ဒါက လူသားတစ်ယောက် ပြောတာမှဟုတ်ရဲ့လား
Vol. 68 Ch. 1006
အခြားတစ်ဖက်တွင်လည်း သူတော်စင်အင်မော်တယ်ကျမ်း၏ ကူညီမှုနှင့်အတူ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ တိုက်ပွဲသည် မျှော်လင့်ထားသည်ထက် ပိုမိုချောမွေ့သွားခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က မှော်တောင်ဝှေးဖြင့်အယောင်ဆောင်နှစ်ဦးကို အပြည့်အဝ နှိမ်နင်းနိုင်ခဲ့သော်လည်း ၎င်းတို့သည် နှုတ်ခမ်းများကို တင်းကျပ်စွာပိတ်ထားခဲ့ပြီး ယခုအချိန်ထိ စကားတစ်လုံးမှ မပြောခဲ့ကြပေ။
“ငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး”
“လာကြစမ်း.. သူတို့ကိုနှိပ်စက်လိုက်”
ဗုံးပစ်စီနီယာအင်မော်တယ်က မှော်တော်ဝှေးကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“စီနီယာအင်မော်တယ်.. ကျွန်တော်တို့ တကယ်ပဲ သူတို့ကိုနှိပ်စက်ရမှာလား.. ဒါကနည်းနည်း လူမဆန်ရာကျမနေဘူးလား”
ထိုအချိန်တွင် စီနီယာအင်မော်တယ်သည် တရားသူကြီးပေါင်ချိန်ကဲ့သို့ ဟိတ်ဟန်အပြည့်နှင့် ဖြစ်နေသည်။
“လာကြစမ်း.. ဒီအယောင်ဆောင် နှစ်ယောက်က အရမ်းခေါင်းမာနေတဲ့အတွက် နှိပ်စက်ဖို့လိုအပ်တယ်.. သူ့ရဲ့ ရွှေသရဖူကို ဖယ်ပြီးဧကရာဇ်ဝတ်ရုံကို ချွတ်လိုက်စမ်း”
“စီနီယာအင်မော်တယ်.. ကျွန်တော်တို့ဂိုဏ်းမှာ နဂါးခေါင်းဓားစက် မရှိဘူးထင်တယ်”
“နဂါးခေါင်းဓားစက် သုံးမယ်လို့ ဘယ်သူပြောလဲ”
ဗုံးပစ်စီနီယာအင်မော်တယ်က မှော်တောင်ဝှေးကို ဝှေ့ယမ်း၍ပြောလိုက်သည်။
“သူတို့ကို နားကျပ်တပ်ပြီး ဒေါသဓမ္မရာဂျာရဲ့ သီချင်းကို နားထောင်ခိုင်းလိုက်.. သူတို့ကို ကြိုးနဲ့သေချာတုတ်ပြီး အဲဒီသီချင်းကို အကြိမ်တစ်သောင်း ဖွင့်ပြလိုက်”
“ရက်စက်လွန်းလိုက်တာ”
လူတိုင်းက သက်ပြင်းမချဘဲမနေနိုင်ခဲ့ပေ။
“ဒီစကားက လူသားတစ်ယောက် ပြောတာမှ ဟုတ်ရဲ့လား.. ဒီနှစ်ယောက်က ဒီလိုညှင်းပန်းမှုမျိုးကို ခံနိုင်ပါ့မလားဆိုတာ ဘယ်သူသိနိုင်ပါ့မလဲ”
ဝမ်မိသားစုအိမ်ငယ်လေးရှိ ဝမ်လင်း၏အိပ်ခန်းထဲတွင် ကျိုးရီသည် သူတော်စင်အင်မော်တယ်ကျန်းပြသသည့် စခရင်မှ အယောင်ဆောင်နှစ်ဦး၏ဖြစ်အင်ကိုကြည့်ကာ သက်ပြင်းချရုံသာတတ်နိုင်ခဲ့သည်။
သို့သော်ကိစ္စများက ဤအဆင့်ထိပင် ရောက်နေပြီဖြစ်၍ အယောင်ဆောင်နှစ်ဦးကို ညှာတာပေးရန်မဖြစ်နိုင်ပေ။
ရန်သူကိုကိုယ်ချင်းစာခြင်းသည် ကိုယ့်ကိုယ်ကိုယ်ရက်စက်ခြင်းနှင့် အတူတူပင်မဟုတ်လော။
“ငါ့ရဲ့တွက်ချက်မှုအရဆိုရင် ဒီအယောင်ဆောင်နှစ်ဦးက နှိပ်စက်ညှင်းပန်းမှုတွေအောက်မှာ လက်နက်ချဝန်ခံဖို့ 32% အခွင့်အလမ်းရှိတယ်.. ဒါပေမဲ့ဆရာဝမ်ကျောင်းပါဝင်ရင်တော့ သူတို့နှစ်ဦးလက်နက်ချမယ့်အခွင့်အရေးက 68% ရှိတယ်”
“စီနီယာဝမ်ကိုပြောတာလား.. သူတို့မွေးရပ်မြေကို ပြန်သွားတယ်မဟုတ်လား”
“ဟုတ်တယ်လေ.. စီနီယာဝမ်က တကယ်ပဲပြန်သွားတာပါ.. ငါ့အထင်တော့ ဖိုးဖိုးဝမ်ကို သွားပို့ရုံတင်မဟုတ်လောက်ဘူး”
ထို့နောက်တွင် သူတော်စဉ်အင်မော်တယ်ကျန်းက ထိုအကြောင်းနှင့်ပတ်သက်၍ ဘာမှမပြောတော့ပေ။
သို့သော်ကျိုးရီသည် ၎င်း၏စကားလုံးများထဲမှ ဖေဖေဝမ်အဘယ်ကြောင့်ပြန်သွားသည်ကို မသိသော်လည်း အရေးကြီးသောကိစ္စတစ်ခုအတွက်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိလိုက်ရသည်။
မျှော်လင့်ထားသည့်အတိုင်းပင် သူ့ဆရာ၏မိသားစုသည် သာမန်မဟုတ်ပေ။
သူတော်စင်အင်မော်တယ်ကျန်းပြောခဲ့သလိုပင် ဖေဖေဝမ်သည် သူ၏မွေးရပ်မြေကို အမှန်တကယ်ပြန်ရောက်လာသည်။
ဝမ်မိသားစု၏ ဘိုးဘေးအိမ်လေးသည် စုန့်ဟိုင်မြို့နှင့်သိပ်မဝေးသည့် ပင်လယ်ရွာတွင်ရှိသည်။
ဤရွာက ပင်လယ်ကမ်းစပ်ရှိရွာတစ်ရွာအနေဖြင့် ပင်လယ်စာနှင့်လိမ္မော်သီးများ အပေါဆုံးဖြစ်သည်။
ဖိုးဖိုးဝမ်တွင်လည်း ကိုယ်ပိုင်လိမ္မော်ခြံတစ်ခြံ ရှိသည်။
သို့သော် ဝမ်မိသားစု အိမ်ငယ်လေးတွင် နေထိုင်ခဲ့သည်မှာ ဤတစ်ကြိမ်တွင် အနည်းငယ် ကြာသွားသဖြင့် လိမ္မော်ခြံစောင့်ရန်အတွက် အခြားသူ တစ်ဦးကို ငှားရမ်းခဲ့ရသည်။
ဆိုရလျှင် ဖိုးဖိုးဝမ်၏ ဘဝက အလွန်သာယာသည်ဟု ဆိုရမည်။
သူ့သားသမီးအားလုံးက ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ကြသည့်အပြင် သူ့တွင် မြေးများလည်း ရှိသည်။
အဘိုးအိုတစ်ယောက် အနေဖြင့် သူ့တွင် နောင်တရစရာ မရှိတော့ပေ။
တစ်ခုတည်းသော အားနည်းချက်မှာ အသက်ကြီးလာသောအချိန်တွင် အဖော်မရှိခြင်း ဖြစ်သည်။
ဝမ်လင်း၏အဖွားသည် ဝမ်လင်းမမွေးမီ အစောပိုင်းကတည်းကပင် သေဆုံးသွားခဲ့သည်။
ဝမ်လင်းက သူ့အဖေထံကနေ သူ့အဖိုးအဖွား၏ အချစ်ဇာတ်လမ်းကို ကြားခဲ့ဖူးသည်။
ထိုအကြောင်းအရာတွင် ချဲ့ကားထားသော အချက်အလက်များ ရှိမရှိ သူမသိသော်လည်း သူ့အဖိုးအဖွား၏ ခံစားချက်များသည် လူငယ်များအတွက် စံနမူနာပင် ဖြစ်သည်။
ဖိုးဖိုးဝမ်နှင့် ဆရာမဖန်၏ ငယ်ရွယ်စဉ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ကြည့်လိုက်လျှင် ဖိုးဖိုးဝမ်သည် ငယ်စဉ်က စော်ကြည်ဘဲဖြစ်သည်။
သူက မရေမတွက်နိုင်သော မိန်းကလေးများနှင့် ချိန်းတွေ့ခဲ့ဖူးသော်လည်း နောက်ဆုံးတွင် ဘဝလက်တွဲဖော်အဖြစ် သူ့အချစ်ဆုံးလူကို ရွေးချယ်ခဲ့ပြီး ထိုသူမှာ ဝမ်လင်း၏ အဖွားပင်ဖြစ်သည်။
ဝမ်လင်းသည် ငယ်စဉ်ကတည်းကပင် သူ့အဖွားအကြောင်းကို လေးလေးနက်နက် သိချင်နေခဲ့သည်။
သို့သော် သူသည် သူ့အဖွားအကြောင်းကို အကန့်အသတ်ဖြင့်သာသိသည်။
ယင်းမှာ ဂျူနီယာတစ်ယောက် အနေဖြင့် အခြေခံကျသောယဉ်ကျေးမှုကို လိုက်နာ၍ အတင်းအကျပ် မမေးမြန်းခဲ့သောကြောင့် ဖြစ်သည်။
သူ့အဖွားအကြောင်းကို အလွန် သိချင်သော်လည်း သူ့အဖွားနှင့်ပတ်သက်သော အချက်အလက်များကို အတင်းကာရော ရှာဖွေနေသည်တော့ မဟုတ်ပေ။
ဖိုးဖိုးဝမ်သည် ပင်လယ်ရွာကလေး၏ သခင်တစ်ဦး ဖြစ်သည်။
ယင်းမှာ ဖိုးဖိုးဝမ်ကို အာဏာရှင်တစ်ဦးဟု မဆိုလိုပေ။
ရွာသားများထံမှ လေးစားမှုကို ခံယူရရှိခြင်းကို ဆိုလိုသည်။
ဖိုးဖိုးဝမ် ငယ်စဉ်က ပင်လယ်ရွာကလေး၏ မှတ်တမ်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
ဤသည်မှာရွာကလေး၏ အဆင့်မြင့်ရာထူးတစ်ခု ဖြစ်သည်။
သူက ဤရာထူးကို ငယ်ရွယ်စဉ်ကပင် ရရှိခဲ့ခြင်း ဖြစ်၏။
ဖိုးဖိုးဝမ်ကလည်း သူ့ကိုရွေးချယ်ခြင်းသည် ထက်မြက်သောဆုံးဖြတ်ချက် ဖြစ်ကြောင်း သက်သေပြခဲ့သည်။
သူတာဝန်ယူစဉ် ကာလအတွင်း ဖိုးဖိုးဝမ်သည် ပင်လယ်ရွာကလေးမှ ထွက်သော ပင်လယ်စာ လိမ္မော်သီးများကို အသုံးပြု၍ မြို့တိုင်းတွင် ဈေးတစ်ခု ဖွင့်လှစ်ခဲ့သည်။
သူတို့ရွာကလေးမှ ထွက်ရှိသော လိမ္မော်သီးများသည် အလွန်ချိုမြိန်ပြီး ဈေးကွက်ကို လွှမ်းမိုးနိုင်ခဲ့သည်။
ထိုအချိန်က ပင်လယ်ရွာကလေး၏ လိမ္မော်သီးရောင်းသူများကို ရထားပလက်ဖောင်းပေါ်မှ မြင်တွေ့သူများသည် မြန်နှုန်းမြင့် အင်မော်တယ်ဓားပျံ စီးသူများ၏ အန္တရာယ်ကိုလျစ်လျူရှုကာ လိမ္မော်သီးဝယ်ရန် လမ်းဖြတ်ကူးခဲ့ကြသည်အထိ ဖြစ်သည်။
ပင်လယ်ရွာကလေးမှ တင်ပို့သော လိမ္မော်သီးများသည် ယနေ့အချိန်ထိ ဈေးကွက်ဝေစု အများအပြားကို ရယူထားဆဲ ဖြစ်ပြီး ပင်လယ်ရွာကလေးသည်လည်း ဟွာရှို့နိုင်ငံ၏ အချမ်းသာဆုံး ၁၀ ရွာထဲမှ တစ်ရွာ ဖြစ်သည်။
ဖိုးဖိုးဝမ် အနားယူပြီးနောက်တွင် သူငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့သော အချက်အပြုတ်ပညာကို လေ့လာလိုက်စားခဲ့ပြီး ဟင်းပွဲအသစ်များကို ဆန်းသစ်တီထွင်ခဲ့သည်။
သူ့မှာ အဖော်မရှိ၍ ရွာတွင်အထီးကျန်သည်ဟုတော့ ပြော၍မရပေ။
သူ့အိမ်နီးချင်းများ ဖြစ်သည့် အဖိုးဝူနှင့် အဖိုးလျန့်တို့သည် သူတို့အားသည့် အချိန်တိုင်းတွင် မာကျောက်အတူ လာကစားလေ့ရှိသည်။
ပင်လယ်ရွာကလေးတွင် နေထိုင်သော သူ့ဘဝမှာ အလွန်အေးချမ်းသည်ဟု ဆိုနိုင်သည်။
သို့သော်လည်း ဖိုးဖိုးဝမ်သည် ဝမ်မိသားစု အိမ်ငယ်လေးတွင်သာ နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
အကြောင်းအရင်းမှာ သူသည် ပင်လယ်ရွာကလေးတွင် အလွန်ရေပန်းစားသောကြောင့်ပင်။
အပြစ်တင်ရမည်ဆိုလျှင် ဖိုးဖိုးဝမ်အပေါ်၌ နှစ်ကာလများစွာ ကြွေဆင်းနေကြသော အဖွားများကိုသာ အပြစ်တင်ရပေမည်။
အဖွားများက ဖိုးဖိုးဝမ်ကို စောင့်ရှောက်ရန် အကြောင်းပြု၍ အိမ်သို့ မကြာခဏ လာရောက်လည်ပတ်လေ့ ရှိကြသည်။
သုံးဘီး ဆိုင်ကယ်ကလေးသည် ရွာကလေး၏ ဝင်ပေါက်မှ မီတာတစ်ရာခန့်တွင် ရပ်တန့်လိုက်သည်။
ယခုအချိန်ထိ ဖေဖေဝမ်သည် ဖိုးဖိုးဝမ်၏ ရေပန်းစားမှုနှင့်ပတ်သက်၍ သံသယရှိနေဆဲ ဖြစ်သည်။
“အဖေပြောတာ တကယ်ရော ဟုတ်ရဲ့လား.. ချဲ့ကားပြောဆိုနေတာ မဟုတ်လား”
“မင်းတစ်ခါမှ မကြုံဖူးတော့ နားမလည်တာ မဆန်းပါဘူး”
ရွာကလေးက သူ့ကို ဖူးစာဖက် စီစဉ်ပေးသောကိစ္စများကို တွေးမိသည့် အချိန်တိုင်းတွင် ဖိုးဖိုးဝမ်သည် ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။
အဓိကအချက်မှာ သူသည် ရွာသားများ၏ရှေ့တွင် ဒေါသမထွက်နိုင်ပေ။
စင်စစ် ဤရွာကလေးက သူ့ကို စိတ်ရင်းစေတနာအပြည့်ဖြင့် ဖူးစာဖက်တစ်ယောက် ရှာဖွေပေးနေသည် မဟုတ်လော။
သူ့အနေဖြင့် မည်သို့ ဒေါသထွက်နိုင်ပါမည်နည်း။
ယခုတစ်ကြိမ် ဝမ်မိသားစု အိမ်ငယ်လေး၌ နှစ်ဝက်ကြာပုန်းအောင်းပြီးနောက်တွင် သူ့အတွက်ရွာက အိမ်ထောင်ဖက်တွေ့ဆုံရန် မစီစဉ်လောက်တော့ဟု တွက်ဆပြီး စိတ်ချလက်ချ ပြန်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဖေဖေဝမ်နှင့် မေမေဝမ်တို့ကို အလည်အပတ်ခေါ်ကာ သတ္တိရှိရှိ ပြန်လာခဲ့ခြင်း ဖြစ်သည်။
အဆုံးသတ်တွင် သူတို့သည် ရွာနှင့် မီတာတစ်ရာ အကွာအထိ ရောက်လာခဲ့ပြီ ဖြစ်၏။
ထိုအချိန်မှာပင် အသံလွှင့်စက်ကနေ ထွက်ပေါ်လာသောအသံကို သူတို့ ကြားလိုက်ရသည်။
“ရွာသားတို့ အားလုံးနားထောင်ကြ.. ဖိုးဖိုးဝမ် ရွာကိုပြန်ရောက်လာပြီဟေ့.. သူက ရွာနဲ့မီတာတစ်ရာပဲ ဝေးတော့တယ်.. ဖိုးဖိုးဝမ် ပြန်လာတာကို တလေးတစား ကြိုဆိုကြစို့”
အသံချဲ့စက်မှ အသံသည် ပင်လယ်ရွာကလေး တစ်ခုလုံးကြားလောက်သည်အထိ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ဖိုးဖိုးဝမ်က အလွန်ထိတ်လန့်သွားပြီး သုံးဘီးဆိုင်ကယ်ပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွားရသည်။
အပိုင်း(၁၀၀၆) ပြီး၏