မူဝါဒစည်းမျဥ်း ရှိတဲ့နေရာတိုင်းတွင် တန်ပြန်အစီအမံရှိသည်
Vol. 68 Ch. 1020
အိမ်စာကူးခြင်းတွင် အလွန်အတွေ့အကြုံများသဖြင့် ဂုရုအဆင့်သို့ရောက်နေသူများ ယနေ့ခေတ်တွင် များစွာရှိနေပြီဖြစ်သည်။
ကော်ဟောက်နှင့် ချန်းချောင်တို့သည် အဓိကဥပမာများဖြစ်သည်။
အိမ်စာများကို ကူးချသည်ဖြစ်စေ အခြားလူတစ်ဦးကို အိမ်စာငှားရမ်းသည်ဖြစ်စေ ဤသည်က အကျင့်ဆိုးတစ်ခု ဖြစ်သည်။
ဝမ်လင်းက မည်သူ့ထံကမှ အိမ်စာကူးချရန် မလိုအပ်ပေ။
သူက တခြားသူနှင့်မရင်းနှီးလျှင် အိမ်စာများကို ငှားရမ်းမည်မဟုတ်ချေ။
ကော်ဟောက်နှင့် ချန်းချောင်တို့ကို သူ၏အိမ်စာများ ငှားရမ်းရသည့် အဓိက အကြောင်းအရင်းမှာ ၎င်းတို့၏ ခင်မင်ရင်းနှီးမှုကို မထိခိုက်စေလိုသောကြောင့် ဖြစ်သည်။
ထို့အပြင် ဤလူနှစ်ယောက်သည် အမှန်တကယ် စာကျက်နိုင်ပြီး သူတို့၏ အဆင့်များသည်လည်း ဘယ်သောအခါမှ မကျဆင်းခဲ့ပေ။
အချိန်နှင့် ကြိုးစားအားထုတ်မှု သက်သာစေရန်အတွက် အိမ်စာများကို ကူးယူကြခြင်းသာ ဖြစ်သည်။
"ဒါဆိုအဆင်ပြေပြီ.. ငါတို့မနက်ဖြန် (Sunbuck)ကော်ဖီဆိုင်မှာ တွေ့ကြမယ်
ထို့နောက်တွင် ချန်းချောင်သည် ချက်ဂရုထဲသို့ ကော်ဖီဆိုင်၏ တည်နေရာကို ပို့လိုက်သည်။
ထိုဆိုင်က လူစည်ကားသော မြို့လည်တွင် တည်ရှိသည့် ကော်ဖီဆိုင်ဖြစ်သည်။
နွေရာသီ အားလပ်ရက်တွင် ဤကဲ့သို့ ကော်ဖီဆိုင်များ သို့မဟုတ် (fast food) ဆိုင်များတွင် ကျောင်းသားဦးရေများများစားစား မရှိပေ။
[Fast food= အချိန်တိုအတွင်း ပြင်ဆင်ရလွယ်ကူသောအစားအစာ]
ထိုဆိုင်များတွင် အားလပ်ရက်၏ နောက်ဆုံးရက် အနည်းငယ်တွင်သာ ကျောင်းသားများပြည့်နှက်နေသည်ကို သင့်အနေဖြင့် တွေ့နိုင်မည် ဖြစ်သည်။
ဤသည်က နွေရာသီ အားလပ်ရက်၏ အဓိကမြင်ကွင်းတစ်ခုဟု ဝမ်လင်း ခံစားခဲ့ရသည်။
အလယ်တန်းနှင့် အထက်တန်းကျောင်းသားများသည်(fast food)စားသောက်ဆိုင်များတွင် မှော်အတတ် အမျိုးမျိုးကိုအသုံးပြု၍ အခြားလူ၏ အိမ်စာများကို ကူးယူလေ့ရှိသည်။
ဤကဲ့သို့ ခမ်းနားသောမြင်ကွင်းကို စိတ်ကူးကြည့်ရန်မှာ တကယ်ကို ခက်ခဲသည်။
စက်တင်ဘာလ ၁၇ ရက်တွင် ဝမ်လင်းသည် ချန်းချောင်၊ ကော်ဟောက်တို့နှင့် ချိန်းထားသော ကော်ဖီဆိုင်သို့ ထွင်ထျန်းဟာကို ခေါ်ကာ ထွက်လာခဲ့သည်။
ထွင်ထျန်းဟာသည် ဝေ့ကျစ်နှင့် ခင်မင်ကတည်းက ဝေ့ကျစ်၏ တိုက်ခန်းသို့ မကြာခဏသွားလည်လေ့ရှိသည်။
တစ်ခါတစ်ရံတွင် ချန်းချောင်နှင့် အခြားလူများသည် ဝမ်လင်းနှင့် ထွင်ထျန်းဟာ၏ ဓာတ်ပုံများကို တောင်းဆိုလေ့ရှိကြသည်။
ထိုအချိန်က ဆရာမဖန်သည် ထွင်ထျန်းဟာ၏ မူလဝိညာဉ်ကို ခွေးအဖြစ် ပြောင်းလဲရန်အတွက် အခြားကိုယ်ခန္ဓာတစ်ခုနှင့် ပေါင်းစည်းခဲ့သည်။
ထွင်ထျန်းဟာက ပထမနှစ် အခန်း ၃ တွင် ဘဝသစ်တစ်ခုပြန်လည်စတင်ခဲ့၍ ပထမနှစ် အခန်း ၃ ၏ အိမ်မွေးတိရစ္ဆာန် ဆိုလည်း မမှားပေ။
ကော်ဟော်၊ ချန်းချောင်နှင့် အခြား အတန်းဖော်များသည် ထွင်ထျန်းဟာ၏ ကျော့ရှင်းသော အစိမ်းရောင် အမွေးများကို လွမ်းဆွတ်နေခဲ့ကြသည်။
ကော်ဖီဆိုင်က လူစည်ကားသောနေရာတွင် ရှိသောကြောင့် ဝမ်လင်းက တိုက်ရိုက် တည်နေရာရွေ့ပြောင်းရန် မရွေးချယ်ခဲ့ပေ။
သူ၏ ရုတ်တရက်ပေါ်လာသော အသွင်အပြင်က လူများကိုကြောက်လန့်စေနိုင်သည် မဟုတ်ပါလော။
ထို့ကြောင့် အဆုံးသတ်တွင် ထွင်ထျန်းဟာကို ခေါ်ကာ ဝိညာဉ်ဘက်စ်ကားကို စီး၍ ကော်ဖီဆိုင်သို့ သွားရန် ဆုံးဖြတ်ခဲ့သည်။
ဘက်စ်ကားပေါ်တွင် ထွင်ထျန်းဟာ၏ အသွင်အပြင်သည် အာရုံစူးစိုက်မှုများစွာကို ရရှိခဲ့သည်။
စိတ်ဝိညာဉ်အိမ်မွေးတိရိစ္ဆာန် ပြိုင်ဆိုင်မှုတွင် ထွင်ထျန်းဟာနှင့် ဝေ့ကျစ်တို့သည် သရဖူကိုသိမ်းပိုက်ခဲ့ပြီး သတင်းများတွင် ရေပန်းစားခဲ့သည်။
ထို့ကြောင့် လူအများအပြားသည် ထွင်ထျန်းဟာကို ရင်းနှီးပုံပေါက်သည်ဟု ခံစားခဲ့ရပြီး ဤသည်မှာ ယခင်ကအနိုင်ရခဲ့သော စိတ်ဝိညာဉ်ခွေးလားဟုပင် တွေးတောနေခဲ့ကြသည်။
သို့ရာတွင် ဝမ်လင်း၏ အေးစက်စက်အမူအရာကြောင့် မည်သူမှ ထိုမေးခွန်းကို မမေးဝံ့ကြပေ။
အရေးကြီးဆုံးအချက်မှာ ချန်ပီယံခွေး၏ အိမ်မွေးတိရိစ္ဆာန်လေ့ကျင့်ပေးသူက ဝေ့ကျစ်ဖြစ်ကြောင်း အများစုက မှတ်မိနေကြဆဲ ဖြစ်သောကြောင့်လည်း ဖြစ်သည်။
စိတ်ဝိညာဉ်ခွေး၏ သခင်က ဤကဲ့သို့ အေးစက်စက်လူ အဖြစ် ဘယ်ကတည်းက ပြောင်းလဲသွားပါသနည်း။
ကလေးမလေးတစ်ယောက်က ထွင်ထျန်းဟာကို ညွှန်ပြ၍ ပြောလိုက်သည်။
"မေမေ ဒီခွေးက အရမ်းစိမ်းတယ်နော်.. ဖေဖေ့လိုပဲ"
(အရမ်းစိမ်းတယ် ဟူသောစကားသည် အလွန်အတွေ့အကြုံနည်းသည်ဟု အဓိပ္ပါယ်)
အမျိုးသမီးက ကလေးမလေး၏ ပါးစပ်ကို လက်ဖြင့်အလျင်အမြန် ဖုံးအုပ်လိုက်ပြီး ဒေါသတကြီးကြည့်လိုက်သည်။
"ဘာတွေလျောက်ပြောနေတာလဲ"
"ဘေးအိမ်ကအန်ကယ်ဝမ်က အမေနဲ့ နပန်းလုံးတဲ့အခါ အမေအဲလိုပြောနေကျပဲလေ"
................
ကလေးမလေး စကားပြောပြီးနောက်တွင် ဘက်စ်ကားတစ်စီးလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်။
အမျိုးသမီးက ဘက်စ်ကားပေါ်က ဆင်းသွားသောအခါ အဆင်မပြေသော အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။
ဝမ်လင်းက ဘက်စ်ကားပေါ်မှ ဆင်းသွားသော ကလေးမလေး၏ နောက်ကျောကို ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။
ကလေးမလေးသည် အပြစ်ကင်းစင်စွာ အမှန်အတိုင်းပြောဆိုခဲ့သော်လည်း ယနေ့သူမ အိမ်ပြန်ရောက်သည်နှင့် ရိုက်နှက်ခံရခြင်းမှ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
ဤပြဿနာမှာ သူ၏ စိမ်းလန်းသောအမွေးကို ညွှန်ပြရာမှ ဖြစ်ပေါ်လာသောပြဿနာဖြစ်၍ ထွင်ထျန်းဟာကလည်း ပယောဂ မကင်းသလို ခံစားခဲ့ရသည်။
သူတို့လမ်းပေါ်ရောက်နေချိန်တွင် ဝမ်လင်းက သူ့ဖုန်း တုန်ခါသွားသည်ကို ခံစားမိသည်။
ယင်းမှာ ချန်းချောင်က ချက်ဂရုတွင် မက်ဆေ့ချ်ပေးပို့ခြင်းကြောင့် ဖြစ်၏။
"မင်းတို့အားလုံး ထွက်လာကြပြီလား"
"ထွက်လာပြီ"
မြေပဲလေးက ပြန်ဖြေလိုက်သည်။
"အင်း"
ဝမ်လင်းကမူ စကားတစ်လုံးတည်းနှင့်သာ ပြန်ဖြေလိုက်သည်။
မြေပဲလေး "စကားမစပ်မေးရဦးမယ်.. မြို့လယ်က လူစည်ကားတဲ့ ကော်ဖီဆိုင်ကိုမှ ဘာလို့အထူးရွေးချယ်ခဲ့ရတာလဲ"
"မလောပါနဲ့.. ငါမင်းတို့ကို ပြောပြမှာပါ.. မင်းတို့လို ကလေးတွေက ဒီနေရာကို သိမှာမဟုတ်ဘူး.. အထူးသဖြင့် နွေရာသီအားလပ်ရက်တွေမှာ ကျောင်းတစ်ဝိုက်မှာရှိတဲ့(fast food) စားသောက်ဆိုင် နဲ့ ကော်ဖီဆိုင်တွေကို ကျောင်းအသီးသီးက ဆရာဆရာမတွေ ဝင်စစ်ဆေးလေ့ ရှိတယ်လို့ စီနီယာတွေဆီက ကြားသိခဲ့ရတယ်.. ကော်ပီ ကူးယူတာကို တားဆီးတဲ့အဖွဲ့အစည်းကို အွန်လိုင်းမှာ ဖွဲ့စည်းထားပြီးပြီ.. ဒီဘက်ခေတ်မှာ အိမ်စာတွေနဲ့ စာမေးပွဲစာရွက်တွေ အတွက် ဘာကြောင့်ကျောက်စိမ်းစက္ကူကို သုံးကြတာလဲ သိလား.. တစ်ယောက်ယောက်က ကျောက်စိမ်းစက္ကူပေါ်က သူတို့ရဲ့အိမ်စာတွေကို ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီး တခြားတစ်ယောက်ဆီ ပို့ပေးမယ်ဆိုရင် ပုံက မှုန်ဝါးလာပြီး ဘာမှကို သဲသဲကွဲကွဲမြင်ရမှာမဟုတ်ဘူး.. ကင်မရာလုပ်ဆောင်ချက်က ကျောက်စိမ်းစက္ကူရဲ့ အသွင်အပြင်ကို မခွဲခြားနိုင်ဘူး.. ဒါ့အပြင် အိမ်စာ ကူးဖို့အတွက် အဝေးထိန်းကိရိယာတွေကို အသုံးပြုနေတဲ့ ကျောင်းသားတွေကို ရပ်တန့်ဖို့ အိမ်စာနှိမ်နှင်းရေး ပရောဂျက်ကို မကြာသေးမီနှစ်တွေကစပြီး စတင်ခဲ့တယ်
ဝမ်လင်း ..........
ဝမ်လင်းနှင့် မြေပဲလေးတို့သည် ထိုစကားကို ကြားပြီးနောက် တိတ်ဆိတ်သွားကြသည်။
ပွင့်လင်းစွာပြောရလျှင် ချန်းချောင်သာ ထိုအကြောင်းကို မပြောပြခဲ့လျှင် သူတို့က ထိုအရာမျိုး ရှိကြောင်း ဘယ်သောအခါမှ သိရှိမည်မဟုတ်ပေ။
"ဒါကြောင့် အိမ်စာကူးမယ်ဆိုရင် လိုင်းပိတ်ထားမှပဲ လုပ်လို့ရမယ်.. အိမ်မှာ ဘာလို့မလုပ်တာလဲ မင်းတို့သိလား.. ရိုးရှင်းပါတယ်.. မိဘတွေက ဖမ်းမိရင် ဆရာကို သေချာပေါက် ပြောပြလိမ့်မယ်လေ.. တာဝန်ခံဆရာတွေ ဖွဲ့စည်းထားတဲ့ မိဘဆရာချက်ဂရုအဖွဲ့က သူလျှိုကွန်ရက် အဖွဲ့တွေလိုပဲ.. အရမ်းကြောက်ဖို့ကောင်းတယ်.. ဒါက အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ် တစ်ခုလည်းဖြစ်တယ်
ထိုစကားကိုပြောရင်းဖြင့် ချန်းချောင်က ခါးသီးစွာ ညီးညူလိုက်သည်။
"ဥပမာပြောရရင် မနေ့က ငါ့အဖေက သူ့သူငယ်ချင်းဆီ အလယ်သွားခဲ့တယ်.. အဖေ့သူငယ်ချင်းသားက အမှတ် ၅၉ ကျောင်းမှာတက်နေတဲ့ အထက်တန်းကျောင်းသားလေ.. သူကသူ့သားကို ကိုယ်တိုင်သတင်းပို့ခဲ့တယ်.. အဲဒီနောက်မှာတော့ အဲဒီကျောင်းသားရဲ့ ဆရာက ညတွင်းချင်း အိမ်ကိုရောက်လာပြီး သူကူးယူထားတဲ့ အိမ်စာတွေကို ဖျက်ပစ်လိုက်တယ်"
..........
"အတိုချုပ်ပြောရရင် ငါ့ရဲ့အဖွဲ့ဝင်နံပါတ် AC 12391 ကို အသုံးပြုလိုက်တာနဲ့ ဆိုင်ရှေ့ကစားပွဲကနေ မင်းတို့ကို သီးသန့်ခန်းဆီခေါ်ဆောင်သွားလိမ့်မယ်"
"သီးသန့်အခန်းလား"
မြေပဲလေး၏နှုတ်ခမ်းများက လှုပ်ရမ်းသွားခဲ့သည်။
"ဟုတ်တယ်.. အိမ်စာကူးချဖို့အတွက် ချန်းချောင်နဲ့ ငါက အထူး အားထုတ်ထားကြတယ်.. ဒါမှသာ ဆရာတွေက ငါတို့ကို မတွေ့ရတော့မှာလေ"
ကော်ဟောက်က ပြောလိုက်သည်။
"ပြီးခဲ့တဲ့ နှစ်တွေမှာ ကျောင်းအသီးသီးက ဆရာဆရာမတွေက (fast food) ဆိုင်တွေမှာ အိမ်စာကူးယူမှုတွေ လုပ်နေကြတဲ့ ကျောင်းသားတွေကို ဖမ်းဖို့အတွက် ပရောဂျက်တွေကို စတင်လုပ်ဆောင်ခဲ့ကြတယ်.. အဲဒီအချိန်မှာပဲ ကော်ဖီဆိုင်တွေကလည်း သီးသန့်ခန်းအတွက် အစီအစဉ်တွေကို စတင်ချမှတ်ခဲ့ကြတယ်.. သီးသန့်ခန်း အစီအစဉ်တွေမှာတော့ စိတ်ပူစရာမလိုဘဲ အေးအေးလူလူ စာကူးချနိုင်တယ်.. ဒါ့အပြင် ကိုယ်စားကူးယူပေးဖို့ အတွက် ဝန်ဆောင်မှုလည်း ပေးသေးတယ်
..........
အစားအသောက်စားရင်း အေးအေးလူလူ အိမ်စာကူးနိုင်တဲ့အပြင် အရေးပေါ်အခြေအနေတွေ အတွက် တံခါးအပြင်ဘက်မှာလည်း လူတစ်ယောက်က အခြေအနေကို စောင့်ကြည့်ပေးနေတယ်.. အရေးအကြီးဆုံးအချက်က သီးသန့်ခန်း တစ်ခုဆီမှာရှိတဲ့ စားပွဲတွေမှာ အိမ်စာတွေကို အလိုအလျောက်ဖွက်ထားပေးမယ့် ယန္တရားတစ်ခု ပါရှိတာပဲ.. ဒါကြောင့် သီးသန့်ခန်းတွေကို ဆရာတွေ ဝင်စစ်ရင်တောင် သူတို့တွေ ဘယ်တော့မှ ဖမ်းမိမှာမဟုတ်ဘူး"
ကော်ဟောက်က စာရိုက်ရင်း ပါးနပ်စွာ ပြုံးလိုက်သည်။
..........
ဝမ်လင်းကမူ အိမ်စာကူးယူသည့် ပညာရပ်က မည်မျှနက်နဲကြောင်း တွေးမိကာ အံ့အားသင့်သွားသည်။
သို့သော် ချန်းချောင်နှင့်ကော်ဟောက်၏ ပြင်ဆင်မှုများက အကြောင်းမဲ့ မဟုတ်ကြောင်း များမကြာမီမှာပင် သက်သေပြလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဝမ်လင်းက ဘက်စ်ကားပေါ်မှ ဆင်းလိုက်သောအခါတွင် ရင်းနှီးသောအသွင်အပြင် တစ်ခုကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ထိုအသွင်အပြင်မှာ ကော်ဖီဆိုင် လျှောက်လမ်းတွင် ကျားသစ်ကဲ့သို့ အလျင်စလို လမ်းလျှောက်နေ၏။
ဝမ်လင်းက သူ့အမြင်မမှားကြောင်း သေချာနေသည်။
အကြောင်းအရင်းမှာ ထိုအသွင်အပြင်က ဆရာမဖန်ဖြစ်နေသောကြောင့်ပင်။
အပိုင်း(၁၀၂၀) ပြီး၏