← Chapters

မီးပဒေသာနှင့် တမလွန်မီးရောင်

Vol. 120 Ch. 1786

မီးပဒေသာနှင့် တမလွန်မီးရောင်

Vol. 120 Ch. 1786

စတုရန်းကြေးမီးဖို၏ အပြင်ဘက်ရှိ တိုက်ပွဲက ပို၍ပင် အကြိတ်အနယ်ရှိလာပြီး လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက ဘုရင်ယွင်ယိုကို မယှဉ်နိုင်သည်မှာ သိသာနေ၏။

ဘေးပတ်ဝန်းကျင်ရှိ ကြယ်တာရာကောင်းကင်က ပညာရှင်နှစ်ဦး၏ ထိတွေ့ရိုက်ခတ်မှုဖြင့် အဆက်မပြတ် တုန်ခါနေ၏။

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက ရှုံးနိမ့်သွားမည်ဆိုလျှင် ဆူဇီမိုကလည်း သေချာပေါက် သေဆုံးရပေလိမ့်မည်။

သို့သော် ယခုအခါ ဆူဇီမိုသည် စတုရန်းကြေးမီးဖိုအတွင်းမှာ သိပ်သည်းပြင်းထန်သော အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရပြန်၏။

နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်နှင့် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်သည် ညှိနှိုင်းစေ့စပ်၍ မရဘဲ တစ်ခုနှင့်တစ်ခု ယှက်လိမ်နေ၏။

အမြုတေစိတ်ဝိညာဉ်နှစ်ခုသည် တူညီသော ဇစ်မြစ်မှ လာခဲ့သော်လည်း သူတို့ကျင့်ကြံမှု၏ ဤအဆင့်အရောက်၌ သူတို့သည် ပကတိအသွင်ပြောင်းလဲခြင်းများကို ဖြတ်ကျော်ခဲ့ပြီးပြီဖြစ်၏။ အတင်းအကျပ် ပေါင်းစည်းခြင်းက သိပ်သည်းပြင်းထန်သော ပဋိပက္ခတစ်ခုကို ဖြစ်ပွားလာစေခဲ့၏။

“အား..”

ဆူဇီမိုသည် စတုရန်းကြေးမီးဖိုအတွင်းမှာ သူ၏ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ပြီး အော်ဟစ်နေလေသည်။

စူးရှသော နာကျင်မှုတစ်ခုက သူ၏ စိတ်ကို ထိုးဖောက်၍ သူ၏ အရိုးများအတွင်းထိတိုင် စိမ့်ဝင်လာခဲ့၏။

သူ၏ ဦးခေါင်းက ပေါက်ကွဲထွက်တော့မည့်အလား သူက ခံစားရလေသည်။

ဆူဇီမို၏ ခန္ဓာကိုယ်က တွန့်လိမ်သွားပြီး သူ၏ လည်ပင်းပေါ်မှာ အစိမ်းရောင် သွေးကြောများက ဖောင်းကြွလာခဲ့၏။ သူ၏ အော်ရာက အားနည်းလာလိုက်.. သန်မာလာလိုက်နှင့် ပြတ်တောင်း ပြတ်တောင်း ဖြစ်နေ၏။ သူက အချိန်မရွေး သေဆုံးသွားနိုင်သည့်အလားပင်။

ထိုဖြစ်စဉ်အတွင်း သူ၏ အသိစိတ်က ဝေဝါးသွားခဲ့ပြီဖြစ်လေသည်။

သူ၏ သန်မာသော စိတ်စွမ်းအားနှင့် မကိုင်လှုပ်နိုင်သော တာအိုနှလုံးသားကြောင့်သာ မဟုတ်လျှင် သူသည် ထိုနာကျင်မှု၏ ရိုက်ခတ်မှုအောက်မှာ သတိလစ်သွားပေလိမ့်မည်။

ထိုအခိုက်အတန့်မှာ အမြုတေစိတ်ဝိညာဉ်နှစ်ခုသည် ပေါင်းစည်းနေပြီဖြစ်သော်လည်း သွေးနီရောင်အလင်းနှင့်​ အစိမ်းရောင်အလင်းသည် တစ်ဖက်ကိုတစ်ဖက် အလျှော့မပေးဘဲ တစ်လှည့်စီ ဖြာလက်နေလေသည်။

ဆူဇီမိုသည် အမြုတေစိတ်ဝိညာဉ်နှစ်ခုကို ပြန်လည်ခွဲထုတ်ချင်သည်ဆိုလျှင်တောင် သူက ထိုသို့ မပြုလုပ်နိုင်တော့ပေ။

အချိန်ကြာလာသည်နှင့်အမျှ အမြုတေစိတ်ဝိညာဉ်နှစ်ခုကြား ပဋိပက္ခက ပို၍ပင် သိပ်သည်းပြင်းထန်လာခဲ့၏။

ဒေါင်.. ဒေါင်… ဒေါင်…

သူ့စိတ်ထဲရှိ စူးရှသော နာကျင်မှုသည် ဆူဇီမို၏ စိတ်ကို လဲပြိုကျလုနီးပါး ဖြစ်စေ၏။ သူသည် လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ပြီး စတုရန်းကြေးမီးဖို၏ အတွင်းဘက် နံရံများကို တဖုန်းဖုန်း ပစ်ထိုးနေလေသည်။

ဆူဇီမိုသည် သူ၏ ခွန်အားကုန်ကို ထုတ်ဖော်၍ မီးဖို၏ နံရံများကို ရူးသွပ်စွာ ထုရိုက်နေ၏။ တကယ်ဆို သူ၏ လက်သီးကနေ သွေးများ တစက်စက် စီးကျနေသည်ကိုပင် သူက သတိမထားမိပေ။ သူ့ခန္ဓာကိုယ်ထက်ရှိ နာကျင်မှုသည် သူ့စိတ်ထဲရှိ အမြုတေစိတ်ဝိညာဉ်နှစ်ခု ပေါင်းစည်းခြင်းကနေ ဖြစ်ပေါ်လာသည့် နာကျင်မှု၏ တစ်စိတ်တစ်ပိုင်းစာမျှပင် မရှိပေ။

“အား.. အား.. အား..”

ဆူဇီမိုသည် သူ၏ လည်ချောင်းအနက်ပိုင်းထဲကနေ နက်ရှိုင်းစွာ မာန်ဖီအော်ဟစ်လိုက်ပြီး သူ၏ အသိစိတ်က ဝေဝါးလာခဲ့၏။ သူသည် ဘေးပတ်လည်ကို ရူးသွပ်စွာ ကုတ်ခြစ်နေပြီး မီးဖို၏ အတွင်းနံရံနှင့် ရိုက်ခတ်ကာ သူ၏ လက်သည်းများက ကျိုးပဲ့ကုန်လေပြီ။

တစ်ခဏချင်းမှာပင် သူ၏ လက်ချောင်းများက စုတ်ပြတ်သတ်သွား၏။

လက်ချောင်းများသည် နှလုံးနှင့် ချိတ်ဆက်ထားပြီး ထိုနာကျင်မှုက လက်ရှိအခြေအနေကို အနည်းငယ် ပြေလျော့သွားစေ၏။

ထိုသို့ဆိုလျှင်တောင် သူ့စိတ်ထဲရှိ နာကျင်မှုသည် ဒီရေလှိုင်းတစ်ခုကဲ့သို့ တလိပ်လိပ် ထိုးတက်လာနေပြီး ဆူဇီမို၏ စိတ်ဝိညာဉ်ကို ရိုက်ခတ်နေ၏။

ဆူဇီမိုသည် နာကျင်ရသော အမူအရာတစ်ခုနှင့်အတူ သူ၏ မျက်လုံးနှစ်ဖက်ကို တင်းကျပ်စွာ မှိတ်ပြီး မှောင်မည်း၍ ကျဉ်းကျုပ်သော စတုရန်းကြေးမီးဖိုထဲမှာ ရူးသွပ်စွာ ဆက်လက်ကုတ်ဆွဲနေ၏။

ရုတ်တရက်ဆိုသလို…

သူ၏ လက်ချောင်းထိပ်သည် စတုရန်းကြေးမီးဖို၏ ထောင့်တစ်နေရာရှိ မာကြောသော ကျောက်တုံးတစ်တုံးကို အမှတ်တမဲ့ ထိမိသွားလေသည်။

ထို့နောက် ချက်ချင်းပင် သူသည် သူ၏ စိတ်ထဲမှာ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလာရ၏။

ထိုကျောက်တုံးသည် သူ၏ လက်ချောင်းကနေတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပုံရ၏။

အဲဒါက ရင်းနှီးနေသော ခံစားချက်ဖြစ်၏။

အဲဒါက..

“အား..”

ရုတ်တရက် ဆူဇီမိုက အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်လေသည်။

ပိန်းပိတ်အောင် နက်မှောင်နေသော ကျောက်တုံးတစ်တုံးက သူ၏ ဘယ်ဘက်မျက်လုံးထဲမှာ ပေါ်ထွက်လာသည့်အလားပင်။

ဖျတ်ခနဲဆို သူ၏ ဘယ်ဘက်မျက်လုံးတစ်ဖက်စလုံးက ပိန်းပိတ်အောင် နက်မှောင်သွားလေသည်။

သို့သော်လည်း သူ၏ ညာဘက်မျက်လုံးက လုံးဝကို ဖြူဆွတ်နေ၏။

အလျှံညီးညီး နေတစ်စင်းက သူ၏ ညာဘက်မျက်လုံးထဲသို့ ဝင်ရောက်လာသကဲ့သို့ ကျိန်းစပ်နေသော အလင်းရောင်တစ်ခုကို ဖြာထုတ်ကာ မှောင်မည်းနေသော စတုရန်းကြေးမီးဖိုအတွင်းကို နေ့ဘက်အလား လင်းထိန်သွားစေ၏။

ဆူဇီမို၏ ဘယ်ဘက်မျက်လုံးကနေလည်း မှောင်မည်း၍ နက်ရှိုင်းသော အလင်းတစ်ခုက ဖြာထွက်လာပြီး အရာရာတိုင်းကို ဝါးမျိုပစ်ချင်နေသည့်အလားပင်။

ထိုအခိုက်အတန့်မှာ ဆူဇီမိုက သူ၏ အသိစိတ်ကို ပြန်လည်ရရှိလာ၏။

“အဲဒါက မီးပဒေသာကျောက်တုံးပဲ”

ဆူဇီမိုက သူ့ဘာသာသူ တွေးလိုက်၏။

စောစောက ဘုရင်ယွင်ယို၏ တိုက်ခိုက်မှုအောက်မှာ အကောင်းအတိုင်း ကျန်ရှိခဲ့သော စတုရန်းကြေးမီးဖိုအပြင် အဲဒီမှာ မီးပဒေသာကျောက်တုံးလည်း ကျန်ရစ်ခဲ့လေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ဖျက်ဆီးခံခဲ့ရပြီး သူ၏ အသား၊ အရွတ်များ၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါတို့က ကြေမွပျက်စီးသွားခဲ့၏။ မီးပဒေသာကျောက်တုံးသည်လည်း ထိုစွမ်းအားဖြင့် ဖျစ်ညှစ်ထုတ်ခြင်း ခံခဲ့ရပြီး ၎င်းက စတုရန်းကြေးမီးဖိုထဲသို့ ကျဆင်းသွားခဲ့လေသည်။ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အမြုတေစိတ်ဝိညာဉ်ပင်လျှင် အဲဒါကို သတိမထားမိခဲ့ပေ။

ကြောက်စရာကောင်းသော တိုက်ဆိုင်မှုတချို့ဖြင့် မီးပဒေသာကျောက်တုံးသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထဲသို့ ဝင်ရောက်လာကာ သူ၏ ညာဘက်မျက်လုံးနှင့် ပေါင်းစည်းသွားခဲ့လေသည်။

မီးပဒေသာနှင့် တမလွန်မီးရောင်သည် ကြီးမားသော နောက်ခံများရှိပြီး သူတို့သည် အောက်ဘုံမှ ပစ္စည်းများ မဟုတ်သည်မှာ သေချာလေသည်။

မီးပဒေသာတွင် အဆုံးစွန် ယန်၏ မယိမ်းယိုင်သော စွမ်းအား ပါဝင်နေ၏။

တမလွန်မီးရောင်တွင် အဆုံးစွန် ယင်၏ အေးစက်၍ မှောင်မည်းနေသော စွမ်းအား ပါဝင်နေ၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သူသည် ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များနှင့် တိုက်ခိုက်ခဲ့စဉ် ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုသည် စက္ခုနည်းစနစ်နှစ်ခုကို ထုတ်ဖော်ခဲ့ပြီး သူတို့ကို တစ်ကောင်နှင့်တစ်ကောင် ကိုက်ခဲနေသည့် ယင်ယန်ငါးများအသွင် ပြောင်းလဲသွားစေခဲ့၏။

ယင်ယန်ငါးများ၏ ရစ်ပတ်မှုအောက်မှာ မျက်လုံးတစ်ထောင် ဧကရာဇ်၏ အန္တိမ နတ်ဘုရားစွမ်းအားက အပြည့်အဝ စုဖွဲ့မလာခင်မှာပင် ပျက်ပြယ်သွားခဲ့ရ၏။

သို့သော်လည်း ယင်ယန်ငါးများ၏ စွမ်းအားက ဆက်လက်မြင့်တက်လာပြီး သူ၏ ထိန်းချုပ်မှုကနေပင် လွတ်ထွက်သွားခဲ့လေသည်။

ဆူဇီမိုသည် ယင်ယန်ငါးများ၏ ရစ်ပတ်မှုကို ဖျက်ဆီးရန်အတွက် စွမ်းအားတစ်ခုကို ကပျာကယာ ဖြတ်တောက်ခဲ့ရပြီး ကြောက်စရာကောင်းသော ထိုစွမ်းအားကို ပျက်ပြယ်သွားစေခဲ့၏။

ထိုသို့ဆိုလျှင်တောင် ထိုအချိန်တုန်းက ဆူဇီမို၏ မျက်လုံးများကနေ သွေးများက စီးကျလာခဲ့၏။

သူက အချိန်မီ မရပ်တန့်နိုင်ခဲ့ဘူးဆိုလျှင် ယင်ယန်ငါးများ၏ ရစ်ပတ်မှုအောက်မှာ ဆူဇီမိုပင်လျှင် ဖျက်ဆီးခံရနိုင်လောက်၏။

သို့သော် ယခု မီးပဒေသာနှင့် တမလွန်မီးရောင်သည် ခန္ဓာကိုယ်တစ်ခုတည်းမှာ စုစည်းမိလာပြီး ယင်ယန်ငါးများက ပြန်လည်ပေါ်ထွက်လာ၏။

သို့သော်လည်း ယင်ယန်ငါးများသည် ဤတစ်ခေါက်မှာ အပြင်ဘက်တွင် ပေါ်ထွက်လာခြင်း မဟုတ်ပေ။

မီးပဒေသာကျောက်တုံးသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ကိုယ်ထဲမှာ တစ်ချိန်လုံး ရှိနေခဲ့ပြီး သူ၏ မျိုးဆက်သွေးနှင့် ချိတ်ဆက်ထားခဲ့လေသည်။ အဆုံးစွန် ယန်၏ စွမ်းအားသည် နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်နှင့် ပေါင်းစည်းနေခဲ့၏။

တမလွန်မီးရောင်ကျောက်တုံး၏ အဆုံးစွန် ယင်စွမ်းအားသည် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်နှင့် ပေါင်းစည်းထားလေသည်။

အစကတော့ အမြုတေစိတ်ဝိညာဉ်နှစ်ခုသည် ပြင်းထန်စွာ ပဋိပက္ခဖြစ်နေခဲ့ပြီး တစ်ဖက်ကိုတစ်ဖက် အလျှော့ပေးဖို့ ငြင်းဆန်နေခဲ့၏။ သို့သော်လည်း အဆုံးစွန် ယင်နှင့်ယန်၏ စွမ်းအားများ ပေါင်းစည်းမှုကြောင့် သူတို့က တဖြည်းဖြည်း ရပ်တန့်သွားလေသည်။

အမြုတေစိတ်ဝိညာဉ်နှစ်ခုသည် ဆူဇီမို၏ အသိစိတ်ထဲမှာ တစ်ကောင်နှင့်တစ်ကောင် ပြေးတမ်းလိုက်တမ်း ပုံစံဖြင့် ဖြည်းဖြည်းချင်း လှည့်ပတ်နေသော ယင်ယန်ငါးများအဖြစ်သို့ အသွင်ပြောင်းလဲသွားစေသည်ဟု ထင်ရ၏။

အလွန်တရာ ကြောက်စရာကောင်းသော စိတ်ဝိညာဉ်အတက်အကျတစ်ခုက စတုရန်းကြေးမီးဖိုထဲကနေ ဖြာထွက်လာခဲ့၏။

ဘုရင်ယွင်ယိုနှင့် အခြားသူများက အဲဒါကို သတိထားမိမည်ဆိုလျှင် သူတို့က သေချာပေါက် တုန်လှုပ်သွားပေလိမ့်မည်။

ထိုစိတ်ဝိညာဉ်အသိစိတ် အတက်အကျသည် အထက်ဘုံသို့ တက်လှမ်းလာခါစ ကျင့်ကြံသူတစ်ယောက် ထုတ်ဖော်လိုက်သောအရာ မဖြစ်သင့်ပေ။

ဆူဇီမို၏ စိတ်ထဲရှိ နာကျင်မှုကလည်း သိသိသာသာ လျော့ကျသွား၏။

သို့သော်လည်း သူ့ရှေ့ရှိ အန္တရာယ်က ယခုအချိန်ထိ ပြေလည်မသွားသေးပေ။

အဆုံးစွန် ယင်နှင့်ယန်၏ စွမ်းအားနှစ်ခုသည် ယခုအချိန်တွင် မျှခြေတစ်ခုမှာ ရှိနေသည်ကို ဆူဇီမိုက ကောင်းကောင်းသိလေသည်။

သို့သော်လည်း ထိုစွမ်းအားနှစ်ခုက မြင့်တက်လာသည်နှင့်အမျှ ယင်ယန်ငါးနှစ်ကောင်ကြား ပဋိပက္ခက ပို၍ပင် ပြင်းထန်လာပြီး သူတို့က တစ်ကောင်နှင့်တစ်ကောင် ဝါးမျိုကိုက်ခဲလာနိုင်လေသည်။

ထိုအချိန်ကျလျှင် အမြုတေစိတ်ဝိညာဉ်နှစ်ခုသည် ယင်စွမ်းအားနှင့် ယန်စွမ်းအား၏ ရစ်ပတ်မှုဖြင့် ဖျက်ဆီးခံရပေလိမ့်မည်။

“ငါ ဘာလုပ်ရမလဲ”

ဆူဇီမိုက ပူပန်ကြောင့်ကြနေ၏။

သူသည် ထိုမြင်ကွင်းနှင့် ရင်ဆိုင်ရချိန်မှာ ကူကယ်ရာမဲ့နေ၏။

ယခုအချိန်မှာ သူ၏ အသိစိတ်ထဲရှိ အခြေအနေက သူ၏ ထိန်းချုပ်မှုကနေ လုံးဝ လွတ်ထွက်လာခဲ့ပြီဖြစ်၏။

ဘုန်း.. ဘုန်း..

ရုတ်တရက် စတုရန်းကြေးမီးဖို၏ အပြင်ဘက်မှာ ကျယ်လောင်သော မြည်သံများ ထွက်ပေါ်လာ၏။

ပညာရှင်နှစ်ဦးက တိုက်ခိုက်လိုက်ကြပြီး တုန်လှုပ်စရာကောင်းသော ထိတွေ့ရိုက်ခတ်မှုတစ်ခုကို ထွက်ပေါ်လာစေ၏။ ထိုစွမ်းအားက အရမ်းကို ကြောက်စရာကောင်းပြီး စတုရန်းကြေးမီးဖို၏ အနီးအနားရှိ ကြယ်ရောင်ကောင်းကင်၏ တစ်စိတ်တစ်ပိုင်းကိုပင် ထိုးဖောက်သွားခဲ့လေသည်။

ထိုးဖောက်ခံလိုက်ရသော ကြယ်ရောင်ကောင်းကင်၏ ဘေးပတ်လည်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။

ထို့နောက် ချက်ချင်းပင်.. ကြယ်ရောင်ကောင်းကင်က စတင်ပြိုကျသွားပြီး လိုဏ်ဂူတစ်ခု ပေါ်ထွက်လာ၏။ ၎င်းက သက်ရှိများ အားလုံးကို ဝါးမျိုပစ်ချင်နေသည့်အလား နက်ရှိုင်းသည်ထက် နက်ရှိုင်းလာကာ ပိန်းပိတ်အောင် နက်မှောင်လာခဲ့၏။

“မဟူရာ တွင်းနက်ပဲ”

ဘုရင်ယွင်ယိုက ထိုတွင်းနက်ကို အလွန်တရာ စိုးရိမ်ပူပန်နေသည့်အလား ထိတ်လန့်တကြား ရေရွတ်လိုက်၏။

ကြယ်ရောင်ကောင်းကင်သည် ပညာရှင်နှစ်ဦး၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိဘဲ အပြောင်းအလဲတစ်ရပ်က ဖြစ်ပွားလာခဲ့၏။

မဟူရာ တွင်းနက်ကတော့ ၎င်းသည် အလွန်တရာ ကြောက်စရာကောင်းနေသည်။ ၎င်းသည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို မပြောနှင့်… အလင်းရောင်ကိုပင်လျှင် ဝါးမျိုပစ်နိုင်ပြီး ဘုရင်ယွင်ယိုပင်လျှင် ထိုအထဲသို့ မဝင်ရောက်ရဲပေ။

All Chapters