← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

ကျန်းချန်က ခဏမျှ မှင်တက်သွားခဲ့သည်။

သူက အသံလာရာဆီသို့ ကြည့်လိုက်ရာ လင်ယွင်ကျောင်းတော်ထဲကနေ တန်ဖိုးကြီး အဝတ်အစားကို ဝတ်ဆင်ထားသည့် ခန့်ညားချောမောသော လူငယ်လေး တစ်ယောက်က သိမ်မွေ့စွာ ထွက်လာသည်ကို တွေ့လိုက်ရသည်။

"လင်းယန်လား"

ကျန်းချန်က သူ့ဆီသို့ လျှောက်လာသော လူငယ်လေးနှင့် သူစိမ်းမဟုတ်ပေ။

လင်းယန်သည် လင်းမိသားစု၏ တိုက်ရိုက်တပည့်တစ်ဦး ဖြစ်ပြီး လင်းမိသားစုသည် စန်းရှန်မြို့၏ အဓိကမိသားစု သုံးစုအနက်မှ တစ်စု ဖြစ်သည်။

သူကဲ့သို့ပင် ဤလူငယ်သည်လည်း လင်းမိသားစုတွင် ယခင်ကအမှိုက်ကောင်အဖြစ် ကျော်ကြားခဲ့သည်။

သူ့တို့နှစ်ဦးက မျက်မှန်းတန်းမိသော်လည်း ပြဿနာများ မရှိသလို ရန်လည်း မဖြစ်ခဲ့ဖူးပေ။

လင်းယန်သည် သူ့ထက် အများကြီး ပို၍ ကံကောင်း၏။

အဘယ်ကြောင့်ဆိုသော် လင်းယန်တွင် ပါရမီရှင် အစ်ကိုတစ်ယောက်ရှိ၍ ဖြစ်သည်။

လင်ယွင်ကျောင်းတော်၏ လင်ယွင်စာရင်းတွင် ပါဝင်သော ကျောင်းသားများသည် ကျောင်းတော်သို့ လူတစ်ဦးကို အခမဲ့ဝင်ရောက်ရန် အကြံပြုခွင့်ကို ရနိုင်သည်။

ထို့ကြောင့် လင်းယန်သည် သူ့အကို၏ ကောင်းမှုဖြင့် လင်ယွင်ကျောင်းတော်ကို ဝင်ရောက်ရန် အရည်အချင်း ပြည့်မီခဲ့သည်။

ကျန်းချန်က လင်းယန်ကို ပေါ့ပေါ့တန်တန်သာ ကြည့်လိုက်ပြီး လင်းယန်၏ ရန်လိုသော ရည်ရွယ်ချက်ကို လျစ်လျူရှုကာ လင်းယန်အနားကနေ ဖြတ်ကျော်သွားရန် ပြင်လိုက်သည်။

အတိတ်မှကျန်းချန်သာဆိုလျှင် ဒူးတုန်အောင် ကြောက်နေပေလိမ့်မည်။

ယခုကျန်းချန်ကမူ အဆတစ်ရာ ကျင့်ကြံခြင်း စနစ်ကို ပိုင်ဆိုင်ထား၍ လင်းယန်လိုကောင်ကို ဂရုစိုက်မနေတော့ပေ။

"ကျန်းချန်.. ရပ်လိုက်စမ်း"

လင်းယန်သည် ကျန်းချန်က သူ့ဖြစ်တည်မှုကို လျစ်လျူရှုသွားသည်ကို မြင်လျှင် မကျေမနပ် ဖြစ်ကာ ဒေါသတကြီးအော်ဟစ်လိုက်ပြီး ကျန်းချန် ရှေ့တွင် ပိတ်ရပ်လိုက်သည်။

"လင်းယန်.. မင်းလဲ လင်ယွင်ကျောင်းတော်ထဲ ဝင်ဖို့ မင်းအစ်ကိုကို အားကိုးခဲ့တာပဲ.. ငါ့ရှေ့မှာ မြင့်မြတ်ချင်ယောင် ဆောင်မနေနဲ့"

ကျန်းချန်က သူ့ရှေ့တွင် ပိတ်ဆို့နေသော လင်းယန်ကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။

"ငါ့ကို လျစ်လျူထားလိုက်ပါ.. ငါမင်းနဲ့ အချိန်ဖြုန်းဖို့ စိတ်မဝင်စားဘူး"

"ကျန်းချန်.. မင်းက ငါနဲ့ အခြေအနေချင်း တူတယ်လို့ မင်းကိုယ်မင်း ထင်နေလား"

လင်းယန်က ကျန်းချန်ကို အထင်သေးစွာ စိုက်ကြည့်နေခဲ့သည်။

သူ့အကိုက လွန်ခဲ့သော ခြောက်လခန့်က လင်ယွင်စာရင်းတွင် ပါဝင်နိုင်ခဲ့သော​ကြောင့် လင်ယွင်ကျောင်းတော်သို့ သူဝင်ခွင့်ရခဲ့သည်။

လင်းယန်က အရည်အချင်း ညံ့ဖျင်းသော်လည်း အစ်ကိုဖြစ်သူ၏ အကူအညီဖြင့် လင်ယွင်စီရင်စု၏ ကျင့်ကြံသူများ အထွတ်အမြတ်ထားရာ နေရာ ဖြစ်သည့် လင်ယွင်ကျောင်းတော်တွင် ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၂ကနေ အဆင့်၄သို့ တက်လှမ်းနိုင်ခဲ့သည်။

ကျန်းချန်က သူ့ကို မျက်လုံးထဲ မထည့်သဖြင့် လင်းယန် ဘယ်လိုမှ သည်းမခံနိုင်ခဲ့ပေ။

ကျန်းချန် နှင့် လင်းယန်တို့ အကြား ထိပ်တိုက်ရင်ဆိုင်မှုသည် လင်ယွင်ကျောင်းတော်မှ ကျောင်းသားအချို့၏ အာရုံကို လျင်မြန်စွာ ဆွဲဆောင်သွားခဲ့သည်။

သူတို့အားလုံးက စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းဝန်း ကြည့်ရှုနေကြတယ်။

"ဒါ လင်းယန်မဟုတ်လား.. ဒီကောင်က လူတွေကို ထပ်ပြီး အနိုင်ကျင့်နေပြန်ပြီလား"

"သူ့မှာက အားကိုးလောက်တဲ့ ပါရမီရှင် အစ်ကိုတစ်ယောက် ရှိတယ်လေ.. လင်ယွင်ကျောင်းတော်ရဲ့ အပြင်စည်းကျောင်းသားတွေထဲမှာ ဘယ်သူက သူ့ကို ရင်ဆိုင်ရဲမှာလဲ"

"တစ်ဖက်လူက ဘယ်သူလဲ.. ဒီလူက ဦးနှောက်ပျက်နေလား မသိဘူး.. လင်းယန်နဲ့မှ ထိပ်တိုက်သွားတွေ့တယ်"

"သူ့နာမည်ကကျန်းချန်.. လင်းယန်လိုပဲ စန်းရှန်မြို့က လာခဲ့တာ.. သူက ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၂မှာ သောင်တင်နေတဲ့ အမှိုက်ကောင်တစ်ယောက်ပဲ.. လင်ယွင်ကျောင်းတော်ထဲ ဝင်ခွင့်ရဖို့ သူ့အဖေက အများကြီး အားထုတ်ခဲ့ရတယ်လို့ ကြားတယ်"

“ချီး.. ဒီလိုကောင်စားကများ လင်းယန်နဲ့ ရင်ဆိုင်ရဲတယ်.. ဒါက သေခြင်းတရားကို ရှာဖွေနေတာပဲ"

"ဟုတ်တာပေါ့.. လင်းယန်မှာ သူ့ကို ပံ့ပိုးနေတဲ့ ပါရမီရှင် အစ်ကိုတစ်ယောက် ရှိတယ် ဆိုတာ မပြောနဲ့ဦး.. သူ့ရဲ့ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၄ ခွန်အားနဲ့ဆို ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၂ကို အနိုင်ကျင့်ဖို့က ကိတ်မုန့်ဖဲ့တာထက်တောင် လွယ်နေသေးတယ်"

လင်းယန်က ပတ်ဝန်းကျင်မှ ရေရွတ်သံများကို ကြားလိုက်ရသဖြင့် ပို၍ မာန်တက်လာခဲ့သည်။

"ကျန်းချန်.. မင်းလို ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၂က ဖွတ်ကျားကောင်က ငါ့ရှေ့မှာ မာန်တက်ရဲတယ်ပေါ့လေ"

"ခုချက်ချင်း ငါ့ရှေ့မှာ ကျိုးကျိုးနွံနွံ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်ရင်တော့ ဒီသခင်လေးက မင်းကို ကျော်သွားပေးလိုက်မယ်.. မဟုတ်ရင်တော့ ဒီသခင်လေးက မင်းအမေတောင် မင်းကို မမှတ်မိနိုင်လောက်တဲ့အထိ ရိုက်ပစ်နိုင်တယ်ဆိုတာ မင်းယုံလား"

သူက လင်ယွင်ကျောင်းတော်သို့ မဝင်မီက ကျန်းချန် နှင့် မဆက်ဆံဖူးပေ။

သို့သော်လည်း ကျန်းချန်လို အမှိုက်ကောင် နှင့် လူအများရှေ့တွင် မကြာခဏ အနှိုင်းခံရခြင်းက သူ့ကို အကြိမ်ပေါင်းများစွာ အရှက်ရစေခဲ့သည်။

ယခု သူ့တွင် ကျန်းချန်ကို လက်စားချေဖို့ အခွင့်အရေး ရနေပြီ ဖြစ်ရာ အဘယ်ကြောင့် ကျန်းချန်ကို ယဥ်ကျေးနေရပါအံ့နည်း။

"ငါမယုံဘူး"

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

"မင်းလုပ်ချင်သလိုလုပ်လို့ရတယ်.. ဒါ​ပေမယ့်​ ငါကတိ​ပေးတယ်.. မင်းအမေတောင် မမှတ်မိအောင် အရိုက်ခံရမဲ့သူက မင်းပဲ ဖြစ်လိမ့်မယ်"

အခန်း(၈) ပြီး၏

All Chapters