ဆေးပင်စိုက်ပျိုးရေးသမား
Vol. 120 Ch. 1792
“ရှင်ဘယ်သူလဲ... ရှင်ဘယ်နေရာကနေ တက်လှမ်းလာတာလဲ”
အမျိုးသမီးငယ်သည် ဆူဇီမိုကိုကြည့်ပြီး တောက်ပသောအကြည့်နှင့်အတူ မေးလိုက်၏။
“ကျုပ်က အောက်ဘုံရဲ့ ပင်ယန်းကုန်းမြေတိုက်က ဆူဇီမိုပဲ”
ဆူဇီမို၏ စကားမှာ အမှန်တစ်ဝက် အမှားတစ်ဝက်ပါလေသည်။
သူ၏ အမည်ကို ဖုံးကွယ်ထားစရာအကြောင်းမရှိပေ။
သူက အဲ့ဒါကို ပြောမည်ဆိုလျှင်တောင် မည်သူကမှ စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။
ဘုရင်ယွင်ရိုသည် သူ၏ မဟာရန်သူဖြစ်သော်လည်း ထိုသူသည် သူ၏ နာမည်အရင်းကို မသိရှိပေ။
သို့သော်လည်း သူသည်အထက်ဘုံသို့ တက်လှမ်းလာခါစဖြစ်ပြီး ဤနေရာမှာရှိသည့် အရာရာတိုင်းနှင့် ပတ်သက်၍ ဘာမှမသိရသေးပေ။
သတိထားသည့်အနေဖြင့် ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ အမည်ကို ဖုံးကွယ်ပြီး အဲ့ဒါကို သူ၏ ဇာတိမြို့အမည် ပင်ယန်းနှင့် အစားထိုးလိုက်လေသည်။
အောက်ဘုံမှာ ကမ္ဘာငယ်ပေါင်း ဘီလီယံနှင့်ချီရှိလေသည်။ သူက တစ်ခုခုကို လုပ်ကြံပြောဆိုမည်ဆိုလျှင်တောင် သူ့ရှေ့မှအမျိုးသမီးက အဲ့ဒါကို ရှာဖွေဖော်ထုတ်နိုင်လိမ့်မည်မဟုတ်ပေ။
“ရှင်က ဘာလို့ကောင်းကင်ကနေ ပြုတ်ကျလာတာလဲ”
အမျိုးသမီးငယ်က ထပ်မံ၍ မေးလိုက်၏။
ဆူဇီမိုက ပြောလိုက်လေသည်။
“ကျုပ်တက်လှမ်းလာတုန်းက မထင်မှတ်ထားတာ တစ်ခုဖြစ်သွားခဲ့တယ်... ဒါက ဘယ်နေရာလဲ ကျုပ်သိချင်မိတယ်... အထက်ဘုံက ကျယ်ပြောပြီး အကန့်သတ်မဲ့လှတယ်လို့ ကျုပ်ကြားဖူးထားတယ်... ဒီနေရာက အထက်ဘုံရဲ့ ဘယ်ကမ္ဘာမှာပါလိမ့်”
ဆူဇီမိုသည် သူ၏ တက်လှမ်းခြင်း အတွေ့အကြုံနှင့်ပတ်သက်၍ သာမန်ကာလျှံကာမျှသာ ပြောဆိုပြီး စကားလမ်းကြောင်းပြောင်းကာ ပြန်လည်မေးမြန်းလိုက်လေသည်။
ဆူဇီမိုကို ဤကဲ့သို့ပုံစံဖြင့် တွေ့မြင်ရသောအခါ လူတိုင်းက ရယ်မောလိုက်ကြ၏။
သူတို့သည်လည်း ဤကဲ့သို့သော အတွေ့အကြုံများ ရှိခဲ့ဖူးလေသည်။
သူတို့ ဤနေရာကို တက်လှမ်းခဲ့စဥ်က အထက်ဘုံရှိအရာရာတိုင်းက ဘာမှန်းမသိရဘဲ သူတို့အတွက် အသစ်အဆန်းဖြစ်နေခဲ့၏။
ခေါင်းဆောင်တပ်မှူးလျန့်က အထင်သေးစွာဖြင့် သရော်ပြုံးပြုံးလိုက်လေသည်။
အမျိုးသမီးငယ်ကတော့ အမူအရာတစ်စုံတစ်ရာကို ထုတ်ဖော်ပြသခြင်းမရှိပေ။
“ဒါက... နဂါးအသူရာချောက်နက်ကြယ်ပဲ... အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ရဲ့ တရားစီရင်ပိုင်ခွင့်အောက်က ကြယ်တစ်လုံးပေါ့”
“နင်အခုမတ်တတ်ရပ်နေတဲ့ကုန်းမြေက နှင်းလေတောင်ကြောရိုးရဲ့ ပိုင်နက်နယ်မြေထဲမှာပါတယ်”
နဂါးအသူရာချောက်နက်ကြယ်လား.... အစိမ်းရောင်တိမ်စိုင်တိုင်းပြည်တဲ့လား... နောက်ပြီး နှင်းလေတောင်ကြောရိုးကော...။
ဆူဇီမိုက မှင်တက်သွားခဲ့လေသည်။
ကြယ်တစ်စင်းသည်ပင် တိုင်းပြည်တစ်ပြည်၏ စီရင်ပိုင်ခွင့်အောက်မှာရှိနေသည် ဆိုပါလား။
အစိမ်းရောင်တိမ်စိုင်တိုင်းပြည်က ဘယ်လောက်တောင်ကြီးမားလိုက်မလဲ။
“ဒါက... အထက်ဘုံရဲ့ ဘယ်ကမ္ဘာလဲဆိုတာကတော့ ငါလည်းမသိဘူး”
အမျိုးသမီးငယ်က ခဏမျှတွေဝေတုံ့ဆိုင်းနေပြီးနောက် ပြောလိုက်လေသည်။
“ဘာလို့လဲဆိုတော့...ငါက နဂါးအသူရာချောက်နက်ကြယ်ကနေ တစ်ခါမှမထွက်ခွာဖူးလို့ပဲ”
ဆူဇီမိုက မှင်တက်သွားပြီး ဘေးပတ်လည်ကို အလိုလိုလှည့်ကြည့်လိုက်၏။
အခြားသူများ၏ အမူအရာများကလည်း တည်ငြိမ်နေကြ၏။ သူတို့သည် အမျိုးသမီးငယ်၏ စကားနှင့် ပတ်သက်၍ သံသယမရှိသည်မှာ သိသာလေသည်။
တစ်နည်းအားဖြင့်ဆိုလျှင် ဤနေရာက အထက်ဘုံ၏ ဘယ်ကမ္ဘာတွင်ပါဝင်သည်ကို သူတို့ထဲ မည်သူကမှ မသိရှိဘဲ သူတို့သည် နဂါးအသူရာချောက်နက်ကြယ်ကနေ ဘယ်တုန်းကမှ မထွက်ခွာဖူးခဲ့ကြပေ။
“ခင်ဗျားတို့ ဘာလို့ ဒီနေရာကနေ မထွက်ခွာကြတာလဲ”
ဆူဇီမိုကမေးမြန်းလိုက်၏။
“ဟမ့်... တော်တော်နုံအတဲ့လူပဲ”
ထိုစကားကိုကြားသောအခါ ခေါင်းဆောင်တပ်မှူးလျန့်က လှောင်ရယ်လိုက်၏။
“နဂါးအသူရာချောက်နက်ကြယ်ကို မပြောနဲ့ မင်းက မင်းရဲ့ဘဝတစ်လျှောက် နှင်းလေတောင်ကြောရိုးကနေ ကီလိုမီတာငါးထောင်လွန်အောင်သွားပြီး ရှင်သန်နိုင်မယ်ဆိုရင်တောင် မဆိုးလှဘူးလို့ ဆိုရမယ်”
အစကတော့... အမျိုးသမီးငယ်သည် ဆူဇီမိုနှင့် အပြန်အလှန် စကားပြောဆိုနေစဥ် သွမ့်ထျန်လန်က ဝင်ရောက်ပြောဆိုရဲခြင်းမရှိပေ။
ယခု... ခေါင်းဆောင်တပ်မှူးလျန့်၏ လှောင်ပြောင်သရော်လိုသောစကားကိုကြားရသောအခါ သူက အခွင့်အရေးကို ရှာဖွေတွေ့ရှိသွား၏။ သူက ဆူဇီမိုကို လက်ညိုးထိုးပြီး အော်ငေါက်လိုက်လေသည်။
“ပင်ယန်းကုန်းမြေတိုက်က ဘယ်လိုတောသားလူနုံက ရောက်လာတာပါလိမ့်... မင်းက မင်းရဲ့သခင်မကို လှောင်ရယ်နေတာလား... မင်းကတော့ အရိုက်ခံချင်နေပြီပဲ”
သွမ့်ထျန်လန်သည် အမျိုးသမီးငယ်ဘက်ကို လှည့်ပြီး လက်သီးနှစ်ဖက်ကိုယှက်ပြလိုက်၏။
“သခင်မ... မပူပါနဲ့... ဒီလူ့ကိုကျုပ်လက်အပ်လိုက် သူကောင်းကောင်းအချိုးပြေသွားဖို့ ကျုပ်တာဝန်ယူတယ်”
ဘေးမှာရှိသော တစ်စုံတစ်ယောက်က ဒီတိုင်းရပ်ကြည့်မနေနိုင်တော့ဘဲ ကိစ္စများကို ပြေပြေလည်လည်ဖြစ်စေရန် ဝင်ရောက်ပြောဆိုလိုက်၏။
“သူက အခုမှတက်လှမ်းလာတာဆိုတော့ ဒီနေရာမှာရှိတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘယ်သိပါ့မလဲ... အဲ့ဒါ သူ့အမှားတော့ မဟုတ်ဘူး”
“ညီကိုရောင်းရင်း... ခင်ဗျားကို ကျုပ်ပြောပြမယ်... ကျုပ်က ဒီနေရာကိုတက်လှမ်းလာခဲ့တာ နှစ်ပေါင်းသောင်းချီကြာသွားခဲ့ပြီ... ဒါပေမဲ့ နဂါးအသူရာချောက်နယ်ကြယ်ကနေ တစ်ခါမှမထွက်ခွာခဲ့ဖူးဘူး”
“အမှန်ပဲ... ဒီနေရာက ဘယ်ကမ္ဘာမှာပါတယ်ဆိုတာ... မင်းသိမယ်ဆိုရင်တောင်မှ အလကားပဲ... မင်းက ဒီဘဝမှာ နဂါးအသူရာချောက်နက်မြို့ကို သွားရောက်လည်ပတ်နိုင်မယ်ဆိုရင်ပဲ မဆိုးဘူးလို့ပြောရမယ်”
လူတိုင်းက ဝင်ရောက်ပြောဆိုလိုက်ကြ၏။
ဆူဇီမိုသည် တုန်လှုပ်သွားပြီး သူ၏ နှလုံးသားက ကြီးမားသောရိုက်ချက်တစ်ခုကို ခံစားလိုက်ရ၏။
အထက်ဘုံသို့ တက်လှမ်းလာနိုင်သော ထိုသူများအားလုံးသည် အောက်ဘုံများမှာ ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများဖြစ်ကြ၏။
သို့သော်လည်း နှစ်ပေါင်းသောင်းချီကြာအောင် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီးတာတောင် သူတို့ထဲ မည်သူကမှ နဂါးအသူရာချောက်နက်ကြယ်ကနေ မထွက်ခွာနိုင်ကြပေ။
ယခုအခါမှသာ အထက်ဘုံက ဘယ်လောက်ကျယ်ပြောပြီး လျှို့ဝှက်ဆန်းကြယ်သလဲဆိုတာကို ဆူဇီမိုက အမှန်တကယ် တွေ့ကြုံခံစားမိလိုက်၏။
“သခင်မ... ဒီလူ့ကို အဲ့လောက်အများကြီးရှင်းပြနေစရာမလိုပါဘူး... သူ့ကို ဆေးပင်စိုက်ပျိုးရေးသမားတွေဆီ လွှဲပေးလိုက်ပါ”
ခေါင်းဆောင်တပ်မှူးလျန့်က ညင်သာစွာ ဝင်ရောက်ပြောဆိုလိုက်၏။
အမျိုးသမီးငယ်က မသိမသာခေါင်းညိတ်ပြပြီး ဆူဇီမိုကို ကြည့်လိုက်လေသည်။
“ဘာပဲဖြစ်ဖြစ်... ရှင့်ကြောင့် ဒီစိတ်ဝိညာဥ်စိုက်ခင်း ပျက်စီးသွားတဲ့အတွက် အလျော်ပေးရလိမ့်မယ်”
“နှင်းလေတောင်ကြောရိုးရဲ့ စည်းမျဥ်းအရ အဆင့်-၁ မဟူရာအင်မော်တယ်တွေအားလုံးက ဆေးပင်စိုက်ပျိုးရေးသမားတစ်ယောက်အဖြစ်ကနေ စတင်ရမယ်... ဒီမှာစိုက်ပျိုးတဲ့ အင်မော်တယ်ဆေးပင်နှစ်မျိုးက အမြုတေအားဖြည့်မြက်နဲ့ မိုးနှင်းပန်းပဲ”
“ပုံမှန်အခြေအနေမှာဆိုရင် ဆေးပင်စိုက်ပျိုးရေးသမားတိုင်းက မြေဆယ်မူကို စိုက်ပျိုးပေးရတယ်... ရှင်က မြေ ၁၃ မူကို ဖျက်ဆီးခဲ့တယ်ဆိုတော့... ဒီနေရာမှာစိုက်ပျိုးရမယ့် ဆေးပင်တွေကို ရှင့်ကိုပဲ လွှဲပေးရတော့မယ်”
“ရှင်က အဲ့ဒီအင်မော်တယ်ဆေးပင်နှစ်မျိုး ရင့်မှည့်လာတဲ့အခါ နှင်းလေတောင်ကြားကနေ ထွက်ခွာနိုင်တယ်... တကယ်တော့ရှင်က ဒီမှာဆက်နေမယ်ဆိုလည်း နေလို့ရတယ်... နှင်းလေတောင်ကြားမှာ လူတိုင်းကို တူညီစွာပြုမူဆက်ဆံတယ်”
“ရှင်က အဆင့်-၁ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်တဲ့အထိ ကျင့်ကြံလာနိုင်မယ်ဆိုရင် ရှင်က နှင်းလေတောင်ကြောရိုးရဲ့ ရိက္ခာမှူးတစ်ယောက်အဖြစ်နဲ့ ဆေးပင်စိုက်ပျိုးရေးသမားတွေကို ထိန်းကြောင်းနိုင်မယ်”
ထိုနေရာအရောက်တွင် ဆူဇီမိုက မလှမ်းကမ်းတွင်ရှိသော သွမ့်ထျန်လန်ကို ကြည့်လိုက်လေသည်။
အမျိုးသမီးငယ်က ပြုံးပြလိုက်၏။
“ရှင်ထင်တာမမှားဘူး... သွမ့်ထျန်လန်က နှင်းလေတောင်ကြောရိုးရဲ့ ရိက္ခာမှူးတွေထဲက တစ်ယောက်ပဲ... ရှင့်မှာ မေးစရာတစ်ခုခုရှိမယ်ဆိုရင် သူ့ကိုမေးလို့ရတယ်”
“သခင်မ... မပူပါနဲ့”
သွမ့်ထျန်လန်က သူ၏ ရင်ဘတ်ကို လက်ဖြင့်ပုတ်ပြလိုက်၏။
“ဒီလူ့ကို ကျုပ်ဆီမှာ စိတ်ချလက်ချထားခဲ့ပါ”
အမျိုးသမီးငယ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
“သူက အခုမှတက်လှမ်းလာတာ ဒဏ်ရာတွေလည်းရထားတယ်... လောလောဆယ် သူ့ကိုအချိန်တစ်ခုပေးပြီး အနားယူခိုင်းလိုက်ဦး... စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး လောနေစရာမလိုဘူး”
“ဟုတ်..ဟုတ်ကဲ့”
သွမ့်ထျန်လန်က သဘောတူစွာဖြင့် အလောတကြီးခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲကနေကြိတ်ပြီး လှောင်ရယ်နေ၏။
“လူရှုပ်လေး... မင်းက ငါ့စိတ်ဝိညာဥ်စိုက်ခင်းရဲ့ ဆယ်မူကျော်ကို ဖျက်ဆီးခဲ့တယ်... ငါမင်းကိုဘယ်လိုညှင်းပန်းနှိပ်စက်ပြမလဲ စောင့်ကြည့်နေ”
အမျိုးသမီးငယ်က လူတိုင်းဘက်ကို သူမ၏ လက်သီးနှစ်ဖက်ကို ယှက်ပြပြီး နှုတ်ဆက်လိုက်လေသည်။
သိပ်မကြာခင် ထွက်ခွာတော့မည့် အမျိုးသမီးငယ်က တစ်စုံတစ်ရာကိုအမှတ်ရသွားသည့်အလား ပြန်လှည့်ကြည့်လိုက်၏။
သူမသည် ဆူဇီမို၏ ရှေ့သို့ ရောက်ရှိလာပြီး သူမ၏ သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပုလင်းတစ်လုံးနှင့် အဆောင်လက်ဖွဲ့အနည်းငယ်ကို ထုတ်ယူလိုက်၏။ သူမက အဲ့ဒါကိုကမ်းပေးပြီး ပြောလိုက်လေသည်။
“ဒီကျောက်စိမ်းပုလင်းထဲမှာ စိတ်ဝိညာဥ်ဆေးပင်တချို့ရှိတယ်... အဲ့ဒါက ရှင့်ရဲ့ဒဏ်ရာတွေကို ပျောက်ကင်းလာအောင် ကူညီပေးနိုင်လိမ့်မယ်”
“အောက်ဘုံမှာဆိုရင်... ဖုန်မှုန့်ဖယ်ရှားခြင်းက ဓမ္မပညာရပ်ငယ်တစ်ခုပဲ... ဒါပေမဲ့ အထက်ဘုံမှာတော့ ဖုန်မှုန့်ဖယ်ရှားခြင်းက အင်မော်တယ်ပညာရပ်တစ်ခုဖြစ်တယ်... ရှင်က အဲ့ဒါကို အခုထိမကျင့်ကြံရသေးဘူးဆိုမှတော့ ဒီဖူန်မှုန့်ဖယ်ရှားအဆောင်ကို အရင်ယူထားလိုက်... သွားပြီးတော့ ရှင့်ရဲ့ကိုယ်ပေါ်က ရွှံ့တွေကို သန့်ရှင်းရေးလုပ်ပြီး ကောင်းကောင်းအားဖြည့်လိုက်ဦး”
ဆူဇီမို၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။
အဲ့ဒါသည် ဘာမှပြောပလောက်စရာမဟုတ်သော်လည်း သူသည် ရင်ထဲမှာ နွေးထွေးသောခံစားချက်တစ်ခုကို ရရှိလိုက်၏။
သူသည် အထက်ဘုံသို့ တက်လှမ်းလာခါစဖြစ်ပြီး သူ့ရှေ့မှာအမျိုးသမီးနှင့် လုံးဝမသိရှိပေ။
ထျန်ဟွမ်ကုန်းမြေတိုက်ရှိ ကျင့်ကြံရေးလောကမှာပင်လျှင် ဤကဲ့သို့သော အမျိုးသမီးတစ်ယောက်အနေဖြင့် သူစိမ်းတစ်ယောက်အပေါ် ရင်းနှီးဖော်ရွေစွာဆက်ဆံဖို့က အလွန်တရာရှားရှားပါးပါး ဖြစ်လေသည်။
“တာအိုရောင်းရင်း... အဲ့ဒါကို ယူလိုက် ကျုပ်တို့ရဲ့သခင်မက အရမ်းသဘောမနောကောင်းတဲ့လူပဲ”
ရိုးသားပုံရသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က ဘေးကနေ ရယ်မောကာ ပြောဆိုလိုက်၏။
“ဒီတိုင်းရပ်မနေနဲ့ အဲ့ဒါကိုယူလိုက်”
ဆူဇီမိုက မလှုပ်မယှက်ရှိနေသေးသည်ကို တွေ့မြင်သောအခါ အမျိုးသမီးငယ်က ဆူဇီမို၏ ရွှံ့များပေနေသော လက်ဖဝါးကို စတင်ဆွဲယူပြီး ကျောက်စိမ်းပုလင်းနှင့် အဆောင်လက်ဖွဲ့ကို ထိုးထည့်ပေးလိုက်လေသည်။
အမျိုးသမီးငယ်၏ အပြုအမူများသည် လောကဝတ်ထုံးတမ်းများ၏ မည်သည့်ကန့်သတ်ချုပ်နှောင်မှုမှမရှိဘဲ သဘာဝဆန်၍ လွတ်လပ်ပေါ့ပါးလေသည်။
ပို၍အရေးကြီးသည်မှာ ယခုအချိန်မှာ ဆူဇီမိုက ညစ်ပေနေတာတောင် သူမက သူ့ကို လုံးဝအထင်အမြင်သေးခြင်း မရှိပေ။
အစကတော့ ဆူဇီမိုသည် နှင်းလေတောင်ကြောရိုးမှာ နေသင့်မနေသင့် တွေဝေတုံ့ဆိုင်းနေခဲ့၏။
သူ၏ အစွမ်းအစအရ သူကထွက်ခွာချင်သည်ဆိုလျှင် သွမ့်ထျန်လန်က သူ့ကိုသေချာပေါက်တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
ဤအခိုက်အတန့်မှသာ သူသည် နှင်းလေတောင်ကြောရိုးမှာ လောလောဆယ်နေထိုင်ပြီး နဂါးအသူရာချောက်နက်ကြယ်နှင့် ရင်းနှီးကျွမ်းဝင်အောင်လုပ်ပြီးမှ နောက်ထပ် အစီအစဥ်များကို ချမှတ်ဖို့ ဆုံးဖြတ်လိုက်လေသည်။
ထိုအတွေး၌ ဆူဇီမိုသည် ရုတ်တရက် သူ့ကိုယ်သူအပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။
အထက်ဘုံသို့တက်လှမ်းခြင်းသည် သေချာပေါက်အလွန်တရာအန္တရာယ်များပြီး ခြေလှမ်းတိုင်းက အန္တရာယ်များဖြင့် ပြည့်နှက်နေမည်ဟု သူတစ်ခါက တွေးခဲ့ဖူးလေသည်။
သူတွေးထားခဲ့သည်မှာ သူသည် မရေအတွက်နိုင်သော ပြိုင်စံရှားများနှင့် ဤနေရာမှာတိုက်ခိုက်ရပေလိမ့်မည်။ သူသည်အထက်ဘုံရှိ ပညာရှင်များအားလုံးနှင့် ယှဥ်ပြိုင်တိုက်ခိုက်ရပေလိမ့်မည်။
သို့သော်လည်း သူသည် အထက်ဘုံသို့တက်လှမ်းလာပြီးနောက် လယ်သမားတစ်ယောက်ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိဖူးပေ။