ဝမ်လင်း.. ညီလေးလိုချင်လား ညီမလေးလိုချင်လား
Vol. 68 Ch. 1014
စက်တင်ဘာ ၁၃ရက်သည် နွေရာသီအားလပ်ရက်၏ ၃၁ရက်မြောက်နေ့ ဖြစ်သည်။
ဤနေ့သည် နေ့ထူးနေ့မြတ် တစ်နေ့လည်းဖြစ်သည်။
မနက်ခင်းတွင် ဖေဖေဝမ်နှင့်မေမေဝမ်သည် ခပ်ကုပ်ကုပ်ဖြင့် အိမ်ထဲကနေ လျင်မြန်စွာ ထွက်ခွာသွားကြသည်။
၎င်းတို့ဇနီးမောင်နှံက ကိုယ်ဝန်ရှိမရှိ စစ်ဆေးရန် ဆေးရုံသို့ခိုးကြောင်ခိုးဝှက် သွားရောက်ခဲ့ကြောင်း ဝမ်လင်း မှန်းဆမိခဲ့သည်။
တကယ်တမ်းတွင် ဝမ်လင်းသည် အစောပိုင်းကတည်းကပင် ကိုယ်ဝန်အကြောင်းကို သိထားပြီးသားဖြစ်သည်။
သို့သော်ပြဿနာမှာ ဖေဖေဝမ်နှင့်မေမေဝမ်သည် ကိုယ်ဝန်အကြောင်းကို ဝမ်လင်းအားမ ည်သို့ပြောပြရမည်ကို မသိသေးခြင်းပင်။
သူတို့ဇနီးမောင်နှံက စဉ်းစားပြီးနောက်တွင် ကိုယ်ဝန်ကိစ္စကိုဖုံးကွယ်ထားရန် ဆုံးဖြတ်ခဲ့ကြသည်။
ဖေဖေဝမ်နှင့်မေမေဝမ်တို့က ဘာမှမပြောလိုသဖြင့် ဝမ်လင်းကသူတို့ကို အတင်းအကြပ် ဖိအားပေးမည်မဟုတ်ပေ။
တကယ်တမ်းတွင် ဝမ်လင်းသည် ညီလေး သို့မဟုတ် ညီမလေးတစ်ယောက်ယောက်ရှိလျှင် မဆိုးဟု ထင်ခဲ့သည်။
အဓိကပြဿနာမှာ ဖေဖေဝမ်နှင့် မေမေဝမ်တို့က အတွေးလွန်နေခြင်းဖြစ်သည်။
ဇာတ်လမ်းများ ဖန်တီးခြင်းကို နှစ်သက်သဘောကျသည်မှာ သူတို့အတွက် လုပ်ငန်းခွင်ရောဂါတစ်ခုလို ဖြစ်နေသည်မဟုတ်ပါလော။
ဖေဖေဝမ်နှင့်မေမေဝမ်က ပွင့်ပွင့်လင်းလင်း ဖွင့်ပြောချင်သော်လည်း အဆုံးသတ်တွင် ဝမ်လင်း၏ ခံစားချက်ကိုလည်း ဂရုစိုက်ခဲ့ကြသည်။
ပုံမှန်အားဖြင့် ကလေးတစ်ယောက်သည် ညီလေး သို့မဟုတ် ညီမလေးရတော့မည်ကို ရုတ်တရက် သိလိုက်ရသောအခါတွင် မိဘဆီမှအချစ်များ ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားချက်မျိုး ရှိလာနိုင်ပေသည်။
သူ့မိဘများက သူ့ကိုမချစ်တော့ဟု ထင်သွားနိုင်သည် မဟုတ်ပါလော။
မိဘများသည် သားသမီးများကိုတန်းတူမချစ်လျှင် အနာဂတ်၌ ပြဿနာအမျိုးမျိုးဖြစ်လာနိုင်ပေသည်။
ထို့ကြောင့်ပင် ဖေဖေဝမ်နှင့်မေမေဝမ်တို့က ဝမ်လင်းကို ဖွင့်ပြောရန် ခက်ခဲနေခြင်း ဖြစ်သည်။
သူတို့က ဝမ်လင်းကိုဖွင့်ပြောရန် အတွက် သင့်တော်သောအခိုက်အတန့်ကို ရှာဖွေနေကြသည်။
မေမေဝမ် ကိုယ်ဝန်ရှိသွားပြီ ဟူသောသတင်းသည် ပင်လယ်ရွာကလေး၏ ရွာသူရွာသားအားလုံး၏ စိတ်ကို တုန်လှုပ်စေခဲ့သည်။
ဖိုးဖိုးဝမ်မှလွဲ၍ အခြားမည်သူမျှ အဖွားဝမ်ထက် မပျော်ရွှင်ခဲ့ပေ။
အဆုံးသတ်တွင် ဖိုးဖိုးဝမ်သည် အဖွားဝမ်သုန်မေ၏ ဖူးစာဖက် တွေ့ဆုံပေးခြင်းကနေ လွတ်မြောက်သွားခဲ့သည်။
လွန်ခဲ့သောနှစ်ရက်ခန့်က စ၍ တစ်ရွာလုံးသည် မေမေဝမ်အတွက် ဆေးဝါးများ ပြင်ဆင်ပေးရန် ပိုက်ဆံစုခဲ့ကြသည်။
ထို့နောက်တွင် အဖွားဝမ်သုန်မေသည် ဆေးဝါးများကိုကိုယ်တိုင်ကိုယ်ကျ ပို့ပေးရန် စီစဉ်ခဲ့သည်။
ဖေဖေဝမ်နှင့်မေမေဝမ် အိမ်က ထွက်သွားပြီး သိပ်မကြာခင်မှာပင် ထရပ်ကားကြီး တစ်စီးသည် ပင်လယ်ရွာကလေးကနေ ဝမ်မိသားစုအိမ်ကလေး ဆီသို့ ရောက်ရှိလာသည်။
ထရပ်ကား အင်ဂျင်သံက ဝမ်လင်းကိုပင် ထိတ်လန့်စေခဲ့သည်။
သူက အိမ်တံခါးကိုဖွင့်လိုက်ရာ ဖွားဖွားဝမ်သုန်မေက ထရပ်ကားပေါ်မှ လူများအား ညွှန်ကြားနေသည်ကို တွေ့လိုက်ရ၏။
“ဟဲ့.. ဒါက စိတ်ငြိမ်ဆေး ထည့်ထားတဲ့ ပါကင်ထုပ်ပဲ.. အောက်ပြုတ်ကျရင် ပျက်စီးလွယ်တယ်.. သယ်တဲ့အခါ ဂရုတစိုက်သယ်ကြ.. တစ်ခုတစ်လေ ပျက်စီးသွားတာနဲ့ ဒီနေ့အတွက် မင်းတို့ရဲ့လုပ်ခတွေ ဘာမှမရတော့ဘူးလို့သာ မှတ်လိုက်တော့.. ဒီပါကင်တွေ အားလုံးက ကိုယ်ဝန်ဆောင်မိခင် အတွက် အထူးမှာယူထားတဲ့ ဖြည့်စွက်စာတွေပဲ.. ဟိုက ကောင်လေး.. အဲဒီ ပါကင်တွေက စိတ်ကျဆေးတွေနော်.. သတိထားပြီး သယ်ဦး”
ဝမ်လင်း “..........”
ဖေဖေဝမ်နှင့်မေမေဝမ်က သူ့ကို ဖုံးကွယ်ထားချင်သော်လည်း အဖွားဝမ်သုန်မေက ကိုယ်ဝန်ဆောင် ဖြည့်စွက်စာများကို အိမ်အထိ လာရောက်ပို့ဆောင်ပေးခဲ့သည်။
ဝမ်လင်းကဘာမှ မကြားသလို ဟန်ဆောင်လိုက်ပြီး ဖိနပ်တစ်ရံစီးက အိမ်ထဲကနေထွက်ရန် ပြင်လိုက်သည်။
စုန့်ဟိုင်မြို့၏ စက်တင်ဘာလသည် အလွန်ပင် ပူပြင်းသည်။
ဝမ်လင်းက အဖြူရောင် လက်တိုအင်္ကျီနှင့် အပြာရောင်ကမ်းခြေ ဘောင်းဘီတို့ကို ဝတ်ဆင်ထားသောကြောင့် ပေါ့ပေါ့ပါးပါး ဖြစ်နေခဲ့သည်။
အပြာရောင်နှင့်အဖြူရောင်ဝတ်စုံက အပူကို အလွယ်တကူ မစုပ်ယူနိုင်သောကြောင့် ဝမ်လင်းက ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
“အိုး.. ဝမ်လင်းလေးပါလား.. မင်းကို မတွေ့ရတာတောင် ကြာပြီ.. မင်းက အရပ်ပိုရှည်လာတာပဲ.. ပိုပြီးလည်း ချောလာတယ်”
အဖွားဝမ်သုန်မေက ဝမ်လင်း တံခါးဖွင့်လိုက်သည်ကို မြင်လျှင် ဝမ်လင်း၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်၍ ပြောလိုက်သည်။
ဝမ်လင်း “..........”
ပင်လယ်ရွာလေး၌ ဝမ်လင်းကဲ့သို့ လူငယ်လေးများသည် အဒေါ်ကြီးများကြားတွင် ရေပန်းစားခဲ့သည်။
ထို့အပြင် ဝမ်လင်းသည်လည်း ပင်လယ်ရွာလေး၏ အဖွဲ့ဝင်ရွာသားတစ်ဦးလည်း ဖြစ်သည်။
သူက မြို့ထဲတွင်နေထိုင်သော်လည်း ဝမ်မျိုးနွယ်စု၏ သွေးများသည် သူ၏ သွေးကြောများတွင် စီးဆင်းနေဆဲ ဖြစ်သည်မဟုတ်ပါလော။
ဤသည်မှာ ငြင်းဆန်၍ မရသောအချက် ဖြစ်သည်။
ထို့အပြင် ဝမ်လင်း၏ခန္ဓာကိုယ်သည် ယခုအခါတွင် အလွန်ပင်အေးစက်နေသည်။
သူ့ခန္ဓာကိုယ်က ရာသီဥတု ပူပြင်းမှုကို အလိုအလျောက် ထိန်းညှိပေးသည်။
တစ်စုံတစ်ယောက်က နွေရာသီ၏ အပူဒဏ်ကိုအန်တုရန် သူ့ထံသို့ချဉ်းကပ်လာနေသည်ကို သူက ကူကယ်ရာမဲ့နေခဲ့သည်။
အလုပ်သမားများက ကုန်ပစ္စည်းများကို ဝမ်မိသားစု အိမ်ငယ်လေးဆီသို့ ရွှေ့ပြီးသောအခါတွင် ဖွားဖွားဝမ်သုန်မေ ထံသို့ လျှောက်လာကြသည်။
“အားလုံးနေရာချပြီးပါပြီ”
ထို့နောက်တွင် ဖွားဖွားဝမ်သုန်မေသည် ကုန်ပစ္စည်းစာရင်းကို သေချာစွာ စစ်ဆေးလိုက်သည်။
ယင်းနောက် ဖွားဖွားဝမ်သုန်မေက အထူးသရေဖြင့် ချုပ်လုပ်ထားသော အိတ်တစ်လုံးကို ဝမ်လင်းအား ပေးလိုက်သည်။
“ဝမ်လင်းလေး.. ဒီဖြည့်စွက်ပါကင်တွေက မင်းအမေ အတွက်ပဲ.. မင်းအမေပြန်လာရင် ကျေးဇူးပြုပြီး ပြောပြလိုက်ပါ”
“အင်း”
“ဒီအိတ်ကိုတော့ ကျေးဇူးပြုပြီး မင်းအဖေကို ပေးပေးပါ.. ပြီးရင် ဇွဲရှိရှိနဲ့ သေချာလေ့လာသင်ယူဖို့ ပြောလိုက်နော်”
ဖွားဖွားဝမ်သုန်မေ၏ စကားအဆုံးတွင် သူ့လက်ထဲရှိ အိတ်လေးတွင် ဝိညာဉ်အလင်းတန်းများ လင်းလတ်လာပြီး စာတန်းတစ်ခု ပေါ်လာသည်။
ထိုစာတမ်းမှာ
{ရဲစွမ်းသတ္တိသည် ဂုဏ်ကျက်သရေဆောင်သည်၊ အံ့ဩလောက်ဖွယ် မွေးဖွားစေသည်} ဟူ၏။
ဝမ်လင်း “..........”
ဖွားဖွားဝမ်သုန်မေက အလွန်စိတ်မြန်သောသူ ဖြစ်သည်။
မေမေဝမ်က ယနေ့တွင် ကိုယ်ဝန်စစ်ဆေးရန် ဆေးရုံသို့သွားကြောင်း သူမ သိသောကြောင့် ဝမ်မိသားစုအိမ်ကလေးတွင် ထိုင်စောင့်နေရန် သူမ စိတ်မဝင်စားတော့ပေ။
ဖြည့်စွက်ဆေးဝါးများကို အိမ်အထိ ပို့ဆောင်ပြီးသည်နှင့် မေမေဝမ် ကိုယ်ဝန်စစ်ဆေးခြင်း လုပ်ဆောင်နေသည့် ဆေးရုံသို့ ထရပ်ကားကို အားသွန်ခွန်စိုက် မောင်းနှင်ခဲ့သည်။
စုန့်ဟိုင်မြို့၏ ကျင့်ကြံခြင်းသားဖွားမီးယပ် အထူးကုဆေးရုံသို့ ဖွားဖွားဝမ်သုန်မေ ရောက်လာသည်ကိုမြင်လျှင် ဖေဖေဝမ်နှင့်မေမေဝမ်တို့ အံ့ဩသွားကြသည်။
“အန်တီဝမ် ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”
ဖေဖေဝမ်က မေးလိုက်သည်။
“စောစောက မင်းတို့အိမ်ကို ကိုယ်ဝန်ဆောင် ဖြည့်စွက်အားဆေးတွေ ငါပို့ပေးခဲ့တယ်.. ဒီကိုတော့ မင်းမိန်းမရဲ့အခြေအနေကို သိချင်လို့ ရောက်လာတာပဲ”
“အန်တီဝမ်က ဖြည့်စွက်ဆေးဝါးတွေကို အိမ်အထိ ပို့ပေးတာလား”
ဖေဖေဝမ်က စိတ်ပူသော အမူအရာဖြင့် မေးလိုက်သည်။
“စိတ်မပူပါနဲ့.. ဝမ်လင်းဆိုတဲ့ ကောင်လေးက အတော်လေးရိုးအေးပါတယ်.. သူဘာမှ သတိမထားမိလောက်ဘူး”
ဖွားဖွားဝမ်သုန်မေက သူတို့ကို စိတ်ချလက်ချအာမခံခဲ့သည်။
ထို့နောက် သူမက မေမေဝမ်ကိုကြည့်ကာ အခြေအနေဘယ်လိုလဲဟု မေးလိုက်သည်။
“ကျွန်မတို့က ကိုယ်ဝန်နဲ့ပတ်သတ်တဲ့ စစ်ဆေးချက်ကို စောင့်နေတာပါ.. ဒါပေမဲ့ ကျွန်မနဲ့ခင်ပွန်းက ကျန်းမာရေးစစ်ဆေးမှုကို မကြာသေးခင်ကမှ လုပ်ခဲ့သေးတယ်”
“ကျွန်တော်တို့ နှစ်ယောက်လုံး ဘာပြဿနာမှမရှိပါဘူး.. နှစ်ယောက်လုံးက ကျန်းမာရေးကောင်းပါတယ်”
ဖေဖေဝမ်က ပြုံး၍ ပြောလိုက်သည်။
သူနှင့် မေမေဝမ်တို့ နှစ်ယောက်လုံးသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင်သာ ရှိနေကြသော်လည်း ကျင့်ကြံသူများ ဖြစ်နေကြဆဲဖြစ်သည်။
ကလေးမွေးဖွားချိန်တွင် သာမန်လူထက် ကျင့်ကြံသူ၏အားသာချက် တစ်ခုမှာ အသက်အရွယ်ဖြစ်သည်။
အသက်ထောင်ချီရှည်ပြီး ကလေးမွေးဖွားခဲ့သော အဆင့်မြင့် ကျင့်ကြံသူများလည်း ရှိသည်။
မေမေဝမ်က အသက်လေးဆယ်ကျော် ရှိနေပြီ ဖြစ်သော်လည်း ကျင့်ကြံခြင်းလောကတွင်မူ ငယ်ရွယ်သောမိခင်တစ်ဦး အဖြစ် သတ်မှတ်ခံရဆဲ ဖြစ်သည်။
ထို့ကြောင့် သူမ အတွက် ကလေးယူခြင်းမှာ ပြဿနာမဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ကိုယ်ဝန်စစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်သင့်ပေသည်။
ကိုယ်ဝန်ဆောင်ကျင့်ကြံသူ တစ်ဦးအတွက် ကိုယ်ဝန်စစ်ဆေးမှုသည် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်စစ်ဆေးမှုလည်း ဖြစ်သည်။
ကိုယ်ဝန်ဆောင်ကျင့်ကြံခြင်း အမျိုးသမီးတစ်ဦးသည် သာမန်အမျိုးသမီးတစ်ဦးထက် ဝိညာဉ်စွမ်းအင်အဆင့် အနည်းငယ်မြင့်မားသောကြောင့် သူမ၏ ဝိညာဉ်စွမ်းအင်ကို ဟန်ချက်ညီစေရန် သို့မဟုတ် သူမ၏ သန္ဓေသား ပေါက်ကွဲနိုင်သည့် အန္တရာယ်ရှိမရှိ သေချာအောင်လုပ်ရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အမျိုးသမီး ကျင့်ကြံသူများသည် ၎င်းတို့၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်ပေါ် မူတည်၍ ကလေးမွေးဖွားခများ ကွဲပြားကြသည်။
အခြေတည်စိတ်ဝိညာဉ် အဆင့်အောက်ရှိ မိခင်များသည် ဆေးဘက်ဆိုင်ရာ အာမခံနှင့် အကျုံးဝင်ပြီး အခြေတည်စိတ်ဝိညာဉ်အဆင့် သို့မဟုတ် ထိုအထက်ရှိ ကျင့်ကြံသူများသည် ကျင့်ကြံခြင်းနယ်ပယ် အဆင့်မြင့်လာသည်နှင့်အမျှ ကုန်ကျစရိတ် ပိုမိုများပြားမည် ဖြစ်သည်။
အခြေတည်စိတ်ဝိညာဉ်အဆင့်သည် ကိုယ်ဝန်ဆောင် အတွက် အရေးကြီးသောအဆင့် ဖြစ်သည်။
သဘာဝအတိုင်း မွေးဖွားသည်ဖြစ်စေ ခွဲစိတ်ကုသသည် ဖြစ်စေ နည်းပညာနှင့် ပတ်သတ်သည့် ကျွမ်းကျင်မှုများ လိုအပ်သည်။
မကြာခဏဆိုသလိုပင် အခြေတည်စိတ်ဝိညာဉ် အဆင့် အမျိုးသမီး ကိုယ်ဝန်ဆောင်များသည် ဆေးရုံသို့သွားမည့်အစား မိမိအိမ်တွင်သာ မွေးဖွားခဲ့ကြသည်။
အဆုံးသတ်တွင် ထိုမိခင်များသည် အခြေတည်ဝိညာဉ်ကို မွေးဖွားမိခဲ့ပြီး ကလေးကို ဗိုက်ထဲတွင် ကျန်ရစ်ခဲ့သည်။
ထို့နောက်တွင် ခွဲစိပ်ကုသရန်အတွက် ဆေးရုံသို့ အလျင်စလို သွားရောက်ခဲ့သည်။
သို့ရာတွင် မေမေဝမ်ကမူ အခြေအနေ ကောင်းနေခဲ့သည်။
ကိုယ်ဝန်ဆောင် စစ်ဆေးမှုတွင် သူမ၏ ဝိညာဉ်စွမ်းအင်အဆင့်သည် ပုံမှန်ဖြစ်နေသရွေ့ စိုးရိမ်စရာမရှိပေ။
နောက်ထပ် မိနစ် အနည်းငယ်အကြာတွင် သူနာပြုတစ်ယောက်သည် စစ်ဆေးခန်း ပြတင်းပေါက်ကနေ ဖိုင်တစ်ခုကို ပေးလိုက်သည်။
“မစ္စတာဝမ်.. ရှင့်မိန်းမရဲ့ စစ်ဆေးချက် အစီအရင်ခံစာ ထွက်လာပြီ.. သူမရဲ့ ဝိညာဉ်စွမ်းအားအဆင့်က ပုံမှန်ပဲ.. ဘာပြဿနာမှမရှိဘူး”
“ကျေးဇူးတင်ပါတယ်”
ဖေဖေဝမ်က အလွန်ပျော်သွားခဲ့သည်။
“ငါတို့ ပင်လယ်ရွာလေးရဲ့ မိန်းကလေးတွေက အရိုးတွေသန်မာတယ်လို့ မင်းကို ငါပြောသားပဲ မဟုတ်လား”
ဖွားဖွားဝမ်သုန်မေကလည်း ဝမ်းသာသွားခဲ့သည်။
ထို့နောက်တွင် သူမသည် ဖေဖေဝမ်နှင့် မေမေဝမ်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့နှစ်ယောက် ဒီည အိမ်ပြန်ရောက်ရင် ဝမ်လင်းကိုဘယ်လိုပြောရမလဲဆိုတာ စဉ်းစားသင့်တယ်.. ဒီကိစ္စကို အနှေးနဲ့အမြန် ဝမ်လင်းလေးကို ပြောပြမှဖြစ်မယ်.. စောစောပြောပြနိုင်ရင်တော့ အကောင်းဆုံးပဲ”
“အင်း”
ဖေဖေဝမ်က လေးနက်စွာ ခေါင်းညိမ့်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော်တို့က ဘယ်လိုမျိုးပြောပြရမလဲ”
ဖွားဖွားဝမ်သုန်မေ “အရိပ်အမြွက်လောက်တော့ အရင်ချပေးလိုက်.. ပြီးမှပဲ ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပေါ့.. အဲဒီတော့မှ ဝမ်လင်းလေးက ညီလေးလိုချင်လား ညီမလေးလိုချင်လားဆိုတာ မေးလို့ရတာပဲလေ”
ထိုညတွင် မေမေဝမ်သည် ဖွားဖွားဝမ်သုန်မေ၏ အကြံအစည်အတိုင်း ညစာကို ပြင်ဆင်ခဲ့သည်။
ပထမဆုံးဟင်းမှာ ကြက်သားမှို ပြုတ်ချက်ဖြစ်ပြီး ကြက်နှစ်ကောင်ပါဝင်သည်။
ဒုတိယဟင်းကမူ ကဏန်းအစပ်နှပ် ဖြစ်ပြီး ကဏန်းအထီးတစ်ကောင် အမတစ်ကောင် ပါဝင်သည်။
တတိယဟင်းကမူ ငရုပ်ကောင်းကြက်ဥမွှေကြော် ဖြစ်ပြီး ကြက်ဥအနှစ် နှစ်ဆ ပါဝင်ခဲ့သည်။
အပိုင်း(၁၀၁၄) ပြီး၏