← Chapters

အထူးပုဂ္ဂိုလ်လေးဦး၏ အကူအညီ

Vol. 68 Ch. 1010

အထူးပုဂ္ဂိုလ်လေးဦး၏ အကူအညီ

Vol. 68 Ch. 1010

ဒြပ်စင်ငါးပါးယစ်ပလ္လင်..

“ငါတို့ကို တားမြစ်ချင်ရင် မင်းတို့တွေ ဒြပ်စင်ငါးပါးယစ်ပလ္လင်ကို ထိန်းချုပ်မှရမယ်”

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးတွင် အယောင်ဆောင်နှစ်ဦးက ဝန်ခံလိုက်သည်။

ဒေါသဓမ္မရာဂျာ၏ အီလက်ထရောနစ် တေးဂီတကို နားထောင်ခြင်းကြောင့် သူတို့၏ ခန္ဓာကိုယ်များသည် ကွဲအပ်သွားပြီး အရေခွံများ စုတ်ပြဲကာ နီမြန်းသွားခဲ့သည်။

ယခုအခါတွင် သူတို့သည် မြေပြင်ပေါ်တွင် ကောက်ကွေးနေပြီး ကောက်ညှင်းထုပ်နှင့်ပင် တူနေသည်။

၎င်းတို့သည် ရူပဗေဒလက်နက်၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ကလီစာများ ကွဲအက်သွားခဲ့သည်။

“ကျေးဇူးပြုပြီး မနှိပ်စက်ပါနဲ့တော့”

အယောင်ဆောင်နှစ်ယောက်က သနားစဖွယ် တောင်းပန်ခဲ့ကြသည်။

သူတို့က သူတို့၏စိတ်ရင်းကို ဖော်ပြရန်အတွက် သူတို့၏ကိုယ်တွင်းရှိ အမြုတေကို ထုတ်ယူလိုက်ကြသည်။

ထိုအမြုတေက သလင်းကျောက်နှင့် တူသော အရာတစ်ခုဖြင့် ဖွဲ့စည်းထားသည်။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရှိ လူများသည် ထိုကဲ့သို့ အမြုတေကို တစ်ခါမှမမြင်ဖူးခဲ့ပေ။

ထိုခဏတွင် ဖက်တီးလောသည် အတွင်းအမြုတေကို လက်ဖြင့် ထိကိုင်ကြည့်လိုက်ရာ အယောင်ဆောင်နှစ်ဦးထဲမှ တစ်ဦးသည် နာကျင်စွာဖြင့် မြေပြင်ပေါ် လူးလှိမ့်သွားခဲ့သည်။

“ဒီအတွင်းအမြုတေက ကြေးမုံနန်းတော်က ပစ္စည်းတစ်ခုခု ဖြစ်နိုင်တယ်.. ငါ့အထင်တော့ ဒါက ဒြပ်ပေါင်းတစ်မျိုးပဲ.. ဒီလိုပစ္စည်းမျိုးကို ဖန်တီးနိုင်တဲ့သူက ဉာဏ်ကြီးရှင်ပဲ ဖြစ်ရမယ်”

'ဖက်တီးလော'က ရိုးရှင်းစွာပင် ချီးကျူးလိုက်သည်။

မှော်ရတနာအကြောင်းကို သုတေသနပြုရာတွင် ကျော်ကြားသောကျင့်ကြံသူ တစ်ဦးအနေဖြင့် ဖက်တီးလောကို နိုင်ငံခေါင်းဆောင်001ကို လေ့လာရန်အတွက် ဥက္ကဌချီက တရားဝင် ဖိတ်ကြားခဲ့ဖူးသည်။

ထို့ကြောင့် ဖက်တီးလောသည် လူသားပုံတူပွားခြင်းနှင့် ဇီဝဗေဒဆိုင်ရာ အကြောင်းအရာများ အကြောင်းကို ကောင်းစွာသိရှိထားသူ ဖြစ်သည်။

လူပုံသဏ္ဍာန် ရုပ်သေးများ ပြုလုပ်ရန်အတွက် သင့်တော်သောဒြပ်ပေါင်းကို ရှာဖွေရန်မှာ အမြဲတစေ အရေးပါသည့် သိပ္ပံဆိုင်ရာ သုတေသနတစ်မျိုးဖြစ်သည်။

လူသားတစ်ယောက်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် အလွန်ရှုပ်ထွေးသည်။

ခြေအတုနှင့် လက်အတုများ ဖန်တီးရန်အတွက် စိတ်ဝိညာဉ်ကြာပန်း သို့မဟုတ် နတ်ရွှံ့ကို အသုံးပြု၍ရသော်လည်း ၎င်းတို့သည် ရည်ရှည်တည်တံ့သည့် အရာများမဟုတ်ပေ။

ထို့အပြင် ထိုအရာများနှင့် ပြုလုပ်ထားသည့် ခြေတုလက်တုများသည် ပျက်စီးလွယ်သည်။

ထို့ကြောင့် ခြေတုလက်တုများ အစားထိုးထားသော ကျင့်ကြံသူများသည် အခြားသော ကျင့်ကြံသူများကဲ့သို့ လွတ်လွတ်လပ်လပ် မတိုက်ခိုက်နိုင်ကြပေ။

“ဒြပ်စင်ငါးပါး ယစ်ပလ္လင်ဆိုတာက ဘာလဲ”

ဗုံးပစ်စီနီယာအင်မော်တယ်က ထပ်မံ မေးမြန်းလိုက်သည်။

“ဒြပ်စင်ငါးပါး ယစ်ပလ္လင်က ကြေးမုံနန်းတော်ကမ္ဘာရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းပေးထားတဲ့ မှော်အစီအရင်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းပဲ.. လောလောဆယ်မှာတော့ ဒီဒြပ်စင်ငါးပါးယစ်ပလ္လင်ကို အနက်ရောင်အရိပ် စစ်တပ်က ထိန်းချုပ်ထားတယ်.. ဒြပ်စင်ငါးပါး အသွင်ပြောင်း မှော်စွမ်းရည်ကို အသက်သွင်းပြီးတာနဲ့ ကြေးမုံနန်းတော်ကမ္ဘာက လက်တွေ့ကမ္ဘာနဲ့ပေါင်းစည်းသွားလိမ့်မယ်.. ကမ္ဘာနှစ်ခုက တစ်ခုနဲ့တစ်ခု ခွဲခြားမရတော့ဘဲ ကမ္ဘာကြီးတစ်ခုတည်း ဖြစ်လာလိမ့်မယ်”

အယောင်ဆောင်နှစ်ဦးက သူတို့သိထားသမျှ အရာအားလုံးကို ပြောပြလိုက်သည်။

“ဒီတစ်ခါတော့ ငါတို့တွေ တကယ် လုပ်ရကိုင်ရ ခက်ခဲမယ့်ပုံပဲ”

ဗုံးပစ်စီနီယာအင်မော်တယ်က မှော်တောင်ဝှေးကို လက်ထဲတွင်ကိုင်၍ လေးနက်သောအမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

ထို့နောက်တွင် သူသည် အယောင်ဆောင်နှစ်ဦးထံမှ ကြေးမုံနန်းတော်ကမ္ဘာ၏ မြေပုံကို ရယူခဲ့ကြသည်။

ယစ်ပလ္လင်ငါးလုံးသည် မတူညီသော နေရာများတွင် တစ်ခုချင်းစီတည်ရှိနေကြသည်။

“ဒြပ်စင်ငါးပါး အသွင်ပြောင်းမှော်စွမ်းရည်ကို အသက်သွင်းလို့မရအောင် ဒြပ်စင်ငါးပါး ယစ်ပလ္လင်တွေကို တစ်ခုချင်းစီ တစ်ချိန်တည်း ပိတ်ပစ်ရမှာဖြစ်တယ်.. ဒါပေမဲ့ ဆရာက အဲဒါကို လုပ်နိုင်လောက်တယ် မဟုတ်လား”

ဝမ်လင်း၏ အိပ်ခန်းထဲမှ ကျိုးရီသည် သူတော်စင် အင်မော်တယ်ကျမ်း၏ ဖန်သားပြင်မှတစ်ဆင့် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။

“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

သူတော်စင်အင်မော်တယ်ကျမ်းကလည်း စိုးရိမ်နေပုံရသည်။

“ဒါက သာမန်ဒြပ်စင်ငါးပါး အစီအရင်ဆိုရင်တော့ ငါ့သခင်ရဲ့ခွန်အားက ဒီအစီအရင်ကို ပိတ်ပစ်ဖို့ လုံလောက်တာထက်တောင်ပိုတယ်.. ဒါပေမဲ့ ဒီဒြပ်စင်ငါးပါး အစီအရင်ကတော့ ကမ္ဘာတစ်ခုလုံးရဲ့ စွမ်းအားကို စုစည်းထားတာဖြစ်တယ်.. ဒါကြောင့်ငါ့သခင်က ဒီအစီအရင်ကို ပိတ်ပစ်ချင်တယ်ဆိုရင် ဝိညာဉ်စွမ်းအင်တွေကို အများကြီးသုံးရမှာ သေချာတယ်.. လက်ရှိမှာ သူ့ရဲ့ခွန်အားကို တာအိုအဆောင်လက်ဖွဲ့ စည်းတံဆိပ်နဲ့ ထိန်းချုပ်ထားတဲ့ အတွက် ယစ်ပလ္လင်ငါးခုလုံးကို တစ်ပြိုင်နက် ပိတ်ပစ်ဖို့က အမှန်တကယ် ခက်ခဲလိမ့်မယ်.. တာအိုအဆောင် စည်းတံဆိပ်ကိုဖယ်ရှားပြီး ပိတ်ပစ်မယ်ဆိုရင် ဖြစ်နိုင်ပေမဲ့ အဲလိုလုပ်လိုက်ရင် သူ့ရဲ့ ဝိညာဉ်စွမ်းအင်တွေက အတိုင်းအဆမရှိ ထွက်ပေါ်လာပြီး ကြေးမုံနန်းတော်နဲ့ လက်တွေ့ကမ္ဘာကြီးက ချက်ချင်း ပြဿနာတက်နိုင်တယ်”

“အဲဒီလောက်တောင်ပဲလား”

ကျိုးရီက ပါးစပ်အဟောင်းသားဖြင့် မယုံနိုင်အောင်ဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် ကြေးမုံနန်းတော်ကမ္ဘာရှိ ဝမ်လင်းသည် ဤပြဿနာကို သဘောပေါက်သွားခဲ့သည်။

ယစ်ပလ္လင်များကို စောင့်ကြပ်နေသော အနက်ရောင်အရိပ်တပ်သားများကို ကိုင်တွယ်ရန်မှာ မခဲယဉ်းပေ။

တကယ့်အခက်အခဲမှာ ယစ်ပလ္လင်ငါးလုံးကို တစ်ပြိုင်နက်ပိတ်ပစ်ရန်ဖြစ်သည်။

အမေကျွမ့်၊ ထွင်ထျန်းဟာ၊ ဝမ်မင်နှင့် ကော်ဖျင်တို့ကို ထည့်ရေတွက်လျှင် သူတို့ထဲ၌ လူလေးဦးနှင့် ခွေးတစ်ကောင် ရှိသည်။

သို့သော် ပြဿနာမှာ သူကလွဲလျှင် ကျန်လေးဦး၏ ပေါင်းစပ်ခွန်အားသည် ယစ်ပလ္လင် တစ်လုံးကို ပိတ်ပစ်ရန် မလုံလောက်ခြင်း ဖြစ်သည်။

ဤသည်က သူ့ဘဝတွင် ပထမဆုံးအကြိမ် ခက်ခဲသော ကံကြမ္မာ ရှိခဲ့သည်ဟု ဝမ်လင်းဝန်ခံရမည် ဖြစ်သည်။

သူက အရာအားလုံးကို သူ့အစွမ်းအစနှင့် ပြင်ဆင်နိုင်မည်ဟု ထင်ခဲ့သည်။

သူယခု ဘာလုပ်သင့်ပါသနည်း။

သူ့လက်မောင်းရှိ တာအိုအဆောင် စည်းတံဆိပ်ကို ခွာထုတ်သင့်ပါသလော။

သူ့အနေဖြင့် လက်မောင်းပေါ်ရှိ တာအိုအဆောင်စည်းတံဆိပ်ကို ခွာထုတ်ပြီး ယစ်ပလ္လင်ငါးပါး ဆီသို့ ကိုယ်ပွားများ ပေးပို့နေသရွေ့ ကာလပတ်လုံး သူ၏ စွမ်းအားဖြင့် ပိတ်ပစ်ရန်မှာပြဿနာမရှိပေ။

သို့သော်ပြဿနာမှာ သူ၏ဝိညာဉ်စွမ်းအင် ထွက်ရှိမှုကို သူကိုယ်တိုင် အမှန်တကယ် ထိန်းချုပ်နိုင်ပါ့မလား ဟူသော မေးခွန်း ဖြစ်သည်။

အကယ်၍ ချွတ်ချော်သွားလျှင် အကျိုးဆက်က မှန်းဆ၍ပင် မရပေ။

ဝမ်လင်းက ယစ်ပလ္လင်ရှေ့တွင် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး စည်းတံဆိပ်ကို ခွာထုတ်ရမလားဟု တွေးတောနေမိသည်။

ထိုအခိုက်အတန့်တွင် ဝမ်လင်းသည် မကြုံစဖူးသော အကြပ်အတည်းကို ခံစားခဲ့ရသည်။

ယခုအခါတွင် ဝမ်လင်းသည် သူကိုယ်တိုင်က ကူကယ်ရာမဲ့သလို ဖြစ်နေခဲ့သည်။

သူက အနီးနားရှိ ယစ်ပလ္လင်ကိုစိုက်ကြည့်ရင်း ငေးငိုင်နေခဲ့သည်။

ကြူတောကိုဖြတ်၍ တိုက်ခတ်လာသော အေးမြသည့် လေနုအေးနှင့်အတူ သူ၏ ကမ္ဘာကြီးတစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့သည်။

“ရန်သူတွေ ကျူးကျော်လာပြီဟေ့”

ရေပလ္လင်ကို စောင့်ကြပ်နေသော အနက်ရောင်အရိပ် တပ်သားအချို့သည် ဝမ်လင်းတို့ လူစုကို တိုက်ခိုက်ရန်အတွက် ပြေးထွက်လာခဲ့သည်။

ရန်သူတွေ သူတို့ကို သတိပြုမိသွားသည်နှင့် ကော်ဖျင်နှင့် ဝမ်မင်တို့၏ စက်ရုပ်ချပ်ဝတ်တန်ဆာ ပေါ်တွင် အမြောက်များ ပေါ်လာခဲ့သည်။

သူတို့က ထိုအမြောက်များဖြင့် အနက်ရောင်အရိပ် တပ်သားများကို ချိန်ရွယ်ထားခဲ့သည်။

“ဝမ်လင်းက ဘာလို့ ရုတ်တရက် ငေးငိုင်နေရတာလဲ”

ကော်ဖျင်က ဝမ်လင်း၏ တုံ့ဆိုင်းမှုကြောင့် တအံ့တဩ ရေရွတ်လိုက်သည်။

ဤသည်က ဝမ်မင်အတွက်လည်း ကြီးမားသည့် ခေါင်းခဲမှုတစ်ခု ဖြစ်သည်။

ဝမ်မင်က ဝမ်လင်း၏ အကြောင်းကို ကောင်းစွာသိသည်ဟု သူ့ကိုယ်သူ ထင်ခဲ့သည်။

သို့သော်လည်း အမှန်တကယ်တွင် ဝမ်လင်းနှင့် အချိန်အတော်ကြာ ရှိနေခဲ့သည့်တိုင် ဝမ်မင်သည် ဝမ်လင်းကို သူစိမ်းတစ်ယောက်လို ခံစားခဲ့ရသည့် အချိန်များပင် ရှိခဲ့ဖူးသည်။

“အတင့်ရဲလိုက်တဲ့သူတွေ.. မင်းတို့က ရေပလ္လင်ကို ကျူးကျော်ရဲတယ်လား”

ထိုအချိန်မှာပင် အရိပ်တစ်ခုသည် ရှေ့သို့ ထွက်လာခဲ့သည်။

ထိုအရိပ်မှာ ရေပလ္လင်၏ အုပ်ထိန်းသူ သံတမန်ဖြစ်သည့် ယင်းကျိုးချွမ် ဖြစ်ပြီး အနက်ရောင် အရိပ်စစ်တပ်၏ အဖွဲ့ဝင်လည်း ဖြစ်သည်။

ဤနေရာကို အနက်ရောင် အရိပ်စစ်တပ်က သိမ်းပိုက်လိုက်သောအခါတွင် ရေပလ္လင်၏ မူလအုပ်ထိန်းသူသည် အသတ်ခံလိုက်ရသည်။

ယခုအခါတွင် ယင်းကျိုးချွမ်၏ ခန္ဓာကိုယ်အနှံ့ ကံကြမ္မာတာအိုက သက်ရောက်နေပြီး ကြီးမားသောစွမ်းများဖြင့် တောက်ပနေခဲ့သည်။

“ကျူးကျော်သူတွေ.. မင်းတို့မှာ အနိုင်ရဖို့အခွင့်အရေး လုံးဝမရှိဘူး.. ငါ့ကို ရင်ဆိုင်ဖို့်ဆိုရင် မင်းတို့ရဲ့ခွန်အားတွေအကုန်လုံး သုံးပစ်မှရမယ်.. ကမ္ဘာနှစ်ခုကို ပေါင်းစည်းဖို့ ငါတို့သခင်ရဲ့အစီအစဉ်ကို မင်းတို့တွေ ရပ်တန့်နိုင်မှာမဟုတ်ဘူး.. ယစ်ပလ္လင်ငါးခုမှာ တစ်ခုလည်းပတ်နေသရွေ့ တခြားဖျက်ဆီးပြီးသားပလ္လင်တွေ အားလုံးက ချက်ချင်း ပြန်လည်ကောင်းမွန်လာနိုင်တယ်.. ယစ်ပလ္လင်ငါးလုံးကို တစ်ပြိုင်နက်ပိတ်ဖို့ ဖြစ်နိုင်ချေက 0% ပဲရှိတယ်”

စကားဆုံးသည်နှင့် သူက ဝမ်လင်းကို တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။

သို့သော် သူက ကံကြမ္မာတာအို စွမ်းအင်ကို အသက်သွင်းရန်ပြင်လိုက်သောအချိန်တွင် လေထဲ၌ ကြီးမားသောစွမ်းအင် အများအပြား ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများ ဖြစ်ပေါ်လာသည်။

ထိုရွှေရောင်အလင်းတန်းမှာ သခင်မာ၏ တည်နေရာ ကူးပြောင်းခြင်း စွမ်းရည် ဖြစ်သည်။

ထို့နောက်တွင် အာကာပြင် လှိုဏ်ခေါင်းများကနေ အသံများစွာ ထွက်ပေါ်လာသည်။

“ညီနောင်လင်း.. အနက်ရောင်အရိပ်စစ်တပ်ကို ရပ်တန့်ဖို့အတွက် ယစ်ပလ္လင်ငါးလုံးကို တစ်ပြိုင်နက်ပိတ်ပစ်မှရမယ်.. ငါတို့ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ အမှုထမ်းတွေအားလုံးက အကူအညီပေးဖို့ ရောက်လာကြပြီ”

ထို့နောက်တွင် ကူရွှင်းကျစ်၏ အသံက ထွက်ပေါ်လာခဲ့သည်။

“လင်းကျန်းရန်.. ငါကူရွှင်းကျစ် နတ်ဘုရားနယ်မြေရဲ့ ပင်မကလန် ဆယ်ခုက အကူအညီတွေကို ခေါ်ဆောင်လာခဲ့တယ်”

စကားဆုံးသည်နှင့် သူက အာကာပြင်လှိုဏ်ခေါင်းထဲမှ ထွက်ပေါ်လာခဲ့သည်။

သူနှင့်အတူ ဝမ်ကျန်းနှင့် လျူချင်းရီတို့လည်း လိုက်ပါလာ၏။

“လင်းကျန်းရန်.. နတ်ဆိုးသူတော်စင်ရဲ့အမိန့်အရ ငါ့ရွှမ်းဝူယွဲ့ နယ်မြေလေးခုကနေ စစ်ကူတွေ ခေါ်လာခဲ့တယ်”

ရွှမ်းဝူယွဲ့၏စကားဆုံးသည်နှင့် ကောင်းကင်ပေါ်တွင် သန့်ရှင်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး တောင်ပံတစ်ရာနတ်ဘုရားသည် တိမ်တိုက်များပေါ်ကနေ ဖြည်းညှင်းစွာဆင်းသက်လာခဲ့သည်။

ကျယ်ပြောလှသော ကောင်းကင်ယံ၌ တောင်ပံတစ်ရာနတ်ဘုရား၏ အသံတော်က ထွက်ပေါ်လာသည်။

“လင်းကျန်းရန်.. အတောင်တစ်ထောင် နတ်ဘုရားရဲ့အမိန့်တော်အရ မင်းကို အကူအညီပေးဖို့ ငါရောက်လာခဲ့တယ်”

အပိုင်း(၁၀၁၀) ပြီး၏

All Chapters