မေမေဝမ်၏ ဒုတိယမြောက် ကိုယ်ဝန် အစီအစဥ်
Vol. 68 Ch. 1009
သားအဖနှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားရင်း အချိန်အတော်ကြာ တုန်လှုပ်သွားခဲ့ကြသည်။
ထို့နောက်တွင် ဖေဖေဝမ်က လေသံပျော့ပျော့ဖြင့် မေးလိုက်သည်။
“အမေ.. အမေ ရှိနေသေးတာလား”
သို့ရာတွင်ဖိုးဖိုးဝမ်က အချိန်အတော်ကြာ ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။
သူ့အမေက သူ့အား ရိုက်နှက်သည်ကို ရပ်လိုက်သော်လည်း ဖေဖေဝမ်သည် ဆုံးရှုံးသွားသော ခံစားချက်ကို မထင်မှတ်ဘဲခံစားလိုက်ရသည်။
“မရှိတော့ဘူး.. သူထွက်သွားပြီထင်တယ်”
ဖိုးဖိုးဝမ်က သက်ပြင်းရှည်ကို ချ၍ ပြောလိုက်သည်။
“မင်းအမေရဲ့ စိတ်ဓာတ်က လာချင်တဲ့အချိန်လာပြီး သွားချင်တဲ့အချိန်သွားတတ်တာ မင်းလည်း သိတာပဲလေ.. သူဘယ်ရောက်သွားလဲ ဆိုတာ ဘယ်သူသိနိုင်မှာလဲ”
“အမေရှိနေသေးတယ်ဆိုတာ အဖေ ဘယ်ကတည်းက သိနေတာလဲ”
ဖေဖေဝမ်က ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။၊
“မင်းအမေဆုံးပြီး ရက်လည်လောက်မှာ ငါသိခဲ့တယ်”
“ဒါဆို နှစ်၂၀လောက်တောင် ရှိပြီပေါ့”
ဖေဖေဝမ်က အံ့အားသင့်သွားခဲ့သည်။
“ဟုတ်တယ်.. မင်းအမေက ဒီနှစ်၂၀လုံးမှာ ငါ့ဆီကို ရံဖန်ရံခါလာလေ့ရှိတယ်”
ဖိုးဖိုးဝမ်က မချိပြုံးပြုံး၍ ပြောလိုက်သည်။
“ဒါပေမဲ့ သူက တခြားဘယ်နေရာကိုမှတော့ မသွားဘူး.. ဒီအိမ်ကိုပဲ လာလေ့ရှိတယ်.. ငါအခု အောင်သွယ်ပေးတာတွေကို ဘာကြောင့် ရှောင်နေရလဲဆိုတာ မင်းသိပြီမဟုတ်လား”
“ဆက်မပြောနဲ့တော့အဖေ.. ကျွန်တော်နားလည်ပါပြီ”
မိန်းမကြောက်ရခြင်းသည် ဝမ်မိသားစုမှ အမျိုးသားများ၏ မူပိုင်စရိုက်လက္ခဏာတစ်ခု ဖြစ်သည်။
ဝမ်မိသားစုအိမ်ငယ်လေးတွင်လည်း ဖေဖေဝမ်သည် မေမေဝမ်ကို အရမ်းကြောက်ရသည်။
ယခုအချိန်တွင် ဖေဖေဝမ်နှင့် ဖိုးဖိုးဝမ်တို့သည် မုန်တိုင်းထဲတွင် အညှာတာမဲ့စွာ လူးလှိမ့်နေရသောမြက်ပင် ကဲ့သို့ ရှိနေကြသည်။
မေမေဝမ် “ဒါဆို လင်းလင်းကိုခေါ်ပြီး အမေ့ရဲ့ဝိညာဉ်ကို ဖမ်းခိုင်းရမလား”
“သူ့အဖွားကို သူက ဘယ်လိုလုပ်ပြီး ဖမ်းမှာလဲ”
“ဒါဆိုအဖေ သမီးတို့ ဘာဆက်လုပ်သင့်လဲ”
“မင်းတို့အမေက ဒီမှာနေချင်တဲ့ အတွက် သူ့ကို ခွင့်ပြုပေးလိုက်ပါ.. တခြားသူလည်း မဟုတ်ဘူးလေ.. ဒါ့အပြင် သူ့ဆီမှာ ရန်လိုတဲ့စိတ်လည်း မရှိတာ သေချာပါတယ်”
ဖေဖေဝမ် “ခုနက ပါးရိုက်ချက်နှစ်ချက်က တော်တော်ပြင်းတယ်.. ခေါင်းထဲမိုက်ခနဲ ဖြစ်သွားတာပဲ.. ပါးရိုက်ပြီး ပထမစက္ကန့်မှာ အနာကျင်ဆုံးပဲ.. ပါးပြင်ပေါ်မှာ လက်ရာက နီရဲနေအောင် ကျန်ရစ်ခဲ့တယ်.. ခုထိ ပါးက ပူစပ်ပူလောင် ဖြစ်နေသလိုပဲ.. အဖေ.. အမေ ပါးရိုက်တဲ့ဒဏ်က ဘယ်လောက်တောင် ကြာနိုင်လဲ”
“အလွန်ဆုံး ၄၈နာရီလောက်ပါပဲ.. ငါ့သား”
မေမေဝမ် “..........”
ထိုခဏတွင် ဖေဖေဝမ်သည် အနည်းငယ် လွမ်းဆွတ်သောအမူအရာဖြင့် ပြောလိုက်သည်။
“ပါးရိုက်တဲ့နေရာမှာတော့ ဘယ်သူမှအမေ့ထက် သာမှာမဟုတ်တာသေချာတယ်”
ထိုအချိန်တွင် ဖေဖေဝမ်သည် ဝမ်လင်းက သူ့အဖွားဆီမှ အမွေဆက်ခံလိုက်ပြီ ဆိုသည်ကို မသိခဲ့ပေ။
ဖိုးဖိုးဝမ်က အိမ်ထောင်ဖက်နှင့် ပတ်သတ်သည့် အင်တာဗျူးများကို အဘယ်ကြောင့် ကြောက်လန့်နေရသည်အား သိရှိပြီးနောက်တွင် ဖေဖေဝမ်သည် ထိုညတွင် ထိုကိစ္စနှင့် ပတ်သတ်၍ မေးခွန်းများ မမေးတော့ပေ။
အဓိကအချက်မှာ သူ မဝံ့ရဲ၍ ဖြစ်သည်။
ကွယ်လွန်သူ မိခင်ကြီးက သူ့ကိုတစ်နေရာမှ စောင့်ကြည့်နေမလားဆိုသည်ကို ဘုရားသခင်သာ သိလိမ့်မည်မဟုတ်လော။
ရုပ်ရှင်ထဲကလို ဗီရိုကို ဖွင့်လိုက်သည်နှင့် ဗီရိုထဲတွင် သူ့အမေ ဆောင့်ကြောင့်ထိုင်နေသည်ကို တွေ့လိုက်ရလျှင် မည်မျှပင်ကြောက်စရာ ကောင်းလိမ့်မည်နည်း။
ထိုညတွင် ဖိုးဖိုးဝမ်သည် စောစောအိပ်ရာဝင်ခဲ့သည်။
နေ့ခင်းဘက်တွင် ခရီးပန်းလာသည့်အပြင် အဖွားဝမ်သုန်မေ၏ အိမ်ထောင်ဖက် အင်တာဗျူးများကြောင့် သူ အတော်လေး စိတ်ပင်ပန်းနေသည်။
ပင်လယ်ရွာလေးသည် ညဘက်တွင် အေးချမ်းသာယာနေသည်။
ဤနေရာရှိ လူထုလုံခြုံရေးသည် အထူးကောင်းမွန်၏။
ရွာကော်မတီရှိ အစောင့်များသည် ရွာကိုညစဉ် ကင်းလှည့်လေ့ရှိကြသည်။
ဤရွာလေးတွင် မှုခင်းဖြစ်ပွားနှုန်းသည် သုညနီးပါးဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ပင်လယ်ရွာလေးတွင် ဖြစ်ပွားခဲ့သည့် မှုခင်းအရေအတွက်သည် လက်တစ်ဖက်ဖြင့်ပင် ရေတွက်နိုင်ပေသည်။
မေမေဝမ်က အိပ်ရာအဆင်သင့်ပြင်ပြီးနောက်တွင် သူမ၏အသားအရေ ထိန်းသိမ်းမှုကို စတင် လုပ်ဆောင်ခဲ့သည်။
ဤအရာသည် အိမ်ရှင်မ ဖြစ်လာပြီးနောက်တွင် သူမ နှစ်သက်ခဲ့သည့်အရာ ဖြစ်သည်။
ယခင်က စာရေးဆရာဖြစ်နေစဉ်တွင် သူမသည် အသားအရေကို သိပ်ဂရုမစိုက်ခဲ့ပေ။
ယခုအခါတွင်မူ သူမက စာမရေးတော့သဖြင့် အချိန်ပိုများထွက်လာခဲ့ပြီး သူမကိုယ်သူမ ဂရုစိုက်ရန် အချိန်ပိုရလာခဲ့သည်။
မေမေဝမ်က သူမ၏ လက်ဖဝါးပေါ်သို့ လိမ်းဆေးရည်အနည်းငယ်ကို ဖြန်းလိုက်ပြီး မျက်နှာကို ညင်သာစွာ နှိပ်နယ်လိုက်သည်။
“အဖေ့ကိစ္စနဲ့ ပတ်သတ်ပြီး ဘာလုပ်သင့်တယ်လို့ ထင်လဲ”
“ငါ့တို့ကဘာလုပ်နိုင်မှာလဲ.. အမေရဲ့ ဝိညာဉ်ရှိနေသရွေ့တော့ အဖေက သူ့ရဲ့ နောက်ဆုံးနှစ်တွေကို တစ်ကိုယ်တည်းနေမှာသေချာတယ်”
ဖေဖေဝမ်က ခါးသီးစွာပြုံး၍ ပြောလိုက်သည်။
ဖိုးဖိုးဝမ်၏ ကိစ္စနှင့်ပတ်သတ်၍ သူအပြင်းအထန် တွေးတောနေခဲ့သည်။
အဓိကပြဿနာမှာ ဖွားဖွားဝမ်သုန်မေ၏ အတင်းအကျပ် စပ်ဟပ်နေခြင်းကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။
သူ့အမေ ဝိညာဉ်ရှိနေသေးသည်ကို သိပြီးနောက်တွင် ဖေဖေဝမ်သည် ဖိုးဖိုးဝမ်ကို အောင်သွယ်ပေးရန် စိတ်ကူးနေသည့်ဖွားဖွားဝမ်သုန်မေ လက်လျှော့သွားစေမည့် နည်းကို စဉ်းစားခဲ့သည်။
“ကျွန်မ နည်းလမ်းတစ်ခု စဉ်းစာမိပြီ”
မေမေဝမ်က စားပွဲမှငှက်ပျောသီးကို ကောက်ယူ၍ အခွံနွှာရင်း ပြောလိုက်သည်။
ဖေဖေဝမ်က မေမေဝမ်၏ အပြုအမူကြောင့် ထိတ်လန့်သွားသည်။
“အန်တီဝမ်သုန်မေကို သတ်ပစ်ဖို့က ငှက်ပျောသီး အခွံနွှာသလိုမျိုး လွယ်တယ်လို့ မင်းက ဆိုလိုချင်တာလား.. ဒါပေမဲ့ ငါ့တို့ အဲလိုမလုပ်သင့်ဘူးလေ.. အန်တီဝမ်သုန်မေက နည်းနည်း လက်ပေါက်ကပ်ပေမဲ့ သတ်ရတဲ့ထိတော့ မဟုတ်သေးဘူး.. အပြစ်မရှိတဲ့လူက ထိခိုက်အောင်လုပ်ရင် အရမ်းရက်စက်ရာကျမယ်”
ဖေဖေဝမ်၏စကားကြောင့် မေမေဝမ်၏ မျက်နှာက အနည်းငယ် နီရဲသွားခဲ့သည်။
“ကျွန်မဘာသာ ငှက်ပျောသီး အခွံနွှာနေတာလေ.. ရှင်ကဘာတွေ လျှောက်ပြောနေတာလဲ”
ဖေဖေဝမ် “အဲဒါဆို မင်းရဲ့အစီအစဉ်က ဘာလဲ”
မေမေဝမ် “လင်းလင်းက အခုကြီးပြင်းလာပြီဆိုတော့ သူ့ကိုယ်သူ စောင့်ရှောက်နိုင်နေပြီ.. အကယ်၍သာ ငါတို့မှာ နောက်ထပ်ကလေးတစ်ယောက် ရှိလာခဲ့ရင်..”
ဖေဖေဝမ်က ခေါင်းခါယမ်းလိုက်သည်။
“မဖြစ်ဘူး.. ဒါတော့ လုံးဝမဖြစ်ဘူး”
ဖေဖေဝမ်က တကယ်ကို ကြောက်နေမိသည်။
သူတို့၏လက်ရှိ ကလေးတစ်ယောက်ကပင် ကမ္ဘာမြေကြီးကို ဖျက်ဆီးလုနီးပါး အစွမ်းထက်နေသည်။
ဝမ်လင်း၏အော်ရာကိုသာ ထုတ်လွှတ်လိုက်လျှင် ကမ္ဘာကြီးက ပျက်စီးသွားနိုင်သည် မဟုတ်လော။
အကယ်၍သာ ဒုတိယတစ်ယောက် ထပ်ရှိလာလျှင် စကြာဝဠာကြီးပင် ပေါက်ကွဲသွားလိမ့်မည်ဟု သူထင်ခဲ့သည်။
“လင်းလင်း သူ့စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း မရှိတာက သူ့ခံစားချက်တွေနဲ့ အများကြီးသက်ဆိုင်တယ်လို့ ရှင်အရင်ကပြောခဲ့ဖူးတယ်.. သူ့စိတ်က အမြဲအေးစက်စက် ဖြစ်နေတယ်.. ကျွန်မတို့က သူ့အတွက် ညီလေး ဒါမှမဟုတ် ညီမလေး မွေးပေးနိုင်မယ် ဆိုရင် သူ့အတွက် ပိုကောင်းစေမယ်လို့ မထင်ဘူးလား”
မေမေဝမ်က ပြုံးလိုက်ပြီး ဖေဖေဝမ်ကို စိုက်ကြည့်လိုက်သည်။
သူမ၏အမူအရာက တဖြည်းဖြည်း အေးစက်လာသည်။
“ဒါမှမဟုတ် ရှင်က ကျွန်မနဲ့ကလေး မယူချင်တာလား.. ကျွန်မကိုယ်စား တခြားတစ်ယောက်နဲ့ ကလေးယူချင်လို့လား”
ထိုစကားကိုကြားလျှင် ဖေဖေဝမ်က သူ့လက်နှစ်ဖက်ကို အပေါ်သို့မြှောက်၍ ခပ်ရွှတ်ရွှတ် ပြောလိုက်သည်။
“အရှင်မင်းကြီး.. ကျွန်တော်မျိုး မှားသွားပါတယ်”
“ဒါဆိုလည်းပြီးတာပဲ”
မေမေဝမ်က ရယ်မောလိုက်သည်။
“ကျွန်မမှာ ကိုယ်ဝန်ရသွားရင် အန်တီဝမ်ရဲ့ အာရုံကို လွှဲနိုင်လိမ့်မယ်.. တကယ်တော့ ကျွန်မက ကျွန်မတို့ ဝမ်မိသားစုရဲ့ အရေအတွက်ကို အများကြီး ရှိစေချင်တယ်”
ဖေဖေဝမ်က ပြုံးလိုက်သည်။
“မိန်းမရဲ့ အစီအစဉ်က မဆိုးပါဘူး.. ဒါပေမဲ့ ကိုယ်ဝန်ရဖို့က မလွယ်ဘူးထင်တယ်.. လင်းလင်းတောင် ကံကောင်းလို့ရတာလေ”
“တစ်ကြိမ်နဲ့ မလုံလောက်ရင် နောက်ထပ် အကြိမ်အနည်းငယ် ထပ်ကြိုးစားမှာပေါ့”
“..........”
“ဘာလို့ ဒီလောက်ဒုံးဝေးနေတာလဲ.. အခုကစပြီး ကြိုးစားလိုက်ရအောင်”
“ဒီညလုပ်မလို့လား.. အဖေ အနားယူနေတယ်လေ.. အသံကလည်း သိပ်လုံတာမဟုတ်ဘူး”
ဖေဖေဝမ်က တအံ့တဩ ပြောလိုက်သည်။
“ဒါက ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတယ်.. ကျွန်မတို့ တစ်ညလုံး တောက်လျှောက်လုပ်ကြတာပေါ့”
“မိန်းမ.. မင်းက အရမ်းကိုတက်ကြွနေတာပဲနော်”
----------------------------
တစ်ချိန်တည်းမှာပင် ကြေးမုံနန်းတော်၏ ရေပလ္လင်အနီးသို့ ချဉ်းကပ်နေသောဝမ်လင်းသည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
ထူးဆန်းပြီး အဓိပ္ပါယ်ဖော်၍မရသော ခံစားချက်တစ်ခုသည် သူ၏ ရင်ထဲသို့ စိမ့်ဝင်လာခဲ့သည်။
သူက တစ်ခုခုကို တွေးမိသကဲ့သို့ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။
“ဘာများမှားလို့လဲ”
ဝမ်မင်က ဝမ်လင်းကိုကြည့်၍ ပြောလိုက်သည်။
ဝမ်လင်းက "အစ်ကိုဖြစ်ရတဲ့ခံစားချက်က ဘယ်လိုလဲ"ဟု ဝမ်မင်ကို ခပ်တိုးတိုး ပြန်မေးလိုက်သည်။
အပိုင်း(၁၀၀၉) ပြီး၏