အခန်း (၄)
Vol. 1 Ch. 4
ကျန်းချန်၏ အေးစက်သောအသံကြောင့် ရင်ပြင်ရှိ မရေမတွက်နိုင်သော မျက်လုံးများသည် ကျန်းချန် ကိုယ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
"ဟေ့.. ဒါက ငါတို့ ကျန်းမိသားစုရဲ့ သခင်လေး မဟုတ်လား.. သူက ဒီကို ဘာလာလုပ်တာလဲ"
"ကျန်းယွင်ဟုန် အပိုင်စီးထားတဲ့ လင်းယွင်ကျောင်းတော်ရဲ့ ဝင်ခွင့်က သခင်လေးကျန်းချန် အတွက် မိသားစုခေါင်းဆောင် အသက်စွန့်ပြီး ရယူခဲ့ရတဲ့အရာလို့ ကြားတယ်"
"ဒီကိစ္စအတွက် သခင်လေးကျန်းချန်က ရောက်လာတာများ ဖြစ်နေမလား"
"ဟက်.. သူ့လို အမှိုက်ကောင်က ဝင်ခွင့်ကို ဘယ်လို ပြန်ယူနိုင်မှာလဲ"
"အခုဆို မိသားစုခေါင်းဆောင်က မိသားစုမှာ မရှိတော့ဘူး.. လက်ရှိအချိန်မှာ မိသားစုအကြီးအကဲက အခရာပဲ.. ဒီအမှိုက်ကောင်ကို ကျန်းယွင်ဟုန်နဲ့ ယှဥ်ပြီး ဘယ်လိုလုပ် အခွင့်အရေးပေးမှာလဲ"
"............."
ရင်ပြင်မှာ ပေါ်လာသည့် ကျန်းချန်ကို ကြည့်ရင်း ကျန်းမိသားစုမှ တပည့် တော်တော်များများသည် မထီမဲ့မြင် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
ကျန်းချန်ကို ဤနေရာ၌ အမှတ်မထင် မြင်လိုက်ရလျှင် ကျန်းချမ်ဟဲနှင့် ကျန်းယွင်ဟုန် တို့၏ အမူအရာများသည် ပြောင်းလဲသွားခဲ့သည်။
"ကျန်းချန်.. မင်းလို အမှိုက်ကောင်က ဒီနေရာမှာ စကားပြောခွင့်ရှိလို့လား"
"လင်ယွင်ကျောင်းတော်ထဲ ဝင်ခွင့်ကို မိသားစုခေါင်းဆောင်က ငါတို့ ကျန်းမိသားစုအတွက် ရယူပေးခဲ့တယ်"
“မင်းက မိသားစုခေါင်းဆောင်ရဲ့ တစ်ဦးတည်းသောသား ဖြစ်ပေမဲ့ အမှိုက်ကောင် တစ်ယောက်ပဲ.. မင်းက ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၂မှာပဲ ရှိသေးတယ်.. လင်ယွင်ကျောင်းတော်ထဲကို ဘယ်လိုအရည်အချင်းနဲ့ ဝင်မှာလဲ"
ကျန်းယွင်ဟုန်က ကျန်းချန်ကို အထင်အမြင်သေးစွာ စိုက်ကြည့်၍ လှောင်ပြောင်လိုက်သည်။
ကျန်းယွင်ဟုန်သည် လွန်ခဲ့သောသုံးလတွင် လင်ယွင်ကျောင်းတော်၏ လူသစ်အကဲဖြတ် စစ်ဆေးမှုတွင် ကျရှုံးခဲ့သည်။
ယခုအခါ အသက်၁၆နှစ် ပြည့်ပြီးသွား၍ လင်ယွင်ကျောင်းတော်၏ အကဲဖြတ်စစ်ဆေးမှုတွင် ထပ်မံ ပါဝင်ခွင့်မရှိတော့ပေ။
ထို့ကြောင့် ကျန်းမိသားစု ခေါင်းဆောင်က ကျန်းချန်အတွက် ရယူပေးခဲ့သော ဝင်ခွင့်တံဆိပ်ပြားသည် လင်ယွင်ကျောင်းတော်ထဲသို့ သူ ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ကျန်းယွင်ဟုန်သည် သူ့ရှေ့တွင် ရှိနေသည့် အမှိုက်ကောင်ကြောင့် သူ၏ ရည်ရွယ်ချက်များကို အပျက်စီးခံမည်မဟုတ်ပေ။
"ငါက အရည်အချင်းမပြည့်မီဘူး ဆိုတော့ လင်ယွင်ကျောင်းတော်ရဲ့ အကဲဖြတ်စစ်ဆေးမှုကိုတောင် မအောင်မြင်ခဲ့တဲ့ မင်းက ငါ့ထက် အများကြီး သာလွန်နေလို့လား"
ကျန်းချန်သည် ကျန်းယွင်ဟုန်၏ မထီမဲ့မြင်ပြုခြင်းနှင့် ပတ်သက်၍ လုံးဝ စိတ်မ၀င်စားဘဲ တိုက်ရိုက် တုံ့ပြန်ခဲ့သည်။
ထိုစကားကိုကြားလျှင် ကျန်းယွင်ဟုန်၏ မျက်နှာသည် ချက်ချင်းပင် အုံ့မှိုင်းသွားခဲ့သည်။
မဟာရှားနိုင်ငံတွင် စီရင်စုကိုးစု ရှိပြီး စီရင်စုတစ်ခုစီသည် ကျောင်းတော်များကို တည်ထောင်ထားကြသည်။
ကျောင်းတော်များသည် စီရင်စုလက်အောင်ရှိ မြို့များကို ကြီးကြပ်ရုံသာမက ကျောင်းသားများကို စုဆောင်းခြင်းနှင့် မဟာရှားနိုင်ငံအတွက် အရည်အချင်း ရှိသူများကို ပျိုးထောင်ပေးရန် တာဝန်ရှိကြသည်။
လင်ယွင်ကျောင်းတော်သည် လင်ယွင်စီရင်စုရှိ ကိုယ်ခံပညာ လေ့ကျင့်သူတိုင်း၏ အိပ်မက်ဖြစ်ပြီး အထွတ်အမြတ်ထားရာ ကျင့်ကြံခြင်း နေရာတစ်ခုလည်း ဖြစ်၏။
ကျောင်းတော်၏ အကဲဖြတ်စစ်ဆေးမှုသည် အလွန်တင်းကျပ်ပြီး အရွေးခံသူ တစ်ထောင်တွင် တစ်ယောက်သာ ရွေးချယ်ခံရသည်ဟု အဆိုရှိကြသည်။
ကျန်းယွင်ဟုန်သည် လွန်ခဲ့သည့်သုံးလက လင်ယွင်ကျောင်းတော်၌ အကဲဖြတ်စစ်ဆေးမှု ခံယူစဥ် သတိလက်လွတ်ဖြစ်ကာ လင်ယွင်ကျောင်းတော်ထဲ ဝင်ရောက်ခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။
ယခုကျန်းချန်က လူကြားထဲတွင် သူ၏အနာကို ထုတ်ဖော်လိုက်ရာ ကျန်းယွင်ဟုန်၏ မျက်လုံးများသည် ဒေါသရိပ်များဖြင့် တောက်ပလာခဲ့သည်။
"ကျန်းချန်.. ငါက လင်ယွင်ကျောင်းတော်ရဲ့ အကဲဖြတ်စစ်ဆေးမှုကို မအောင်မြင်ခဲ့ရင်တောင် ခန္ဓာကိုယ် ပြုပြင်ခြင်းအဆင့်၂မှာ သောင်တင်နေတဲ့ မင်းလို အမှိုက်ကောင်က ငါ့ထက် ဘယ်လိုလုပ်ပြီး သင့်တော်နိုင်မှာလဲ"
"လင်ယွင်ကျောင်းထဲ ဝင်ခွင့်က ဘယ်လောက် အဖိုးတန်လိုက်လဲ.. မိသားစုရဲ့ အနာဂတ်အတွက် ဒီဝင်ခွင့်ကို မိသားစုမှာ အလားအလာအရှိဆုံး တပည့်ကို ပေးအပ်တာ သဘာဝပါပဲ"
"ကျန်းချန်.. မင်းကို အခွင့်အရေးမပေးဘူးလို့ မစွပ်စွဲရအောင် ငါ့ကို အနိုင်ယူနိုင်သရွေ့ ဒီဝင်ခွင့် တံဆိပ်ပြားကို ဟောဒီ လက်နှစ်ဘက်နဲ့ မင်းဆီပေးမယ်လို့ ငါကတိပေးတယ်"
"ယွင်ဟုန်.. မင်းက တရားမျှတလွန်းနေပြီ"
ကျန်းချန်က ထိုစကားကို ပြောလိုက်သည့် ကျန်းချမ်ဟဲကို ကြည့်လိုက်သည်။
"လင်ယွင်ကျောင်းတော်ထဲ ဝင်ခွင့်က ကျန်းမိသားစုရဲ့ ဖြစ်နိုင်ချေ အရှိဆုံး ဂျူနီယာတွေကို ပေးဖို့ ဆုံးဖြတ်ထားတယ်.. ကျန်းချန်.. မင်းလိုချင်ရင် ယွင်ဟုန်ကို အနိုင်တိုက်မှပဲ ရမယ်"
ယင်းသို့ပြောလိုက်သော်လည်း ကျန်းချမ်ဟဲသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူ့စိတ်ထဲတွင် တစ်စုံတစ်ရာ မှားယွင်းနေသလို ခံစားမိသော်လည်း ခေါင်းညိတ်လိုက်၏။
ကျန်းမိသားစု၏ မျိုးဆက်သစ်များထဲတွင် ကျန်းယွင်ဟုန် ထက် လင်ယွင်ကျောင်းတော်ထဲ ဝင်ရောက်ရန် အလားအလာရှိသောသူ မရှိ၍ စိုးရိမ်စရာတော့ မရှိပေ။
ဆိုရလျှင် ကျန်းမိသားစု၏ နာမည်ကျော် အမှိုက်ကောင်သည် ကျန်းယွင်ဟုန်ကို အန္တရာယ်ပြုနိုင်ရန် အလားအလာ အလွန်နည်းပါး၏။
"အကြီးအကဲက တရားမျှတပြီး မိသားစုကို အမြဲ ဦးစားပေး စဉ်းစားတယ်...ကျန်းချန်က ဒီအချက်ကို အရမ်း လေးစားမိပါတယ်"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်ပြီး ကျန်းယွင်ဟုန်ကို လက်ညှိုးထိုးကာ စိန်ခေါ်လိုက်သည်။
"ကျန်းယွင်ဟုန်.. ငါနဲ့ တိုက်ဖို့ ရှေ့ထွက်ခဲ့စမ်း"
အပိုင်း(၄) ပြီး၏