← Chapters

အခန်း (၁၂)

Vol. 1 Ch. 12

အခန်း (၁၂)

Vol. 1 Ch. 12

စုလင်းရှန်းက အဂ္ဂိရတ်ပညာကို သရုပ်ပြပြီးနောက် စင်မြင့်အောက်ရှိ ကြေးအဆင့် ကျောင်းသားအုပ်စုကို ကြည့်လိုက်သည်။

"ကျောင်းသားတို့.. ငါ အဂ္ဂိရတ်လုပ်နည်းကို သရုပ်ပြပြီးပြီ.. စမ်းကြည့်​ချင်​တဲ့သူ​တွေရှိလား.. ဘယ်သူမဆို စွမ်းအားမြှင့်ဆေးဝါးကို သန့်စင်နိုင်ရင် ငွေအဆင့်ကျောင်းသား အဖြစ် သတ်မှတ်ခံရဖို့ ငါကိုယ်တိုင် ကျောင်းတော်ကို လျောက်ထားပေးမယ်"

စုလင်းရှန်း ထိုသို့ပြောလိုက်သောအခါတွင် စာသင်ခန်းတစ်ခုလုံးသည် ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

"ကံကောင်းထောက်မစွာနဲ့ ငါက ဒီအတောအတွင်း အဂ္ဂိရတ်ပညာကို လေးလေးနက်နက် လေ့လာခဲ့မိတယ်"

"ဟားဟား.. ငါက ငွေအဆင့် ကျောင်းသားတစ်ယောက် အဖြစ် သတ်မှတ်ခံရဖို့ မျှော်လင့်လို့ရပြီ"

အဂ္ဂိရတ်ပညာကို စိတ်အားထက်သန်စွာ သင်ယူခဲ့သော ကျောင်းသားအချို့သည် ဤအခိုက်အတန့်တွင် အလွန် စိတ်လှုပ်ရှားနေကြသည်။

အဂ္ဂိရတ်ပညာကို လုံးဝ အလေးအနက် မထားခဲ့သည့် ကျောင်းသားများကမူ နောင်တရနေခဲ့ကြသည်။

လင်ယွင်ကျောင်းတော်၏ ကျောင်းသားများကို အဆင့်များနှင့် ခွဲခြားသတ်မှတ်ထားပြီး ၎င်းတို့ ရရှိသော အရင်းအမြစ်များမှာလည်း အလွန်ပင် ကွာခြားသည်။

သူတို့ ကြေးအဆင့် ကျောင်းသားများ အားလုံးသည် နောက်​ပေါက်ကနေ ဝင်လာကြသူများ ဖြစ်သည်။

သာမန်အခြေအနေအရ ကြေးအဆင့် ကျောင်းသားတစ်ဦးသည် ရာထူးတိုးရန် မဖြစ်နိုင်သလောက်ပင်။

စုလင်းရှန်းသည် ကြေးအဆင့် ကျောင်းသားများကို ငွေအဆင့် ကျောင်းသားများ အဖြစ် မြှင့်တင်နိုင်ရန်အတွက် ဖြတ်လမ်းတစ်ခု ဖွင့်ပေးခဲ့ခြင်းပင်။

"ကျနော် ကြိုးစားကြည့်ပါရစေ"

ခဏအကြာတွင် ကျောင်းသားတစ်ယောက်သည် ပထမဆုံး ထရပ်ပြီး စင်ပေါ်သို့ တက်သွားခဲ့သည်။

ထိုကောင်လေးက ယုံကြည်မှုရှိပုံပေါ်သော်လည်း တကယ်တမ်း လုပ်ဆောင်သည့်အခါတွင် အမှားများ ပြုလုပ်မိကာ မအောင်မြင်ဘဲ ကျရှုံးသွားခဲ့သည်။

စင်ပေါ်တက်လာသော ကျောင်းသား အနည်းငယ်သည် အလျင်အမြန်ပင် ကျရှုံးသွားခဲ့ကြသည်။

လင်းယန်တောင်မှ စမ်းကြည့်ခဲ့သော်လည်း အပူကို ထိန်းချုပ်ရာတွင် မကျွမ်းကျင်သောကြောင့် မအောင်မြင်ခဲ့ပေ။

"ဘယ်သူ စမ်းကြည့်ချင်သေးလဲ"

တက်လာတဲ့ ကျောင်းသားအားလုံး မအောင်မြင်သည်ကို မြင်လိုက်ရလျှင် စုလင်းရှန်းက စိတ်ပျက်သွားခဲ့၏။

တစ်ချိန်က သူမသည်လည်း ကြေးအဆင့် ကျောင်းသူတစ်ယောက် ဖြစ်သည်။

လင်ယွင်ကျောင်းတော်သို့ ဝင်ရောက်ပြီးနောက် စုလင်းရှန်းသည် သူမ၏ ဆေးလုံးသန့်စင်ခြင်း စွမ်းရည်ကို တဖြည်းဖြည်း ပြသခဲ့ပြီး အဂ္ဂိရတ်ပညာရပ်တွင် ပါရမီရှင်တစ်ဦး ဖြစ်လာခဲ့သည်။

ထို့ကြောင့် ကြေးအဆင့် ကျောင်းသားများနှင့် ပတ်သက်လျှင် စုလင်းရှန်းသည် အထူးခံစားချက်ရှိပြီး အရည်အချင်းရှိသူများကို ဖော်ထုတ်လိုခဲ့၏။

သူမ အမြင်တွင် ဤအတန်းထဲရှိ ကြေးအဆင့် ကျောင်းသားများသည် အရည်အချင်း သိပ်ရှိပုံ မရပေ။

ကျန်းချန်က ပတ်ပတ်လည်ကို ကြည့်လိုက်ရာ မည်သူမှ စင်ပေါ် ထပ်မတက်ချင်တော့သည်ကို တွေ့လိုက်ရလျှင် ထိုင်ခုံကနေ ထလိုက်၏။

"ကျန်းချန်.. မင်းက ကျောင်းသားသစ် ဆိုတာမမေ့နဲ့ဦး.. မင်းက အဂ္ဂိရတ်ပညာကို တစ်ရက်တောင် မသင်ခဲ့ရဘဲ စွမ်းအားမြှင့်ဆေးလုံးကို သန့်စင်ဖို့ စင်ပေါ် တက်ချင်နေတာလား"

စင်ပေါ်မှဆင်းလာသော လင်းယန်သည် မတ်တပ်ထရပ်နေသော ကျန်းချန်ကိုကြည့်ကာ မထီမဲ့မြင် လှောင်ပြောင် ပြောဆိုလိုက်သည်။

ကျန်းချန် "သောက်ရူး.. တစ်ရက်ထဲနဲ့ အဂ္ဂိရတ်မတတ်ဘူးလို့ ဘယ်သူ သတ်မှတ်ပေးခဲ့တာလဲ"

"ကျန်းချန်...အဂ္ဂိရတ်ပညာက ဟာသတစ်ခုလို့ မင်းထင်နေလား"

လင်းယန်က မထီမဲ့မြင်ပြုသော အမူအရာဖြင့် လှောင်ပြောင်လိုက်သည်။

"ငါ့လို လအနည်းငယ်ကြာအောင် လေ့ကျင့်ခဲ့တဲ့သူတောင် ဘယ်လိုမျိုး ကျရှုံးသွားလဲဆိုတာ မင်း မတွေ့လိုက်ဘူးလား.. ဟက်.. ဘာမှမတတ်ဘဲ စင်ပေါ်တက်ချင်နေတာ မရှက်ဘူးလား ကျန်းချန်"

"ငါ့အထင် ရှက်ရမဲ့သူက မင်းပဲ. လအနည်းငယ်ကြာအောင် သင်ယူပြီးတာတောင် အဆင့်မရှိတဲ့ စွမ်းအားမြှင့် ဆေးလုံးကို မသန့်စင်နိုင်ဘူး.. မင်းက ဘယ်လောက်တောင် အသုံးမကျလိုက်လဲ.. မင်းမလုပ်နိုင်တာနဲ့ ငါလည်း မလုပ်နိုင်ဘူးလို့ ပြောလို့မရဘူးလေ"

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်က လင်းယန် အနားသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။

"ကျန်းချန်.. အရမ်းကြီး မာန်တက်ပြမနေနဲ့"

လင်းယန်က ဒေါသတကြီး ပြောလိုက်သည်။

"မင်းသာ စွမ်းအားမြှင့် ဆေးလုံးကို ဖော်စပ်နိုင်ရင် ငါလင်းယန်က မင်းကို ဆရာတစ်ယောက်အဖြစ် ဒူးထောက်ပြီး အကြမ်းရည်ကမ်းပေးမယ်"

"မင်းကို တပည့်အဖြစ် လက်ခံခိုင်းရင်တောင် ငါ စိတ်မဝင်စားဘူး.. ငါ့ရဲ့ တပည့် ဖြစ်ချင်တာနဲ့ ငါက တပည့်လို့ သတ်မှတ်စရာလား.. ဒီလို ကောင်းမွန်တဲ့အရာက မင်းနဲ့ ထိုက်တန်လို့လား"

"မင်း"

လင်းယန်သည် သွေးအန်လုမတတ် ဖြစ်သွားသည်။

သူက စင်ပေါ်ရှိ စုလင်းရှန်းကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"ဆရာမစု.. ဒီကောင်က အဂ္ဂိရတ်ပညာ အကြောင်း ဘာမှ မသိဘူး.. သူက ဆရာမကို အာရုံလာနောက်ဖို့ သက်သက်ပဲ.. သူ့လိုကောင်စားကို ဖယ်ရှားလိုက်သင့်တယ်"

"ငါက အဂ္ဂိရတ်ပညာရပ် အကြောင်း ဘာမှမသိတာ မင်းသေချာလို့လား"

ကျန်းချန်၏ မျက်လုံးများတွင် စိတ်မရှည်သော အကြည့်တစ်ချက် ပေါ်လာသည်။

"ဒီနေ့ ငါစွမ်းအားမြှင့်ဆေးကို သန့်စင်နိုင်ရင် စာသင်ခန်းထဲကနေ မင်း ထွက်သွားရမယ်"

အခန်း(၁၂) ပြီး၏

All Chapters