အခန်း (၁၀)
Vol. 1 Ch. 10
"ဟားဟား.. ရယ်စရာကောင်းလိုက်တာ.. ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့်၂ကကောင်က ဒီလောက်ထိ လေလုံးထွားရဲတယ်"
"ဒီကောင်က ဟန်ရေးပြတဲ့နေရာမှာ အရည်အချင်း ရှိသားပဲဟ.. ဒီလိုအချိန်မှာတောင် ခပ်တည်တည်နဲ့ ဟန်ရေးပြနေတုန်းပဲ"
"ချီး.. တိုက်ကွက်ဆယ်ကွက်လား.. တစ်ကွက်ထဲနဲ့တောင် အနိုင်ရသူက ဘယ်သူလဲဆိုတာ အဖြေထုတ်လို့ရတယ်"
ဤအခိုက်အတန့်တွင် လင်ယွင်ကျောင်းတော်၏ ကျောင်းသားများသည် ကျန်းချန်ကို သူတို့၏ နှလုံးသားထဲကနေ သဘောကျနေခဲ့ကြသည်။
"ဒီကလေးက တကယ်ကို ဟန်ဆောင်နိုင်လွန်းတယ်"
"ကျန်းချန်.. မင်းကို မတွေ့တာ လအနည်းငယ်ကြာသွားပေမဲ့ ငါတကယ် မမျှော်လင့်ထားမိဘူး.. မင်းက အရင်ကထက် ပိုပြီး မောက်မာလာတာပဲ"
"ကောင်းပြီလေ ခန္ဓာကိုယ် နည်းစနစ်ချင်း ယှဥ်ကြတာပေါ့.. မင်း ငါ့ရှေ့မှာ မောက်မာဖို့ အခွင့်အရေး မရှိဘူးဆိုတာကို မကြာခင် သိလာလိမ့်မယ်"
လင်းယန်က ကျန်းချန်ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း မျက်နှာပေါ်တွင် သုန်မှုန်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
ဤတစ်ခေါက်တော့ သူကြုံတွေ့ခဲ့ရသည့် အရှက်တရား အားလုံးကို ဖြေဖျောက်ရပေမည်။
သူက ကျန်းချန်ကို သူ့ခြေဖဝါးအောက်၌ လုံးဝ ဖိထားနိုင်မည်မှာ သေချာ၏။
"မင်းက ပေါက်ကရ စကားတွေ အရမ်းပြောတာပဲ"
ကျန်းချန်က လက်ပိုက်ကာ မတ်တပ်ရပ်နေခဲ့၏။
သူ၏ အမူအရာက အလွန်ပင် တည်ငြိမ်အေးဆေးနေသည်။
"တိုက်ပါ.. ငါ့စကားကိုငါတည်တယ်.. မင်းငါ့ကိုထိတာနဲ့ ငါအရှုံးပေးမယ်"
[ဟန်ဆောင်နေလိုက် ကျန်းချန်.. မင်း ဟန်ဆောင်နေတာ ငါသိပါတယ်]
လင်းယန်က စိတ်ထဲကနေ ရေရွတ်လိုက်သည်။
ထို့နောက် သူ၏ လက်ကိုဆန့်ထုတ်ကာ ကျန်းချန်၏ ပခုံးကို ဆုပ်ကိုင်လိုက်သည်။
သို့သော် သူ့ရှေ့တွင် သိမ်မွေ့သောလေထုကို ခံစားလိုက်ရပြီး ကျန်းချန်သည် သူ့ရှေ့ကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် လင်းယန်သည် မှင်တက်သွားခဲ့သည်။
သူ ပြန်သတိဝင်လာသောအခါတွင် ကျန်းချန်သည် သူ့ဘယ်ဘက် သုံးမီတာအကွာတွင် ရှိနေသည်ကို သူတွေ့ရှိခဲ့သည်။
"ဒီအမှိုက်က ဘာလို့ ဒီလောက်တောင် မြန်ရတာလဲ"
ကျန်းချန်၏ အရှိန်ကိုမြင်လိုက်ရလျှင် လင်းယန်သည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် စဉ်းစားနေရန် အချိန်မရှိသဖြင့် အရှိန်မြှင့်ကာ တိုက်ခိုက်လိုက်သည်။
သို့သော် သူ့လက် မရောက်ခင်မှာပင် ကျန်းချန်၏ ပုံရိပ်သည် ပျောက်ကွယ်သွားပြန်သည်။
လင်းယန်သည် နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်၏ အဝတ်စကိုပင် မထိခဲ့ပေ။
"ဒါ... ဒါ မဖြစ်နိုင်ဘူး"
လင်းယန်က မယုံကြည်နိုင်ဖြစ်နေပြီး မျက်နှာက ဖြူဖျော့နေခဲ့သည်။
ထို့နောက်တွင် သူက မာန်သွင်း၍ အော်ဟစ်လိုက်ပြီး ရူးသွပ်သွားသကဲ့သို့ ကျန်းချန်ဆီ ပြေးဝင်သွားခဲ့သည်။
သူ့လို ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၄မှ ကျင့်ကြံသူက ကျန်းချန်လို ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၂မှ အမှိုက်ကောင်ကို မဖိနှိပ်နိုင်ဟု သူမယုံပေ။
ကျန်းချန်က လင်းယန်၏ အရူးအမူး တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း အံ့မခန်းခြေလှမ်းကွက်များကို အသုံးပြုကာ ပန်းခြံထဲတွင် လမ်းလျှောက်နေသလိုမျိုး အေးအေးဆေးဆေးသာ ရှောင်တိမ်းနေခဲ့သည်။
အစမှအဆုံးတိုင် လင်းယန်သည် ကျန်းချန်၏ ဆံပင်တစ်မွေးကိုပင် မထိခဲ့ပေ။
"ငါမနည်းလိုက်ကြည့်နေရတယ်.. ကျန်းချန်ရဲ့ အရှိန်က အရမ်းမြန်လွန်းတယ်ဟ.. ဒါက ခန္ဓာကိုယ်ကို ပြုပြင်ခြင်း အဆင့်၂က အမှိုက်ကောင် ပိုင်ဆိုင်ထားတဲ့ အမြန်နှုန်းရော ဟုတ်ရဲ့လား"
"ဒါက ခန္ဓာကိုယ် ပြုပြင်ခြင်းအဆင့်၂က ဘယ်လို အမှိုက်ကောင်မျိုးလဲဟ.. သူ့ရဲ့ ခွန်အားက လင်းယန်ထက်တောင် ပိုသန်မာတယ်.. သူက ဟွမ်ဖျင်ကိုယ်ခံပညာရဲ့ အဆင့်မြင့် ခန္ဓာကိုယ်နည်းစနစ်ကို သင်ယူတတ်မြောက်ထားပုံပဲ"
"ဒါပေမဲ့ ဒီနည်းစနစ်က ငါမြင်ဖူးတဲ့ အတွင်းစည်းကျောင်းသား တစ်ဦးရဲ့ နည်းစနစ်လောက် မကောင်းတာတော့ ဝမ်းနည်းစရာပဲ"
"လခွမ်း...မင်းတောင် သူ့လို ဟွမ်ဖျင် ကိုယ်ခံပညာရဲ့ အဆင့်မြင့်ခန္ဓာကိုယ်နည်းစနစ်ကို အောင်အောင်မြင်မြင် လေ့ကျင့်နိုင်လို့လား"
"ချီးမို့ အမှိုက်ကောင်လား.. ဒါက ပါရမီရှင်ကွ"
ကျန်းချန်က လင်းယန်ကို မျောက်တစ်ကောင်ကဲ့သို့ ကျီစယ် ကစားနေသည်ကို မြင်လိုက်ရလျှင် အားလုံးက အံ့ဩသွားကြသည်။
ဟွမ်ဖျင်ကိုယ်ခံပညာ၏ အဆင့်မြင့် ခန္ဓာကိုယ်နည်းစနစ်ကို လေ့ကျင့်ထားသည့် အစွမ်းထက်သူ တစ်ဦးသည် သူ့ကိုယ်သူ ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၂သာရှိသည့် အမှိုက်ကောင်အဖြစ် အသွင်ယူထားသည်။
သူ၏ ခွန်အားဖြင့် လင်ယွင်ကျောင်းတော်သို့ ဝင်ရောက်နိုင်သော ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း နောက်တံခါးကနေ ဝင်လာခဲ့သည်။
"ဒီကောင်က သူရဲ့ စစ်မှန်တဲ့အစွမ်းအစကို လျှို့ဝှက်ထားခဲ့ပုံပဲ"
လင်းယန်က ကျန်းချန်ကို အရူးအမူး လိုက်ဖမ်းရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
ဤသို့ဖြင့် သတ်မှတ်ထားသော တိုက်ကွက်ဆယ်ကွက်သည် လျင်မြန်စွာပင် ကျော်လွန်သွားခဲ့သည်။
လင်းယန်က အစမှအဆုံးအထိ သူနှင့် နှစ်မီတာ သို့မဟုတ် သုံးမီတာ အကွာအဝေးတွင်ရှိနေသော ကျန်းချန်ကို ကြည့်ရင်း မျက်လုံးထဲကနေ မီးများထွက်လုမတတ် ဖြစ်လာ၏။
ဤတစ်ခေါက်တွင် ကျန်းချန်၏ လှည့်စားမှုကို ခံခဲ့ရမှန်း သူသိခဲ့သည်။
"လင်းယန်.. ဆယ်ကွက်ပြည့်သွားပြီ.. မင်းနဲ့ ငါ အလောင်းအစား လုပ်ထားတဲ့အတိုင်း ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို လွှဲပေးလိုက်တော့"
ကျန်းချန်က လင်းယန်၏ မီးဝင်းဝင်းတောက်နေသော အကြည့်ကို လျစ်လျူရှုကာ ရင်ဘတ်နားတွင် လက်တစ်ဖက်ကို ကပ်၍ ဂါရဝပြုသော အမူအရာဖြင့် ရယ်မောကာ ပြောလိုက်သည်။
"ကျန်းချန်.. မင်းစောင့်နေလိုက်.. ငါဘယ်တော့မှ ဒီကိစ္စကို မကျေဘူး"
လင်းယန်သည် ကျန်းချန်အား ကြိမ်းဝါးပြီးနောက်တွင် သုန်မှုန်သော အမူအရာဖြင့် ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို ပစ်ပေးလိုက်ကာ ထိုနေရာကနေ ချာကနဲ လှည့်ထွက်လာခဲ့သည်။
အပိုင်း(၁၀) ပြီး၏