အခန်း (၁၅)
Vol. 1 Ch. 15
"ကျန်းချန်.. ယန်းယန်မြက်ကို နှစ်ရွက်ထည့်ရင် ပြန်တည်ငြိမ်သွားမယ်လို့ ဘယ်လိုသိတာလဲ"
စုလင်းရှန်သည် မှင်တက်နေရာမှ အသိပြန်ဝင်လာရန် အချိန်အတော်ကြာခဲ့သည်။
သူမက သူမ၏လှပသောမျက်လုံးများဖြင့် ကျန်းချန်ကိုကြည့်ပြီး မယုံနိုင်အောင် ဖြစ်နေသည်။
"အလိုလိုသိစိတ်ကြောင့်ပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"တကယ်တော့ ဆေးစွမ်းအား စုစည်းတဲ့အချိန်မှာ အပူဓာတ်က မလုံလောက်ခဲ့ဘူး.. လေတိုက်တာကြောင့် ဆေးမီးဖိုရဲ့ အပူချိန် ထိခိုက်သွားတယ် ဆိုပေမယ့် အဲဒီလေကပဲ အပူဓာတ်ကို တိုးစေခဲ့ပြီး ဆေးဝါးဖော်စပ်ရာမှာ တည်ငြိမ်စေခဲ့တယ်"
တကယ်တမ်းတွင် ကျန်းချန်၏ အဂ္ဂိရတ်လုပ်ငန်းစဥ်သည် အဆတစ်ရာ အောင်မြင်မှုနှုန်းရှိသည့် စနစ်ကြောင့် မည်သို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ရပါစေ၊ အကောင်းဆုံး ဆောင်ရွက်နိုင်စေမည့် အဂ္ဂိရတ် အစီအစဥ်တစ်ခုသည် သူ့စိတ်ထဲတွင် အလိုအလျောက် ပေါ်လာလိမ့်မည် ဖြစ်သည်။
အစောပိုင်းက ယန်းယန်မြက်နှစ်ရွက်ကို ထည့်လိုက်ခြင်းသည် သူ့စိတ်ထဲတွင် အလိုအလျောက် ပေါ်လာသော နည်းလမ်းသာ ဖြစ်သည်။
သို့သော် သူ့အနေဖြင့် စုလင်းရှန်းကို သူ့ခန္ဓာကိုယ်ထဲတွင် စနစ်တစ်ခုပါရှိကြောင်း ပြော၍မရပေ။
စနစ်က သူ့ကို ယခုလိုလုပ်ဖို့ ညွှန်ကြားခဲ့သည်ဟု အမှန်အတိုင်းဝန်ခံခဲ့လျှင် စုလင်းရှန်းက သူ့ကို ဂေါက်သီးဟု ထင်သွားပေလိမ့်မည်။
"ဒီကောင်လေးရဲ့ ပါရမီက အတော် ကြောက်ဖို့ကောင်းတာပဲ"
စုလင်းရှန်းက ခဏမျှ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။
အဂ္ဂိရတ်သခင်သည် ဆေးကို သန့်စင်ရာတွင် မီးကို လုံလောက်အောင် မထိန်းချုပ်နိုင်လျှင် ပြဿနာများ ဖြစ်ပေါ်လာမည်မှာ မလွဲမသွေ ဖြစ်သည်။
အပူမလုံလောက်လျှင်လည်း ဆေးစွမ်းအားသည် ကျဆင်းလာပေမည်။
တတိယအဆင့် အဂ္ဂိရတ်သခင် အနေဖြင့် စုလင်းရှန်းသည် ဤအမှန်တရားကို မည်သို့ နားမလည်ဘဲ ရှိပါမည်နည်း။
ဤကဲ့သို့သော အခြေအနေအောက်တွင် ဆေးဖက်ဝင်ပစ္စည်းများ နှင့် ထည့်ရမည့် အချိုးအစားကို ဆုံးဖြတ်ရန်မှာ အလွန်ခက်ခဲ၏။
ရွေးချယ်ထားသော ဆေးဖက်ဝင်ပစ္စည်းများ မှားယွင်းလျှင် သို့မဟုတ် ဆေးဖက်ဝင်ပစ္စည်း အချိုးအစား မမှန်ခဲ့လျှင် လုံးဝ အောင်မြင်တော့မည် မဟုတ်ပေ။
စုလင်းရှန်းပင်လျှင် ထိုကဲ့သို့သော အခြေအနေကို ထိန်းချုပ်ရန် မလွယ်ကူချေ။
သို့သော် သူ့ရှေ့မှ ကောင်လေးသည် ယန်းယန်မြက်ကိုအသုံးပြုကာ တိကျစွာ ထိန်းချုပ်နိုင်ခဲ့၏။
ယင်းက သူမကို အမှန်တကယ် တုန်လှုပ်စေခဲ့သည်။
ဤအတိုင်းသာဆို သူမရှေ့မှ ကောင်လေးသည် အဂ္ဂိရတ်လမ်းစဥ်တွင် ပါရမီရှင်များထဲမှ ပါရမီရှင်၊ မွန်းစတားများထဲမှမွန်းစတားတစ်ကောင်ဟုသာ ဆိုရတော့မည်။
"ကျန်းချန်.. မင်းက တကယ့်ကို ပါရမီရှင် အဂ္ဂိရတ်သခင် တစ်ယောက်ပဲ.. မင်း အဂ္ဂိရတ်ပညာကို စိတ်ဝင်စားလား.. မင်းကို ငါ့ဆရာ ယန်ချင်းရွှယ် နဲ့ မိတ်ဆက်ပေးပြီး ဆရာ့ရဲ့ အနီးကပ် တပည့် ဖြစ်စေချင်တယ်"
စုလင်းရှန်း၏ မျက်လုံးများသည် တောက်ပနေခဲ့သည်။
သူမ စကားကိုကြားလျှင် အားလုံးက အံ့သြသွားကြသည်။
ယန်ချင်းရွှယ်က ဆဌမအဆင့် အဂ္ဂိရတ်သခင် ဖြစ်ပြီး လင်ယွင်ကျောင်းတော်တွင် လူသိများသော အဂ္ဂိရတ်သခင် ဖြစ်သည်။
မဟာရှားနိုင်ငံ တစ်ခုလုံးတွင်ပင် ယန်ချင်းရွှယ်သည် အလွန်ကျော်ကြားသော ဆရာတစ်ဆူ ဖြစ်၏။
ဤကဲ့သို့သော အဂ္ဂိရတ်သခင်သည် လူအများစုအတွက် တွေ့ဆုံရန်ပင် အလွန် ခက်ခဲသည်။
စုလင်းရှန်းက ကျန်းချန်ကို အနီးကပ် တပည့်အဖြစ် ယန်ချင်းရွှယ်ကို မိတ်ဆက်ပေးချင်ခဲ့သည်။
ကျန်းချန်သာ ယန်ချင်းရွှယ်၏ အနီးကပ် တပည့် ဖြစ်လာခဲ့လျှင် ငါးကြီးကြီးမိသော တံငါသည်ကဲ့သို့ ဖြစ်လာမည်မှာ သေချာ၏။
"ဆရာမစုရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်.. ကျနော်က ကိုယ်ခံပညာကိုလဲ သင်ယူချင်သေးတယ်.. အဂ္ဂိရတ်ပညာရပ်တစ်ခုထဲကို အချိန်ပေးနိုင်မှာ မဟုတ်လောက်ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ စုလင်းရှန်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။
သူ့ခန္ဓာကိုယ်ထဲတွင် စနစ်တစ်ခု ရှိနေ၍ ဘက်စုံ ပါရမီရှင်တစ်ဦး ဖြစ်လာရန်မှာ ပြဿနာလုံးဝမရှိပေ။
သူက အဂ္ဂိရတ်သခင် တစ်ယောက် ဖြစ်လာရုံမျှဖြင့် တင်းတိမ်ရပါမည်လော။
"ချီး.. ငြင်းပယ်လိုက်တယ်ဟ"
ကျန်းချန်၏ ငြင်းပယ်မှုသည် လူတိုင်းကို တိုက်ရိုက် မှင်တက်သွားစေခဲ့သည်။
အားလုံးက ကျန်းချန်ကို နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
မဟာရှားနိုင်ငံတော်ရှိ ဆဌမအဆင့် အဂ္ဂိရတ်သခင် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သော ယန်ချင်းရွှယ်သည် အဂ္ဂိရတ်လောက၏ ထိပ်ဆုံးတွင် ရပ်တည်နေသူ ဖြစ်သည်။
"ဒီကမ္ဘာကြီးမှာ ဆရာကြီးယန်ချင်းရွှယ်ရဲ့ လမ်းညွှန်မှုကို ခံယူလိုတဲ့ အဂ္ဂိရတ်သခင်တွေက မရေမတွက် နိုင်အောင် ရှိကြတယ်.. ဒါပေမယ့် ဒီကောင်ကတော့ ဆရာကြီးယန်ချင်းရွှယ်ရဲ့ တပည့်ဖြစ်ခွင့်ကို ငြင်းဆန်ခဲ့တယ်"
"ဒါက အရမ်းမိုက်မဲတဲ့လုပ်ရပ် မဟုတ်လား"
"ဘယ်လို.. မင်း ငြင်းလိုက်တာလား"
စုလင်းရှန်းက ကျန်းချန်ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
ယန်ချင်းရွှယ်၏ အနီးကပ်တပည့် ဖြစ်ခွင့်သည် မရေမတွက်နိုင်သည့် အဂ္ဂိရတ်သခင်များ အိပ်မက်မက်ခဲ့သည့် အရာဖြစ်သည်။
"ကျန်းချန်.. မင်းက အဂ္ဂိရတ်လမ်းစဥ်မှာ ပါရမီရှိတယ်.. ဘာလို့ အဂ္ဂိရတ်လမ်းစဥ်ကို အထူးပြုပြီး မလေ့လာရတာလဲ"
စုလင်းရှန်းက သိမ်မွေ့စွာ ပြောလိုက်သည်။
"မင်းသာ အဂ္ဂိရတ်ပညာရပ်ကို ဦးစားပေး မလေ့လာခဲ့ဘူးဆိုရင် မင်းက မင်းကိုယ်တိုင် အပါအဝင် မင်း မိဘတွေနဲ့ တစ်ကမ္ဘာလုံးကို တောင်းပန်သင့်တယ်"
အခန်း(၁၅) ပြီး၏