အခန်း (၇)
Vol. 1 Ch. 7
"မဟုတ်ဘူး ကျနော် မရှုံးဘူး.. ဒီဖွတ်ကျားကောင်ကို ကျနော်က ဘာလို့ ရှုံးရမှာလဲ"
ထိုစကားကို ရေရွတ်ရင်း ကျန်းယွင်ဟုန်သည် ဖျော့တော့သော မျက်နှာဖြင့် သွေးအနည်းငယ် အန်ထုတ်လိုက်သည်။
သူပုံစံက အရူးတစ်ယောက်လို ဖြစ်နေပြီး သူ့ရှေ့မှ အဖြစ်မှန်များကို လက်မခံနိုင်မှန်း သိသာနေ၏။
သူသည် ရှုံ့တွသော မျက်နှာအမူအရာဖြင့် မြေပြင်မှ ကုန်းထကာ ကျန်းချန်ဆီသို့ ပြေးဝင်သွားခဲ့သည်။
"သက်ညှာပေးတာကို အဟုတ်မှတ်နေတယ်"
ကျန်းချန်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်လာသည်။
သူက လက်သီးဖြင့် ထိုးရန် ပြင်လိုက်သောအချိန်တွင် တစ္ဆေကဲ့သို့ မြန်ဆန်လွန်းသော လူတစ်ယောက်သည် ကောင်းကင်ကနေ ဆင်းသက်လာပြီး သူ့ရှေ့တွင် ပိတ်ရပ်လိုက်သည်။
ကျန်းချန်က သူ့ရှေ့တွင် ပေါ်လာသည့် ကျန်းချမ်ဟဲကို ကြည့်ကာ ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။
"ဘယ်လိုလဲ ဂုဏ်သိက္ခာရှိတဲ့ ကျန်းမိသားစုရဲ့ အကြီးအကဲ.. သူက လက်ခံချင်ပုံမရဘူး.. ကျနော် ဘယ်လိုလုပ်ရမလဲ"
"ကျန်းချန်...မင်းက ငါ့ကို တကယ်အံ့အားသင့်စေတယ်"
ကျန်းချမ်ဟဲက ကျန်းချန်ကို လေးလေးနက်နက် ကြည့်လိုက်ပြီးနောက် ကျန်းယွင်ဟုန်ကို ကြည့်လိုက်သည်။
"သူ့ကို ဝင်ခွင့်တံဆိပ်ပြား မြန်မြန် ပေးလိုက်"
ကျန်းချမ်ဟဲက သူ့မြေးကို လင်ယွင်ကျောင်းတော်ထဲ ဝင်ရောက်စေချင်သော်လည်း လက်ရှိအခြေအနေအရ မတတ်နိုင်ခဲ့ပေ။
ယခင်က ကျန်းချန်သည် ခန္ဓာကိုယ် ပြုပြင်ခြင်းအဆင့်၂သာ ရှိသော အမှိုက်ကောင် ဖြစ်သည်။
ယခုအခါတွင် ကျန်းချန်သည် ကျန်းယွင်ဟုန်ကိုပင် ကျော်တက်နိုင်မည့် အလားအလာကို ပြသနေခဲ့၏။
သူသာ ကျန်းချန်ကို အလွန်အကျွံ ဖိနှိပ်လိုက်လျှင် ကျန်းမိသားစုမှ လူတော်တော်များများက သူ့ကို ဆန့်ကျင်မည်ကို စိုးရိမ်မိခဲ့သည်။
"မဟုတ်ဘူး အဘိုး.. ကျနော် မရှုံးသေးဘူး.. ဒီဖွတ်ကျားကောင်ကို သေချာပေါက် အနိုင်ယူနိုင်တယ်"
ကျန်းယွင်ဟုန်၏ မျက်နှာက နီရဲလာသည်။
သူက ကျန်းမိသားစု၏ ထူးချွန်သော တပည့်တစ်ဦး ဖြစ်ရာ ဤအမှိုက်ကောင်ကို မည်ကဲ့သို့ အရှုံးပေးနိုင်ပါမည်နည်း။
"လုံလောက်ပြီ.. ရှုံးရင် ရှုံးတယ်ပေါ့.. ငါ့ကို ဒီမှာ အရှက်မခွဲနဲ့"
ကျန်းချမ်ဟဲ၏မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်သွားပြီး ပြင်းထန်စွာ အော်ငေါက်လိုက်သည်။
"လင်ယွင်ကျောင်းတော်ရဲ့ ဝင်ခွင့်တံဆိပ်ပြားကို ပေးလိုက်တော့.. ငါပြောတာကို မင်းနားမထောင်ဘူးလား"
သူ့အဖိုး၏ ဒေါသကိုမြင်လျှင် ကျန်းယွင်ဟုန်သည် လင်ယွင်ကျောင်းတော်၏ ဝင်ခွင့်တံဆိပ်ပြားကို မပေးချင်ပေးချင်ဖြင့် ထုတ်ယူကာ ပေးလိုက်၏။
ကျန်းချန်က ကျန်းယွင်ဟုန်၏ လက်ထဲမှ ဝင်ခွင့်တံဆိပ်ပြား ယူပြီးနောက်တွင် ကျန်းမိသားစု၏ အိမ်တံခါးဝဆီသို့ လှမ်းထွက်လာခဲ့သည်။
လင်ယွင်ကျောင်းတော်၏ ဝင်ခွင့်တံဆိပ်ပြားက လက်ထဲတွင် ရှိနေပြီဖြစ်၍ ကျန်းချန်က လင်ယွင်ကျောင်းတော်သို့ တိုက်ရိုက် သွားရန် ဆုံးဖြတ်ခဲ့သည်။
ယနေ့တွင် သူသည် မရေမတွက်နိုင်သော ကျန်းမိသားစုမှတပည့်များရှေ့တွင် ကျန်းယွင်ဟုန်တို့ မြေးအဘိုးကို အရှက်ခွဲကာ ဝင်ခွင့်တံဆိပ်ပြားကို ရယူခဲ့သည်။
ကျန်းမိသားစုတွင်သာ ဆက်နေမည်ဆိုလျှင် ကျန်းချမ်ဟဲနှင့် ကျန်းယွင်ဟုန်က သူ့ကို လျှို့ဝှက်စွာ ဒုက္ခမပေးဟု တပ်အပ်မပြောနိုင်ပေ။
လင်ယွင်ကျောင်းတော်ထဲသို့ ရောက်သွားလျှင် ကျန်းချမ်ဟဲသည် သူ့ကို ဘာမှ လုပ်ရဲတော့မည် မဟုတ်ပေ။
လင်ယွင်ကျောင်းတော်သည် စန်းရှန်မြို့တော်နှင့် သိပ်မဝေးသော လင်ယွင်စီရင်စု၏ အဓိကမြို့တော်ဖြစ်သည့်လင်ယွင်မြို့တွင် တည်ရှိသည်။
အချိန်အတော်ကြာ ခြေလျင်လျှောက်ပြီးနောက်တွင် ကျန်းချန်သည် လင်ယွင်ကျောင်းတော်သို့ ရောက်ရှိလာခဲ့သည်။
"ဒင်.. သင်က ဟွမ်ဖျင် ကိုယ်ခံပညာရဲ့ အဆင့်မြင့် တိမ်တိုက်ခြေလှမ်းကို အောင်မြင်စွာ အဆင့်မြှင်တင်နိုင်ခဲ့ပါပြီ..
"ဒင်.. သင်က နက်နဲမှုအဆင့် ဝိညာဥ်အလင်းခြေလှမ်းကို အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့ပါပြီ"
"နောက်ဆုံးတော့ နက်နဲမှု အဆင့်ကို ရောက်သွားခဲ့ပြီ"
ကျန်းချန်သည် သူ့စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသော အသံကို နားထောင်ရင်း ချက်ချင်းပင် ဝမ်းသာသွားခဲ့သည်။
သူက ကျန်းမိသားစုမှ လင်ယွင်ကျောင်းတော်အထိ ခရီးစဥ် တစ်လျောက်လုံးတွင် ခန္ဓာကိုယ် အတွေ့အကြုံရမှတ်များကို အဆက်မပြတ် ရရှိနေခဲ့သည်။
အဆ၁၀၀ ကျင့်ကြံမှုစနစ်ဖြင့် သူသည် အလယ်အလတ်အဆင့် ကြယ်ပျံခြေလှမ်းကို အဆင့်မြင့် တိမ်တိုက်ခြေလှမ်း အဆင့်သို့ တိုးမြှင့်နိုင်ခဲ့ပြီး ယခုအခါတွင် နက်နဲမှုအဆင့်ဖြစ်သည့် ဝိညာဥ်အလင်း ခြေလှမ်းအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။
သူက လမ်းလျှောက်ရုံမျှဖြင့် လျှို့ဝှက်ဆန်းကြယ်သော ခန္ဓာကိုယ်နည်းနစ်များကို ရရှိနေခဲ့သည်။
နက်နဲမှုအဆင့် ကိုယ်ခံပညာသည် အစွမ်းထက်သော်လည်း ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်ဖြင့် ကျင့်ကြံရန် အလွန်ခက်ခဲသည်။
လင်ယွင်ကျောင်းတော်၏ ရှားပါးသော ပါရမီရှင်များသာလျှင် နက်နဲမှုအဆင့် ကိုယ်ခံပညာကို အောင်မြင်စွာ ကျင့်ကြံနိုင်မည် ဖြစ်သည်။
ကျန်းချန်က သူ၏ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၆ ခွန်အားနှင့် နက်နဲမှုအဆင့် ဝိညာဥ်အလင်း ခြေလှမ်းကိုသာ တွဲဖက် အသုံးပြုခဲ့လျှင် သာမန် ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၈ သို့မဟုတ် အဆင့်၉ မှ ကျင့်ကြံသူကို ယှဉ်နိုင်လုနီးပါးဟု မှန်းဆခဲ့၏။
"အို့ အို့.. ဘယ်သူများလဲလို့.. ကျန်းမိသားစုရဲ့ အမှိုက်ကောင် ကျန်းချန် ဖြစ်နေတာကိုး.. မင်းလိုဖွတ်ကျားက လင်ယွင်ကျောင်းတော်ကို ဝင်ခွင့်ရဖို့ မင်းအဖေကို အားကိုးခဲ့တာ မဟုတ်လား"
ကျန်းချန်က စနစ်မှ အသံများကြောင့် ပျော်ရွှင်မှုထဲတွင် နှစ်မြှုပ်နေသောအချိန်တွင် လှောင်ပြောင်သော အသံတစ်သံသည် သူ့နားထဲသို့ ရုတ်တရက် ဝင်လာခဲ့သည်။
အခန်း(၇) ပြီး၏