တစ်ချက်လောက် အသံပေးပါ
Vol. 68 Ch. 1015
ဝမ်လင်းက ထမင်းစားနေစဉ်တွင် သူ့မိဘများထံမှ အရိပ်အမြွက်ကိုရရှိခဲ့သည်။
ဖေဖေဝမ်နှင့်မေမေဝမ်က အစိုးရိမ်လွန်နေသည်ဟု သူထင်ခဲ့သော်လည်း ဤလုပ်ရပ်က သူ့ကို တန်ဖိုးထားကြောင်း သက်သေပြနေသောကြောင့် သူ၏နှလုံးသားကို နွေးထွေးစေခဲ့သည်။
မိသားစုဝင်တစ်ဦး အနေဖြင့် ဝမ်လင်းသည် တန်ဖိုးထားခြင်းခံရသော ခံစားချက်ကို ရရှိခဲ့သည်။
လင်းလင်း.. မင်းအဖေနဲ့ငါ တစ်နေ့နေ့မှာ ကလေးထပ်ရခဲ့မယ်ဆိုရင် ညီလေးလိုချင်လား ညီမလေးလိုချင်လား
မေမေဝမ်က တူကို ပန်းကန်တွင်ချလိုက်ပြီး ဝမ်လင်းကို ပြုံးပြရင်း မေးလိုက်သည်။
ဝမ်လင်းက မေမေဝမ်၏ ဝမ်းဗိုက်ကိုကြည့်ကာ ပါးစပ်မှတိုက်ရိုက် ပြောလိုက်သည်။
"ညီမလေး"
သူ့အဖြေကြောင့် ဖေဖေဝမ်နှင့်မေမေဝမ်က အလွန်ပျော်ရွှင်သွားခဲ့သည်။
ဝမ်လင်းက ညီလေးညီမလေး ထပ်ရလာမည်ကို မစိုးရိမ်မှန်း သူတို့အခုမှသိလိုက်သည်။
ဖေဖေဝမ်နှင့်မေမေဝမ်က ယခုမှပင် သူတို့၏ စိုးရိမ်မှုများကို လုံးလုံးလျားလျား လွှတ်ချနိုင်ခဲ့သည်။
ထို့ကြောင့်မေမေဝမ်သည် ထိုညတွင် အလွန်ပျော်ရွှင်စွာစားသောက်နေခဲ့သည်။
ယခုအခါတွင် သူမသည် နှစ်ယောက်စာ စားနေရသည့်အပြင် အပိုအာဟာရမျိုးစုံလည်း လိုအပ်နေသည်။
ညစာစားပြီးနောက်တွင် မေမေဝမ်သည် သူမ၏ ဒုတိယကိုယ်ဝန်နှင့် ပတ်သတ်သည့် သတင်းကောင်းကို ကြေညာရန် ဆွေမျိုးအားလုံးကို ဗီဒီယိုကောလ် ခေါ်ဆိုခဲ့သည်။
ဝမ်လင်းက အိပ်ခန်းထဲကနေ မေမေဝမ်၏ စကားပြောဆိုမှုများကို အမှတ်မထင်ကြားလိုက်ရပြီး မေမေဝမ် အတော်လေး စိတ်လှုပ်ရှားနေကြောင်း သိလိုက်သည်။
ပထမဆုံးခေါ်ဆိုမှု..
မေမေဝမ် "ဒုတိယဒေါ်လေး.. ကျွန်မပြောပါရစေ.. ကျွန်မဒုတိယမြောက်ကလေး ရတော့မယ်"
ဒုတိယဒေါ်လေး "ဒုတိယမြောက်ကလေး ဟုတ်လား.. တကယ်ပဲလား.. မင်းအသက်အရွယ်နဲ့ မွေးနိုင်ပါ့မလား
မေမေဝမ် "ကျွန်မဒီမနက်ပဲ ဆေးစစ်ဖို့ဆေးရုံသွားခဲ့တယ်.. ခန္ဓာကိုယ် အခြေအနေအားလုံး အိုကေပဲ"
ဒုတိယဒေါ်လေး "ဝမ်လင်းရော.. သူရော အဆင်ပြေရဲ့လား
မေမေဝမ် "လင်းလင်းက စိတ်မဆိုးပါဘူး.. ညီမလေးလိုချင်တယ်လို့တောင် ပြောခဲ့တယ်
ဒုတိယဒေါ်လေး "ဒါဆိုအရမ်းကောင်းတာပေါ့.. ခုခေတ်ကလေးတွေက အတွေးများတတ်ကြတဲ့ အတွက် အဲဒါတွေဂရုစိုက်ဖို့ လိုအပ်မယ်.. ဝမ်လင်းက လိမ္မာတဲ့ကလေး ဆိုတော့ တခြားကလေးတွေလို အချစ်လျော့သွားတဲ့ ခံစားချက်မျိုးရမယ်လို့ ငါမထင်ဘူး
မေမေဝမ်က ဗီဒီယိုကောလ်ပြောနေစဉ် ဗိုက်ကိုပွတ်လိုက်သည်။
"ဟုတ်တယ်.. ဝမ်လင်း အရမ်းပျော်မှာသေချာတယ်"
ဒုတိယမြောက်ခေါ်ဆိုမှု..
မေမေဝမ် "ဒေါ်ကြီးကျွန်မ ပြောစရာရှိတယ်.. ကျွန်မဒုတိယကလေးရတော့မယ်.. ကျွန်မမှာကိုယ်ဝန်ရှိနေပြီ"
ဒေါ်ကြီး "အယ်.. ရုတ်တရက်ကြီးလား.. ဝမ်လင်းကရော သူ့ကိုဘယ်လိုလုပ်မလဲ"
မေမေဝမ် "ကျွန်မ နှစ်ယောက်လုံးကို တန်းတူပြုစုစောင့်ရှောက်မှာပါ.. သားတွေသမီးတွေဆိုပြီး ခွဲခြားနေမှာ မဟုတ်ဘူး.. ဒါ့အပြင် လင်းလင်းက ညီမလေးလိုချင်တယ်လို့ ပြောခဲ့သေးတယ်"
ဒေါ်ကြီး "လင်းလင်းက ညီမလေးလိုချင်တယ်လို့ ပြောတာလား.. ကောင်းတာပေါ့.. သမီးဆိုတာက မိဘတွေအတွက် အနွေးထည်နဲ့ တူတယ်လေ.. ဝမ်လင်းကို မွေးဖွားတုန်းက ဆန်ကုန်မြေလေး တစ်ယောက်တော့ လူ့လောက အလယ်ကို ရောက်လာပြီလို့ မင်းငါ့ကို ပြောခဲ့ဖူးတာ မှတ်မိသေးလား
မေမေဝမ် "..........."
မေမေဝမ်က ဆွေမျိုးတစ်သိုက်ကို ဖုန်းခေါ်ဆိုပြီးနောက်တွင် အိပ်ရာပေါ်ကနေ သက်ပြင်းချလိုက်သည်။
"အောင်မြင်ပါ့မလား"
မေမေဝမ်က ဖေဖေဝမ်ကို မေးလိုက်သည်။
"စိတ်မပူပါနဲ့.. သူသေချာပေါက်ကြားတယ်"
ဖေဖေဝမ်က ဝမ်လင်း အိပ်ခန်းဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
သူတို့နှစ်ယောက်ဆက်တိုက် ဖုန်းခေါ်ဆိုနေရသည့် အကြောင်းအရင်းမှာ သူတို့တွင် ဒုတိယမြောက်ကလေး ရှိနေပြီဆိုသည်ကို ဝမ်လင်းအား ပြတ်သားစွာ ကြေညာခြင်း ဖြစ်သည်။
ထမင်းစားပွဲတွင် ဖွင့်ပြောရန် မသင့်တော်သောကြောင့် သွယ်ဝိုက်၍ အသိပေးခဲ့ကြခြင်း ဖြစ်၏။
ထိုသို့လုပ်ဆောင်ရန် ဖုန်းပြောနေစဉ်အတွင်း အသံ အနည်းငယ်သာ ကျယ်ဖို့လိုအပ်သည်။
မည်သို့ပင်ဖြစ်စေ ဝမ်လင်း ကြားမကြား အတည်ပြုရန်အတွက် ဖေဖေဝမ်က သေချာမေးမြန်းသင့်သည်ဟု တွေးမိခဲ့သည်။
ထို့ကြောင့် သူက သတင်းစာကို ချလိုက်ပြီး ဝမ်လင်း၏အခန်းဆီသို့ လှည့်ကြည့်လိုက်သည်။
"လင်းလင်းရေ.. မင်းကြားရင် ငါတို့ကို တစ်ချက်လောက်အသံပေးစမ်း"
ဝမ်လင်း "မူညမ်းညို"
ဖေဖေဝမ်နှင့်မေမေဝမ် ...........
စက်တင်ဘာလ ၁၄ရက်နေ့သည် နွေရာသီ အားလပ်ရက်၏ ၃၁ရက်မြောက်နေ့ ဖြစ်သည်။
ဤနေ့တွင်ဝမ်လင်းသည် ရှားရှားပါးပါး ဈေးဝယ်ထွက်ရင်း မေမေဝမ်နှင့်အတူ ကျင့်ကြံခြင်းကုန်တိုက်ကို လိုက်သွားခဲ့သည်။
စုန့်ဟိုင်မြို့သည် အပူချိန်မြင့်မားသည့် ကာလတစ်ခုသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။
ဝမ်လင်းက အေးမြသောအဝတ်အစားများ ဝယ်ဝတ်ရန် မေမေဝမ်အား တိုက်တွန်းခဲ့သော်လည်း မေမေဝမ်က ငြင်းဆန်ခဲ့သည်။
အကြောင်းအရင်းမှာ မေမေဝမ်က သူမက အေးမြမည် ဖြစ်သော်လည်း ဗိုက်ထဲရှိကလေးက အေးစက်မှုကို ခံစားရမည်စိုးသောကြောင့်ပင်။
ထို့ကြောင့်မေမေဝမ်သည် အပူလွန်ကဲမှုမရှိစေရန် အတွက် ဈေးဝယ်ထွက်တိုင်းတွင် ဝမ်လင်းကို တစ်ပါတည်း ခေါ်ဆောင်သွားခဲ့သည်။
ခရီးဆောင် လေအေးပေးစက်နှင့် တူသော ဝမ်လင်းသာ သူမနှင့်အတူ ရှိနေသရွေ့ နွေရာသီက မည်မျှ ပူနေသည်ဖြစ်စေ အေးမြနေမည် မဟုတ်လော။
ဝမ်လင်း ကျောင်းပြန်ဖွင့်လျှင်မူ ဝမ်လင်း၏တာဝန်ကို ထွင်ထျန်းဟာက ထမ်းဆောင်မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထွင်ထျန်းဟာ ဝတ်ထားသည့် အဝါရောင် အသားကပ်ဘောင်းဘီသည်လည်း အပူချိန်ကို လျှော့ချပေးနိုင်သောကြောင့် ဖြစ်သည်။
ပုံမှန်အားဖြင့် အိမ်မွေးတိရိစ္ဆာန်များကို ဈေးဝယ်စင်တာများတွင် သွားလာခွင့်မပြုသော်လည်း ထွင်ထျန်းဟာကမူ ထူးခြားသည်။
၎င်းက အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးအဖွဲ့အစည်းမှ အသိအမှတ်ပြုထားသော ဉာဏ်ရည်မြင့်မားသည့် သားရဲတစ်ကောင်ဖြစ်၍ မည်သူ့ကိုမျှ ဒုက္ခဖြစ်စေမည် မဟုတ်သောကြောင့် ဦးစားပေးမှုကို ရရှိခဲ့သည်။
အစားအသောက်တန်းကို ဖြတ်လျှောက်လာရင်း မေမေဝမ်သည် ဟင်းချက်ဆော့စ်ပုလင်းများကို ကောက်ယူလာသည်။
မေမေဝမ် ရွေးချယ်ထားသော ဟင်းချက်ဆော့စ်များသည် ဓာတုဗေဒကင်းစင်၍ ကိုယ်ဝန်ဆောင်များ အတွက် သင့်တော်သည်။
ဥပမာအားဖြင့် သူမ လက်ထဲရှိ ပဲငံပြာရည်သည် ဝိညာဉ်သားရဲဆီမှ ထုတ်ယူထားသော သဘာဝပဲငံပြာရည် ဖြစ်ပြီး အာဟာရဓာတ် အလွန်ကြွယ်ဝ၏။
ဤငံပြာရည်က ဈေးကြီးသော်လည်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ဖြည့်စွက်စာကဲ့သို့ အသုံးဝင်သည်။
"ဒီပဲငံပြာရည်စားရင် ကလေးရဲ့မျက်နှာက မွေးစမှာ အရမ်းမည်းမှာ မဟုတ်တော့ဘူး"
မေမေဝမ်က ပဲငံပြာရည်ပုလင်းကို ကောက်ယူကာ ဈေးဝယ်ခြင်းထဲသို့ထည့်လိုက်ပြီးနောက် ဝမ်လင်းကို ပြောလိုက်သည်။
"ဒီပဲငံပြာရည် အမျိုးအစားက မင်းမမွေးခင်က ဒီလိုမဟုတ်ဘူး.. သာမန်ပဲငံပြာရည်ပဲ.. ဒါကြောင့် မင်းမွေးခါစမှာ မျက်နှာက အရမ်း မည်းနေခဲ့တယ်.. အဲဒီတုန်းကဆိုရင်း မင်းအဖေကမင်းကို ချီထားရင်း ကြေကွဲနေခဲ့တာပေါ့"
ဝမ်လင်း ".........."
ဝမ်လင်းနှင့်မေမေဝမ်တို့က အသင့်စား ခေါက်ဆွဲခြောက်များ ဖက်ထုပ်များ စသည်ဖြင့် ရောင်းချသော အသင့်စားအစားအစာတန်းသို့ ဖြတ်လျှောက်သွားကြသည်။
ထိုအချိန်တွင် ဝမ်လင်းသည် အငြင်းအခုံဖြစ်နေသော ဝမ်ကျန်းနှင့် လျူချင်းရီတို့ကို တွေ့လိုက်ရသည်။
ထိုနှစ်ယောက်က ခေါက်ဆွဲခြောက်ကို ဘယ်အရသာ ဝယ်သင့်လဲ ငြင်းခုံနေကြခြင်း ဖြစ်သည်။
"အမဲသားနှပ်အရသာ"
ဝမ်ကျန်းက နောက်ဆုတ်မပေးခဲ့ပေ။
"ဟင်းသီးဟင်းရွက်ချဉ်နဲ့ အမဲသားပေါင်းစပ်အရသာ.. အဲဒါက အရမ်းစားကောင်းတယ်.. ပုံမှန်အသင့်စား ခေါက်ဆွဲခြောက်တွေက အစာကြေလွယ်ခြင်း မရှိတဲ့အပြင် အလွန်အကျွံစားရင် ဝိတ်တက်ဖို့လွယ်ကူတယ်.. ဟင်းသီးဟင်းရွက်ချဉ်နဲ့ အမဲသားပေါင်းစပ်အရသာက အစာချေဖျက်မှုကို အရှိန်မြှင့်ပေးတဲ့အပြင် ဘယ်လောက်ပဲစားစား ဝိတ်တက်မှာမဟုတ်ဘူး"
လျူချင်းရီ၏ စကားကြောင့် ဝမ်ကျန်းက ပြောစရာစကား ပျောက်ဆုံးသွားခဲ့သည်။
တစ်ဖက်မှ ဝမ်လင်းသည် လျူချင်းရီ၏ စကားကြောင့် အံ့အားသင့်သွားခဲ့သည်။
"ဒါက ဘယ်လိုထူးထူးဆန်းဆန်း သီအိုရီမျိုးလဲ
သူက စွမ်းအင်ထိန်းသိမ်းမှု ဥပဒေအတွက် စိတ်မကောင်းပင်ဖြစ်မိသွားသည်။
"မင်းတို့နှစ်ယောက်က လင်းလင်းရဲ့သူငယ်ချင်းတွေ မဟုတ်လား"
မေမေဝမ်က အငြင်းအခုံဖြစ်နေကြသော ထိုနှစ်ယောက်ကို အဝေးကနေ လှမ်းမေးလိုက်သည်။
ဝမ်ကျန်းနှင့်လျူချင်းရီတို့က ဝမ်မိသားစု အိမ်လေးထံ အလည်အပတ် လာဖူးသောကြောင့် မေမေဝမ်က သူတို့ကို မှတ်မိနေခြင်းဖြစ်သည်။
"မင်္ဂလာပါစီနီယာကြီး"
သူတို့နှစ်ဦးက စကားများရန်ဖြစ်နေသော်လည်း မေမေဝမ်နှင့်ဝမ်လင်းတို့ ဈေးဝယ်လှည်း တွန်းလာသည်ကိုမြင်လျှင် တလေးတစားဖြင့် ဂါရဝပြုလိုက်သည်။
"လူငယ်တွေဆိုတာ အာဟာရပိုလိုအပ်တယ်.. ခေါက်ဆွဲခြောက်က ဘယ်လိုလုပ် အာဟာရရှိမှာလဲ
မေမေဝမ်က သက်ပြင်းချ၍ ပြောလိုက်သည်။
ဝမ်လင်း ".........."
ဤနှစ်ယောက်သည် နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံခဲ့ကြသည့် ကျင့်ကြံသူများ ဖြစ်သည်။
၎င်းတို့ကို ပတ်တီးများဖြင့်ရစ်ပတ်ပြီး ပိရမစ်များတွင် စွန့်ပစ်ခဲ့လျှင် ၎င်းတို့ကို မံမီများအဖြစ် ညွှန်းဆို၍ရမည် ဖြစ်သည်။
လျူချင်းရီနှင့် ဝမ်ကျန်းတို့နှစ်ယောက်လုံးက မေမေဝမ်၏ စကားကိုကြားလျှင် သက်ပြင်းချလိုက်ကြသည်။
သူတို့က ခေါက်ဆွဲခြောက်ကို မစားချင်သော်လည်း အောက်ကမ္ဘာကို ဆင်းသက်လာပြီးနောက်တွင် ပိုက်ဆံ အလုံအလောက် မရှိခဲ့ပေ။
ဝမ်လင်းက ဤနောက်ကွယ်မှဇာတ်လမ်းကို အနည်းငယ်သိခဲ့သည်။
အဓိကအကြောင်းအရင်းမှာ ၎င်းတို့သည် ခွင့်ပြုချက်မရှိဘဲ အောက်ကမ္ဘာသို့ တိတ်တဆိတ်လာခဲ့ကြ၍ နတ်ဘုရားနယ်မြေ၏ စည်းမျဉ်းများကို ချိုးဖောက်မိခဲ့ကြသည်။
ထို့ကြောင့် ယခုအချိန်တွင် သူတို့သည် ကူရွှင်းကျစ်၏ စောင့်ကြည့်မှုအောက်တွင် ရှိနေကြသည်။
ကူရွှင်းကျစ်က သူတို့၏စွမ်းအားများကို တံဆိပ်ခတ်ထားပြီး နတ်ဘုရားနယ်မြေသို့ မပြန်ခင် ကမ္ဘာမြေ၌ လူသားများကဲ့သို့ နှစ်နှစ်ကြာ နေထိုင်ရန် ပြစ်ဒဏ်ပေးခဲ့သည်။
ထို့နောက်ပိုင်းတွင် သူတို့အတွက် စားနပ်ရိက္ခာသည် ပြဿနာဖြစ်လာခဲ့သည်။
သူတို့က မြင့်မြတ်သောမိသားစုများ၏ သားသမီးများဖြစ်ကြပြီး သာမန်ဘဝနှင့် လိုက်လျောညီထွေ မရှိကြပေ။
ယခင်က လျူချင်းရီသည် အလုပ်လျှောက်ရန် ထွက်သွားခဲ့ပြီး လက်ကမ်းစာရွက်များ ဝေပေးသည့် သာမန်အလုပ်တစ်ခုကို တွေ့ရှိခဲ့သည်။
သူမက လက်ကမ်းစာစောင်ဝေစဉ် လမ်းသွားလမ်းလာ တစ်ဦးနှင့် ရန်ဖြစ်ခဲ့ပြီး သူမ၏ ရိုက်နှက်မှုကြောင့် ထိုလမ်းသွားလမ်းလာသည် ဆေးရုံသို့ ရောက်သွားခဲ့သည်။
ထို့နောက်တွင် ကူရွှင်းကျစ်က ဖြန်ဖြေပေးခဲ့ပြီး ကျသင့်သည့်ဆေးရုံခကို ကိုယ်စားပေးဆောင်ခဲ့သည်။
သို့သော်လည်း ထိုငွေကြေးသည် လျူချင်းရီ၏ ခေါင်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။
အတိုချုပ်ပြောရလျှင် ယခုအချိန်တွင် ဝမ်ကျန်းနှင့်လျူချင်းရီတို့သည် အကြွေးထူနေကြ၏။
ဆိုလိုသည်မှာ လျူချင်းရီသည် ကူရွှင်းကျစ်ပေါ်၌ ငွေအမြောက်အမြား အကြွေးတင်နေခြင်း ဖြစ်သည်။
ကူရွှင်းကျစ်က ၎င်းတို့ကို အရေးပေါ်တာဝန်များ ထမ်းဆောင်ရန် လိုအပ်ချိန်မှလွဲ၍ ၎င်းတို့၏ စွမ်းအားများကို အခြေခံတည်ထောင်ခြင်း အဆင့်ထိ ကန့်သတ်ထားခဲ့သည်။
ခေတ်မီ ကျင့်ကြံရေးခေတ်တွင် အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူများ လုပ်ဆောင်နိုင်စွမ်းသည် အကန့်အသတ် ရှိသည်။
သူတို့ လုပ်ဆောင်နိုင်သည့်အရာများမှာ သယ်ယူပို့ဆောင်ရန် သို့မဟုတ် ပါဆယ်ထုပ်များ ပို့ဆောင်ရန် သို့မဟုတ် ဓားပျံဖြင့်ပျံသန်း၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အုတ်များကိုရွှေ့သယ်ပေးရန် ဖြစ်သည်။
ဝမ်ကျန်းနှင့်လျူချင်းရီတို့သည် ဒုက္ခပင်လယ် ဝေနေခဲ့ကြသည်။
"မင်းတို့ကလင်းလင်းရဲ့ အတန်းဖော်အသစ်တွေ ဆိုတာ ငါမှတ်မိသေးတယ်.. နွရောသီကျောင်းပိတ်ရက်တွေ ပြီးရင် ကျောင်းပြန်တက်ရတော့မှာပေါ့"
မေမေဝမ်က သူတို့ကို ပြုံးပြုံးလေးကြည့်ကာ ပြောလိုက်သည်။
"ခဏလေးပဲ ပတ်ရသေးပေမဲ့ ဗိုက်ကဆာလာပြီ.. ငါတို့တွေ ဒီထက်ပိုပြီး ရင်းနှီးသွားအောင် အတူတူစားကြရအောင်"
ခေါက်ဆွဲခြောက်ထုပ်များကို လက်ထဲတွင် ဆုပ်ကိုင်ထားသည့် ဝမ်ကျန်းနှင့် လျူချင်းရီတို့၏ မျက်လုံးများသည် ယခုအချိန်တွင် နတ်သမီးတစ်ပါးကို မြင်နေရသကဲ့သို့ တောက်ပသွားခဲ့သည်။
အပိုင်း(၁၀၁၅) ပြီး၏