← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

"ဟွမ်ဖျင် ကိုယ်ခံပညာရဲ့ အခြေခံ လက်သီးနည်းစနစ်.. ကျားဟိန်းလက်သီးပါလား"

"ကျန်းယွင်ဟုန်က ကျားဟိန်းလက်သီးကို အလယ်အလတ်အဆင့်ထိ ကျင့်ကြံထားတယ်.. သူ့ရဲ့ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၅ ခွန်အားနဲ့သာ တွဲဖက် အသုံးပြုလိုက်ရင် ဒီတစ်ချီတော့ ကျန်းချန် ဒုက္ခရောက်မှာ အသေအချာပဲ

"ဒီအမှိုက်ကောင်က ကျန်းယွင်ဟုန်ကို တိုက်ကွက်နှစ်ကွက်လောက် ပိတ်ဆို့နိုင်တာနဲ့ပဲ ကျန်းယွင်ဟုန်ကို သွားစိန်ခေါ်နေတယ်.. ဒါက ကိုယ့်သေတွင်းကိုယ်တူးတာပဲ"

"............."

ကျန်းယွင်ဟုန်က ကျန်းချန်ကို အစွမ်းကုန် တိုက်ခိုက်တော့မည်ကိုမြင်လျှင် ရင်ပြင်တစ်ဝိုက်တွင် လှောင်ပြောင်သော အသံများ ချက်ချင်းပင် ထွက်ပေါ်လာသည်။

"ခွေးမသားလေး.. ငါ့အတွက် သေလိုက်စမ်း"

ကျန်းယွင်ဟုန်က ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။

သူ၏ မျက်လုံးများက ရူးသွပ်သော အကြည့်များဖြင့် တောက်ပနေခဲ့၏။

ကျန်းမိသားစု၏ အကြီးအကဲ ကျန်းဝူရ အသက်နှင့် လဲလှယ်၍ ရယူခဲ့သော ဝင်ခွင့်သည် သူ့အတွက် လင်ယွင်ကျောင်းတော်ထဲ ဝင်ရောက်ရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။

ဤအခွင့်အရေးအား တားဆီးသည့် မည်သူမဆို သူက လုံးဝ ချမ်းသာပေးမည် မဟုတ်ပေ။

ကျန်းချန်၏ မျက်နှာက အေးစက်စက် ဖြစ်နေသည်။

သို့သော်လည်း သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သောအခါ တောင်များကို ပြိုကွဲစေပြီး ကျောက်တုံးများကို အက်ကွဲစေသည့် ပြင်းထန်သောစွမ်းအားသည် လက်သီးတစ်ဝိုက်တွင် ချက်ချင်း စုဖွဲ့လာခဲ့၏။

"ဟွမ်ဖျင် ကိုယ်ခံပညာရဲ့ အခြေခံလက်သီးနည်းစနစ် ကျောက်စရစ်လက်သီး"

ကျန်းချန်ကလဲ လက်သီးကို ထုတ်ဖော်လိုက်ပြီး ကျန်းယွင်ဟုန်၏ လက်သီးကို ရင်ဆိုင်လိုက်သည်။

"ဝုန်း"

မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် သူတို့နှစ်ယောက်၏ လက်သီးချက်များသည် ပြင်းထန်စွာ ထိပ်တိုက် ဆုံမိသွားကြသည်။

ချက်ချင်းပင် လူတစ်ဦးက နာကျင်စွာ အော်ဟစ်လိုက်ပြီး လေထဲ လွင့်စင်ကာ ပေအနည်းငယ်အကွာတွင် ပြုတ်ကျသွားခဲ့သည်။

"ကြည့်ရတာ ကျန်းချန်တော့ အရှင်လတ်လတ် အရေခွံ ခွာခံရတော့မယ်"

လေထဲမှ အော်ဟစ်သံကို ကြားလျှင် ရင်ပြင်ရှိ ကျန်းမိသားစုမှ တပည့်များစွာသည် ခေါင်းကို ခါယမ်းလိုက်ကြသည်။

ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၂မှ အမှိုက်ကောင်က ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၅မှ ကျန်းယွင်ဟုန်ကို အတင့်ရဲစွာ စိန်ခေါ်သည်မှာ သေမင်းခံတွင်းဝဆီ ခုန်ပေါက်၍သွားခြင်းပင် မဟုတ်ပါလား။

သို့သော်လည်း မြေပြင်ပေါ်တွင် လဲလျောင်းနေသောသူကို တွေ့လိုက်ရသောအခါတွင် အားလုံးက အံသြသွားကြသည်။

မြေပြင်ပေါ်တွင် ရှက်စရာကောင်းလောက်အောင် ပစ်လဲကျနေသောသူသည် ကျန်းချန် မဟုတ်ပေ။

"ငါပဲ မူးနေတာများလား.. လေထဲလွင့်သွားတာ တကယ်ကြီး ကျန်းယွင်ဟုန်လား"

"မင်း မမူးပါဘူး.. ကျန်းချန်က ကျန်းယွင်ဟုန်ကို လက်သီးတစ်ချက်ထဲနဲ့ တကယ်ပဲ အနိုင်ယူခဲ့တယ်"

"ဒါ.. ဒါက မယုံနိုင်လောက်အောင်ပဲ.. ကျန်းချန်က ကျန်းမိသားစုရဲ့ လူသိများတဲ့ အမှိုက်ကောင်လေ.. သူ့ရဲ့ ခွန်အားက ခန္ဓာကိုယ် ပြုပြင်ခြင်းအဆင့်၂မှာပဲ ရှိသေးတဲ့ဟာ.. ခန္ဓာကိုယ် ပြုပြင်ခြင်းအဆင့်၅က ကျန်းယွင်ဟုန်ကို ဘယ်လိုလုပ်ပြီး အနိုင်ယူလိုက်တာလဲ"

"ကျန်းယွင်ဟုန်က ကျန်းချန်ဆီက ဝင်ခွင့်တံဆိပ်ပြားကို ​​အမြတ်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မထင်မှတ်ဘဲ ဆုံးရှုံးမှုနဲ့ကြုံတွေ့ခဲ့ရတယ်"

ယခုအခါတွင် ကျန်းမိသားစု၏ အမှိုက်ကောင်သခင်လေးက အလွန်အားပြင်းသည့် ဗုံးတစ်လုံးလို ဖြစ်နေ၍ အကုန်လုံး ဆွံ့အနေခဲ့သည်။

ရင်ပြင်ပေါ်ရှိ ကျန်းမိသားစု တပည့်များသည် အချိန်အတော်ကြာသည်အထိ ကူကယ်ရာမဲ့စွာ တုန်လှုပ် ချောက်ခြားနေကြသည်။

ကျန်းချန်က ကျန်းယွင်ဟုန်၏ လက်ထဲတွင် သေချာပေါက် ရှုံးနိမ့်လိမ့်မည်ဟု မူလက ထင်ခဲ့ကြသော်လည်း ထွက်ပေါ်လာသည့် ရလဒ်ကြောင့် အံ့သြသွားကြသည်။

ကျန်းချန်က အနိုင်ရရုံတင်မကဘဲ ကျန်းယွင်ဟုန်က ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

သူတို့ရှေ့မှ ကျန်းချန်က တကယ်ပဲ ကျန်းမိသားစုက အမှိုက်ကောင်လား။

"ဒီကလေးက ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၂ မှာပဲ ရှိသေးတာ မဟုတ်လား.. ဒီလို ခွန်အားတွေ ဘယ်လိုလုပ်ပြီး ရနေတာလဲ"

ထိုမြင်ကွင်းကို ကျန်းချမ်ဟဲကလည်း ထိတ်လန့်စွာ ကြည့်ရှုနေခဲ့သည်။

ကျန်းမိသားစုမှ လူသိများသော သခင်လေးကျန်းချန်..

ဤအမှိုက်ကောင်အတွက် ကျန်းဝူရသည် လွန်ခဲ့သည့် ၂ နှစ်အတွင်း အားထုတ်မှုများစွာ ပြုလုပ်ပေးခဲ့သည်။

သို့သော်လည်း ကျန်းချန်၏ ကျင့်ကြံမှုက မတိုးတက်လာဘဲ ခန္ဓာကိုယ် ပြုပြင်ခြင်းအဆင့်၂တွင်သာ တစ်ဆို့နေခဲ့သည်။

ယမန်နေ့ညက ကျန်းယွင်ဟုန်သည် ကျန်းချန်ကို လက်သီးဖြင့်ထိုးကြိတ်ပြီး ကျန်းချန်ထံမှ လင်ယွင်ကျောင်းတော်၏ ဝင်ခွင့်တံဆိပ်ပြားကို လုယူခဲ့သည်။

"တစ်ညပဲ ရှိသေးပေမဲ့ ဘယ်လိုလုပ်ပြီး ဒီကလေးက လူသစ်တစ်ယောက်လို ဖြစ်သွားရတာလဲ"

ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၂မှ အမှိုက်ကောင်သည် တစ်ညတည်းဖြင့် ခန္ဓာကိုယ် ပြုပြင်ခြင်းအဆင့်၅မှ ကျင့်ကြံသူကို အနိုင်ယူနိုင်သည့် ပါရမီရှင်တစ်ဦး အဖြစ် ပြောင်းလဲသွားခဲ့သည်။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

ကျန်းချမ်ဟဲ၏ နှလုံးသားသည် အတိုင်းအဆမဲ့ တုန်လှုပ်နေခဲ့သည်။

သူက ကျန်းယွင်ဟုန်ကို လေးနက်စွာ ကြည့်လိုက်၏။

ထို့နောက်တွင် ကျန်းချမ်ဟဲ၏ စိတ်လျော့လိုက်သော အသံသည် လူတိုင်း၏ နားထဲတွင် ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။

"ယွင်ဟုန်.. မင်းရှုံးသွားပြီ.. လင်ယွင်ကျောင်းတော်ရဲ့ ဝင်ခွင့်တံဆိပ်ပြားကို လွှဲပေးလိုက်တော့"

အခန်း(၆) ပြီး၏

All Chapters