အဆင့်တစ် မဟူရာအင်မော်တယ်
Vol. 120 Ch. 1791
လူတိုင်းက ဆွေးနွေးပြောဆိုနေစဉ် တွင်းချိုင့်၏ အစွန်းတစ်ဖက်ရှိ ပုံရိပ်က လှုပ်ရှားလာခဲ့၏။ ထို့နောက် ချက်ချင်း လူတိုင်း၏ ရှေ့မှောက်မှာပင် ထိုပုံရိပ်က ရွှံ့ခဲများကြားကနေ ဖြည်းဖြည်းချင်း ကျုံးထလာလေသည်။
“သူက မသေဘူးလား”
လူတိုင်းက တုန်လှုပ်သွားကြ၏။
ထိုလူသည် ဆိုးဆိုးဝါးဝါး ကျဆင်းခဲ့ရသည့်ပုံပေါ်လေသည်။ သူ၏ အဝတ်အစားများက စုတ်ပြတ်သတ်နေပြီး သူ၏ မျက်နှာက သွေးများ၊ ရွှံ့များဖြင့် ပေလူးနေ၏။ သူ၏ မူလသွင်ပြင်ကိုပင် ရှင်းလင်းစွာ မတွေ့မြင်ရတော့ပေ။ သူ၏ မျက်လုံးများကတော့ ကြည်လင်တောက်ပနေ၏။
ဆူဇီမိုသည် ရုပ်ပျက်ဆင်းပျက်နှင့် အလွန်တရာ ဆိုးဆိုးဝါးဝါးပုံပေါက်နေ၏။
သို့သော်လည်း အချိန်တိုအတွင်းမှာ သူ၏ ဒဏ်ရာအများစုက သက်သာပျောက်ကင်းသွားခဲ့လေပြီ။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက ပျောက်ကင်း၍ သွေးတိတ်သွားသည်မှာ ကြာခဲ့လေပြီ။
“သူက အဆင့်တစ် မဟူရာအင်မော်တယ်တစ်ယောက်ပဲ”
“အင်း.. သူက အခုတင် အောက်ဘုံကနေ တက်လှမ်းလာတာ ဖြစ်မယ်ထင်တယ်.. ဒါပေမဲ့ သူက ဘာလို့ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာပြီး ငါတို့ရဲ့ နှင်းလေတောင်ကြောရိုးထဲကို ဆင်းသက်လာရတာလဲ”
သူ့ရှေ့မှ လူများသည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များနှင့်အတူ သူ့ကို စစ်ဆေးအကဲခတ်နေကြောင်း ဆူဇီမိုက ရှင်းလင်းစွာ ခံစားမိနိုင်၏။ အထက်ဘုံသို့ တက်လှမ်းပြီးနောက် မဟူရာ အမြုတေ၊ ကမ္ဘာမြေ အမြုတေနှင့် ကောင်းကင် အမြုတေနယ်ပယ်များဟူသော အဆင့်ကြီးသုံးဆင့်ကို သူက ဖြတ်ကျော်ရမည်ဖြစ်ကြောင်း တျဲယွဲ့က ပြောခဲ့လေသည်။
အဆင့်ကြီးတစ်ဆင့်ချင်းစီကို အဆင့်ကိုးဆင့် ပြန်ခွဲထားလေသည်။
မဟူရာအမြုတေနယ်ပယ်မှာ ရှိသည့် အင်မော်တယ်ကျင့်ကြံသူများကို မဟူရာအင်မော်တယ်များဟု ခေါ်လေသည်။
(ဤနေရာမှစ၍ အဆင့်ကြီးများကို ခွဲခြားသတ်မှတ်ရာတွင် နယ်ပယ်ဟူသော စကားလုံးကို အသုံးပြုသွားပါမည်။ ဥပမာ - မဟူရာအမြုတေအဆင့်ဟု မသုံးတော့ဘဲ မဟူရာအမြုတေနယ်ပယ်ဟု သုံးနှုန်းပါမည်။ ထိုအခါ အဆင့်အသေးများကိုလည်း တစ်ခါတည်း ရှင်းရှင်းလင်းလင်း ခွဲခြားပြီးသား ဖြစ်သွားမည်ဟု ယူဆပါသည်။ ဥပမာ - အဆင့်-၃ မဟူရာအမြုတေနယ်ပယ်။)
သူတို့ပြောဆိုနေသည့် အဆင့်တစ် မဟူရာအင်မော်တယ်သည် မဟူရာအမြုတေနယ်ပယ်၏ အဆင့်တစ်မှာ ရှိသည့် ကျင့်ကြံသူများကို ခေါ်ဆိုခြင်း ဖြစ်နိုင်လေသည်။
“အဆင့်တစ် မဟူရာအင်မော်တယ်တဲ့လား”
ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
သူသည် အောက်ဘုံမှာ ကောင်းကင်ဘုံကပ်ဘေး လေးခုကို ဖြတ်ကျော်၍ တက်လှမ်းခဲ့တာတောင် သူသည် အထက်ဘုံသို့ ရောက်သည့်အခါ အဆင့်တစ် မဟူရာအင်မော်တယ်တစ်ယောက်သာ ဖြစ်နေသေး၏။
ဆူဇီမိုကလည်း သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ပြီး သူ့ရှေ့မှ လူများကို စစ်ဆေးအကဲခတ်ကြည့်လိုက်၏။
သူ့ရှေ့မှ လူအများစုသည်လည်း အဆင့်တစ် မဟူရာအင်မော်တယ်များဖြစ်သည်ကို သူက ရှင်းလင်းစွာ ခံစားမိလိုက်၏။ သို့သော်လည်း သူတို့ကို ဦးဆောင်လာသော လူနှစ်ယောက်က အဆင့်နှစ် မဟူရာအင်မော်တယ်များ ဖြစ်ကြလေသည်။
သူသည် အဆင့်နှစ် မဟူရာအင်မော်တယ်များနှင့် ရင်ဆိုင်နေရသော်လည်း သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားသည် ထိုသူများကို အလွယ်တကူ ဖိခြေနိုင်သည်ဟု ဆူဇီမိုက ခံစားနေရ၏။
အဲဒါသည် အဆင့်ကိုး ဖန်တီးခြင်းကြာပဒုမ္မာနှင့် လျှို့ဝှက်အတတ် သို့မဟုတ် နတ်ဘုရားစွမ်းအား တစ်ခုခုကြောင့် မဟုတ်ပေ။
အဲဒါသည် ကျင့်ကြံမှုနယ်ပယ်များ၏ ဖိနှိမ်မှုတစ်ခုကဲ့သို့ သူက ခံစားနေရခြင်းဖြစ်၏။
ဆူဇီမိုသည် အထက်ဘုံသို့ တက်လှမ်းလာကာစဖြစ်ပြီး ဤနေရာမှာ ရှိသည့် မည်သည့်အရာနှင့်မျှ ရင်းနှီးကျွမ်းဝင်မှု မရှိပေ။ သူသည် တစ်စုံတစ်ရာ လွဲမှားနေသည်ဟုသာ ခံစားရလေသည်။
သူသည် သူ့ခြေဖဝါးအောက်ရှိ မြေပြင်ကို ခံစားကြည့်ပြီး သူ၏ ဘေးပတ်လည်ရှိ လေကို ရှူရှိုက်ကာ ဤနေရာနှင့် နေသားတကျဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေ၏။
ဤနေရာမှာ ရှိသည့် အရာရာတိုင်းသည် ထျန်ဟွမ်ကုန်းမြေတိုက်နှင့် အလွန်တရာ ကွဲပြားခြားနားနေ၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အဆင့်ကိုး ဖန်တီးခြင်းကြာပဒုမ္မာ၏ ခွန်အားအရ သူသည် ကောင်းကင်ထက်ကနေ ထျန်ဟွမ်ကုန်းမြေတိုက်ပေါ်သို့ ပြုတ်ကျမည်ဆိုလျှင် ဘာမှဖြစ်လိမ့်မည် မဟုတ်ပေ။
သို့သော် ယခု ဆူဇီမိုသည် ကျဆင်းပြီးနောက် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့လေသည်။ အဓိက အကြောင်းရင်းမှာ ဤနေရာရှိ မြေဆွဲအားသည် ထျန်ဟွမ်ကုန်းမြေတိုက်ထက် အဆများစွာ ပိုမိုသန်မာနေသောကြောင့် ဖြစ်ရပေမည်။
ကပ်ဘေးဖြတ်ကျော်ခြင်း မရှိဘဲ ကောင်းကင်နှင့်မြေကြီး အမြုတေချီများနှင့် ပေါင်းစည်းမထားသည့် သာမန်လူများက ဤနေရာသို့ ရောက်ရှိလာမည်ဆိုလျှင် မြေဆွဲအားကြောင့် သူတို့၏ ခန္ဓာကိုယ်များက နေရာမှာပင် ပေါက်ကွဲထွက်သွားပေလိမ့်မည်။
ဒါ့အပြင် ဆူဇီမိုသည် မြေပြင်ကို ခြေဖြင့် ညင်သာစွာ ပေါက်ကြည့်လိုက်ပြီး သူ၏ ခြေဖဝါးအောက်ရှိ မြေပြင်က ပို၍ သိသိသာသာ မာကြောသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်၏။
ကောင်းကင်ထက်ကနေ စတုရန်းကြေးမီးဖို ဆင်းသက်လာစဉ်မှာတောင် ၎င်းသည် မြေပြင်ပေါ်မှာ ကြီးမားသော တွင်းချိုင့်တစ်ခုကိုသာ ဖြစ်ပေါ်စေခဲ့၏။
ထိုစွမ်းအားသည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ကျဆင်းလာခဲ့မည်ဆိုလျှင် ဧရာမ တောင်ကြားတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
“ဘာတွေဖြစ်နေတာလဲ.. လမ်းဖယ်ကြစမ်း”
အပြင်ဘက်ကနေ မျက်နှာဝိုင်းဝိုင်းနှင့် လူဝကြီးတစ်ယောက်က ကြည့်ရဆိုးသော အမူအရာနှင့်အတူ ကြမ်းကြုတ်ခက်ထန်စွာ ဒေါနှင့်မာန်နှင့် လျှောက်လှမ်းလာ၏။
“လူဝကြီးသွမ့်က ရောက်လာပြီ.. မြန်မြန်ဖယ်ကြ”
“ဟေ.. အဲဒီကောင်လေးကတော့ စိတ်ဝိညာဉ်စိုက်ခင်းရဲ့ ဆယ်မူကျော်ကို ဖျက်ဆီးလိုက်တဲ့အတွက် ကောင်းကောင်းပြန်ပေးဆပ်ရတော့မယ်”
လူတစ်ယောက်က သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းပြီး တီးတိုးပြောဆိုလိုက်၏။
“သွမ့်ထျန်လန်က စိတ်သဘောထား ကျဉ်းမြောင်းပြီး နှလုံးသား ကင်းမဲ့တယ်.. သူက ဒီလူကို အသာတကြည် ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”
သူတို့က သူတို့၏ အသံများကို နှိမ့်၍ ပြောဆိုနေကြသော်လည်း ဆူဇီမို၏ အကြားအာရုံက သန်မာပြီး သူက အရာရာတိုင်းကို ရှင်းလင်းစွာ ကြားနေရ၏။
သွမ့်ထျန်လန်က ချဉ်းကပ်လာပြီး မလှမ်းမကမ်းရှိ စိတ်ဝိညာဉ်စိုက်ခင်းမှာ ကြီးမားသော တွင်းချိုင့်ကြီးကို တွေ့မြင်လိုက်ရသောအခါ သူ၏ လုံးဝိုင်းသော မျက်နှာက လုံးဝကို ညိုမည်းသွားလေသည်။
သွမ့်ထျန်လန်၏ အကြည့်က ဆူဇီမို ရှိရာသို့ ရွေ့လျားသွားပြီး အေးစက်စွာ မေးလိုက်၏။
“အဲဒါကို မင်းလုပ်လိုက်တာလား”
“အင်း”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“ကျုပ်က ဒီနေရာကို အခုပဲ ရောက်လာတာ.. ခင်ဗျားရဲ့ စိတ်ဝိညာဉ်စိုက်ခင်းကို အမှတ်တမဲ့ ဖျက်ဆီးမိသွားတယ်.. ကျုပ် အဲဒါကို ဘယ်လိုပြန်လျော်ပေးနိုင်မလဲ မသိဘူး”
ဆူဇီမိုသည် အားနည်းချက်ကို ပြသလိုသောကြောင့် ယဉ်ကျေးပြနေခြင်း မဟုတ်ပေ။
ဤကိစ္စမှာ အမှန်တကယ်ပင် သူ့ဘက်က မှားခဲ့သောကြောင့်ဖြစ်၏။
ဒါ့အပြင် သူသည် အထက်ဘုံသို့ တက်လှမ်းလာခါစဖြစ်ပြီး ဤနေရာမှာ ရှိသည့် အရာရာတိုင်းနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိပေ။ သူက ဂရုတစိုက် ပြုမူလှုပ်ရှားတာ ပိုကောင်းပေလိမ့်မည်။
“ဟီးဟီး”
ဆူဇီမို၏ စကားကို ကြားသောအခါ လူတိုင်းက ရယ်မော၍ သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြ၏။
သွမ့်ထျန်လန်၏ အမူအရာက ပို၍ပင် ပျက်ယွင်းသွားပြီး အံကို တင်းတင်းကြိတ်လိုက်လေသည်။
“ဟမ်… ငါ့ရဲ့ စိတ်ဝိညာဉ်စိုက်ခင်း ဆယ်မူကျော်က ဒီတိုင်းပဲ ပျက်စီးသွားတယ်.. မင်းလိုမျိုး အဆင့်တစ် မဟူရာအင်မော်တယ်တစ်ယောက်ရဲ့ အသက်က ဒီစိတ်ဝိညာဉ်စိုက်ခင်းထဲက စိတ်ဝိညာဉ်ဆေးပင် တစ်ထောင်လောက်တောင် ထိုက်တန်မှု မရှိဘူး”
ဆူဇီမိုက တိတ်တဆိတ်ဖြင့် သူ၏ မျက်လုံးကို မှေးကျဉ်းလိုက်၏။
“ဘာတွေဖြစ်နေကြတာလဲ”
ထိုစဉ်မှာပင် ညင်သာသော အသံတစ်သံက ထွက်ပေါ်လာ၏။
ဆူဇီမိုက တစ်ချက်လှမ်းကြည့်လိုက်ပြီး မလှမ်းမကမ်းကနေ လျှောက်လှမ်းလာနေသည့် လူခြောက်ယောက်ကို တွေ့မြင်လိုက်ရ၏။ သူတို့၏ ခေါင်းဆောင်က နှင်းဖြူရောင် ခြုံထည်တစ်ထည်ကို ဝတ်ဆင်ထားသည့် ငယ်ရွယ်သော အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။
အမျိုးသမီးသည် အလွန်တရာ ချောမောပြီး ကြော့ရှင်းတင့်တယ်မှု ရှိလေသည်။ သူမသည် ဘဲဥသဏ္ဌာန် မျက်နှာပေါက်ရှိပြီး သူမ၏ မျက်လုံးများက ကြည်လင်နေ၏။ သူမသည် မျက်နှာချေ အနည်းငယ်ကို လိမ်းထားပြီး သူမ၏ အနက်ရောင် ဆံပင်များကို သူမ၏ ပခုံးနှစ်ဖက်ပေါ်မှာ ရေတံခွန်တစ်ခုကဲ့သို့ ဖြန့်ချထား၏။
အမျိုးသမီးတွင် နူးညံ့သိမ်မွေ့သော အင်မော်တယ်တစ်ယောက်၏ အော်ရာမျိုး မရှိပေ။ ထိုအစား သူမထံမှ ရင်းနှီးဖော်ရွေပုံရသော အော်ရာတစ်ခုက ဖြာထွက်နေ၏။
ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်က ထိုအမျိုးသမီးပေါ်ကို ဆင်းသက်သွားလေသည်။
အမျိုးသမီး၏ ကျင့်ကြံမှုက သွမ့်ထျန်လန်ထက် သာလွန်သည်မှာ သိသာလေသည်။
ဆူဇီမို၏ ခန့်မှန်းချက်အရ.. ဤအမျိုးသမီးသည် အဆင့်လေး မဟူရာအင်မော်တယ်တစ်ယောက် ဖြစ်နိုင်ခြေရှိလေသည်။
အမျိုးသမီးသည် မြင့်မားသော အဆင့်အတန်းရှိပုံရပြီး သက်တော်စောင့်များကဲ့သို့ မဟူရာအင်မော်တယ် ငါးဦးက သူမ နောက်ကနေ လိုက်ပါလာ၏။
အမျိုးသားများထဲမှ တစ်ယောက်သည် တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး အေးစက်စက် အမူအရာနှင့်အတူ အမျိုးသမီး၏ နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာ၏။ သူ၏ ကျင့်ကြံမှုအဆင့်က သူမနှင့် မတိမ်းမယိမ်းမှာ ရှိပေလိမ့်မည်။
ကျန်ရှိနေသော အစောင့်လေးယောက်သည် ထိုအမျိုးသား၏ နောက်ကနေ လိုက်ပါလာကြ၏။ သူတို့၏ ကျင့်ကြံမှုအဆင့်များကလည်း ထိုအမျိုးသားထက် ပိုမိုနိမ့်ကျလေသည်။
“သခင်မ ရောက်လာပြီဟေ့”
စိတ်ဝိညာဉ်စိုက်ခင်း၏ ရှေ့တွင်ရှိသော လူအုပ်ကြီးထဲမှ အံ့အားတသင့် အသံတစ်သံ ထွက်ပေါ်လာ၏။
“မင်္ဂလာပါ သခင်မ”
ထို့နောက် ချက်ချင်းပင် စိတ်ဝိညာဉ်စိုက်ခင်းထဲရှိ လူတိုင်းက ငယ်ရွယ်သော အမျိုးသမီး ရှိရာဘက်သို့ သူတို့၏ လက်များကို ယှက်ပြီး နှုတ်ဆက်လိုက်ကြ၏။
အမျိုးသမီးက နွေးထွေးသော အမူအရာတစ်ခုနှင့်အတူ ညင်သာစွာ ပြုံးပြပြီး ပြန်လည်နှုတ်ဆက်လိုက်လေသည်။
“အားလုံးပဲ.. ကြိုးကြိုးစားစား အလုပ်လုပ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“မင်္ဂလာပါ ခေါင်းဆောင်တပ်မှူးလျန့်”
လူတိုင်းသည် အမျိုးသမီး၏ နောက်ဘက်ရှိ အေးစက်စက် အမျိုးသားကို ဦးညွှတ်လိုက်ကြ၏။
အေးစက်စက် အမျိုးသားသည် မောက်မာဝင့်ကြွားသော အမူအရာနှင့်အတူ သူ၏ ခေါင်းကို အနည်းငယ် မော့ပြီး တုံ့ပြန်သည့်အနေဖြင့် အသံတစ်ချက်သာ ထွက်လိုက်လေသည်။
သွမ့်ထျန်လန်သည် သူတို့နှစ်ယောက်ကို တွေ့မြင်သောအခါ ရှေ့သို့ ကပျာကယာ ပြေးတက်သွားလေသည်။ စောစောက သူ့မျက်နှာပေါ်ရှိ သုန်မှုန်မှုက လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး သူက အလွန်တရာ နစ်နာခဲ့ရသော ပုံစံဖြင့် ကျယ်လောင်စွာ ညည်းတွားပြောဆိုလိုက်၏။
“သခင်မလေး.. ခင်ဗျားက ကျုပ်အတွက် တရားမျှတအောင် ဆောင်ရွက်ပေးရမယ်.. ကျုပ်က ဒီစိတ်ဝိညာဉ်စိုက်ခင်းကို ရလာဖို့အတွက် နှစ်ပေါင်းများစွာကြာအောင် ကြိုးကြိုးစားစားနဲ့ အလုပ်လုပ်ခဲ့ရတာ.. ကျုပ်က လုံးဝကို မခိုကပ်ရဲခဲ့ဘူး”
ထိုနေရာအရောက်တွင် လူများစွာက သူတို့၏ နှုတ်ခမ်းများကို စူလိုက်ကြ၏။
သွမ့်ထျန်လန်က ဆက်ပြောလိုက်လေသည်။
“အမြုတေအားဖြည့်မြက်နဲ့ မိုးနှင်းပန်းတွေက ရင့်မှည့်တော့မယ့်ဆဲဆဲမှာပဲ.. ဒီလူက စိတ်ဝိညာဉ်စိုက်ခင်းရဲ့ ဆယ်မူကျော်ကို ဖျက်ဆီးပစ်လိုက်တယ်.. အမြုတေအားဖြည့်မြက်နဲ့ မိုးနှင်းပန်းပင် တစ်ထောင်ကျော်က သွားပါပြီ”
“သခင်မလေး.. အဲဒါက ကျုပ်အမှား မဟုတ်ဘူး.. အဲဒါတွေ အားလုံးက သူ့ကြောင့်ပဲ”
အစကနေ ယခုအချိန်ထိ ဆူဇီမိုသည် တစ်စုံတစ်ရာ ပြောဆိုခြင်း သို့မဟုတ် ငြင်းဆန်ခြင်း မရှိပေ။ သူက တိတ်တဆိတ်ဖြင့်သာ မတ်တတ်ရပ်နေလေသည်။
အမျိုးသမီးသည် သူမ မျက်လုံးထဲရှိ အံ့အားသင့်မှု တစ်စွန်းတစ်စနှင့်အတူ ဆူဇီမိုကို ကြည့်လိုက်ပြီး အဲဒါက အလျင်အမြန်ပင် ပျောက်ကွယ်သွား၏။
ခေါင်းဆောင်တပ်မှူးလန်သည် ဆူဇီမိုကို တစ်ချက်ကြည့်ပြီး ထိုသူက သွေးများ၊ ရွှံ့များ ပေကျံနေသည်ကို တွေ့မြင်သောအခါ မနှစ်မျို့စွာ ခံစားလိုက်ရပြီး သူက ထပ်မံ၍ မကြည့်ရှုတော့ပေ။