← Chapters

အခန်း (၁၃)

Vol. 1 Ch. 13

အခန်း (၁၃)

Vol. 1 Ch. 13

"ကောင်းပြီ မင်းငါ့ကို ထွက်သွားအောင် လုပ်နိုင်မလား ငါကြည့်ချင်တယ်"

လင်းယန်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ဤအကောင်က စွမ်းအားမြှင့် ဆေးလုံးကို သန့်စင်နိုင်မည်ဟု သူ တကယ် မယုံခဲ့ပေ။

ကျန်းချန်က လင်းယန်နှင့် အဓိပ္ပါယ်မဲ့ စကားများ ပြောဆိုရန် ပျင်းလွန်းသဖြင့် စင်ပေါ်သို့တက်ကာ ဆေးလုံး သန့်စင်ရန် အဆင်သင့် ပြင်လိုက်သည်။

"ဒင်.. သင်က စွမ်းအားမြှင့် ဆေးလုံးကို သန့်စင်ဖို့ စတင်လိုက်ပါပြီ...စနစ်က အဆတစ်ရာ အောင်မြင်မှုနှုန်းကို အလိုအလျောက် ဖြစ်ပေါ်စေပါလိမ့်မယ်"

"ဟ.. အောင်မြင်မှုနှုန်းက အဆတစ်ရာတဲ့လား"

ဤအဆတစ်ရာ အောင်မြင်မှုနှုန်းဖြင့်ဆိုလျှင် သူ၏ အဂ္ဂိရတ်အောင်မြင်မှုနှုန်းက အမှိုက်ဖြစ်နေလျှင်ပင် အောင်မြင်မှုနှုန်းသည် ၁၀၀ ရာခိုင်နှုန်း နီးပါး ဖြစ်သွားပေလိမ့်မည် မဟုတ်လော။

"ဒီစနစ်က အရမ်းမိုက်တာပဲ.. ငါက အဂ္ဂိရတ် နယ်ပယ်မှာ မအောင်မြင်ချင်ရင်တောင် မဖြစ်နိုင်တော့ဘူး"

ထို့နောက်တွင် ကျန်းချန်သည် ဆေးဖက်ဝင်ပစ္စည်းများကို ဆေးလုံးမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။

ပထမအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေပြီ ဖြစ်၍ အဆင့်မရှိသော စွမ်းအားမြှင့် ဆေးလုံးကို ပြုလုပ်ရန်အတွက် ကျွမ်းကျင်စွာပင် စတင်နိုင်ခဲ့သည်။

မီးဖိုကို အပူပေးခြင်း၊ ဆေးဖက်ဝင်ပစ္စည်းများ ထည့်ခြင်း သို့မဟုတ် အပူချိန်ထိန်းညှိခြင်း စသည့် အဆင့်တိုင်းသည် မှန်ကန်နေခဲ့သည်။

သူ၏ ကျွမ်းကျင်စွာ လုပ်ဆောင်နေမှုသည် အစောပိုင်းက စွမ်းအားမြှင့်ဆေးလုံးကို သရုပ်ပြဖော်စပ်ခဲ့သော စုလင်းရှန်းထက် မနိမ့်ကျပေ။

မိနစ်အနည်းငယ်အတွင်း ကျန်းချန်၏ အဂ္ဂိရတ်လုပ်ငန်းစဥ်သည် ပြီးဆုံးသွားခဲ့သည်။

သူက လက်ဟန်များကို အသုံးပြု၍ ဆေးလုံးကို သိပ်သည်းစေပြီးနောက်တွင် ဆေးလုံးမွှေးရနံ့သည် စာသင်ခန်းထဲတွင် ပြည့်လျှံသွားခဲ့၏။

"ဒင်.. သင်က စွမ်းအားမြှင့် ဆေးလုံးကို သန့်စင်ပြီး အတွေ့အကြုံရမှတ် ၅၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က ဒုတိယအဆင့် အဂ္ဂိရတ်သခင် အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ"

သူက ဆေးလုံးလေး သန့်စင်ရုံမျှဖြင့် ဒုတိယအဆင့် အဂ္ဂိရတ်သခင်အဖြစ် တိုက်ရိုက် အပ်နှင်းခံခဲ့ရသည်။

ကျန်းချန်သည် သူ၏ အဂ္ဂိရတ်ပညာရပ် အောင်မြင်မှုများက ချက်ချင်းဆိုသလို ပေါက်ကွဲသွားသည်ဟု ခံစားလိုက်ရသည်။

လွန်ခဲ့သော တစ်နာရီ၏ လေးပုံတစ်ပုံတွင် သူသည် အဂ္ဂိရတ်ပညာအကြောင်း နကန်းတစ်လုံးမှ မသိသည့် လူသစ်တစ်ဦးသာ ဖြစ်သည်။

ယခုတော့ သူက ဒုတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာပေပြီ။

သူက စွမ်းအားမြှင့်ဆေးလုံးကိုပင် ပေါ့ပေါ့ပါးပါး သန့်စင်နိုင်ခဲ့၏။

အဆတစ်ရာ ကျင့်ကြံခြင်း စနစ်ဖြင့် ဆိုလျှင် ခက်ခဲလှပါသည်ဆိုသော အဂ္ဂိရတ်ပညာရပ်သည် သူ့အတွက် ရိုးရှင်းသော ပညာရပ်ပင် မဟုတ်ပါလား။

"အောင်မြင်သွားတယ်လား"

"ဒီကောင်ရဲ့ အဂ္ဂိရတ် လုပ်ဆောင်တဲ့ပုံစံက ဆရာမစု နီးနီး ကောင်းတယ်ဟ"

"အဂ္ဂိရတ်က ဘာမှန်းတောင် ကျန်းချန် မသိဘူး ဆိုတဲ့ လင်းယန်ရဲ့စကားက ရယ်စရာ ကောင်းလိုက်တာ.. ဒါက ငါတို့ကို လှည့်စားတာပဲ မဟုတ်လား"

စာသင်ခန်းထဲရှိ လူတိုင်း၏ မျက်လုံးများက ပြူးကျယ်လာပြီး မယုံကြည်နိုင် ဖြစ်ကာ အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။

"မဖြစ်နိုင်ဘူး.. ဒါတစ်ခုခု မှားနေတာဖြစ်ရမယ်"

လင်းယန်က အဖြစ်မှန်ကို လက်မခံလိုဘဲ တစ်ကိုယ်လုံးက တစ္ဆေပူးသကဲ့သို့ တုန်လှုပ်နေခဲ့သည်။

ဤကျန်းမိသားစု အမှိုက်ကောင်သည် ကိုယ်ခံပညာစွမ်းရည်တွင် သူ့ထက် သာလွန်ရုံသာမက အခုအခါတွင် အဂ္ဂိရတ်ပညာရပ်ကိုပါ ထူးချွန်လာခဲ့သည်။

[ဘာတွေဖြစ်ပျက်နေလဲဆိုတာ ငါ့ကို ဘယ်သူပြောပြနိုင်မလဲ]

ကျန်းချန်၏ အံ့ဖွယ် စွမ်းဆောင်ရည်သည် ကြေးအဆင့် ကျောင်းသားများ၏ မျက်လုံးများကို မျှော်လင့်မထားသည်အထိ တောက်ပစေခဲ့သည်။

နံဘေးရှိ နှုတ်ဆိတ်နေသော စုလင်းရှန်း ပင်လျှင် သူမ၏ လှပသော မျက်လုံးများ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်ဟု အမည်ရသည့် ဤကောင်လေးသည် အဂ္ဂိရတ်ကို လုပ်ဆောင်ရာတွင် ချောမွေ့စွာ လုပ်ဆောင်နိုင်ပြီး တစ်ကြိမ်ထဲ ဖြင့် အောင်မြင်ခဲ့သည်။

သူမက စိတ်ထဲကနေ မချီးကျူးဘဲ မနေနိုင်တော့ပေ။

သူမကို ပို၍ အံ့သြသွားစေသည်မှာ ဤကောင်လေးသည် နောက်ဆုံး အဆင့်ဖြစ်သည့် ဆေးလုံးသိပ်သည်းခြင်း အဆင့်တွင် သာမန်နည်းစနစ်ကို အသုံးမပြုခဲ့ခြင်းပင်။

ကျန်းချန် အသုံးပြုခဲ့သည်မှာ ဆေးလုံးသိပ်သည်းသည့် အဆင့်တွင် အဂ္ဂိရတ်သခင်များ အသုံးပြုလေ့ရှိသည့် "လက်ဟန်ဖြင့် ဆေးလုံးစည်းခတ်ခြင်း" ဆိုသည်မှာ ထင်ရှားနေသည်။

ယင်းက အဂ္ဂိရတ်လမ်းစဥ်ပေါ်ရှိ ဤကောင်လေး၏ အောင်မြင်မှုသည် ပထမအဆင့် အဂ္ဂိရတ်သခင် အဆင့်သို့ ရောက်ရှိသွားသည်ဟု ဆိုလိုနေခြင်း ဆိုလည်းမမှားပေ။

စုလင်းရှန်းက အလွန်ပျော်ရွှင်နေခဲ့သည်။

ဤတစ်ကြိမ်တွင် သူမသည် ကြေးအဆင့် ကျောင်းသားများ၏ အတန်းချိန်တွင် အံ့သြဖွယ်ကောင်းသော အဂ္ဂိရတ်ပါရမီရှင်တစ်ဦးကို အမှန်တကယ် တွေ့ရှိခဲ့ပုံပင်။

"ကျောင်းသားကျန်းချန်.. မင်းရဲ့ အဂ္ဂိရတ်ပညာက ကောင်းသားပဲ.. ခန္ဓာကိုယ် ပြုပြင်ခြင်းဆေးကို သန့်စင်ဖို့ ကြိုးစားကြည့်မလား"

စုလင်းရှန်းက အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီးနောက် ကျန်းချန်ကို ပြုံးကာ ပြောလိုက်သည်။

"မင်း အောင်အောင်မြင်မြင် သန့်စင်နိုင်ရင် မင်းကို ရွှေအဆင့်ကျောင်းသား အဖြစ် ငါတိုက်ရိုက် မြှင့်တင်ပေးမယ်"

ဤကောင်လေး၏ အဂ္ဂိရတ်ပညာရပ်က ပထမတန်းစား အဂ္ဂိရတ်သခင် အဆင့်ကို အမှန်တကယ် ရောက်မရောက် သူမ သိချင်နေမိသည်။

စုလင်းရှန်း၏ စကားကြောင့် ကျန်းချန်က ခဏမျှ အံ့အားသင့်သွားခဲ့သည်။

စုလင်းရှန်းက ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို သန့်စင်ခိုင်းမည်ဟု သူ မမျှော်လင့်ထားပေ။

ဤမိန်းကလေးသည် သူ၏ စစ်မှန်သော ခွန်အားကို မြင်နိုင်ခဲ့ပါသလော။

ကျန်းချန်က ရွှေအဆင့် ကျောင်းသား အဖြစ် သတ်မှတ်မခံရမည်ကို စိတ်မပူခဲ့ပေ။

ယခု သူ့တွင် အလွန်ကောင်းမွန်သော စနစ်တစ်ခု ရှိနေ၍ လင်ယွင်စာရင်းတွင် ပါဝင်ရန်ပင် ကိတ်မုန့်ဖဲ့သလောက် လွယ်ကူ၏။

သို့သော် စုလင်းရှန်းက သူ့အတွက် အဂ္ဂိရတ်လုပ်ရန် အတွက် ပစ္စည်းများ အခမဲ့ပေးရန် ဆန္ဒရှိနေသဖြင့် ကျန်းချန်က ပျော်ရွှင်နေခဲ့သည်။

သူက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်၏။

"ဆရာမစု ပြောမှတော့ ကျနော် ကြိုးစားကြည့်ရတာပေါ့"

အခန်း(၁၃) ပြီး၏

All Chapters