အခန်း (၅)
Vol. 1 Ch. 5
ကျန်းချန်၏ စိန်ခေါ်သံကြောင့် ရင်ပြင်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
လူတိုင်း၏ မျက်လုံးများက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို ပြူးကျယ်သွားခဲ့သည်။
သူတို့အားလုံး ကျန်းချန်ကို ကြည့်ရင်း မယုံနိုင်လောက်အောင် အံ့အားသင့်သွားကြသည်။
"ဒီကောင် ဆေးမှားစားထားတာလား"
"ငါအမြင်မမှားဘူး.. ကျန်းချန်က တကယ်ပဲ ကျန်းယွင်ဟုန်ကို စိန်ခေါ်ခဲ့တယ်"
"ကျန်းယွင်ဟုန်က လွန်ခဲ့တဲ့ သုံးလလောက်ကပဲ ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၅ကို ချိုးဖျက်ခဲ့တယ်.. ဒီအမှိုက်သခင်လေးက ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၂ရဲ့ ခွန်အားနဲ့ ကျန်းယွင်ဟုန်ကို စိန်ခေါ်ဖို့ စိတ်ကူးယဉ်နေတာလား"
"ဒီအမှိုက်ကောင်ရဲ့ ဦးနှောက်အခန်းက ၈၀%လောက် ကြွက်ကိုက်သွားတဲ့ပုံပဲ.. သေမင်းတံခါးပေါက်ကိုတောင် ကိုယ်တိုင် သွားခေါက်နေတယ်"
"............"
"မင်း ငါ့ကိုတကယ်ပဲ တိုက်ချင်တာလား"
ကျန်းယွင်ဟုန်က ကျန်းချန်၏ ရဲဝံ့သော အမူအရာကို ကြည့်ပြီး အချိန်အတော်ကြာ မှင်တက်နေပြီးမှ သတိပြန်ဝင်လာခဲ့သည်။
ဤသည်ကို ကြည့်၍ ကျန်းယွင်ဟုန်သည် ကျန်းမိသားစု၏ အမှိုက်ကောင်က သူ့ကို စိန်ခေါ်ဝံ့လိမ့်မည်ဟု မမျှော်လင့်ထားသည်မှာ ထင်ရှား၏။
မနေ့ညက သူသည် အမှိုက်ကောင်ကျန်းချန်ကို ခွေးသေတစ်ကောင်လို ထိုးကြိတ်ခဲ့သည်။
ယခုမှ တစ်ညတည်းသာ ရှိသေးသည်။
သူ့ကို စိန်ခေါ်ရဲသည်အထိ သတ္တိကို မည်သူက ကျန်းချန်အား ပေးခဲ့ပါသနည်း။
"ကျန်းယွင်ဟုန် အပိုစကားတွေ လျော့ပြောပြီး စလိုက်ရအောင်"
ကျန်းချန်က အေးစက်စွာ ပြုံးလိုက်သည်။
"ဒါနဲ့ တစ်ခုတော့မှတ်ထားလိုက်.. ငါကျန်းချန်ရဲ့ ပစ္စည်းကို ဘယ်လို လမ်းဘေးခွေးတွေကမှ ငါ့ဆီက လုယူလို့မရဘူး"
"အသုံးမကျတဲ့ အမှိုက်ကောင်က ငါ့ရှေ့မှာ မာန်တက်နေပါလား.. မင်းသေလမ်းကို မင်းကိုယ်တိုင်ရှာနေတာ ဆိုတော့လည်း ငါကိုယ်တိုင် ဖြည့်ဆည်းပေးရတာပေါ့"
ကျန်းချန်၏ အရှက်ခွဲခြင်းကို ခံရပြီးနောက်တွင် ကျန်းယွင်ဟုန်သည် ဒေါသတရားများ တောက်လောင်နေသော သူ့နှလုံးသားကို ခံစားမိခဲ့သည်။
သူက မာန်သွင်း၍ အော်ဟစ်လိုက်ပြီး ကျန်းချန်၏ ခေါင်းကို လက်သီးဖြင့် ထိုးလိုက်သည်။
ကျန်းဟွင်ဟုန်က ကျန်းချန်ကို လက်သီးဖြင့် ထိုးသည်ကိုမြင်လျှင် ကျန်းမိသားစုမှ တပည့်တော်တော်များများသည် ကျန်းချန်ကို ကရုဏာ သက်ခဲ့ကြသည်။
ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၂နှင့် အဆင့်၅ကြားရှိ ကွာခြားချက်သည် အဆင့်တစ်ဆင့်သာ ကွာခြားခြင်း မဟုတ်ပေ။
ထို့ကြောင့် ကျန်းယွင်ဟုန်၏ လက်ချက်အောက်တွင် ကျန်းချန် မည်မျှ အကြိတ်ခံရမည်ကို ကြိုတင်၍ မှန်းဆမိခဲ့ကြသည်။
ယင်းအချိန်တွင် ကျန်းချန်၏ အမူအရာကမူ ခံစားချက်မရှိသကဲ့သို့ပင်။
သူက ကျန်းယွင်ဟုန်၏ လက်သီးချက်ကို အသာအယာပင် ရှောင်တိမ်းလိုက်သည်။
"လခွမ်း.. ဒီအမှိုက်ကောင်က ရှောင်လိုက်တယ်ဟ"
ဤမြင်ကွင်းကြောင့် ကျန်းမိသားစုမှ တပည့်များစွာသည် အံ့အားသင့်သွားကာ ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။
သူ၏ လက်သီးချက်က အဟောသိကံ ဖြစ်သွားသည်ကို တွေ့လိုက်ရလျှင် ကျန်းယွင်ဟုန်သည် အံ့သြမဆုံးနိုင် ဖြစ်ခဲ့သည်။
"တိုက်ဆိုင်မှုပဲ.. ဒါက တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ရမယ်"
"မင်းရဲ့လက်တွေက တအား နှေးကွေးလွန်းတယ်.. မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ဒီလောက်ထိ လိုအပ်ချက် ရှိနေမှတော့ မင်းကို လင်ယွင်ကျောင်းတော်က ငြင်းပယ်ခဲ့တာ မဆန်းပါဘူး"
ကျန်းယွင်ဟုန်က တိုက်ဆိုင်မှုဟု ထင်လိုက်ချိန်မှာပင် ကျန်းချန်၏ လှောင်ပြောင်ရေရွတ်သံသည် သူ့နားထဲသို့ ရောက်လာခဲ့သည်။
"မေဘေး.. သေစမ်း"
ကျန်းယွင်ဟုန်၏ မျက်နှာသည် ချက်ချင်းပင် အလွန်ကြောက်မက်ဖွယ် ကောင်းလာသည်။
သူက ဒေါသတကြီး ကြွေးကြော်လိုက်ပြီး တစ်ကိုယ်လုံးရှိ စွမ်းအားများကို စုစည်းကာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော လက်သီးချက်ဖြင့် တိုက်ခိုက်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ ကျန်းချန်သည် မရှောင်တိမ်းတော့ဘဲ သူ၏ လက်ဖဝါးမှ အလင်းလှိုင်းဖြင့် ကျန်းယွင်ဟုန်၏ လက်သီးချက်ကို ပိတ်ဆို့ထားလိုက်သည်။
“ဒီလက်သီးရဲ့ အရှိန်က မဆိုးပေမယ့် ခွန်အားက အရမ်းအားနည်းလွန်းတယ်.. ငါ့ကို အမှိုက်ကောင်လို့ မင်းပြောပေမဲ့ မင်းက ငါ့ထက် ပိုဆိုးနေပုံပဲ"
ကျန်းချန်က ကျန်းယွင်ဟုန်၏ မျက်နှာကိုကြည့်ရင်း မထီမဲ့မြင် ပြုံးလိုက်သည်။
"မင်းက အမှိုက်ကောင်လောက်တောင် အဖြစ်မရှိဘဲ လင်ယွင်ကျောင်းတော်ကို ဘယ်လို အရည်အချင်းနဲ့ ဝင်မှာလဲ"
"မင်း.. ဒါ.. ဒါမဖြစ်နိုင်ဘူး"
ကျန်းယွင်ဟုန်က ကျန်းချန်က မယုံနိုင်သော အကြည့်ဖြင့် ကြည့်ကာ အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ဤအမှိုက်ကောင်က မမျှော်လင့်ဘဲ သူ၏ လက်သီးချက်များကို အလွယ်တကူ ပိတ်ဆို့သွားခဲ့သည် မဟုတ်ပါလော။
အကယ်၍ ပထမထိုးချက်က သူ၏ ပေါ့လျော့မှုကြောင့် ဖြစ်လျှင် ကျန်းချန် ရှောင်တိမ်းနိုင်သည်က မထူးဆန်းပေ။
သို့သော် သူက ဤဒုတိယမြောက် ထိုးချက်တွင် သူ၏ ခွန်အားကို အကုန်လုံးနီးပါး အသုံးပြုထားခဲ့၏။
ထို့အပြင် ဤအမှိုက်ကောင်က သူ၏ လှုပ်ရှားမှုများကို ဝေဖန်ညွှန်ပြနေ၍ ကျန်းယွင်ဟုန်သည် သွေးအန်လုနီးပါး ဖြစ်နေခဲ့သည်။
စင်စစ် ကျန်းယွင်ဟုန်၏ ကိုယ်ခံပညာစွမ်းရည်သည် ကျန်းမိသားစု၏ လက်ရှိ မျိုးဆက်များထဲတွင် ကျန်းရှင်းမှလွဲလျှင် အကောင်းဆုံးဟု ဆိုနိုင်သည်။
ယခုတော့ ကျန်းမိသားစု၏ အမှိုက်ကောင်က လူကြားထဲတွင် သူ၏ အားနည်းချက်များကို ဝေဖန်ထောက်ပြနေခဲ့သည်။
"ဟွမ်ဖျင် ကိုယ်ခံပညာရဲ့ အခြေခံ လက်သီးနည်းစနစ်.. ကျားဟိန်းလက်သီး"
ဒေါသထွက်နေသော ကျန်းယွင်ဟုန်သည် အစာငတ်နေသော ကျားတစ်ကောင်ကဲ့သို့ ပေါက်ကွဲလာပြီး မာန်သွင်း၍ ကြုံးဝါးလိုက်သည်။
အခန်း(၅) ပြီး၏