← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

"ဒင်.. အဆတစ်ရာ လေ့ကျင့်ရေးစနစ်ကို အောင်မြင်စွာ ချိတ်ဆက်မိတဲ့ အတွက် ဂုဏ်ယူပါတယ်"

"ဒင်.. သင်က ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ အခြေခံ ခန္ဓာကိုယ်နည်းစနစ်ရဲ့ အတွေ့အကြုံရမှတ် ၁၀မှတ်ကို အဆ၁၀၀ ရရှိပါတယ်"

ကျန်းချန်က သူ့စိတ်ထဲတွင် ဆက်တိုက်ပြောဆိုနေသည့် အသံများကို နားထောင်ရင်း မျက်လုံးများ တဖြည်းဖြည်း ဖွင့်လာခဲ့သည်။

သူ့နှလုံးသားက ရှုပ်ထွေးနေသလို ခံစားနေရ၏။

သူအမှတ်ရသည်မှာ သူက အော်မေ့တောင်ထိပ်ကို တက်နေရင်း မတော်တဆ ခြေချော်ကျကာ ချောက်ထဲကျသွားခဲ့ခြင်းပင်။

သူ နိုးလာသည့်အခါတွင် ထူးဆန်းစွာဖြင့် အခန်းတစ်ခန်းထဲ ရောက်နေသည်ကို တွေ့လိုက်ရ၏။

"ငါ တကယ်ပဲ ကူးပြောင်းလာတာလား.. ဒါ့အပြင် အဆတစ်ရာ လေ့ကျင့်ရေးစနစ်ပါ တစ်ခါထဲ ပါလာတယ်တဲ့လား"

သူ ထရပ်လိုက်ပြီး ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အခြေခံကိုယ်ခန္ဓာနည်းစနစ်က ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိသွားပြီး ဟွမ်ဖျင် ကိုယ်ခံပညာ၏ အလင်းစီးကြောင်းခြေလှမ်း အဆင့်ထိ အလိုအလျောက် တိုးတက်သွားခဲ့သည်။

[ဒါက တကယ်ပဲဆိုရင် ဒီစနစ်က တကယ်ကို အံ့ဩစရာပဲ]

ကျန်းချန်က အံ့အားသင့်ကာ မယုံနိုင်စွာ ဖြစ်နေ၍ မသိစိတ်ကနေ အလင်းစီးကြောင်းခြေလှမ်းကို အသုံးပြုမိလိုက်သည်။

ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ပုံပန်းသဏ္ဍာန်သည် တခဏအတွင်း အလင်းစီးကြောင်း ဖြစ်သွားခဲ့ပြီး မီတာအနည်းငယ် အကွာအဝေးကို ဖြတ်သန်းသွားခဲ့၏။

"ဒင်.. သင်က အလင်းစီးကြောင်းခြေလှမ်းကို အသုံးပြုလိုက်တဲ့အတွက် အတွေ့အကြုံရမှတ်၂၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင့်ရဲ့ အလင်းစီးကြောင်းခြေလှမ်းက အလယ်အလတ် အဆင့်ကို ရောက်ရှိသွားပါပြီ"

"ဒါတကယ်ပဲကိုး.. ငါက ကူးပြောင်းလာပြီးနောက်မှာ ဒဏ္ဍာရီလို စနစ်နဲ့ အတူ ရောက်ရှိလာခဲ့တာပဲ"

ကျန်းချန်က အံ့အားသင့်မှုကနေ ပြန်လည်နိုးထဖို့ အချိန်အတော်ကြာသွားခဲ့သည်။

သူက ခေါင်းမော့ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

ထို့နောက် သူ့စိတ်ထဲကနေ ထွက်ပေါ်လာသည့် ထူးဆန်းသော မှတ်ဉာဏ်များကို လက်ခံလိုက်သည်။

သူ့မှတ်ဉာဏ်ထဲတွင် ဤတိုက်ကြီးကို ရှန်းဝူတိုက်ဟု ခေါ်ပြီး ကိုယ်ခံပညာကို ကျင့်ကြံကြသည့် ကမ္ဘာတစ်ခု ဖြစ်သည်။

ကိုယ်ခံပညာရှင်များကို ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့်၊ ချီကာကွယ်ရေး အဆင့်၊ မူလဘူတအဆင့်၊ စွမ်းအင် သိပ်သည်းခြင်းအဆင့်၊ အသွင်ပြောင်းအဆင့်နှင့် သိုင်းသခင် အဆင့် ဟူ၍ ခွဲခြားထား၏။

ဤခန္ဓာကိုယ်ရဲ့ ယခင်ပိုင်ရှင်သည် စန်းရှန်မြို့တော်၊လင်ယွင်စီရင်စု၊ မဟာရှားနိုင်ငံတော်တွင် မွေးဖွားခဲ့သည်။

သူက ​စန်းရှန်မြို့တော်ရှိ မိသားစုကြီး သုံးစုထဲတွင် တစ်စုအပါအဝင်ဖြစ်သည့် ကျန်းမိသားစုမှ ကျန်းဝူရ၏ တစ်ဦးတည်းသောသား ဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် ကိုယ်ခံပညာစွမ်းရည် အလွန်ညံ့ဖျင်း၍ ငယ်စဉ်ကတည်းကပင် အမှိုက် အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်၏။

သူက ယခုနှစ်တွင် ၁၅ နှစ် ပြည့်ပြီးပြီ ဖြစ်သော်လည်း သူ၏ ခွန်အားသည် ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၂မှာသာ ရှိနေသေးသည်။

ဤကဲ့သို့ ကျင့်ကြံခြင်း စွမ်းရည်သည် ကျန်းမိသားစု၏ လူငယ်များထဲတွင် လုံးဝ အောက်ဆုံးမှာ ရှိနေခြင်းပင်။

ကျန်းဝူရသည် သူ့သားကို အနာဂတ်ကောင်းတစ်ခု ပေးရန်အတွက် လင်ယွင်စီရင်စု၏ အထွတ်အထိပ် အာဏာပိုင် ဖြစ်သည့် လင်ယွင်ကျောင်းတော် နှင့် သဘောတူညီမှုတစ်ခု ရယူခဲ့သည်။

ထို့ကြောင့် လင်ယွင်ကျောင်းတော်သည် ကျန်းချန်ကို ကျောင်းသားအဖြစ် ခြွင်းချက်ထား လက်ခံခဲ့ပြီး အပြန်အလှန်အနေဖြင့် ကျန်းဝူရသည် လင်ယွင်ကျောင်းတော် အတွက် တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ရန် လျှို့ဝှက်စွာ ပျောက်ကွယ်သွားခဲ့သည်။

ယမန်နေ့က လင်ယွင်ကျောင်းတော်သည် ကျန်းချန်ဆီသို့ လင်ယွင်ကျောင်းတော်၏ ဝင်ခွင့်တံဆိပ်ပြားကို အချိန်မီ ပေးပို့ခဲ့သည်။

သို့သော်လည်း ထိုအချိန်တွင် ကျန်းမိသားစုမှ ကျန်းယွင်ဟုန်သည် ကျန်းချန်ကို လင်ယွင်ကျောင်းတော်ထဲ ဝင်ရောက်ခွင့်အား စွန့်လွှတ်ရန် ဖိအားပေး တောင်းဆိုခဲ့၏။

ကျန်းချန်က သူ့ဖခင်၏ အသက်နှင့် ရင်း၍ ရယူပေးခဲ့သည့် အခွင့်အရေးကို အခြားသူအား ပေးရန် သဘောမတူခဲ့ပေ။

ထို့​ကြောင့် ကျန်းယွင်ဟုန်က ဒေါသထွက်၍ တိုက်ခိုက်လိုက်ရာ ကျန်းချန်သည် ဒဏ်ရာအပြင်းအထန်ရပြီး နောက်ဆုံးတွင် သေဆုံးသွားခဲ့သည်။

"ကျန်းယွင်ဟုန် ဆိုတဲ့ ဂုဏ်သိက္ခာမဲ့တဲ့ လူဆိုးက တကယ်ကို အနိုင်ကျင့်တာပဲ"

ကိစ္စကို အစအဆုံးကို သိရှိပြီးသည့်နောက်တွင် ကျန်းချန်သည် အလွန် ဒေါသထွက်ကာ နံရံကို လက်သီးဖြင့် ထိုးလိုက်သည်။

"ဒင်.. သင်က လက်သီးဖြင့် ထိုးလိုက်တဲ့အတွက် အခြေခံလက်သီးနည်းစနစ်ရဲ့ အတွေ့အကြုံရမှတ် ၁၀မှတ်ကို အဆ ၁၀၀ ရရှိသွားပါပြီ"

"ဒင်.. သင့်ရဲ့ အခြေခံလက်သီးနည်းစနစ်က ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိသွားပြီး ဟွမ်ဖျင် ကိုယ်ခံပညာရဲ့ ကျောက်စရစ် လက်သီး အဆင့်ထိ အောင်မြင်စွာ တိုးတက်သွားပါပြီ"

ကျန်းချန်က သူ့စိတ်ထဲတွင် ဟွမ်ဖျင် ကိုယ်ခံပညာ၏ ကျောက်စရစ် လက်သီးသိုင်းကို မှော်ဆန်သော နည်းလမ်းဖြင့် ကျွမ်းကျင်သွားသလို ချက်ချင်း ခံစားလိုက်ရသည်။

"ဟ.. ဒီအဆ၁၀၀ လေ့ကျင့်ရေးစနစ်က တကယ်ကို အံ့ဩစရာပဲ"

သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အခြေခံခန္ဓာကိုယ် နည်းစနစ်က ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်သွားပြီး ဟွမ်ဖျင်သိုင်းကျင့်စဥ်၏ အလင်းစီးကြောင်းခြေလှမ်းကို တိုးတက်သွားခဲ့သည်။

သူ လက်သီးဖြင့်နံရံကို ထိုးလိုက်သည်နှင့် အခြေခံလက်သီးနည်းစနစ်က ပြီးပြည့်စုံတဲ့အဆင့်သို့ ရောက်သွားပြီး အဝါရောင်အဆင့်ဖြစ်သည့် ကျောက်စရစ်လက်သီးကို တိုးတက်သွားခဲ့သည်။

ကျန်းချန် အလွန်တရာ စိတ်လှုပ်ရှားနေခဲ့သည်။

ရှန်းဝူတိုက်ကြီးတွင် ကိုယ်ခံပညာများကို ကောင်းကင်၊မြေကမ္ဘာ၊ အနက်ရောင် နှင့် အဝါရောင်ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားပြီး တစ်ဆင့်စီတွင် စဦး၊ အလယ်အလတ်နှင့် အဆင့်မြင့်ဟူ၍ သုံးဆင့် ထပ်ခွဲထား၏။

ဤအတိုင်းသာဆိုလျှင် သူက လမ်းပိုလျှောက်ပြီး လက်သီးပိုထိုးရုံဖြင့် ဟွမ်ဖျင် ကိုယ်ခံပညာကို ကောင်းကင် အဆင့်နည်းစနစ်အဖြစ် တိုးမြှင့်ရန်မှာ မည်သို့ပြဿနာ ရှိနိုင်ပါမည်နည်း။

"ဒီအဆ ၁၀၀ လေ့ကျင့်ရေးစနစ်က အချိန်နဲ့အမျှ ပိုမို အားကောင်းလာနိုင်တဲ့ စနစ်တစ်ခုပဲ"

"လမ်းလျှောက်တာနဲ့ လက်သီးထိုးတာတွေကနေ အတွေ့အကြုံ အဆတစ်ရာ ရနိုင်တယ်ဆိုတော့ အတွင်းအား လေ့ကျင့်တဲ့အခါမှာလည်း အတွေ့အကြုံ အဆ ၁၀၀ ရနိုင်မှာလား"

ကျန်းချန်က အသက်ကို နက်ရှိုင်းစွာ ရှူသွင်းလိုက်ပြီး သူ့နှလုံးသားထဲက စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်သည်။

ထို့နောက် သူက တင်ပျဥ်ခွေထိုင်ကာ အတွင်းအား ကျင့်ကြံခြင်း အခြေအနေထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

အပိုင်း(၁) ပြီး၏

All Chapters