ငရဲဖိနှိမ်မီးဖို
Vol. 120 Ch. 1789
ထျန်ဟွမ်ကုန်းမြေတိုက်၊ မြောက်ပိုင်းဒေသ၊ ပင်ယန်းမြို့တွင်…
သိုင်းတာအိုပင်မခန္ဓာသည် ခြံဝန်းထဲမှာ မတ်တတ်ရပ်ပြီး မိုးကောင်းကင်ထက်ကို မော့ကြည့်နေ၏။ သူ၏ အကြည့်က အေးစက်နေပြီး ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခုကို ထုတ်ဖော်နေ၏။
ခြံဝန်းထဲရှိ လေထုက အလွန်တရာ တင်းကျပ်လေးလံလာခဲ့၏။
ထောင်ယောင်သည် ဘေးကနေ မျက်မှောင် အနည်းငယ်ကြုတ်ပြီး စိုးရိမ်ပူပန်နေ၏။
သူသည် သိုင်းတာအိုပင်မခန္ဓာနောက်သို့ လိုက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ထိုသူက ဤကဲ့သို့သော အကြည့်ကို ထုတ်ဖော်ပြီး ဤကဲ့သို့သော ကြောက်စရာကောင်းသည့် အော်ရာတစ်ခုကို ထုတ်ဖော်နေသည်ကို သူက ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။
ကမ္ဘာဦးမျိုးနွယ်များနှင့် သွေးမိစ္ဆာနှင့် တိုက်ခိုက်ခဲ့ရသော တိုက်ပွဲမှာပင်လျှင် သိုင်းတာအိုပင်မခန္ဓာက တည်ငြိမ်နေခဲ့၏။
သို့သော် ယခု သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ဤကဲ့သို့သော အမူအရာကို ထုတ်ဖော်ပြသလာသည်မှာ ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ ဖြစ်ရပေမည်။
“သခင်လေး.. ဘာများဖြစ်လို့လဲ”
ထောင်ယောင်က မနေနိုင်တော့ဘဲ မေးလိုက်လေသည်။
သိုင်းတာအိုပင်မခန္ဓာက မည်သည့်စကားမှ မဆိုဘဲ သူ၏ ခေါင်းကိုသာ ညင်သာစွာ ခါယမ်းပြလိုက်၏။
သူသည် ကြယ်တာရာကောင်းကင်ထက်ရှိ အခြေအနေကို မတွေ့မြင်နိုင်သော်လည်း နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ကြီးမားသော ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်ကို သူက ရှင်းလင်းစွာ ခံစားမိနိုင်ဆဲဖြစ်၏။
နောက်ခဏနေပြီးနောက်.. သိုင်းတာအိုပင်မခန္ဓာသည် မိုးကောင်းကင်၏ အနက်ပိုင်းထဲမှာ ရိပ်ခနဲ ပေါ်ထွက်လာ၏။
ထျန်ဟွမ်ကုန်းမြေတိုက်၏ အပြင်ဘက်ကနေ ဧရာမ မီးတောက်လုံးတစ်လုံးက ဆင်းသက်လာနေ၏။ ၎င်းသည် သွေးချီဖြင့် ပြည့်နှက်နေပြီး အလွန်ကြောက်စရာကောင်းသော စွမ်းပကားတစ်ခု ရှိနေ၏။
ဧရာမ မီးတောက်လုံးသည် ဘုရင်ယွင်ယို၏ လက်ချက်ဖြင့် ဖျက်ဆီးခံခဲ့ရသော နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ ဖြစ်လေသည်။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသက်ဓာတ်အားသည် ဖျက်ဆီးခံခဲ့ရသော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေသည့် မျိုးဆက်သွေးက သိပ်သည်းပြင်းထန်သော စွမ်းပကားကို ပိုင်ဆိုင်ထားဆဲဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်ကို ဆန့်ထုတ်ပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို လက်ခံယူဖို့အတွက် နေရာလွတ်တစ်ခုကို စုဖွဲ့လိုက်၏။
ထို့နောက် ချက်ချင်း သူသည် လေဟာနယ်ကို ဆုတ်ဖြဲကာ ပင်ယန်းမြို့သို့ ပြန်လည်ရောက်ရှိလာ၏။
“အဲ.. အဲဒါ ဘာကြီးလဲ”
ထောင်ယောင်သည် သွေးများ စိုရွှဲ၍ ယိုယွင်းပျက်စီးနေသော အရာတစ်ခုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာ ပြန်လည်ရောက်ရှိလာသည်ကို တွေ့မြင်သောအခါ အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသက်ဓာတ်အားက ကြေမွပျက်စီးသွားခဲ့ပြီဖြစ်ပြီး ရုပ်ပျက်ဆင်းပျက် ပုံစံတစ်ခုသို့ ရောက်ရှိနေလေသည်။ သူ၏ အရိုးစုကိုပင်လျှင် မတွေ့မြင်နိုင်တော့ပေ။
“ဒါက ငါကျင့်ကြံခဲ့တဲ့ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာပဲ.. အဲဒါကို တစ်ယောက်ယောက်က ဖျက်ဆီးပစ်လိုက်တယ်”
သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အား..”
ထောင်ယောင်က တုန်လှုပ်စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်၏။
“ဒါဆို ခင်ဗျားရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကရော.. သူ အဆင်ပြေရဲ့လား”
“ငါ မသိဘူး”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းခါပြလိုက်၏။
သူသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ဖမ်းယူခဲ့စဉ်က သူနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကြားမှာ ခပ်ဖျော့ဖျော့ ဆက်သွယ်ချက်တစ်ခု ရှိနေခဲ့ဆဲဖြစ်၏။ သို့သော် ယခုအခါ သိုင်းတာအိုပင်မခန္ဓာသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ တည်ရှိမှုကို ဆက်လက်၍ အာရုံမခံနိုင်တော့ပေ။
အကြောင်းမှာ ထိုအခိုက်အတန့်တွင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် စတုရန်းကြေးမီးဖိုနှင့်အတူ မဟူရာတွင်းနက်၏ ဝါးမျိုခြင်းကို ခံခဲ့ရပြီး အပြင်လောကနှင့် လုံးဝ ပိုင်းခြားခံလိုက်ရသောကြောင့် ဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ဣန္ဒြေပြန်ဆည်လိုက်လေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဘာဖြစ်ခဲ့သည်ဖြစ်စေ.. ယခုအချိန်မှာ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီး ဆက်လက်ကျင့်ကြံဖို့သာ ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် အကြောင်းရင်းတချို့ကြောင့် သိုင်းတာအိုပင်မခန္ဓာသည် အထက်ဘုံသို့ မတက်လှမ်းသေးဘဲ ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဆက်နေဖို့ ရွေးချယ်ခဲ့၏။
မဟုတ်ပါက သိုင်းတာအိုပင်မခန္ဓာသည်လည်း သေကြေပျက်သုဉ်းရနိုင်ခြေ ရှိလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ခဏမျှ စဉ်းစားတွေးတောပြီးနောက်.. သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို စေညွှန်ကာ မီးတောက်သုံးခုဖြင့် လောင်ကျွမ်းခံနေရသည့် ကောင်းကင်ဘုံဝံပုလွေကို သူ၏ သိုလှောင်အိတ်ထဲကနေ ထုတ်ယူလိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် ကပ်ဘေးမီးကို နားလည်ဆင်ခြင်ပြီးနောက်.. သူသည် ကောင်းကင်ဘုံဝံပုလွေကို လောင်မြိုက်စေဖို့အတွက် အဲဒါကို သိုင်းတာအိုစိတ်ဝိညာဉ်မီးနှင့် အနီရောင်ကြာပန်း ကံကြမ္မာမီးတို့နှင့်အတူ ပေါင်းစည်းခဲ့လေသည်။
အဲဒါသည် ငွေရောင်မျက်နှာဖုံးထဲမှ သွေးစက်ဖြစ်လေသည်။
“စတုရန်းကြေးမီးဖိုရဲ့ မူလဇစ်မြစ်က ဘာလဲ.. အဲဒါက ဘာရတနာလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“ငါ မသိဘူး”
ကောင်းကင်ဘုံဝံပုလွေက နာကျင်စွာ အော်ပြောလိုက်၏။
“ငါ နိုးထလာတဲ့အချိန်မှာ ငါ့ရဲ့ မှတ်ဉာဏ်တွေကို ဆုံးရှုံးနေရပြီ.. အဲဒါကို ငရဲဖိနှိမ်မီးဖိုလို့ ခေါ်တာပဲ ငါမှတ်မိတယ်.. အဲဒါက လွဲရင် ကျန်တာအကုန်လုံးကို ငါမေ့သွားပြီ.. မင်း ငါ့ကို လောင်ကျွမ်းပြာချပစ်မယ်ဆိုရင်တောင်မှ အလကားပဲ”
သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်လိုက်၏။
ကောင်းကင်ဘုံဝံပုလွေက မရိုးဖြောင့်သည်မှာ သိသာလေသည်။
သူပြောသည်က အမှန်ဖြစ်ပြီး သူ၏ မှတ်ဉာဏ်များကို ဆုံးရှုံးထားရသည်ဆိုလျှင် သူသည် တာအိုအရှင်သွေးမိစ္ဆာအား အလောင်းသုံးဖော်နည်းစနစ်ကို သင်ကြားပေးနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
အလောင်းသုံးဖော်နည်းစနစ်သည် မိစ္ဆာဂိုဏ်းများ၏ ထိပ်တန်းအဆင့် ကိုယ်ပွားခြင်း နည်းစနစ်တစ်ခု ဖြစ်၏။ ကောင်းကင်ဘုံဝံပုလွေသည် ဤကဲ့သို့သော လျှို့ဝှက်အတတ်တစ်ခုကို ရှင်းလင်းစွာ မှတ်မိနေနိုင်သည်ဆိုလျှင် သူသည် စတုရန်းကြေးမီးဖို၏ မူလဇစ်မြစ်ကို ဘယ်လိုလုပ် မေ့လျော့နိုင်ပါ့မလဲ။
သိုင်းတာအိုပင်မခန္ဓာသည် မီးတောက်များကြားမှာ အကျဉ်းချခံထားရသည့် ကောင်းကင်ဘုံဝံပုလွေကို အေးစက်စွာဖြင့် တိတ်တဆိတ် စိုက်ကြည့်နေ၏။
ကောင်းကင်ဘုံဝံပုလွေသည် မီးတောက်သုံးခုကြားမှာ ခုန်ပေါက်၍ စူးစူးဝါးဝါး အော်ဟစ်နေသော်လည်း သူသည် အဲဒါကို တောင့်ခံပြီး တစ်စုံတစ်ရာပြောဖို့ကို ငြင်းဆန်နေ၏။
မီးတောက်သုံးခုသည် ကောင်းကင်ဘုံဝံပုလွေကို ခြိမ်းခြောက်နိုင်ရုံသာ ဖြစ်လေသည်။ သူတို့သည် ထိုသူကို အပြီးတိုင် သန့်စင်မွမ်းမံဖို့ မလုံလောက်ပေ။
သိုင်းတာအိုပင်မခန္ဓာက သူ့ကို လျစ်လျူရှုပြီး သိုလှောင်အိတ်ထဲသို့ ပြန်ပစ်ထည့်လိုက်၏။
“ထောင်ယောင်.. ငါ တံခါးပိတ်ကျင့်ကြံဖို့ ပြင်ဆင်ထားတယ်.. ဒီနေရာကို မင်းကိုပဲ လွှဲပေးထားရမယ်”
သိုင်းတာအိုပင်မခန္ဓာက ထောင်ယောင်ဘက်ကို လှည့်ပြီး ပြောလိုက်လေသည်။
“သခင်လေး မပူနဲ့.. ပင်ယန်းမြို့နဲ့ ခင်ဗျားကို ကျုပ် သေချာ ကာကွယ်စောင့်ရှောက်ပေးမယ်”
ထောင်ယောင်က သူ့မျက်လုံးထဲရှိ စိုးရိမ်ပူပန်မှုနှင့်အတူ အလောတကြီး ပြောလိုက်၏။
ခဏမျှ ရပ်တန့်ပြီးနောက် သူက မေးလိုက်၏။
“သခင်လေး.. ခင်ဗျား အဆင်ပြေရဲ့လား”
ထောင်ယောင်သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ မူလဇစ်မြစ်ကို သိရှိထားပြီး ထိုခန္ဓာကိုယ်က ဆူဇီမိုအတွက် ဘယ်လောက်အရေးပါသည်ကိုလည်း သူက သိထားလေသည်။ ထို့ကြောင့်ပင်လျှင် ဆူဇီမိုသည် ထိုထိုးနှက်ချက်ကို ခံနိုင်ရည်မရှိမည်ကို သူက စိုးရိမ်ပူပန်နေခြင်းဖြစ်၏။
ဤကဲ့သို့သော အခြေအနေအောက်မှာ သူက တံခါးပိတ်ကျင့်ကြံမည်ဆိုလျှင် သူသည် မှားယွင်းသော လမ်းကြောင်းတစ်ခုဆီသို့ ဝင်ရောက်သွားဖို့ ဖြစ်နိုင်ခြေ ရှိလေသည်၊။
“ငါ အဆင်ပြေပါတယ်”
သိုင်းတာအိုပင်မခန္ဓာက ခပ်ယဲ့ယဲ့ ပြုံးပြလိုက်၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ဖျက်ဆီးခံခဲ့ရသော်လည်း အဲဒါက လုံးလုံး အလဟဿ မဖြစ်ခဲ့ပေ။
ဤတံခါးပိတ်ကျင့်ကြံမှုမှာ သိုင်းတာအိုပင်မခန္ဓာသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို သူ၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းဖို့ ပြင်ဆင်ထားလေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဆိုပါက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာနှင့် ပေါင်းစည်းဖို့ အင်မတန်ကို ခဲယဉ်းပေလိမ့်မည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာအနေဖြင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို အရည်ဖျော်ကာ ပေါင်းစည်းဖို့က အတော်လေးကို လွယ်ကူရိုးရှင်းပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို တျဲယွဲ့ ချန်ထားပေးခဲ့သည့် ကျင့်ကြံရေးကွင်းသို့ ယူဆောင်သွားပြီး သူ၏ သွေးချီကို ဖြည်းဖြည်းချင်း လှည့်ပတ်လိုက်၏။
တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာက ပျောက်ကွယ်သွားလေသည်။
သူ၏ နေရာမှာ ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် ဧရာမ မီးဖိုတစ်လုံးက ပေါ်ထွက်လာ၏။
မီးဖို၏ ဘေးပတ်လည်မှာ မီးတောက်အမျိုးအစားသုံးခုက လောင်ကျွမ်းနေလေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်သည် သုတ္တန်တစ်ရာ နတ်ဘုရားစွမ်းအားများနှင့် အသွေးအသားကိုပင် အရည်ဖျော်ချပစ်နိုင်သည့် ဧရာမ မီးဖိုတစ်လုံးကဲ့သို့ ဖြစ်နေ၏။
သိုင်းတာအိုပင်မခန္ဓာသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို မီးဖိုထဲသို့ ပစ်ထည့်ပြီး စတင်၍ သန့်စင်မွမ်းမံလိုက်၏။
သူသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို လုံးဝ သန့်စင်မွမ်းမံနိုင်မည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာသည် နောက်ထပ် မီးတောက်တစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်လာဖို့ ဖြစ်နိုင်ခြေ ရှိလေသည်။
မဟူရာတွင်းနက်ထဲမှာ..
ဆူဇီမိုသည် အချိန်ကာလကြာမြင့်စွာ လွင့်မျောနေခဲ့ပြီး ဖြူဖတ်ဖြူလျော် အမူအရာနှင့်အတူ စတုရန်းကြေးမီးဖိုထဲမှာ သူ၏ ခန္ဓာကိုယ်ကို ကွေးညွှတ်ထားလေသည်။
သူသည် စတုရန်းကြေးမီးဖိုထဲမှာ ပုန်းကွယ်နေနိုင်ပြီး မဟူရာတွင်းနက်၏ စွမ်းအားဖြင့် တိုက်စားခြင်း မခံရသော်လည်း သူသည် ဤနေရာမှာ အချိန်စီးဆင်းမှုကို အာရုံမခံနိုင်တော့ပေ။
သူ၏ ဘေးပတ်ဝန်းကျင်မှာ မည်သည့်အသံမှ မရှိပေ။
ရူးချင်စရာကောင်းသော အထီးကျန်သည့် ခံစားချက်တစ်ခုက သူ၏ စိတ်နှလုံးထဲသို့ တလိပ်လိပ် တိုးဝင်လာ၏။
သူသည် အမှောင်ထုထဲမှာ တစ်ဦးတည်း ကျန်ရစ်ခဲ့သည့်အလား.. မှောင်မည်းတိတ်ဆိတ်စွာဖြင့် ရောက်ရာပေါက်ရာ လွင့်မျောနေ၏။
စတုရန်းကြေးမီးဖိုသည် အပြင်ပိုင်းစွမ်းအားကိုသာ ပိုင်းခြားပေးနိုင်လေသည်။
သို့သော်လည်း မဟူရာတွင်းနက်ထဲရှိ မမြင်ရသော စွမ်းအားအချို့က ဆူဇီမိုအပေါ်ကို တစ်ချိန်လုံး သက်ရောက်နေ၏။
အစကတော့ ဆူဇီမိုသည် သူ၏ စိတ်ကို တည်ငြိမ်စေ၍ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို နားလည်ဆင်ခြင်နိုင်ခဲ့ဆဲဖြစ်၏။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူသည် တစ်စတစ်စ တိုးလာသည့် မချင့်မရဲ ခံစားချက်တစ်ခုကို ရရှိလာနေ၏။
အတိအကျဆိုရလျှင်.. အချိန်ဘယ်လောက်များများ ကုန်ဆုံးသွားပြီဆိုတာကို သူ မသိရှိတော့ပေ။
တစ်လလား.. တစ်နှစ်လား.. ဆယ်နှစ်လား…။
သူသည် အချိန်စီးဆင်းမှုကို အာရုံခံနိုင်မည်ဆိုလျှင် ပို၍ နေသာထိုင်သာ ရှိပေလိမ့်မည်။ သို့သော်လည်း ဘာမှ မရှိခြင်း၊ အထီးကျန်ခြင်းနှင့် ကူကယ်ရာမဲ့ခြင်းတို့က သူ့ကို အဆက်မပြတ် ဖိစီးနှိပ်စက်နေ၏။
အဲဒါသည် အခြားသော စွမ်းအားများထက်ပင် ပို၍ ကြောက်စရာကောင်းသော တစ်စုံတစ်ရာ ဖြစ်လေသည်။
သူသည် ကျဉ်းကျုတ်လှသော ဤနေရာလွတ်ထဲမှာ တစ်ယောက်တည်း စောင့်ဆိုင်းနေရုံသာ တတ်နိုင်လေသည်။
သူနှင့် သိုင်းတာအိုပင်မခန္ဓာ၏ ချိတ်ဆက်မှုကလည်း လုံးဝ ပြတ်တောက်သွားခဲ့ပြီဖြစ်၏။
ဆူဇီမိုသည် စတုရန်းကြေးမီးဖိုထဲကနေ အော်ဟစ်လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမှ ရှိမလာဘဲ မီးဖိုထဲမှာ တဖြည်းဖြည်း အားပျော့သွားသည့် သူ၏ ပဲ့တင်ထပ်အသံကသာလျှင် ကျန်ရစ်ခဲ့၏။
သူ၏ စိတ်ဝိညာဉ်အသိစိတ်သည် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကနေတစ်ဆင့် အပြင်ဘက်လောကကို ထောက်လှမ်းကြည့်ဖို့ ကြိုးစားခဲ့လေသည်။
သို့သော်လည်း သူ၏ စိတ်ဝိညာဉ်အသိစိတ်သည် စတုရန်းကြေးမီးဖိုထဲကနေ ထွက်ခွာသွားသည့် ခဏမှာပင် မဟူရာတွင်းနက်၏ စွမ်းအားဖြင့် ဝါးမျိုခြင်း ခံလိုက်ရ၏။
ထိုသို့ဖြင့်ပင် သူက လွင့်မျောနေရ၏။
အတန်ကြာသွားပြီးနောက်.. ဆူဇီမို၏ စိတ်ဝိညာဉ်သည် လဲပြိုကျတော့မည့်ဆဲဆဲ အခြေအနေသို့ ရောက်ရှိလာခဲ့၏။
တကယ်တော့ ဆူဇီမိုသည် စတုရန်းကြေးမီးဖိုထဲမှာ ရှိနေပြီး အပြင်ဘက်တွင် ဖြစ်ပျက်နေသည့်အရာကို မတွေ့မြင်နိုင်ပေ။
မဟူရာတွင်းနက်ထဲမှာ အလင်းရောင် လုံးဝ မရှိသည်တော့ မဟုတ်ပေ။
စတုရန်းကြေးမီးဖို၏ အပြင်ဘက် နံရံသည် မဟူရာတွင်းနက်ထဲရှိ တစ်ခုတည်းသော အလင်းရောင် ဖြစ်လေသည်။