ရှင်သန်နေရသည့်အဓိပ္ပါယ်အမှန်
Vol. 68 Ch. 1008
ဖေဖေဝမ်ခေါင်းကိုက်ရသည်အထိ အဖွားဝမ်သုန်မေသည် ဆက်ဆံရခက်သည့်သူမျိုးဖြစ်သည်။
သူတို့လင်မယားက ဘိုးဘေးကန်တော့ရန်အတွက် ဖိုးဖိုးဝမ်နှင့်အတူ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။
သူတို့ ဤရွာမှထွက်သွားသည်နှင့်တစ်ပြိုင်နက် ဖိုးဖိုးဝမ်သည် အဖွားဝမ်သုန်မေ၏ အိမ်ထောင်ဖက်တွေဆုံခိုင်းမှုနှင့် ဆက်လက်ရင်ဆိုင်ရနိုင်ချေရှိသည်။
ဟုတ်ပါသည်၊ ဤသည်မှာအဖွားဝမ်သုန်မေ၏ ဆန္ဒသာမဟုတ်ဘဲ တစ်ရွာလုံး၏ဆန္ဒလည်းဖြစ်သည်။
ပြဿနာ၏မူလဇစ်မြစ်မှာ ရွာသားအများစုသည် ဖိုးဖိုးဝမ်ကိုမှီခိုနေရခြင်းကနေ အရင်းခံလာခြင်းဖြစ်သည်။
ထိုအချိန်ကဖိုးဖိုးဝမ်သည် ပင်လယ်ရွာကလေးကို ဆင်းရဲတွင်ကနေ တစ်ကိုယ်တည်း ဆွဲတင်ခဲ့ခြင်းဖြစ်၍ ရွာသားများသည် သူ့ကို နတ်ဘုရားကဲ့သို့ ကိုးကွယ်ခဲ့ကြသည်။
ထိုအတွက်ကြောင့် ရွာသားများသည် ဖိုးဖိုးဝမ်ကို ရွာ၏ ဒေါင့်တိုင် အဖြစ် ယုံကြည်ခဲ့ကြသည်။
သို့သော် ဒေါင့်တိုင် တစ်တိုင်သည်လည်း တစ်နေ့နေ့တွင် ဟောင်းနွမ်းသွားမည်သာ ဖြစ်သည်။
ဖေဖေဝမ်သည် ပင်လယ်ရွာရှိ ဖိုးဖိုးဝမ်၏ အိမ်ကလေးမှ ထွက်ခွာလာပြီးနောက်တွင် မြို့၌ အခြေချနေထိုင်ခဲ့သည်။
သူကစာရေးဆရာတစ်ဦး အနေဖြင့် အသက်မွေးပြီး သူ၏ဝင်ငွေများကို မြို့စွန်မြို့ဖျားတွင် အိမ်လေးတစ်လုံး ဝယ်ပြီး အခြေချနေထိုင်ခဲ့သည်။
ဖေဖေဝမ်က ရွာကလေးကနေထွက်၍ ကိုယ့်ဘဝကိုယ်ကျောင်းခဲ့သူ ဖြစ်ရာ ရွာသားများအား လုံခြုံမှု ပေးစွမ်းနိုင်ခြင်း မရှိခဲ့ပေ။
တကယ်တမ်းတွင် ဖေဖေဝမ်သည် ရွာသားများတွင် သူတို့ကိုယ်သူတို့ ယုံကြည်မှု လုံလုံလောက်လောက်မရှိဟု ခံစားခဲ့ရသည်။
အဖွားဝမ်သုန်မေ ဦးဆောင်မှုအောက်တွင် ပင်လယ်ရွာလေး၏ တိုးတက်မှုသည် လွန်ခဲ့သည့်နှစ်နှစ် အတွင်း ရပ်တန့်သွားခြင်းမရှိခဲ့ပေ။
သို့သော် ဖိုးဖိုးဝမ်၏ တည်ရှိမှုသည် ရွာလေးရှိ လူများကို ရင်အေးစေမည့် ဖျော်ရည်တစ်ခွက်ကဲ့သို့ ဖြစ်၏။
“အန်တီဝမ်.. အဖေက တစ်နေကုန် ခရီးထွက်လာတော့ ပင်ပန်းနေပြီ.. ဒီကိစ္စတွေကို ဘိုးဘေးကန်တော့ပြီးမှပဲ ပြောကြတာပေါ့”
အဖွားဝမ်သုန်မေကို ဤအတိုင်း လွှတ်ထားလျှင် သူ့အဖေက ညစာပင် စားရတော့မည် မဟုတ်မှန်း ဖေဖေဝမ်သိသည်။
အရိပ်အခြေကို အကဲခတ်တတ်သည့် လိမ္မာပါးနပ်သူတစ်ယောက် အနေဖြင့် အဖွားဝမ်သုန်မေသည် ယဉ်ကျေးပျူငှာစွာဖြင့် သူမအား နှင်ထုတ်နေသည်ကို ကောင်းစွာ သဘောပေါက်ခဲ့သည်။
သူမက ရင်ဘတ်အိတ်ကပ်ထဲကနေ စာအုပ်တစ်အုပ်ကို ထုတ်လိုက်ပြီး ပြုံးရွှင်စွာဖြင့် စားပွဲပေါ်တင်လိုက်သည်။
“ဦးလေးဝမ်.. ဦးလေးအခု စိတ်မဝင်စားသေးဘူးဆိုတာ ကျွန်မသိပါတယ်.. ဒါပေမဲ့ ဒီစာအုပ်ကို ဒီမှာထားခဲ့ပါ့မယ်.. စိတ်ဝင်စားတဲ့အခါကျရင် စာအုပ်ကို ကြည့်နိုင်ပါတယ်.. ဦးလေးသဘောကျတဲ့လူ ရှိရင် ကျွန်မဆီ ဓာတ်ပုံသာ ပို့ပေးလိုက်ပါ.. ဓာတ်ပုံပိုင်ရှင်ကို ဦးလေးအိမ်ထိ အရောက်လာဖို့ ကျွန်မချက်ချင်း စီစဉ်ပေးပါ့မယ်”
“အန်တီဝမ်က အိမ်ထိတောင် ခေါ်လာမှာလား”
ဖေဖေဝမ်က ပြုံး၍ ပြောလိုက်သည်။
အဖွားဝမ်သုန်မေ “အင်းလေ.. ဦးလေးဝမ်က အရမ်းထူးခြားတယ်.. ငါတို့ သူ့ကိုသွားကျော်လို့မရဘူး.. အခုအရွယ်ထိ ဦးလေးဝမ်က သွက်လက် ဖျတ်လတ်နေတုန်းပဲ.. ဒါတောင် သူက အရွယ်တင်ထိန်းဆေးကို မသောက်ထားဘူး.. တကယ်တမ်းပြောရရင် ခုခေတ်မှာ ယောက်ျားလေးတော်တော်များများက ဦးလေးဝမ်လောက် မသန်စွမ်းကြဘူး.. အကယ်၍ ဦးလေးဝမ်သာ အရွယ်တင်နုပျိုဆေးကို သောက်လိုက်မယ်ဆိုရင် အိုင်ဒေါလ်တွေ အားလုံး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားလိမ့်မယ်.. ဒီအရွယ်တင်နုပျိုဆေးကို မင်းနဲ့အတူထားခဲ့မယ် တူလေးဝမ်”
ဖေဖေဝမ်နှင့်မေမေဝမ် “..........”
အဖွားဝမ်သုန်မေက မထွက်ခွာမီတွင် ရယ်မော၍ ဖိုးဖိုးဝမ်အား ပြောဖြစ်အောင် ပြောလိုက်သေးသည်။
“ဦးလေးဝမ်.. စာအုပ်ထဲက ဓာတ်ပုံတွေကို ကြည့်ဖြစ်အောင်ကြည့်ကြည့်နော်.. တချို့က အသက်ကြီးနေတယ် ဆိုပေမဲ့ ငယ်ငယ်တုန်းက အရမ်းလန်းတယ်.. ဦးလေးက သူတို့ရဲ့ ငယ်ရွယ်စဉ်က ရုပ်ရည်ကို သဘောကျတယ်ဆိုရင်လည်း ကျွန်မကအရွယ်တင်နုပျိုဆေးကို အခမဲ့ လက်ဆောင်ပေးပါ့မယ်”
ဖေဖေဝမ်နှင့်မေမေဝမ် “..........”
အဖွားဝမ်သုန်မေက ချက်ချင်း မထွက်ခွာသေးဘဲ ၅မိနစ်ခန့်စကားပြောဆိုပြီးမှသာ ထွက်သွားခဲ့သည်။
အဖွားဝမ်သုန်မေ ထွက်သွားသည်နှင့် ဖိုးဖိုးဝမ်သည် သူ၏ ကုလားထိုင်ပေါ်သို့ အရုပ်ကြိုးပြတ်သလို ထိုင်ချလိုက်သည်။
သူ့ဘဝက အဓိပ္ပါယ်အားလုံး ပျောက်ဆုံးသွားသလိုပင်။
သူက အလွန်ခါးသီးစွာ သက်ပြင်းချလိုက်သည်။
(Game of Throne Season 8)၏ ဆိုးရွားသည့် ဇာတ်သိမ်းကိုကြည့်ရသလိုပင် သူက သေချင်စော်နံနေခဲ့သည်။
“အန်တီဝမ်က အခွင့်အရေးကို ဘယ်လိုအသုံးချရမလဲဆိုတာ နားလည်သားပဲ”
ဖေဖေဝမ်က အဖွားဝမ်သုန်မေ ထားခဲ့သည့် စာအုပ်ကိုမလှန်မီ လှောင်ပြောင် ပြောဆိုခဲ့သည်။
ထို့နောက်တွင် ဖေဖေဝမ်က စာအုပ်ကိုလှန်၍ ကြည့်လိုက်ရာ စိတ်ဝင်တစား ဖြစ်သွားပြီး သူ၏မျက်မှန်ပင် နှာခေါင်းအောက်ကို လျှောကျသွားသည်။
“အာ.. အန်တီဝမ်ရဲ့ ပြင်ဆင်မှုက အရမ်းအသေးစိတ်တာပဲ”
ဖေဖေဝမ် အံ့အားသင့်သွားခဲ့သည်။
ထိုစာအုပ်ထဲတွင် မိန်းကလေး အမျိုးအစားအားလုံး ရှိနေခဲ့ပြီး လူမည်းမိန်းကလေးများပင် ပါဝင်နေသည်။
အဂါးလီးယား မာမတ်တီးသည် မီရှို့နိုင်ငံရှိ ရှားဖိုကျင့်ကြံခြင်းအကယ်ဒမီမှ ထိပ်တန်းဘွဲ့ရဖြစ်ပြီး ဝိညာဉ်ဓား အသုံးချအင်ဂျင်နီယာနှင့် လေစီဆင်းမှုနည်းပညာဖြင့် အဓိကဘွဲ့ကို ရရှိထားသည်။
သူမတွင် မစ်ရှယ်လင် ကြယ်ငါးပွင့်အသိအမှတ်ပြု လက်မှတ်လည်း ရှိသည်။
ထို့ပြင် သူမ၏ တင်၊ ရင်နှင့်ခါးဆိုဒ်ပင် ပါဝင်နေ၏။
ဖေဖေဝမ်က ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။
ဤအချက်အလက်တစ်ခုတည်းကို ကြည့်ခြင်းဖြင့် ဤနိုင်ငံခြားသူသည် လုံးဝ လျှော့တွက်၍ရသူ မဟုတ်မှန်း ဖေဖေဝမ် ကောင်းစွာသိသည်။
သို့သော် ဖေဖေဝမ်နားမလည်သည်မှာ ဤကဲ့သို့ ထူးချွန်ထက်မြက်သည့် မိန်းမများက အဘယ်ကြောင့် ဤစာအုပ်တွင် ရှိနေရပါသနည်း။
“အဖေ.. ဘာလို့မိန်းမတွေက အဖေ့ကို အသေရရ အရှင်ရရလိုချင်နေရတာလဲ.. တကယ်ဆို အဖေက အဖိုးကြီးပဲလေ.. အဖေက ရေမချိုးလို့များ သူတို့ကို ဆွဲဆောင်နိုင်တာလား”
ဖိုးဖိုးဝမ် “ပေါက်ကရ.. ငါနေ့တိုင်းရေချိုးပါတယ်ဟ”
ဖေဖေဝမ်က ရယ်မောလိုက်သည်။
“နောက်တာပါအဖေ.. ကျွန်တော်ကြည့်ရသလောက်တော့ မိန်းကလေးတွေရဲ့ ပရိုဖိုင်က မဆိုးပါဘူး.. အားလုံးက အဖေနဲ့ သင့်တော်တဲ့သူတွေချည်းပဲ”
ဖေဖေဝမ်၏ စကားကိုကြားသောအခါ မေမေဝမ်သည်လည်း ပါးစပ်ကို လက်ဖြင့်ဖုံးကာ ရယ်မောလိုက်သည်။
ဖိုးဖိုးဝမ်ငယ်စဉ်က စော်ကြည်ဘဲ ဖြစ်ခဲ့သည်ကို သူတို့လင်မယားနှစ်ယောက်လုံး ကောင်းစွာ သိခဲ့သည်မဟုတ်လော။
ဖိုးဖိုးဝမ် “ဟင်း…”
“အဖေ အဲလောက်လည်း သက်ပြင်းချမနေပါနဲ့”
ဖေဖေဝမ်က ဖိုးဖိုးဝမ်၏လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
“အဖေက ကြီးကျယ်မြင့်မြတ်တဲ့ ဒေါင့်တိုင်ပဲ.. ပင်လယ်ရွာလေးအတွက် အဖေလက်ထပ်မယ် ဆိုရင်လည်း မှားယွင်းတဲ့ဆုံးဖြတ်ချက်လို့ ကျွန်တော်မထင်ဘူး”
ထိုစကားကိုကြားလျှင် ဖိုးဖိုးဝမ်က ထိုင်ရာကနေ ထလိုက်သည်။
“ငါ့သား.. မင်းဘာမှမသိသေးပါဘူး”
“အဖေ.. လက်တွဲဖော်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ”
မေမေဝမ်က စူးစမ်းသော အမူအရာဖြင့် ဖိုးဖိုးဝမ်ကို မေးလိုက်သည်။
သူတို့ လင်မယားအတွက် ဖိုးဖိုးဝမ်၏ သဘောထားကသာ အမြဲတမ်း အရေးအကြီးဆုံး ဖြစ်သည်။
ပုံမှန်အားဖြင့် ဖိုးဖိုးဝမ်က လက်တွဲဖော်အသစ် ရှာဖွေရန် စိတ်မဝင်စားဟု ထင်ရသည်။
သို့သော်လည်း ဤသည်မှာ အခြားအချက်များကြောင့်လည်း ဖြစ်နိုင်သည် မဟုတ်လော။
ဥပမာအားဖြင့် ဖိုးဖိုးဝမ်တွင် စိုးရိမ်မှုများလည်း ရှိနေနိုင်သည်။
“အဖေ.. အဖေ တကယ်လက်တွဲဖော်အသစ် ရှာချင်ရင် ကျွန်တော်တို့အတွက် စိတ်ပူနေစရာ မလိုဘူး.. အရင်ကတည်းက အဖေ့ကို ပြုစုစောင့်ရှောက်ဖို့ မိထွေးတစ်ယောက်လောက် ရှာပေးဖို့တောင် စိတ်ကူးခဲ့ဖူးတယ်.. အမှန်တိုင်း ဝန်ခံရရင် ဒီပင်လယ်ရွာလေးမှာ အဖေတစ်ယောက်တည်း နေနေတဲ့အချိန် ကျွန်တော်တစ်ခါတစ်လေ စိတ်ပူမိတယ်.. လင်းလေးကအဖေ့ရဲ့ သတိမေ့ရောဂါကို ကုသပေးခဲ့ပေမဲ့ အရှင်းပျောက်သေးတာမဟုတ်ဘူး.. အဖေသာ အရင်လို သတိမေ့နေခဲ့မယ်ဆိုရင် ဦးလေးဝူနဲ့ ဦးလေးလျန့်တို့က မာကျောက်ကစားတဲ့အခါ အဖေ့ကို ဂျင်းထည့်ဖို့ လွယ်ကူသွားလိမ့်မယ်”
“အင်း.. မင်းပြောတာမှန်တယ်.. ဒီနှစ်ကောင်က တော်တော်လှည့်စားတတ်တဲ့ သူတွေပဲ”
ဖိုးဖိုးဝမ်က ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
“တကယ်တော့ ငါ သတိမေ့ရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းက မင်းရဲ့အမေကြောင့်ပဲ”
ဖိုးဖိုးဝမ်က လေးနက်သော အမူအရာဖြင့် ဖေဖေဝမ်အား ပြောလိုက်သည်။
“မင်းက အသည်းနှလုံးမရှိတဲ့ကောင်.. မင်းအမေ အသက်ရှင်စဉ်က မင်းကိုအကောင်းဆုံး ဆက်ဆံပေးခဲ့တယ်.. ဒါတောင်မင်းက မိထွေးကိုရှာဖို့ တွေးရဲသေးတယ်ပေါ့လေ”
“ကျွန်တော် ဆိုလိုချင်တာ အဲလို အဓိပ္ပါယ်မဟုတ်ပါဘူး.. မှန်ပါတယ်.. အမေက ကျွန်တော့်အပေါ် ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော်သိပါတယ်.. ဒါကြောင့်ပဲ ဘိုးဘေးကန်တော့တဲ့အခါမှာ အမေ့ကို ဘယ်တော့မှမေ့မရတာပေါ့.. အဖေ့အနေနဲ့ အမေ့အပေါ်မှာ ဘယ်လိုခံစားချက်ရှိလဲဆိုတာ ကျွန်တော်သိပါတယ်.. ဒါပေမဲ့ ပြဿနာက မိန်းကလေး တော်တော်များများက အဖေ့ကိုမျက်စိကျနေတာပဲ.. တကယ်လို့ အဖေ စိတ်မဝင်စားဘူးဆိုရင်လည်း သူတို့ကြိုးစားတာကို ရပ်တန့်သွားအောင် ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းလိုက်တာ အကောင်းဆုံးပဲ”
ထိုစကားကိုကြားလျှင် ဖိုးဖိုးဝမ်သည် ဝမ်းနည်းသော အမူအရာများ ဖြစ်ပေါ်လာသည်။
“တစ်ခါတစ်ရံမှာ တစ်စုံတစ်ယောက်ကို လက်မလွှတ်ရမချင်း အဲဒီလူရဲ့တန်ဖိုးကို ငါတို့တွေ့က မသိတတ်ခဲ့ဘူး.. မင်းအမေ ငါ့အနားမှာရှိစဉ်က သူငါ့ကို လျစ်လျူရှုတဲ့ အချိန်တွေရှိတယ်.. ငါ့ကို ဗျစ်တောက်ဗျစ်တောက် ပြောဆိုတဲ့ အချိန်တွေလည်း ရှိခဲ့တယ်.. ငါအဲဒီအကျင့်တွေကို သဘောမကျခဲ့ဘူး.. မင်းအမေဆုံးသွားတဲ့အခါမှ ငါနားလည်လာခဲ့တယ်.. ငါ့ရဲ့ နှလုံးသားက ဟာတာတာ ဖြစ်နေပြီး မင်းအမေရဲ့အသံက ငါ့ရဲ့နားထဲမှာ အမြဲ ပဲ့တင်ထပ်နေတယ်.. ငါ့သူ့ကို လုံးဝမေ့မရခဲ့ဘူး.. ငါလက်တွဲဖော်ရှာဖို့ စဉ်းစားခဲ့ပေမဲ့လည်း မင်းအမေရဲ့ ဝိညာဉ်က ငါ့နဲ့အတူရှိနေခဲ့ပြီး ငါ့အနားကနေ မထွက်ခွာသွားဘူးလို့ ငါအမြဲခံစားရတယ်”
ဖိုးဖိုးဝမ်၏ စကားကိုနားထောင်ရင်း ဖေဖေဝမ်၏ မျက်လုံးကနေ မျက်ရည်များ စီးကျလာသည်။
သို့သော် ဖိုးဖိုးဝမ်ကို မခံစားစေချင်၍ သူက မျက်ရည်များကို သုပ်ကာ ပြုံးပြလိုက်သည်။
“အဖေကတော့ ပေါက်ကရပြောနေပြီ.. အမေရဲ့ ဝိညာဉ်ကဘယ်လိုလုပ်ပြီး ရှိနေဦးမှာလဲ”
ဖေဖေဝမ်၏ စကားကိုကြားလျှင် ဖိုးဖိုးဝမ်က မျက်လုံးပြူးသွားသည်။
“ဖြန်း”
ပါးရိုက်သံက လေထဲတွင် ရုတ်တရက် ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။
မြင်ကွင်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။
ဖေဖေဝမ်၏ မျက်နှာဘယ်ဘက်ခြမ်းတွင် လက်ရာတစ်ခုကျန်ရစ်နေခဲ့သည်။
ဖေဖေဝမ်က ဤခံစားချက်ကို ရင်းနှီးပြီးသား ဖြစ်သည်။
ဖေဖေဝမ်က အလွန်တရာ ထိတ်လန့်သွားပြီး နေရာမှာပင် အေးစက်သော ချွေးစေးများ ထွက်လာခဲ့သည်။
“မေဘေးလေး.. မင်းအမေဒီမှာရှိနေတယ်ဟ.. မင်းကိုနောက်ထပ် ရိုက်ဦးမှာ သေချာတယ်”
“ဖြန်း”
ထို့နောက်တွင် ဖေဖေဝမ်၏ မျက်နှာ ညာဘက်ခြမ်း၌ နောက်ထပ် လက်ရာတစ်ခု ကျန်ရှိနေခဲ့သည်။
ပြီးနောက် ဘာမှထပ်မရှိတော့ပေ။
သားအဖနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ရင်း တုန်လှုပ်နေကြသည်။
မေမေဝမ် “..........”
ဖိုးဖိုးဝမ်က လက်တွဲဖော် ရှာဖို့ စိတ်ကူးကို အဘယ်ကြောင့်ဆန့်ကျင်နေရသလဲ ဆိုသည့်မေးခွန်းအား ဖေဖေဝမ်က နောက်ဆုံးတွင် သဘောပေါက်သွားသည်။
ဤသည်က လူတစ်ယောက် ရှင်သန်နေရသည့် အဓိပ္ပါယ်အစစ်အမှန်လည်း ဖြစ်၏။
အပိုင်း(၁၀၀၈) ပြီး၏