ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်
Vol. 120 Ch. 1788
ရွှေရောင်စာလုံးများက အလွန်တရာ ထူးဆန်းပြီး ထျန်ဟွမ်ကုန်းမြေတိုက်၏ ဘာသာစကား မဟုတ်ပေ။ အဲဒါသည် ဗုဒ္ဓကျောင်းတော်များ၏ ရှေးဟောင်း သက္ကတဘာသာစကား ဖြစ်လေသည်။ အခြားတစ်ယောက်ယောက်သာဆိုလျှင် သူတို့သည် သက္ကတစာလုံး တစ်လုံးတလေကိုမှ မှတ်မိသိရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဆူဇီမိုသည် ဗုဒ္ဓဝါဒမှာ ကျွမ်းကျင်ပိုင်နိုင်ခဲ့လေသည်။ သူသည် မော်တယ်တစ်ယောက် ဖြစ်ခဲ့စဉ်က တျဲယွဲ့သည် သူ၏ ခန္ဓာကိုယ်ထဲမျာ အသောကပန်းကို ထည့်သွင်းပြီး ၎င်းကို ဉာဏ်ပညာရင်းမြစ်အဖြစ် ပြောင်းလဲပေးခဲ့၏။ ထိုသို့ဖြင့် သူသည် ဗုဒ္ဓဝါဒ၏ သက္ကတဘာသာစကားအပေါ် နက်ရှိုင်းသော နားလည်သိမြင်မှုတစ်ခု ရှိခဲ့လေသည်။
ဆူဇီမိုသည် စိတ်ပိုင်းဆိုင်ရာ လဲပြိုကျတော့မည့်ဆဲဆဲ အခြေအနေမှာ ရောက်ရှိနေပြီး သူ့စိတ်ထဲရှိ နာကျင်မှုကို တောင့်ခံရင်း စတုရန်းကြေးမီးဖို၏ အတွင်းဘက်နံရံပေါ်ရှိ စာလုံးများကို အလိုလိုဖတ်ရှုလိုက်၏။
“ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်”
ဝုန်း..
ဆူဇီမို၏ စိတ်ထဲမှာ ကျယ်လောင်သော မြည်ဟည်းသံတစ်သံက ထွက်ပေါ်လာ၏။
အဆုံးစွန် ယင်နှင့်ယန် စွမ်းအားနှင့်အတူ ပေါင်းစည်းထားသည့် အမြုတေစိတ်ဝိညာဉ်နှစ်ခုသည် အစက ရူးသွပ်စွာ ရစ်ပတ်နေပြီး သိပ်သည်းပြင်းထန်စွာ ထိတွေ့ရိုက်ခတ်နေကြ၏။ သို့သော်လည်း ဆူဇီမိုက သက္ကတစာလုံးများကို ရွတ်ဆိုလိုက်သည့် ခဏမှာပင် အမြုတေစိတ်ဝိညာဉ်နှစ်ခုက ခေတ္တခဏ ရပ်တန့်သွား၏။
အဆုံးစွန် ယင်နှင့်ယန် စွမ်းအားသည် ရင့်ကျက်တည်ငြိမ်သွားပြီး ယခင်ကကဲ့သို့ ထက်ရှမှု မရှိတော့သည့်ပုံပင်။
ဆူဇီမိုသည် ကြည်လင်ပြတ်သားမှုကို ခဏမျှ ပြန်လည်ရရှိလိုက်ပြီး စတုရန်းကြေးမီးဖို၏ အတွင်းဘက် နံရံပေါ်ရှိ ရွှေရောင် သက္ကတစာလုံးများက သူ့ခန္ဓာကိုယ်ထဲရှိ အန္တရာယ်ကို ဖြေရှင်းပေးနိုင်မည့် သော့ချက်ဖြစ်နိုင်ကြောင်း နားလည်သဘောပေါက်လိုက်၏။
ဝိဇ္ဇာသည် ဗုဒ္ဓဝါဒမှာ ဉာဏ်ပညာကို ကိုယ်စားပြုလေသည်။
ဗုဒ္ဓဝါဒ၏ ထွက်ရပ်လမ်းသည် ဖီးနစ်မျိုးနွယ်၏ ထွက်ရပ်လမ်းနှင့် လုံးဝ မတူကွဲပြားလေသည်။
ဗုဒ္ဓဝါဒမှာ ထွက်ရပ်လမ်းသည် ဘုန်းတော်ကြီးတစ်ပါး၏ ဉာဏ်အလင်းပွင့်မှု ဖြစ်စဉ်တစ်ခုလုံးကို ကိုယ်စားပြုလေသည်။ အချိန်ကာလအပေါ် နှောင်ဖွဲ့မှုကို ဖြတ်တောက်ခြင်းဖြင့် သူသည် သေခြင်းတရားကို လွန်မြောက်ပြီး ဉာဏ်အလင်းပွင့်မှုကို ရရှိနိုင်မည့် အဆုံးစွန် နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားနိုင်မည်ဖြစ်၏။
ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို ပြူးကျယ်၍ အတွင်းဘက် နံရံပေါ်ရှိ ရွှေရောင် သက္ကတစာလုံးများကို ဆက်လက်ဖတ်ရှုလိုက်၏။
ကြည့်နေရင်းနှင့်.. ထိုသက္ကတ စကားလုံးများမှာ ဗုဒ္ဓတာအို၏ အနက်ရှိုင်းဆုံး အနှစ်သာရများ ပါဝင်နေသည့်အလား အလွန်တရာ ထူးခြားဆန်းကြယ်နေသည်ဟု ဆူဇီမိုက ခံစားလိုက်ရ၏။
ရွှေရောင် သက္ကတစာလုံး တစ်လုံးချင်းစီတွင် သေချာဝေဖန်ဆန်းစစ်ကြည့်ပါက အဆုံးမဲ့ ဉာဏ်ပညာများ ပါဝင်နေ၏။
ဆူဇီမို၏ ဗုဒ္ဓဝါဒအပေါ် လက်ရှိအောင်မြင်ပေါက်မြောက်မှုအရ သူ့အနေဖြင့် အချိန်တိုအတွင်းမှာ ထိုသက္ကတ စကားလုံးများကို နားလည်ဆင်ခြင်နိုင်ဖို့ ခက်ခဲလေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဗုဒ္ဓကျောင်းတော် ခြောက်ကျောင်းထဲမှ တစ်ကျောင်းသည် ပညာဉာဏ်အလင်းကျောင်းတော် ဖြစ်လေသည်။
ဆူဇီမိုသည် ပညာဉာဏ်အလင်းကျောင်းတော်မှာ ဗုဒ္ဓကျောင်းတော်များ၏ အရေးပါသော လျှို့ဝှက်ကျမ်းတစ်ခု ဖြစ်သည့် ဝိဇ္ဇာသုတ္တန်ကို ကျင့်ကြံခဲ့ဖူးလေသည်။ သို့သော်လည်း ဝိဇ္ဇာသုတ္တန်၏ လေးနက်သိမ်မွေ့မှုက သူ့ရှေ့တွင်ရှိသော ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်နှင့် ယှဉ်ပါက မှိန်ဖျော့သွားရပေလိမ့်မည်။
“အာ…”
ထိုစဉ်မှာပင် ဆူဇီမို၏ စိတ်ထဲမှာ အမြုတေစိတ်ဝိညာဉ်နှစ်ခုက တစ်ဖန်ထိတွေ့ရိုက်ခတ်သွား၏။ သူ၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ယင်သွားပြီး နာကျင်စွာဖြင့် အော်ဟစ်လိုက်ရ၏။
ဤအတိုင်းသာ ဆက်သွားလျှင် အသက်ရှူချိန် အနည်းငယ်အတွင်း သူ၏ ဦးခေါင်းက ပေါက်ကွဲထွက်ကာ သူ၏ အမြုတေစိတ်ဝိညာဉ်နှစ်ခုက ပျက်စီးသွားရပေလိမ့်မည်။
ဆူဇီမိုသည် သူ့ကိုယ်သူ ကပျာကယာ တည်ငြိမ်စေပြီး အာရုံစိုက်၍ ကြည့်ကာ စတုရန်းကြေးမီးဖို၏ အတွင်းဘက် နံရံပေါ်ရှိ သက္ကတစာလုံးများကို တစ်ခုပြီးတစ်ခု ဆက်လက်ရွတ်ဆိုလိုက်၏။
ရှေးဟောင်း သက္ကတစာလုံးများသည် ချိတ်ပိတ်ထားလုနီးပါး စတုရန်းကြေးမီးဖိုကနေတစ်ဆင့် ပဲ့တင်ထပ် ထွက်ပေါ်လာ၏။
အဲဒါက ဂမ္ဘီရဆန်၍ အကန့်အသတ်မဲ့လေသည်။
ဆူဇီမို၏ မျက်လုံးနှစ်ဖက်က တဖျတ်ဖျတ် တလက်လက် ရွှေရောင်အလင်းတစ်ခုနှင့်အတူ တောက်ပလာခဲ့၏။
စတုရန်းကြေးမီးဖို၏ အတွင်းဘက် နံရံပေါ်ရှိ ရွှေရောင် သက္ကတ စာလုံးများက တစ်ခုပြီးတစ်ခု ကွာကျကာ သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်ကူးခတ်လာသည်ဟု သူက ထင်ယောင်ထင်မှား ခံစားချက်တစ်ခုကို ရရှိလာ၏။
ဂမ္ဘီရဆန်၍ တည်ငြိမ်သော စွမ်းအားတစ်ခုက အဆက်မပြတ် ရစ်ပတ်နေသည့် သူ၏ အမြုတေစိတ်ဝိညာဉ်နှစ်ခုအပေါ်ကို ဆင်းသက်လာခဲ့၏။
ထိုစွမ်းအား၏ တစ်စတစ်စ သက်ရောက်လာမှုအောက်မှာ အမြုတေစိတ်ဝိညာဉ်နှစ်ခုက တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။
အဆုံးစွန် ယင်နှင့်ယန်၏ စွမ်းအားနှင့် ပေါင်းစည်းထားသော အမြုတေစိတ်ဝိညာဉ်နှစ်ခုသည် အနက်ရောင်နှင့် အဖြူရောင် မတူညီသော ငါးနှစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်ဟု ထင်ရ၏။ သူတို့၏ ဦးခေါင်းများနှင့် အမြီးများက ချိတ်ဆက်ထားပြီး တဖြည်းဖြည်းကျုံ့ဝင်လာခဲ့၏။
အစကတော့ ယင်ယန်ငါးနှစ်ကောင်၏ စွမ်းအားသည် ဆန့်ကျင်ကွဲလွဲစွာ ရှိနေပြီး အတူတကွ ပေါင်းစည်းနိုင်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ယင်ယန်ငါးနှစ်ကောင်ကြားမှာ ရွှေရောင်ချည်မျှင်တစ်ခုက ပေါ်ထွက်လာပြီး စွမ်းအားနှစ်ခုကို ပေါင်းစည်းစေမည့် ပြီးပြည့်စုံသော စက်ဝန်းပိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ရွှေရောင်ချည်မျှင်သည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ စွမ်းအားကနေ ဖြစ်ပေါ်လာခြင်းပင်။
ရွှေရောင်ချည်မျှင်၏ ချိတ်ဆက်မှုအောက်မှာ ယင်ယန်ငါးနှစ်ကောင်သည် ပြီးပြည့်စုံလုနီးပါး ပေါင်းစည်းလာခဲ့ပြီး ဖြည်းဖြည်းချင်း လည်ပတ်ကာ သူတို့၏ အော်ရာများက တည်ငြိမ်လာနေ၏။
ဆူဇီမိုသည် သည်းထန်စွာ မောဟိုက်၍ နဖူးကနေ ခြေဖျားအထိ ချွေးများဖြင့် စိုရွှဲနေ၏။
သို့သော်လည်း ကပ်ဘေးကနေ ရှင်သန်လာပြီးနောက်.. သူ၏ မျက်လုံးများက ဝမ်းသာပျော်ရွှင်မှုဖြင့် တောက်ပနေ၏။
အင်မော်တယ်ဘုရင်ပညာရှင်၏ လက်နက်ကို စုပ်ယူပြီးတာတောင် စတုရန်းကြေးမီးဖို၏ နံရံတစ်ဘက်ကသာ ပြန်လည်ကောင်းမွန်လာခဲ့၏။
သို့သော်လည်း မီးဖို၏ နံရံပေါ်တွင် မှတ်တမ်းတင်ထားသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်သည် ပြီးပြည့်စုံခြင်း မရှိဘဲ အဲဒါကို ဂါထာအပိုဒ်များထဲမှ တစ်ပိုဒ်အဖြစ်သာ သတ်မှတ်နိုင်လေသည်။
ထိုရှေးဟောင်းစာလုံးများက အဆုံးစွန် ယင်ယန်စွမ်းအားနှင့်အတူ သူ၏ အမြုတေစိတ်ဝိညာဉ်နှစ်ခုကို မဖိနှိမ်နိုင်ဘူးဆိုပါက သူက ဘာမှတတ်နိုင်တော့မည် မဟုတ်ပေ။
ထိုအခိုက်အတန့်မှာ အနက်ရောင်နှင့် အဖြူရောင် ယင်ယန်ငါးနှစ်ကောင်က ဖန်တီးခြင်းကြာခုံပေါ်မှာ ဖြည်းဖြည်းချင်း လည်ပတ်၍ ၎င်းကနေ ဖြာထွက်လာသည့် အစိမ်းရောင် အလင်းကို စုပ်ယူကာ စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။
အချိန်ကြာလာသည်နှင့်အမျှ ယင်ယန်ငါးနှစ်ကောင်သည် တဖြည်းဖြည်း အသွင်ပြောင်းလဲသွားပြီး အသစ်စက်စက် အမြုတေစိတ်ဝိညာဉ်တစ်ခုကို စုဖွဲ့လာခဲ့၏။
အဲဒါက ဆူဇီမိုနှင့် အတိအကျ တူညီနေ၏။
အောင်မြင်သွားလေပြီ။
ဆူဇီမိုက ကျေနပ်နှစ်ခြိုက်သွား၏။
အမြုတေစိတ်ဝိညာဉ်နှစ်ခုက အောင်မြင်စွာ ပေါင်းစည်းသွားခဲ့လေပြီ။
ထိုမျှသာမက သူ၏ အသစ်စက်စက် အမြုတေစိတ်ဝိညာဉ်သည် သူ၏ လက်ရှိကျင့်ကြံမှုအဆင့်ထက် များစွာပိုမိုသန်မာနေသည်ကို ဆူဇီမိုက ရှင်းလင်းစွာ ခံစားမိလိုက်၏။
ဆူဇီမိုကို ပို၍ပင် အံ့အားသင့်စေသည့်အရာမှာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဖန်တီးခြင်းကြာခုံကသာ အားဖြည့်ပေးနေခြင်း မဟုတ်ပေ။ သူ၏ မျက်လုံးများနှင့် ပေါင်းစည်းထားသည့် မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးတို့ကပါ သူ၏ အမြုတေစိတ်ဝိညာဉ်ကို အားဖြည့်ပေးမည့် စွမ်းအားအမျှင်များကို ဖြာထုတ်ပေးနေ၏။
ထိုသို့ဖြင့် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်၏ ပါရမီအလားအလာက အကန့်အသတ်မဲ့သွားပြီး နောက်ပိုင်းတွင် အဆင့် ၁၀.. အဆင့် ၁၁ သို့မဟုတ် ဒဏ္ဍာရီလာ အဆင့် ၁၂အထိပင် ၎င်းက ကြီးပြင်းလာနိုင်ခြေ ရှိလေသည်။
ဖန်တီးခြင်းကြာပဒုမ္မာ၏ နောက်ပိုင်းအဆင့်လေးဆင့်တွင် မဟာအခွင့်အလမ်းများ ထွက်ပေါ်လာမည်ဟု တျဲယွဲ့က ပြောခဲ့ဖူးလေသည်။
ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အဆင့်ကိုးသို့ အသွင်ပြောင်းလဲသွားခဲ့သောအခါ ထိုစကားက မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့၏။
သူသည် အဆုံးစွန် ရတနာတစ်ခုဖြစ်သော ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို ရရှိခဲ့လေသည်။
နောက်ပိုင်း အဆင့်သုံးဆင့်တွင် မည်သို့သော အခွင့်အလမ်းများ ပေါ်ထွက်လာမည်ကို သူက မသိရပေ။
ဤတစ်ခေါက်မှာ ဆူဇီမိုသည် ရွေးချယ်စရာ မရှိဘဲ သူ၏ အမြုတေစိတ်ဝိညာဉ်နှစ်ခုကို အတင်းအကျပ် ပေါင်းစည်းခဲ့ရ၏။
ထိုသို့ဖြင့်သာ ဤကပ်ဘေးကနေ သူ၏ ဆုံးရှုံးမှုကို အတတ်နိုင်ဆုံး ပြန်လည်အဖတ်ဆယ်နိုင်ပေမည်။
အမြုတေစိတ်ဝိညာဉ်နှစ်ခု ပေါင်းစည်းပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဉ်အဆင့်က ကြီးမားစွာ တိုးမြင့်လာသည့်အပြင်… သူသည် စတုရန်းကြေးမီးဖိုကိုပင် အသက်သွင်းနိုင်ကာ အဲဒီကနေ ရှေးဟောင်း ဗုဒ္ဓသုတ္တန်တစ်ခုကိုပါ ရရှိလာခဲ့၏။
ဤဗုဒ္ဓသုတ္တန်သည် လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံရာမှာ အလွန်တရာ စွမ်းအားကြီးမားသည့် အကျိုးသက်ရောက်မှုတစ်ခု ရှိနေသည်မှာ သိသာလေသည်။
ထိုသို့သာ မဟုတ်လျှင် သူသည် ကွဲလွဲဆန့်ကျင်နေသော ယင်နှင့်ယန် စွမ်းအားများကနေတစ်ဆင့် သူ၏ အမြုတေစိတ်ဝိညာဉ်နှစ်ခုကို ပေါင်းစည်းနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
ပို၍ အရေးကြီးသည်မှာ နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ် ပိုင်ဆိုင်ခဲ့သည့် ဘက်ပြန်ကြေးခွံနှင့် ကျတ်တီးမြေ လျှို့ဝှက်အတတ်တို့ကို မဆုံးရှုံးရတော့ဘဲ သူတို့က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းသွားနိုင်ခဲ့လေသည်။
သူ့ အမြုတေစိတ်ဝိညာဉ်နှစ်ခုကို ပေါင်းစည်းပြီးနောက် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ တိုက်ခိုက်ရည်ခွန်အားကလည်း သိသိသာသာ တိုးလာခဲ့လေသည်။
အထက်ဘုံသို့ သူ၏ တက်လှမ်းမှုအတွက် ဤအချက်ကလည်း အလွန်အရေးပါခဲ့လေသည်။
သူသည် အထက်ဘုံသို့ အမှန်တကယ် တက်လှမ်းမလာနိုင်ခင်မှာပင် ဤကဲ့သို့သော ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီးလေပြီ။ သူက ထိုနေရာသို့ အမှန်တကယ် ရောက်ရှိလာသည်နှင့် သူရင်ဆိုင်နေရသည့် အန္တရာယ်များကို စဉ်းစားကြည့်ဖို့ ခက်ခဲလေသည်။
တကယ်တော့ အမြုတေစိတ်ဝိညာဉ်နှစ်ခုကို ပေါင်းစည်းခြင်းမှာ ဆုံးရှုံးမှုများ မရှိသည်တော့ မဟုတ်ပေ။
အနည်းဆုံးတော့ လက်ရှိ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဖီးနစ်မျိုးနွယ်၏ ထွက်ရပ်လမ်း နတ်ဘုရားစွမ်းအားကို ထုတ်ဖော်နိုင်တော့မည် မဟုတ်ပေ။ ဤပင်ကို နတ်ဘုရားစွမ်းအားကို အသက်သွင်းဖို့အတွက် နားလည်ဆင်ခြင်နိုင်မှုအပြင် အရေးကြီးဆုံးအချက်မှာ နတ်ဖီးနစ်၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားဖို့ဖြစ်၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာတွင် သူ၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေသည့် နတ်ဖီးနစ်သွေး ရှိသော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာမှာတော့ မရှိပေ။
ဆူဇီမိုအတွက်တော့ ထိုဆုံးရှုံးမှုက ပြောပလောက်စရာ မဟုတ်ပေ။ သူက ထိုနတ်ဘုရားစွမ်းအားကို အသက်သွင်းနိုင်မည်ဆိုလျှင်တောင် သူက အဲဒါကို နောက်တစ်ကြိမ် ပြန်လည်ထုတ်ဖော်ရဲလိမ့်မည် မဟုတ်ပေ။
အကြောင်းမှာ ထွက်ရပ်လမ်း နတ်ဘုရားစွမ်းအားသည် အစကတည်းက ရှင်သန်နိုင်ဖို့ အခွင့်အရေး ပါးပါးလေးမျှသာ ရှိသောကြောင့်ဖြစ်၏။
ထိုနတ်ဘုရားစွမ်းအားကို မှီခိုခြင်းဖြင့် သူ၏ ကျင့်ကြံမှုအပေါ် အကျိုးကျေးဇူးများစွာ ရှိလာလိမ့်မည် မဟုတ်ပေ။
“ဘုရင်ယွင်ယို..”
“ငါ အထက်ဘုံကို တက်လှမ်းလာတာနဲ့ သေချာပေါက် လက်စားချေမယ်”
စတုရန်းကြေးမီးဖိုထဲမှာ ဆူဇီမိုသည် ထိုစကားကို သတ်ဖြတ်လိုစိတ်နှင့်အတူ တစ်လုံးချင်း ပြောလိုက်လေသည်။
သူ၏ အမြုတေစိတ်ဝိညာဉ်သည် အန္တရာယ်ကနေ ယာယီအားဖြင့် လွတ်မြောက်လာခဲ့သော်လည်း သူသည် ဤနေရာကနေ ဘယ်လိုရုန်းထွက်ရမည်ကို ယခုအချိန်ထိ မသိရှိသေးပေ။
သူသည် ယခုအချိန်မှာ မဟူရာတွင်းနက်၏ ဝါးမျိုခြင်းကို ခံခဲ့ရပြီး မည်သည့် အလင်းရောင်၊ မည်သည့်အချိန်၊ မည်သည့် အမြုတေချီမှ မရှိသော လေဟာနယ်တစ်ခုထဲမှာ ရောက်ရှိနေ၏။ သူသည် အထက်ဘုံသို့ တက်လှမ်းဖို့နေနေသာ ဤနေရာကနေပင် လုံးဝ မထွက်ခွာနိုင်ပေ။
မထင်မှတ်ထားသော အရာတစ်ခုခု ဖြစ်မလာဘူးဆိုလျှင် သူသည် သူ့ဘဝသက်တမ်း ကုန်ခမ်းသည်အထိ မဟူရာတွင်းနက်ထဲမှာ ထာဝရ လွင့်မျောနေရပေတော့မည်။