ရှားဖို့ကိုငြင်းဆန်နေကြသည်။ ခြေထောက်များမှာ မြေပြင်ပေါ်တွင်အမြစ်တွယ်သကဲ့သို့ စွဲကပ်နေပြီး လက်မောင်းများကတောင့်တင်းကာ လှုပ်ရှားလို့မရတော့ပေ။ မမြင်နိုင်သည့်သံကြိုးတစ်ချောင်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ချည်နှောင်ထားပြီး တစ်ဖက်ရန်သူပြုသမျှနုရတော့မည့်အခြေအနေဖြစ်အောင် ဖန်တီးပေးနေသလိုပင်။

အခြေအနေကို သ‌ဘောပေါက်သွားကြသည်နှင့် ပွဲကြည့်စင်မှပရိတ်သတ်များမှာ အာမေဋိတ်သံများထွက်လာကြသည်။ အထူးသဖြင့် ညရိပ်မြွေဆိုးအကြောင်း ဘာဆိုဘာမှမသိကြသူများမှာ လန့်ဖျပ်နေကြတော့သည်။

"ဒါ..ဒါက လှုပ်ရှားလို့မရတော့တာမလား"

"ပိုင်ရှင်းလုံးဝလှုပ်မရတော့ဘူး သူအန္တရာယ်ဖြစ်နေပြီမလား"

"ဟူး အဆင့်၃သားရဲဆိုတာ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် ကိုင်တွယ်နိုင်မယ့်ဟာမျိုးမှမဟုတ်တာ"

........

ဘေးမှရပ်ကြည့်နေကြသော ပိုင်လင်းနှင့်ပိုင်ဖန်လည်း စိုးရိမ်ပူပန်စွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ "အစ်ကိုရှင်း ရအောင်ဖောက်ထွက်" ပိုင်လင်းကအော်လိုက်သည်။ သူ့အသံမှာ ကွင်းပြင်တစ်ခုလုံးပဲ့တင်ထပ်သွားလောက်အောင် ကျယ်လောင်သော်ငြား သားရဲ၏ချုပ်ကိုင်ခြင်းအောက်ကျရောက်နေသော သူ့ညီနောင်ကိုမူ တုတ်တုတ်မျှမလှုပ်နိုင်စေခဲ့ပါပေ။

"အစ်ကိုရှင်း အစ်ကိုလုပ်နိုင်ပါတယ်"

ပိုင်ဖန်လည်း လှမ်းပြီးအားပေးရှာပေမယ့် ပိုင်ရှင်းဘက်က တစ်ခုမှတုံ့ပြန်မလာသောအခါ သူတို့နှစ်ယောက်လုံး မကောင်းတာတစ်ခုခုဖြစ်တော့မည့်ခံစားချက်ကြီးဝင်လာတော့သည်။

ညရိပ်မြွေဆိုးမှာ ပိုင်ရှင်းကိုမြဲမြဲမြံမြံစိုက်ကြည့်ပြီး အနားသို့တွားသွားတိုးကပ်လာသည်။ ပိုင်ရှင်း၏ကူကယ်ရာမဲ့နေပုံကို အရသာခံနေသကဲ့သို့ပင်။ ခက်ရင်းခွကဲ့သို့လျှာကိုထုတ်ပြီး လေထုထဲမှအကြောက်တရားကို မြည်းစမ်းနေသည့်အလား ပြူတစ်ပြူတစ်လုပ်နေသည်။ စက္ကန့်နှင့်အမျှ အကြည့်ဖြင့်ချုပ်ကိုင်ခြင်း၏သက်ရောက်မှုမှာပိုပြင်းထန်လာပြီး ပိုင်ရှင်း၏ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်စွာရစ်နှောင်ထားတော့သည်။

ပိုင်ရှင်း၏စိတ်အစဥ်မှာလည်း ရှုပ်ယှက်ခတ်လို့နေသည်။ ပိုင်မိသားစု၏ အဖိုးတန်ပါရမီရှင် အတော်ဆုံးမျိုးဆက်သစ်ကျင့်ကြံသူဟု သူ့ကိုယ်သူသတ်မှတ်ထားသော်ငြား အခုတော့ ကူရာမဲ့ကယ်ရာမဲ့ဘဝသို့ရောက်လို့နေလေပြီ။ သူဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘဲ အသက်ရှူသံများပြင်းလာကာ ရင်တစ်ခုလုံးလည်းတင်းကျပ်လာတော့သည်။ ဝင့်ကြွားမောက်မာသောအတွေးများ လွင့်စင်ပျောက်ကွယ်သွားပြီး အခုအချိန်မှာအာရုံစိုက်စရာဆိုလို့ သေတွင်းကဘယ်လိုလွတ်အောင်ပြေးမလဲဆိုသည့်အတွေးသာ ရှိတော့ပေသည်။

သားရဲသူ့အနားကိုနီးကပ်လာသည်နှင့်အမျှ အချိန်မှာလည်းပိုလို့နှေးကွေးလာသယောင်ပင်။ ကြည့်ရှုသူများမှာလည်း အသက်အောင့်ထားလျက်။ ထိုသားရဲ၏ချုပ်နှောင်မှုမှ ပိုင်ရှင်းတစ်ယောက်လွတ်မြောက်နိုင်ပါ့မလားဟု အားလုံးစောင့်ကြည့်နေကြသည်။

ညရိပ်မြွေဆိုးမှာ အနားသို့လျှောခနဲနီးကပ်လာပြီး တိုက်ခိုက်ဖို့ပြင်လိုက်သည်နှင့်အမျှ အကြေးခွံများမှာလည်း နေရောင်အောက်တွင် တလက်လက်တောက်ပလာသည်။ ပိုင်ရှင်း၏နှလုံးသားမှာ ရင်ဘတ်ထဲမှခုန်ထွက်တော့မည့်အလား။ အဆိပ်ရည်ဖြင့်တောက်ပြောင်နေသော မြွေဆိုး၏အစွယ်များကိုမြင်လိုက်သော် ကြောက်စိတ်များခုန်ပေါက်ထိုးတက်လာတော့သည်။ မာန်မာနများလည်းပျောက်ကွယ်ပြီး ကြောက်စိတ်ဖြင့်သာတုန်ရီနေရတော့သည်။

"နေပါဦး တော်တော့ ရပ်တော့ ကျွန်တော်အရှုံးပေးပါတယ် ကယ်ကြပါဦး" ပိုင်ရှင်းမှာ သနားစဖွယ္ အသံအက်အက်ဖြင့် ကွင်းပြင်းတစ်ခုလုံးကြားရအောင်အော်ဟစ်လာသည်။ ဒီလောက်များပြားလှသောလူပင်လယ်ကြီးရှေ့တွင် သနားစရာကောင်းလောက်အောင်အော်ဟစ်အကူအညီ‌တောင်းရလိမ့်မည်ဟု စိတ်ပင်မကူးဖူးပါချေ။ သားရဲတစ်ကောင်ကို အရှုံးပေးခြင်းဆိုသည်မှာ အမှန်ပင်အရှက်တကွဲအကျိုးနည်းဖြစ်ရခြင်းပေ။ ပြိုင်ပွဲမဟုတ်တဲ့ လက်တွေ့တိုက်ပွဲမှာဆိုလျှင် သေပြီးနေလောက်လေပြီ။

ကျင့်ကြံသူတစ်ဦးသည် လက်ရည်ချင်းမယှဥ်နိုင်လျှင်တောင်မှ လွယ်လွယ်နှင့်တော့ အရှုံးမပေးသင့်ပါ။

ဘေးမှ ဂရုတစိုက်စောင့်ကြည့်နေသောထျန်းလုံကျန်းသည် ပိုင်ရှင်းမထိခိုက်ရလေအောင် ချက်ချင်းခုန်ဝင်လာတော့သည်။ သူလက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်သော် စွမ်းအင်လှိုင်းများဖြာထွက်သွားကာ ညရိပ်မြွေဆိုးကိုရိုက်ထုတ်လိုက်နိုင်ပြီး ပိုင်ရှင်းကိုချုပ်နှောင်ထားသောစွမ်းအားကိုလည်း ဖြည်ချလိုက်နိုင်သည်။ သားရဲမှာ မကျေနပ်သလို စူးရှရှ‌အော်မြည်သံတစ်ခုပြုလုပ်လိုက်သော်လည်း ဆုတ်ခွာသွားခဲ့ပါသည်။ မျက်လုံးများမှာမူ သတ်ချင်ဖြတ်ချင်စိတ်အပြည့်ဖြင့် တောက်ပနေသေးလျက်။

ပိုင်ရှင်းမှာ ဒူးထောက်ကျသွားခဲ့ပြီး တုန်ရီနေသောခန္ဓာကိုယ်ကိုလည်း ထိန်းသိမ်းနိုင်စွမ်းမရှိသေးပါ။ လေကိုအသည်းအသန်ရှိုက်ရှူနေရပြီး သူ့အပေါ်လေးလံစွာကျရောက်နေသော အရှက်ရခြင်းများစွာကို ခံစားမိနေ၏။ အစောက စိုးရိမ်စွာအော်ဟစ်နေခဲ့ကြသော ကြည့်ရှုသူများမှာလည်း တီးတိုးဝေဖန်ခြင်းများ စတင်လာတော့သည်။

"သနားစရာပဲနော် အဲ့ဒါပိုင်မိသားစုရဲ့ပါရမီရှင်ပါတဲ့ အသက်ကယ်ပေးဖို့တောင်းဆိုနေလိုက်ရတာများ"

"ဒါက ပိုင်မိသားစုဂုဏ်ဆောင်ရဲ့အင်အားတဲ့လား ရှက်စရာပဲ"

"သားရဲတစ်ကောင်ကိုတောင် အရှုံးပေးရတယ်တဲ့ မဆီလျော်လိုက်တာ"

......

All Chapters