← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

"ဟ.. ဒီက​လေးက ဘာ​ပြောလိုက်​တာလဲ.. ငါများ နားကြားမှားတာလား"

"လခွမ်း.. ဒီခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့်၂က အမှိုက်ကောင်ကို ဟန်ရေးပြဖို့ ဘယ်သူက မြှောက်ပေးလိုက်တာလဲ"

"ဒီလောက်အထိ ဟန်ဆောင်နိုင်စွမ်းရှိတာ အံ့မခန်းပဲ.. ငါ့အထင်တော့ ဒါက မိုက်မဲတဲ့လုပ်ရပ်ပဲ"

"ကောင်းတယ် အရမ်းကောင်းတယ်"

လင်းယန်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ကျန်းချန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"သတ္တိရှိရင် ငါတို့တွေ ပြိုင်ကွင်းမှာ ပြိုင်ကြရအောင်"

အကယ်၍ လင်ယွင်ကျောင်းတော်ကသာ ရန်ပွဲများကို တားမြစ်ထားခြင်းမရှိလျှင် သူက ချက်ချင်းပင် ကျန်းချန်ကို မြေကြီးပေါ်တွင် ဆောင့်နင်းထားမည် ဖြစ်သည်။

ကျန်းချန်က စိတ်ထဲကနေ လှောင်ရယ်နေခဲ့သည်။

ဤကောင်လေးကို သူက လျစ်လျူရှုချင်ခဲ့သော်လည်း ကောင်လေးက အရိုက်ခံဖို့ တောင်းဆိုနေ၏။

သို့ဆိုလျှင် သူ့အနေဖြင့် ဤကောင်၏ ဆန္ဒကို ဖြည့်ဆည်းပေးရပေမည်။

"မင်း ငါနဲ့ ပြိုင်ချင်တယ်ဆိုရတယ်.. ဘာမှပြဿနာမရှိဘူး"

ကျန်းချန်က မဲ့ပြုံး ပြုံး၍ ပြောလိုက်သည်။

"ဒါပေမယ့် တိုက်ခိုက်မယ်ဆိုမှတော့ အလောင်းအစားလေး ပါမှပဲ ငါသဘောတူမယ်"

ထိုစကားကိုကြားလျှင် လင်းယန်သည် ချက်ချင်းပင် ဝမ်းသာသွားသည်။

စင်စစ် ကျန်းချန်က သဘောတူမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ဒါက ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးပဲ.. မင်းအနိုင်ရရင် ဒါက မင်းအတွက်ပဲ.. မင်းရှုံးရင်တော့ ငါ့ကို တစ်လုံး ပြန်ပေးရမယ်.. ဘယ်လိုလဲ"

လင်းယန်က ကျန်းချန် နောင်တရမည်ကို စိုးရိမ်သောကြောင့် ကျောက်စိမ်းပုလင်းကို အင်္ကျီလက်အိုးထဲကနေ ထုတ်ပြလိုက်သည်။

"အားကိုးရတဲ့ အစ်ကို တစ်ယောက်ရှိတာ အရမ်းမိုက်တာပဲ.. ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်ဆေးလုံးလို ရတနာကိုတောင် အလောင်းအစားအတွက် ထုတ်သုံးနိုင်တယ်"

"လင်းယန်က လောင်းကြေးအဖြစ် ခန္ဓာကိုယ်ပြုပြင်ခြင်းဆေးလုံးကို အသုံးပြုဖို့ ဆန္ဒရှိနေတယ်ဟ"

"ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၄ကကောင်ကို အဆင့်၂ကကောင်က ဘယ်လိုလုပ်ပြီးယှဥ်နိုင်မှာလဲ.. ဟိုကောင်က အလကား အလှူလုပ်ချင်နေတဲ့ပုံပဲ"

"ဒါက ကျန်းချန်ဆီကနေ ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို ဓားပြတိုက်နေတာပဲ မဟုတ်လား.. သောက်ရူးကျန်းချန်က ဆေးလုံးကို တံခါးဝထိတောင် သွားပို့နေတာပဲ"

ကျန်းချန်က ပတ်ဝန်းကျင်မှ လှောင်ပြောင်သရော်မှုများကို ဂရုမစိုက်ရုံသာမက ကျေနပ်သော အပြုံးကိုပါ ပြသခဲ့သည်။

"ကောင်းပြီ ဒီတိုက်ပွဲကို ငါသဘောတူတယ်"

ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးသည် ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် ကျင့်ကြံသူ၏ ခွန်အားကို မြှင့်တင်ပေးနိုင်သည်။

အတွေ့ရအများဆုံး ဖြစ်သည့် အဆင့်နိမ့်ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် ဆေးလုံးပင် ရွှေဒင်္ဂါး ထောင်ချီ တန်ဖိုးရှိသည်။

ဤဆေး၏ အာနိသင်သည် သူနောက်ဆုံးအကြိမ်က သောက်ခဲ့သည့် စွမ်းအားမြှင့် ဆေးဝါးထက် အဆပေါင်းများစွာ အစွမ်းထက်၏။

နောက်တစ်ချက်အနေဖြင့် အဆတစ်ရာလေ့ကျင့်ရေးစနစ်ကြောင့် ဆေးလုံးကိုသာရလျှင် သူ၏ခွန်အားသည် နောက်တစ်ဆင့်သို့ တက်နိုင်ခြေ ရှိသည်။

လင်းယန်က ရတနာကို တံခါးဝဆီ လာအပ်နေပြီဖြစ်၍ ကျန်းချန်က လက်မခံစရာ အကြောင်းပြချက်မရှိပေ။

“ငါနားမလည်တော့ဘူး... ဒီကောင်က တကယ်ကြီး သဘောတူလိုက်တယ်...ဒီကောင်က ဂေါက်သီးဖြစ်နေမှာ ငါစိုးရိမ်မိတယ်"

ကျန်းချန်က တိုက်ပွဲကို အမှန်တကယ် သဘောတူခဲ့သည်ကို မြင်လျှင် ပတ်ဝန်းကျင်ရှိ ပရိသတ်များသည် အလွန်အမင်း ဆွံ့အသွားကြသည်။

ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၄မှ ကျင့်ကြံသူ၏ စိန်ခေါ်မှုကို အဆင့်၂မှ ကျင့်ကြံသူက လက်ခံခဲ့ခြင်းသည် အရိုက်ခံရန် တောင်းဆိုနေခြင်းပင် မဟုတ်ပါလား။

"ချီး.. အရိုက်ခံရမဲ့အပြင် ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးလည်း ပေးရဦးမယ်.. ဒါက ဘယ်လိုတောင် မိုက်မဲတဲ့လုပ်ရပ်လဲ"

"မင်းသဘောတူရင် ပြိုင်ကွင်းဆီ သွားရအောင်"

ကျန်းချန်က အမှန်တကယ် သဘောတူကြောင်း ကြားလိုက်သောအခါတွင် လင်းယန်သည် မစောင့်ဆိုင်းနိုင်တော့အောင် ဝမ်းသာသွားခဲ့သည်။

သူ့အနေဖြင့် ကျန်းချန်ကို အနိုင်ယူပြီး ခန္ဓာကိုယ် ပြုပြင်ခြင်း ဆေးလုံးကို ပိုင်ဆိုင်ခွင့်ရတော့မည် မဟုတ်ပါလား။

ယခုထက်ပိုပြီး စိတ်လှုပ်ရှားစရာ မရှိတော့ပေ။

ကျန်းချန် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဒီလောက်ဒုက္ခမခံပါနဲ့.. ဒီမှာပဲစလိုက်ကြရအောင်"

"ကျန်းချန်. မင်းက ဘာကိုဆိုလိုချင်တာလဲ.. ပြိုင်ကွင်းမှာ မဟုတ်ရင် လင်ယွင်ကျောင်းတော်ကနေ နှင်ထုတ်ခံရလိမ့်မယ်"

လင်းယန်၏ မျက်နှာက အနည်းငယ် မကြည်မလင် ဖြစ်သွားခဲ့သည်။

"ကျန်းချန်...မယှဥ်ရဲရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါ"

"မင်းနဲ့ မယှဥ်ရဲဘူးလို့ ငါပြောတာမဟုတ်ဘူး.. မင်းဘာတွေ စိတ်လှုပ်ရှားနေတာလဲ.. ငါတို့တွေ မတိုက်ဘဲ ခန္ဓာကိုယ် နည်းစနစ်ချင်း ယှဉ်ကြည့်ကြမလား"

ကျန်းချန်က လင်းယန်ဆီသို့ လက်ညှိုးကို ဆန့်ထုတ်ကာ ပြောလိုက်သည်။

"ငါမင်းကို ပြန်မတိုက်ဘူး.. ဆယ်ကွက်အတွင်း ငါ့ကို ထိအောင်လုပ်နိုင်ရင် မင်းကို အရှုံးပေးလိုက်မယ်"

အခန်း(၉) ပြီး၏

All Chapters