← Chapters

အခန်း (၁၁)

Vol. 1 Ch. 11

အခန်း (၁၁)

Vol. 1 Ch. 11

ကျန်းချန်က လင်ယွင်ကျောင်းတော်သို့ ဝင်ရောက်ပြီး မကြာမီမှာပင် လင်ယွင်ကျောင်းတော် အကြောင်းကို အကြမ်းဖျင်း နားလည်လာခဲ့သည်။

လင်ယွင်ကျောင်းတော်ကို အတွင်းနန်းတော် နှင့် အပြင်နန်းတော် ဟူ၍ ခွဲခြားထားသည်။

အတွင်းနန်းတော်သည် အတွင်းစည်း ကျောင်းသားများနှင့် လင်ယွင်စာရင်းတွင် ပါဝင်သော ပင်မကျောင်းသားများ လေ့ကျင့်ရာနေရာ ဖြစ်ပြီး အပြင်နန်းတော်ကမူ အပြင်စည်း ကျောင်းသားများ စုဝေးရာနေရာ ဖြစ်သည်။

အပြင်စည်း ကျောင်းသားများကို ကြေးအဆင့်၊ငွေအဆင့်၊ရွှေအဆင့်ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသည်။

ရွှေအဆင့် ကျောင်းသားများ အားလုံးသည် ထူးချွန်ထက်မြက်သော အပြင်စည်း ကျောင်းသားများ ဖြစ်ကြပြီး အလားအလာ ရှိသော ကျောင်းသားများ ဖြစ်ကြသည်။

ငွေအဆင့် ကျောင်းသားများကမူ ရွှေအဆင့် ကျောင်းသားများလောက် အားမကောင်းသော်လည်း ၎င်းတို့၏ ကိုယ်ပိုင် တိုက်ခိုက်ရေး ခွန်အားဖြင့် ကျောင်းတော်ထဲသို့ ဝင်လာခဲ့ကြသူများ ဖြစ်၍ ၎င်းတို့၏ စွမ်းရည်များသည် မဆိုးလှဟု ဆိုရမည်။

ကြေးအဆင့် ကျောင်းသားများကမူ လင်ယွင်ကျောင်းတော်၏ အနောက်တံခါးမှ တဆင့် လမ်းကြောင်းအမျိုးမျိုးကို အားကိုးကာ ဝင်ရောက်လာသူများ ဖြစ်သည်။

ကျန်းချန်သည် သဘာဝအတိုင်းပင် လင်ယွင်ကျောင်းတော်၏ ကြေးအဆင့် ကျောင်းသား ဖြစ်သည်။

"ညီနောင် ကျန်းချန်.. ငါတို့ ကြေးအဆင့် ကျောင်းသားတွေအတွက် ဒီနေ့လည်ခင်းမှာ အဂ္ဂိရတ် အတန်းချိန် ရှိတယ်.. မင်း အဂ္ဂိရတ် လုပ်တာကို ကြည့်ဖို့ စိတ်ဝင်စားလား"

ကျန်းချန်က သတင်းအချက်အလက်ကို စစ်ဆေးပြီး လင်ယွင်ကျောင်းတော် အကြောင်းကို အကြမ်းဖျင်း သိလာသောအချိန်တွင် ဖက်တီးလေး တစ်ယောက်သည် ကျန်းချန် ဆီသို့ ရုတ်တရက် လျှောက်လာခဲ့သည်။

ထိုဖက်တီးမှာ လင်ယွင်ကျောင်းတော်ရှိ ကျန်းချန်၏ အခန်းဖော် ဖြစ်ပြီး ထန်ရှန့်ဟု ခေါ်၏။

ထန်ရှန့်၏ အကူအညီကြောင့် ကျန်းချန်သည် လင်ယွင်ကျောင်းတော်တွင် လျင်မြန်စွာ အသားကျသွားခဲ့သည် ဆိုလည်းမမှားပေ။

"အဂ္ဂိရတ် အတန်းလား"

ကျန်းချန်က ရုတ်တရက် စိတ်ဝင်စားသွားသည်။

"အဂ္ဂိရတ် အတန်းရှိတယ်ဆို သွားကြည့်ရအောင်"

စာသင်ခန်းသို့ နှစ်ယောက်သား ရောက်လာသောအချိန်တွင် စာသင်ခန်းသည် ကြေးအဆင့် ကျောင်းသား တစ်ရာနီးပါးဖြင့် ပြည့်နေပြီ ဖြစ်သည်။

ထိုအထဲတွင် နံနက်ခင်းက ကျန်းချန်ထံ ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံး ဆုံးရှုံးခဲ့သော လင်းယန်လည်း ပါဝင်၏။

"ကျန်းချန်...မင်းလည်း အဂ္ဂိရတ်အတန်းကို လာတယ်ပေါ့လေ.. အဂ္ဂိရတ်ပညာက ဘာလဲဆိုတာ မင်းသိလို့လား"

လင်းယန်က စာသင်ခန်းထဲသို့ ရောက်လာသော ကျန်းချန်ကို ကြည့်ကာ အထင်အမြင်သေးစွာ ပြောလိုက်သည်။

"ငါနားမလည်ရင်တောင် ငါက မင်းထက် ပိုတော်တယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

"မင်းမယုံကြည်ရင် ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးကို လောင်းကြေးထပ်လို့ရတယ်.. ဒါနဲ့ မင်းကို သနားလို့နောက်ထပ် လောင်းကြေးထပ်ဖို့ကို စိတ်မ၀င်စားတော့ဘူး"

လင်းယန်က ကျန်းချန်ထံမှ ခန္ဓာကိုယ်ပြုပြင်ခြင်းဆေး ဟူသည့်စကားကို ကြားလျှင် မျက်နှာပျက်သွားခဲ့သည်။

သူက စကားတစ်ခွန်းမှ မပြောတော့ဘဲ ထိုင်ခုံမှာ ဝင်ထိုင်လိုက်၏။

"ဒီကလေးက ကျားသစ်သည်းခြေ စားထားတာလား.. လင်းယန်ကို ရန်သွားစနေတယ်"

"သူ့နာမည်ကကျန်းချန်.. ခုမှရောက်လာတဲ့ ကျောင်းသားသစ်ဆိုပေမဲ့ မနက်တုန်းက လင်းယန်နဲ့ ရန်ဖြစ်ပြီး လင်းယန်ဆီကနေ လောင်းကြေးအဖြစ် ခန္ဓာကိုယ် ပြုပြင်ခြင်း ဆေးလုံးကို ရရှိခဲ့တယ်လို့ ကြားတယ်"

"ဟေ.. ဒါက အံ့သြစရာပဲ"

ထိုအချိန်မှာပင် အသက်နှစ်ဆယ်ခန့်ရှိ လှပသော ဆရာမသည် စာသင်ခန်း၏ အပြင်ဘက်ကနေ အခန်းထဲ ဝင်လာခဲ့သည်။

စာသင်ခန်းသည် ထိုခဏတွင် အပ်ကျသံ ကြားရလုနီးပါး ခေတ္တတိတ်ဆိတ်သွားခဲ့သည်။

အဂ္ဂိရတ်ပညာရပ်သည် လေးစားအပ်သော ပညာရပ်တစ်ခုဖြစ်သည်။

သူတို့ရှေ့မှ လှပသည့် ဆရာမ စုလင်းရှန်းသည် တစ်ချိန်က ​​လင်ယွင်ကျောင်းတော်၏ ကျော်ကြားသော အဂ္ဂိရတ် ပါရမီရှင်တစ်ဦး ဖြစ်၏။

ယခုအခါ စုလင်းရှန်းသည် တတိယအဆင့် အဂ္ဂိရတ်သခင်တစ်ယောက်ပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ထိုသို့သော လက္ခဏာရပ်ကြောင့် လင်ယွင်ကျောင်းတော် တစ်ခုလုံးတွင်ပင် သူမအား မလေးစားလုပ်ဝံ့သူ အနည်းငယ်သာ ရှိ၏။

စုလင်းရှန်က စင်မြင့်ပေါ်သို့ တက်သွားပြီးနောက် သူမ၏ လှပသော မျက်လုံးလေးများဖြင့် စာသင်ခန်းတစ်ခွင်ကို ဝေ့ကြည့်လိုက်သည်။

ထို့နောက် သူမ၏ နှုတ်ခမ်းကနေ ချိုမြသော စကားသံက ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

"ကျောင်းသားတို့.. မင်းတို့တွေ လင်ယွင်ကျောင်းတော်ထဲ ဝင်ပြီး အဂ္ဂိရတ်ပညာကို သင်ယူခွင့်ရခဲ့ပြီ ဆိုတော့ ဆရာမက ဒီနေ့အတန်းမှာ မင်းတို့အတွက် အဂ္ဂိရတ်ပညာကို ကိုယ်တိုင်ကိုယ်ကျ သရုပ်ပြမယ်"

စုလင်းရှန်းက သူမ၏ လက်ဖဝါးကို လှုပ်ရှားလိုက်သည်နှင့် စင်မြင့်ပေါ်တွင် တစ်ပေအမြင့်ရှိ ဆေးမီးဖိုတစ်ခုက ဆေးဖက်ဝင်ပစ္စည်း အများအပြားနှင့် အတူ ပေါ်ထွက်လာခဲ့သည်။

"ဒီနေ့ ငါက မင်းတို့ကို အဆင့်မရှိတဲ့ သာမန် စွမ်းအားမြှင့် ဆေးလုံးကို ဘယ်လို သန့်စင်ရမလဲ ဆိုတာ သရုပ်ပြပေးမယ်"

“အဂ္ဂိရတ်ပညာမှာ ပထမဦးဆုံးက အဂ္ဂိရတ်မီးဖိုကို အညီအမျှ အပူပေးနိုင်ဖို့အတွက် မီးဖိုရဲ့ အပူချိန်ကို မြှင့်တင်ဖို့ လိုအပ်တယ်.. ပြီးရင် အဂ္ဂိရတ် လုပ်ဖို့အတွက် လိုအပ်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို စနစ်တကျ အသင့်ပြင်ပြီး အဂ္ဂိရတ်လုပ်နေစဥ်မှာ အချိန်အဆမှန်မှန်နဲ့ ထည့်ရမယ်"

စုလင်းရှန်းက စကားပြောနေရင်း အဂ္ဂိရတ်ကို လုပ်နေခဲ့သည်။

လုပ်ငန်းစဉ်တစ်ခုလုံးသည် ရေစီးကဲ့သို့ ချောမွေ့နေခဲ့၏။

ထို့နောက်တွင် သူမသည် မိနစ်အနည်းငယ်အတွင်း စွမ်းအားမြှင့် ဆေးလုံးကို သန့်စင်နိုင်ခဲ့တော့သည်။

"ဒင်.. တတိယအဆင့် အဂ္ဂိရတ်သခင်ရဲ့ စွမ်းအားမြှင့် ဆေးလုံး သန့်စင်တာကို ကြည့်ရှုခဲ့တဲ့အတွက် အတွေ့အကြုံရမှတ် ၁၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က ပထမအဆင့် အဂ္ဂိရတ်သခင်အဖြစ် အောင်မြင်စွာ တိုးတက်သွားပါပြီ"

ကျန်းချန်၏ နားထဲတွင် ရင်းနှီးသော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာပြီးနောက် မရေမတွက်နိုင်သော အဂ္ဂိရတ်ပညာရပ် ဗဟုသုတများသည် သူ့စိတ်ထဲသို့ စိမ့်ဝင်လာသည်ကို ကျန်းချန် ခံစားလိုက်ရသည်။

သူက ဆရာမစု အဂ္ဂိရတ်လုပ်နေတာကို ငေးကြည့်ရုံဖြင့် ပထမအဆင့် အဂ္ဂိရတ်သခင် အဖြစ် တိုက်ရိုက် တိုးမြှင့်သွားခဲ့ချေပြီ။

အခန်း(၁၁) ပြီး၏

All Chapters