← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

ကျန်းချန်က ထင်မှတ်မထားသည့် အသံတစ်သံ သူ့စိတ်ထဲဝင်လာသည်နှင့် တစ်ပြိုင်နက် အလွန် ပျော်ရွှင်သွားခဲ့သည်။

ထိုအပျော်ကို ရှင်းပြရမည်ဆိုလျှင် တစ်လုံးတည်းသော စကားလုံးမှာ "အေးချမ်းမှု" ဖြစ်၏။

သူက မျက်နှာချင်းဆိုင် ရပ်နေသည့်လူကို သောက်ခွက်ရိုက်လိုက်ရုံဖြင့် တိုက်ခိုက်ရေး နည်းစနစ် အသစ်တစ်ခုကို ရရှိသွားခဲ့သည်။

ဤပုံအတိုင်းဆို ဤကမ္ဘာတွင် သူ့ထက် ပို၍ အင်အားကြီးသူ ရှိနိုင်ပါမည်လော။

ကျန်းခွမ်က ရောင်ကိုင်းနေသော မျက်နှာကို ကိုင်ကြည့်ရင်း မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

ကျန်းမိသားစု၏ အမှိုက်ကောင် အဖြစ် သတ်မှတ်ခံထားရသည့် ကျန်းချန်က သူ့ကို တိုက်ခိုက်မည်ဟု မထင်ထားခဲ့ပေ။

ထို့အပြင် သူက ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၄ တွင်ရှိသည့် တိုက်ခိုက်ရေးသမား တစ်ဦး ဖြစ်၏။

သို့သော်လည်း ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၂သာ ရှိသည့် အမှိုက်ကောင်က သူ့ကို တိုက်ခိုက်နိုင်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ထို့ကြောင့် ကျန်းခွမ်က ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။

ယခုအခါ သူ့တွင် အတွေးတစ်ခုသာ ရှိသည်။

"ငါ့မျက်နှာကို ရိုက်နှက်တဲ့အတွက် မင်းမျက်နှာကို စုတ်ပြတ်သတ်အောင် ရိုက်နှက်ပစ်မယ်"

ကျန်းခွမ်က ချက်ချင်းပင် စွမ်းအား အများအပြားကို လက်သီးတွင် ထည့်သွင်းကာ ထိုးချလိုက်သည်။

သူ၏ လက်သီးချက်က လေခွင်းသံပင် ထွက်ပေါ်လာသည်အထိ ပြင်းထန်သည်။

သို့သော်လည်း ကျန်းချန်သည် နေရာမှာပင် မလှုပ်မယှက် ရပ်နေခဲ့ပြီး သူ့မျက်နှာသို့ ဦးတည်လာသည့် လက်သီးကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။

ထိုလက်သီးက သူ့မျက်နှာနှင့် သုံးပေမျှ အကွာသို့ ရောက်မှသာ ကျန်းချန်သည် လက်ဝါးကို အသုံးပြု၍ လက်သီးကို ပိတ်ဆို့လိုက်သည်။

"ဒါ.. မဖြစ်နိုင်ဘူး"

ကျန်းခွမ်က တအံတသြ ဖြစ်ကာ မှင်တက်နေခဲ့သည်။

သူ၏ ပြင်းထန်သော တိုက်ကွက် တစ်ကွက်ကို ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၂ သာရှိတဲ့ အမှိုက်ကောင် တစ်ယောက်က လွယ်လွယ်ကူကူ တားဆီးနိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

တုန်လှုပ်ချောက်ခြားမှုကနေ ကျန်းခွမ် သတိပြန်မဝင်လာခင် ကျန်းချန်က သောက်ခွက်ကို ထပ်မံရိုက်လိုက်ပြန်သည်။

"ခွေးမသား"

ကျန်းခွမ်က ရူးသွပ်တော့မလိုပင် ခံစားလိုက်ရသည်။

သူက ပါးစပ်ထဲရှိ သွေးများကို ထွေးထုတ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်ကာ ကျန်းချန်ကို ခွန်အားအပြည့်ဖြင့် တိုက်ခိုက်လိုက်သည်။

"ကိုယ့်အခြေအနေကိုယ် နားမလည်ဘူးပဲ"

ကျန်းချန်က မထီမဲ့မြင် ရေရွတ်လိုက်သည်။

သူက ကျန်းခွမ်၏ တိုက်ခိုက်မှုကို လုံးဝဂရုမစိုက်ဘဲ ကျောက်စရစ် လက်သီးဖြင့် တိုက်ရိုက် ထိုးချလိုက်သည်။

ကျန်းခွမ်သည် ကြိုးပြတ်နေသောစွန်ကဲ့သို့ တခဏအတွင်း လွင့်စင်သွားပြီး မီတာပေါင်းများစွာ အကွာအဝေးတွင် ပြုတ်ကျသွားခဲ့သည်။

သူက အသက်ရှင်နေဆဲ ဖြစ်သော်လည်း တစ်ကိုယ်လုံး လှုပ်မရတော့ပေ။

"ဒင်.. သင်က ကျောက်စရစ်လက်သီးကို အသုံးချခဲ့တဲ့အတွက် အတွေ့အကြုံရမှတ်၂၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင့်ရဲ့ ကျောက်စရစ်လက်သီးက အလယ်အလတ် အဆင့်ကို ရောက်ရှိသွားပါပြီ"

ကျန်းချန်သည် ကျန်းခွမ်ကို အမှောက်သိပ်ပြီးနောက်တွင် စနစ်၏ သာယာဖွယ်အသံအောက်၌ အပြင်ဘက်သို့ ပြေးထွက်လာခဲ့သည်။

"ဒင်.. သင်က ခြေတစ်လှမ်း လှမ်းပြီး အတွေ့အကြုံရမှတ် ၁၀မှတ်ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က ခြေတစ်လှမ်း လှမ်းပြီး အတွေ့အကြုံရမှတ် ၁၀မှတ်ကို အဆ၁၀၀ ရရှိပါတယ်

................

ကျန်းချန်က ခြေလှမ်းတိုင်းတွင် အတွေ့အကြုံ ရမှတ်များစွာ ရရှိခဲ့သည်။

သူက ကျန်းမိသားစု၏ ရင်ပြင်သို့ လျှောက်လာခဲ့သည်။

မိနစ်အနည်းငယ်အတွင်း သူ၏ အလင်းစီးကြောင်း ​ခြေလှမ်းသည် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်၏။

"ဒင်.. သင့်ရဲ့ အလင်းစီးကြောင်း ခြေလှမ်းက ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်ရှိပြီး အလယ်အလတ် နည်းစနစ်ဖြစ်တဲ့ ကြယ်ပျံ ခြေလှမ်းကို အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့ပါပြီ"

"ဒါက ဟွမ်ဖျင် ကိုယ်ခံပညာ နည်းစနစ်ရဲ့ နောက်တစ်ဆင့်ပဲ"

ကျန်းချန် အံ့သြသွားခဲ့သည်။

ဤစနစ်ဖြင့်ဆို သူက လမ်းလျှောက်ရုံဖြင့် အဆ၁၀၀ အတွေ့အကြုံ ရနေမည် ဖြစ်ရာ ခန္ဓာကိုယ် နည်းစနစ်၏ နက်နဲမှုအဆင့်ထိ မြှင့်တင်ရန်မှာ အချိန်မကြာလောက်ပေ။

ခန္ဓာကိုယ်ကျင့်စဥ်များသည် အလွန်ရှားပါးသည်။

သူတို့ ကျန်းမိသားစုမှာပင် မိသားစုရတနာဟု မှတ်ယူထားသည့် ကျင့်စဥ်တစ်ခုကိုသာ ပိုင်ဆိုင်ထားကြ၏။

"အဘိုး.. ကျနော့်အတွက် စိတ်မပူနဲ့.. လင်ယွင်ကျောင်းတော်ကို ရောက်ရင် ကျနော် သေချာပေါက် ပြင်းပြင်းထန်ထန် လေ့ကျင့်မယ်.. အဘိုးကို ဘယ်တော့မှ စိတ်မပျက်စေရဘူး"

ထိုအချိန်တွင် ကျန်းချန် အလွန်ရင်းနှီးသော အသံတစ်သံသည် ရင်ပြင်၏ အလယ်ဗဟိုမှ ရုတ်တရက် ထွက်ပေါ်လာသည်။

ကျန်းချန်က အသံလာရာဆီသို့ ကြည့်လိုက်ရာ ရင်ပြင်အလယ်ဗဟိုတွင် ကျန်းယွင်ဟုန်သည် ကျန်းမိသားစု၏ အကြီးအကဲ ကျန်းချမ်ဟဲအား နှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။

ရင်ပြင်တစ်ဝိုက်ရှိ ကျန်းမိသားစု၏ တပည့်များစွာသည် ကျန်းယွင်ဟုန်အား မနာလို အားကျသောအကြည့်ဖြင့် ကြည့်နေခဲ့ကြ၏။

ထိုမြင်ကွင်းကို ကြည့်ကာ ကျန်းချန်သည် မျက်နှာ အေးစက်လာခဲ့ပြီး ရင်ပြင်အလယ်ဗဟို ဆီသို့ လျှောက်လှမ်းလာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ အေးစက်သော အသံသည်ရင်ပြင်၏ လေထုထဲတွင် ဖြည်းညှင်းစွာ လွင့်ပျံလာသည်။

"ကျန်းယွင်ဟုန်.. လင်ယွင်ကျောင်းတော်ထဲ ဝင်ခွင့်က ငါ့အဖေအသက်စွန့်ပြီး ယူခဲ့တာပဲ...ငါ့ပစ္စည်းကို လုယူဖို့ မင်းက အရည်အချင်း မပြည့်မီဘူး"

အပိုင်း(၃) ပြီး၏

All Chapters