ဆရာများ၏ အိမ်စာကိုင်တွယ်ပုံ
Vol. 68 Ch. 1019
ဝမ်နွမ်က အပြည့်အဝ မဖွံ့ဖြိုးသေးသော သန္ဓေသားဖြစ်သော်လည်း ဤကလေးက သာမန်လူ မဟုတ်ကြောင်း ဝမ်းဗိုက်မှ ထွက်လာသော ပေါက်ကွဲမှုလှိုင်းများမှတဆင့် ဝမ်လင်းက သိထားခဲ့ပြီ ဖြစ်သည်။
ဤကဲ့သို့ နားလည်မှုသည် ဖေဖေဝမ်နှင့် မေမေဝမ်ကို ထိတ်လန့်စေသည်။
ဤမြင်ကွင်းက ဝမ်လင်းနတ်ဆိုးဓားကို ချိုးစဉ်ကနှင့် အလွန်ဆင်တူ၏။
ခန္ဓာကိုယ်သန့်စင်ခြင်းစုံတွဲတစ်တွဲက ထိုသို့သော ကလေးများကို မွေးဖွားနိုင်ခဲ့သည် ဟူသောသတင်းသာ ဖော်ထုတ်ခံလိုက်ရလျှင် သိပ္ပံစမ်းသပ်ခန်းများ၌ သူတို့အနေဖြင့် စမ်းသပ်ခံရနိုင်ပေသည်။
ပင်လယ်ရွာလေး၏ ကောင်းမှုကြောင့် မေမေဝမ်၏ဒုတိယကိုယ်ဝန်အကြောင်းကို မိသားစုနှင့် အသိမိတ်ဆွေအားလုံးက လက်တွေ့ကျကျ သိရှိသွားခဲ့ကြသည်။
အမြန်ချောပို့ဝန်ဆောင်မှုများက ဝမ်မိသားစု အိမ်ငယ်လေးဆီသို့ နှစ်ရက်ကြာ ဆက်တိုက် ရောက်ရှိလာသည်။
ထိုပို့ဆောင်မှုအားလုံးသည် မေမေဝမ်နှင့် ဝမ်နွမ်အတွက် လက်ဆောင်များ ဖြစ်သည်။
သူတို့မိသားစုက မြို့စွန်မြို့ဖျားတွင် နေထိုင်ပြီး သူငယ်ချင်းမိတ်ဆွေများနှင့် တွေ့ဆုံရန် အထူးအဆင်ပြေမှု မရှိသော်လည်း အကွာအဝေးက သူငယ်ချင်းကောင်း တစ်ယောက်၏ စိတ်ရင်းမှန်နှင့်ဆန္ဒကို မတားဆီးနိုင်ခဲ့ပေ။
တောင်တန်းနှင့်မြစ်များ ခံနေလျှင်ပင် မိတ်ဆွေစစ် တစ်ယောက်၏ လက်ဆောင်ပို့ခြင်းကို တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။
ဤအရာသည် သူငယ်ချင်းအစစ်များကို သာပေါင်းသူငယ်ချင်းများနှင့် မယှဉ်နိုင်သောအရာ ဖြစ်သည်။
“အင်း.. လူတိုင်းက ဒီလောက်ထိ ဂရုစိုက်ကြလိမ့်မယ်လို့ မထင်ထားဘူး”
အမြန်ချောပို့နှင့် ရောက်လာသော လက်ဆောင်များကို ကြည့်ရင်း မေမေဝမ်က နွေးထွေးမှုနှင့် စိတ်ဓာတ်ကျမှုကို တစ်ပြိုင်နက် ခံစားလိုက်ရသည်။
စောစောကသာ သိခဲ့လျှင် ကျင့်ကြံခြင်းဌာန၌ ဈေးဝယ်ထွက်မိမည် မဟုတ်ပေ။
သူ့သူငယ်ချင်းများက အလွန်ပင် စဉ်းစားတတ်ကြသည်။
သူတို့တွေ အချင်းချင်း ဆွေးနွေးဖူးသလား မသိသော်လည်း သူတို့အားလုံးသည် မတူညီသော အရာများကို ပေးပို့ခဲ့ကြသည်။
ကိုယ်ဝန်ဆောင်မိခင်များ အတွက် မှော်ပစ္စည်းများ၊ ကလေးသုံးပစ္စည်းများ၊ ကိုယ်ဝန်အားဆေး အမျိုးမျိုးနှင့် ငွေဖြည့်ကဒ်များကိုပင် ပေးပို့ခဲ့ကြသည်။
ထိုကဒ်ပေါ်တွင် ရေးထားသောအရာသည် ဝမ်လင်း ငယ်စဉ်က ပညာရေးဆိုင်ရာ ကြော်ငြာအမျိုးမျိုးတွင် ကြားခဲ့ရသော ဆိုရိုးစကား ဖြစ်သည်။
“သင့်ကလေးများကို ပန်းတိုင်ရောက်သည်အထိ တာထွက်ကတည်းက မပြောင်းလဲပါစေနှင့်”
ဤစကားက အလွန်အဓိပ္ပါယ် ရှိသော်လည်း ဝမ်မိသားစုမှကလေးများအတွက်မူ အပိုစကားလို ဖြစ်နေသည်။
အဆုံးသတ်တွင် သူတို့သည် မွေးဖွားသည့်အချိန်ကတည်းကပင် ပန်းတိုင်ကို ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။
စက်တင်ဘာလ ၁၆ ရက်၏နေ့လည်တွင် ဝမ်လင်းသည် ပထမနှစ် အခန်း ၃ ၏ ချက်ဂရုတွင် ပထမဆုံး မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။
အခြေခံအားဖြင့် အတန်းချက်ဂရုတွင် အကြောင်းအရင်းမရှိဘဲ မည်သူမှ ပို့စ်မတင်ကြောင်း ဝမ်လင်းသိသည်။
ပုံမှန်အားဖြင့် ကျောင်းသားများသည် မက်ဆင်ဂျာတွင်သာ တိုက်ရိုက် ပြောဆိုလေ့ရှိကြသည် မဟုတ်ပါလား။
သို့သော် အချို့ကမူ ချက်ဂရုထဲတွင် ထုတ်ဖော်ရန် ပို၍စိတ်အားထက်သန်ကြသည်။
ဆိုရလျှင် ချက်ဂရုသည် ကျောင်းသားများ ဘွဲ့ရပြီးသည့် နောက်မှသာ ပိုမို အသက်ဝင်လာတတ်သည်။
အဘယ်ကြောင့်ဆိုသော် ဘွဲ့ရပြီးသည့်နောက်မှသာ အောင်မြင်မှုသတင်းများကို ချက်ဂရုထဲတွင် ထုတ်ကြွားလေ့ရှိသည် မဟုတ်လော။
ဂရုချက်များသည် ကျောင်းတက်နေစဉ် အတွင်း အများစုအတွက်မူ သန့်ရှင်းနေဆဲ ဖြစ်သည်။
ချန်းချောင်က ဂရုချက်တွင် ချစ်စရာကောင်းသော ဓာတ်ပုံများကို ပထမဆုံးတင်ခဲ့သည်။
ဓာတ်ပုံများကိုကြည့်၍ ချန်းချောင်က အပျော်ခရီးတစ်ခုခုကို ထွက်ခဲ့သည်ဟု မှန်းဆနိုင်ပေသည်။
နွေရာသီအားလပ်ရက်က ရှည်လျားသောကြောင့် ဗဟုသုတကို ချဲ့ထွင်ရန် ခရီးထွက်ခြင်းမှာ နားလည်၍ရသည်။
ကျင့်ကြံခြင်းလောကသည် အလွန်ပင် ကြီးမားကျယ်ပြန့်သည်။
အထက်တန်း ကျောင်းပိတ်ရက်တွင် ခရီးသွားခြင်းက ကျင့်ကြံခြင်း လောကတွင် ခြေဆန့်ရန် အတွေ့အကြုံယူရလောက်အောင်ထိ ဝေးကွာလွန်းသည်။
သို့ရာတွင် ခရီးသွားအတွေ့အကြုံကမူ အမှန်တကယ် လိုအပ်၏။
ဆိုရလျှင် ကောလိပ်ဝင်ခွင့် စာမေးပွဲ၏ ၅%သည် အသိပညာတိုးတက်မှုနှင့် ဆက်စပ်နေသည်။
နာမည်ကျော်တက္ကသိုလ် တစ်ခုကို ရွေးချယ်တက်ချင်သော ကျောင်းသားများသည် ထို ၅% ကို ဘယ်တော့မှ အလွတ်မပေးပေ။
ထို့ပြင် ဤအကဲခတ်မှု အပိုင်းနှင့် ပတ်သတ်၍ သတ်မှတ်ထားသော စမ်းသပ်ချက်များ တစ်ခုတစ်လေမျှ မရှိခဲ့ချေ။
ယင်းက မေးခွန်းထုတ်သည့်ဆရာမ အပေါ်တွင်သာ မူတည်သည်။
မည်မျှခက်ခဲသနည်း ဆိုသော် စာမေးပွဲမေးခွန်းကိုဖတ်လိုက်သည်နှင့် ခေါင်းပေါက်ကွဲမတတ် ဖြစ်သွားပေလိမ့်မည်။
“ကြည့်စမ်း.. ရှုခင်းတွေက ဘယ်လောက်တောင်လှလိုက်လဲ”
ချန်းချောင်က သူရိုက်လာသောပုံများကို တစ်ခုပြီးတစ်ခု တင်နေခဲ့သည်။
“ငါရိုက်လာတဲ့ ရှုခင်းကလည်း မဆိုးပါဘူးကွာ”
ချန်းချောင်၏ ဦးဆောင်မှုအောက်တွင် ကော်ဟောက်ကလည်း ဓာတ်ပုံများစွာ တင်နေခဲ့သည်။
“..........”
ဝမ်လင်းကမူ နှုတ်ဆိတ်နေပြီး ဘာမှတုံ့ပြန်ခြင်းမရှိခဲ့ပေ။
မြေပဲလေးက အလွန်ပါးနပ်သည်။
အမှတ် ၆၀ အထက်တန်းကျောင်းမှ ပထမနှစ် အခန်း ၃ ၏ အတန်းတာဝန်ခံ အနေဖြင့် သူက ချက်ချင်းပင် မေးခွန်းထုတ်လိုက်သည်။
“ဒါနဲ့နေပါဦး.. မင်းအိမ်စာလုပ်တာ ဘယ်လောက်တောင် ကျန်သေးလဲ”
ထိုစကားကိုကြားလျှင် ချန်းချောင်က အလွန်တုန်လှုပ်သွားပြီး ငိုချင်စိတ်ပင် ပေါက်လာသည်။
“မြေပဲလေး.. မင်းငါ့ကို ဒီလောက်တောင် နားလည်တာလား.. သိပ်မများပါဘူး.. သင်္ချာ၊ ရူပဗေဒနဲ့ ဓာတုဗေဒ မပြီးသေးတဲ့အပြင် ကျန်တာတွေလည်း မလုပ်ရသေးဘူး”
ဝမ်လင်း “..........”
မြေပဲလေး “လခွမ်း.. ဘာမှမလုပ်ရသေးဘူးလို့ဖြေရင် ပြီးနေတာကို”
ချန်းချောင်က ရယ်မောလိုက်သည်။
“ဒီလိုဖြေတာက လူပိုရှိန်စေတယ်လေ.. ဟုတ်တယ်မလား”
ကော်ဟော် “ကမ္ဘာကြီးက အရမ်းကျဉ်းတယ်လေ.. ငါတို့တွေအပြင်ထွက်ပြီး လည်ပတ်ချင်တာ ဘာမှားလို့လဲ.. ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မှာ မင်းတို့လို ညီအစ်ကိုတွေ ရှိနေသရွေ့ အိမ်စာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းက ရှိနေမှာပဲ.. ဒါနဲ့ မင်းတို့တွေ ဘာလို့ စွန်းရုံရဲ့ အိမ်စာကို မငှားရတာလဲ”
မြေပဲလေးက မေးလိုက်သည်။
“အတန်းဖော်စွန်းရုံလား.. သူ့ရဲ့အိမ်စာတွေကို ဖြေရှင်းပုံက အရမ်းအဆင့်မြင့်တယ်.. ဖြစ်နိုင်တာက သူတို့မိသားစုက ကိုယ်ပိုင်ကျူရှင်ဆရာ ငှားရမ်းခဲ့တဲ့ပုံပဲ.. ငါတို့ စွန်းရုံဆီက ကူးလိုက်ရင် ဆရာမဖန်က တစ်ချက်တည်းနဲ့ ပြောနိုင်လိမ့်မယ်”
ထိုစဉ် ကော်ဟော်သည် ချက်ဂရုထဲသို့ အသံမက်ဆေ့ချ်ကို တိုက်ရိုက်ပေးပို့လိုက်သည်။
“ငါအဲဒီကိစ္စကို ချန်းချောင်နဲ့ ဆွေးနွေးပြီးပြီ.. မင်းနဲ့ ဝမ်လင်းတို့ရဲ့ အိမ်စာတွေကို မိတ္တူကူးဖို့ ငှားရင် ငါတို့ဒီကိစ္စကို ဖြေရှင်းနိုင်ပါတယ်.. ဒီကိစ္စကို ဆရာမဖန်ကို အရူးလုပ်နိုင်မယ့်နည်းကို ရှာတွေ့ခဲ့ပြီ.. ဒီနည်းလမ်းက အိမ်စာတွေကို အကြိမ်ပေါင်းများစွာကူးယူပြီးမှ ဉာဏ်အလင်းပွင့်သွားတာပဲ”
ထိုစကားကိုကြားလျှင် မြေပဲလေးနှင့် ဝမ်လင်းတို့ နှစ်ယောက်လုံး အံ့ဩသွားကြသည်။
“..........”
ဤမိုက်မဲသောမြေခွေးနှစ်ကောင်က ပုံတူကူးချရာတွင် အတွေ့အကြုံများနေပြီ ဖြစ်သည်။
ကော်ဟောက် “ဘယ်လိုလဲဆိုတော့ .. ငါက မြေပဲလေးရဲ့အိမ်စာ ၇၀ %နဲ့ ဝမ်လင်းရဲ့အိမ်စာ ၃၀% ကိုကူးယူမယ်.. ချန်းချောင်ကတော့ ငါနဲ့ဆန့်ကျင်ဘက် လုပ်လိုက်မယ်.. ဒါဆိုရင်ဆရာမဖန်က လုံးဝ မရိပ်မိနိုင်တော့ဘူး”
မြေပဲလေးက ရယ်မောလိုက်သည်။
“မင်းက တကယ်ပဲ ဆရာမဖန်ကို ငတုံးလို့ ထင်နေတာလား”
“စိတ်မပူပါနဲ့.. ငါတို့က အားလုံးကို ကူးယူမှာမဟုတ်ဘူး.. မှားနေတာတွေကိုပါ တမင်ကူးယူသွားမှာ”
“..........”
“အိမ်စာလုပ်ဖို့အတွက် တာဝန်ခွဲအပ်ခြင်း ခံရတာကြောင့်မဟုတ်ရင် ငါနဲ့ချန်းချောင်က အိမ်စာအတွက် အားစိုက်ထုတ်ဖို့ စိတ်ဝင်စားမှာမဟုတ်ဘူး.. ဆရာမဖန်က နွေရာသီအားလပ်ရက်အတွင်း အိမ်စာတွေ အများကြီးပေးလေ့ရှိတယ်.. ဒါကြောင့် အိမ်စာတွေကိုစုဆောင်းတဲ့အခါ စာအုပ်ပုံက တောင်တွေလို မြင့်နေလိမ့်မယ်.. စာသင်နှစ်စရင် ဆရာမတွေက သင်ခန်းစာတွေနဲ့ အလုပ်ရှုပ်နေတာလေ.. အတန်းအတွက်ပြင်ဆင်ဖို့တောင် အချိန်မလောက်ရင် နွေရာသီအိမ်စာကို ဘယ်လို အမှတ်ခြစ်နိုင်မှာလဲ”
ကော်ဟော်၏ ခွဲခြမ်းစိတ်ဖြာမှုက ရှင်းလင်းပြတ်သားပြီး အလွန် လက်တွေ့ကျသည်။
တကယ်တမ်းတွင် သူပြောနေသည့် ဖြစ်စဉ်များသည် အထက်တန်းကျောင်းများတွင် ဖြစ်နေကျ ဖြစ်၏။
အလယ်တန်းအဆင့်တွင်ပင် ဆရာဆရာမများသည် ဆောင်းရာသီနှင့် နွေရာသီအိမ်စာများကို အောက်ပါနည်းလမ်းသုံးခုဖြင့် ကိုင်တွယ်ဆောင်ရွက်ကြသည်။
ပထမနည်းလမ်း အမျိုးတူများကိုစုပြီး အမှတ်ခြစ်ခိုင်းခြင်း..
ရိုးရှင်းစွာပြောရလျှင် အိမ်စာများကို ဦးစွာစုဆောင်းပြီးနောက် အိမ်စာမထပ်သော မိဘများကို ကျောင်းသို့ခေါ်စေသည်။
အိမ်စာထပ်သော ကျောင်းသားများကိုမူ အချင်းချင်းအိမ်စာအမှတ်ခြစ်ရန် စေခိုင်းလေ့ရှိသည်။
ဤနည်းအားဖြင့် ဆရာဆရာမများသည် အမှတ်ခြစ်ရမည့်ဝန်ထုပ်ဝန်ပိုးများကို ဖြေရှင်းနိုင်မည် ဖြစ်၏။
ဒုတိယနည်းလမ်း ရွှေ့ဆိုင်းပြစ်ဒဏ်..
ဤအမျိုးအစားထဲမှ ဆရာဆရာမများသည် ပို၍စေတနာရှိကြသည်။
ကျောင်းသားများသည် နွေရာသီအားလပ်ရက်၏ နောက်ဆုံးရက်များရောက်မှသာ အိမ်စာလုပ်ကြသူများ ဖြစ်ကြောင်း သိရှိထားသောကြောင့် ဆရာများသည် အိမ်စာတင်ရမည့်ရက်ကို တမင် သတ်မှတ်ထားကြသည်။
အိမ်စာကို ကောင်းကောင်းလုပ်မလုပ်က အရေးမကြီးပေ။
ထိုထက် အရေးကြီးသည်မှာ အိမ်စာကိုပြီးအောင်လုပ်မည့် စိတ်ထားပင် ဖြစ်သည်။
ပုံမှန်အားဖြင့် ဤသို့သော ဆရာများသည် သင်၏အိမ်စာပြီးဆုံးသည်ဖြစ်စေ မပြီးဆုံးသည်ဖြစ်စေ ဂရုမစိုက်တတ်ပေ။
နောက်ဆုံးရက်တွင် အိမ်စာအပ်နိုင်သ၍ လုံခြုံမည် ဖြစ်၏။
အိမ်စာမအပ်နိုင်လျှင်မူ ချက်ချင်းပင် ဒဏ်ပေးခံရပေလိမ့်မည်။
တတိယနည်းလမ်း စွမ်းအင်ချွေတာပြီး သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပါ..
ယင်းမှာ ရိုးရှင်းသောနည်းလမ်း ဖြစ်သည်။
အမှန်တကယ်တွင် အားလပ်ရက်များသည် မူလကပင် အပန်းဖြေအနားယူရန် အတွက် အချိန် ဖြစ်သည်။
ကျောင်းသားများက အားလပ်ရက်တွင် အိမ်စာများပြီးသည်ဖြစ်စေ မပြီးသည်ဖြစ်စေ ဆရာများသည် ဤမျှအထိ နှောင့်ယှက်စရာ အကြောင်းမရှိပေ။
ထို့ကြောင့် ဆရာများသည် အားလပ်ရက်အိမ်စာများကို စုဆောင်းပြီးနောက်တွင် အမှတ်မခြစ်တော့ဘဲ မှတ်စုဖယ်ရှားရေး မှော်စွမ်းရည်ကိုသုံးကာ နောက်နှစ် ဂျူနီယာများအတွက် အိမ်စာ စာရွက်အလွတ်များကို ချန်ထားခဲ့ကြသည်။
ယင်းက ပြန်လည် အသုံးပြုခြင်းမျိုး ဖြစ်၍ ဖြုန်းတီးမှုလည်း လုံးဝမရှိပေ။
အပိုင်း(၁၀၁၉) ပြီး၏