တိတ်ဆိတ်ခြောက်ကပ်နေသော ကြယ်များ
Vol. 120 Ch. 1794
“လူအိုကြီးယန်.. နှင်းလေတောင်ကြောရိုးမှာ ရှိတဲ့ ကျင့်ကြံသူတွေ အကုန်လုံးက အောက်ဘုံကနေ တက်လှမ်းလာကြတာလား”
ဆူဇီမိုက မေးလိုက်၏။
“ဒါပေါ့”
လူအိုကြီးယန်က ပြောလိုက်၏။
“နဂါးအသူရာချောက်နက် ကြယ်တစ်ခုလုံးမှာတောင် အထက်ဘုံရဲ့ ဒေသခံ အဆင့်မြင့် အင်မော်တယ်တွေက များများစားစား မရှိဘူး… သူတို့အားလုံးနီးပါးကလည်း နဂါးအသူရာချောက်နက် မြို့မှာပဲ နေကြတာ”
“ဒါနဲ့.. “
သူက တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား လူအိုကြီးယန်က ပြောလိုက်၏။
“ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပဲခေါ်ခေါ် ကိစ္စမရှိဘူး.. ဒါပေမဲ့ မင်းက မင်းထက် ကျင့်ကြံမှုအဆင့်မြင့်တဲ့ သူတွေနဲ့ အပြင်မှာ တွေ့မယ်ဆိုရင်.. မင်းက သူတို့ကို အဆင့်မြင့် အင်မော်တယ်တွေလို့ ခေါ်ဖို့လိုတယ်”
“အာ.. အဲဒါကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတာ.. လူတစ်ယောက်က တစ်ဖက်လူကို တာအိုရောင်းရင်းလို့ ခေါ်မိလို့ နေရာမှာတင် အသတ်ခံခဲ့ရတယ်”
ထိုစကားကို ပြောချိန်မှာ လူအိုကြီးယန်က သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်း၍ သက်ပြင်းချလိုက်၏။
ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဆူဇီမိုက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“နဂါးအသူရာချောက်နက်ကြယ်က ဘာလို့ အောက်ဘုံကနေ တက်လှမ်းလာတဲ့ လူတွေနဲ့ပဲ ပြည့်နှက်နေတာလဲ”
“မင်းက အခုမှ တက်လှမ်းလာတာဆိုတော့ အဲဒါကို သိမှာ မဟုတ်သေးဘူး”
ထိုအကြောင်းကို ပြောချိန်မှာ လူအိုကြီးယန်၏ မျက်လုံးထဲတွင် ညှိုးငယ်ထိုင်းမှိုင်းသည့် အမူအရာတစ်ခုက ပေါ်ထွက်လာ၏။
“နဂါးအသူရာချောက်နက်ကြယ်က အစိမ်းရောင်တိမ်စိုင်တိုင်းပြည်အောက်က အဝေးကွာဆုံး ကြယ်တွေထဲက တစ်ခုပဲ… ဒီနေရာမှာ ရှိတဲ့ ကောင်းကင်နဲ့မြေကြီး အမြုတေချီကလည်း အရမ်းကို ပါးလွှာတယ်”
“ဒေသခံ အင်မော်တယ်တွေရဲ့ မျက်လုံးထဲမှာ သူတို့က အောက်ဘုံကနေ တက်လှမ်းလာတဲ့ ငါတို့ကို လုံးဝ အလေးအနက်မထားဘူး”
“ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက တစ်ခုကို ဖြတ်ကျော်လာတဲ့ ဘယ်သူမဆို.. ဝေးကွာလွန်းတဲ့ ဒီလိုကြယ်တွေပေါ်ကို တက်လှမ်းလာရလိမ့်မယ်.. ကောင်းကင်ဘုံကပ်ဘေး နှစ်ခု.. သုံးခုနဲ့ လေးခုကို ဖြတ်ကျော်ထားတဲ့သူတွေကပဲ အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ရဲ့ တခြားနေရာမှာ ကျင့်ကြံဖို့ အဆင့်မီတယ်လို့ ငါကြားမိတယ်”
“ကောင်းကင်ဘုံကပ်ဘေးတွေကြားမှာ ဘယ်လိုကွာသွားတာလဲ”
ဆူဇီမိုက ထပ်၍ မေးလိုက်၏။
“အဲဒါက အကြီးကြီးကွာတာပေါ့”
လူအိုကြီးယန်က ပြောလိုက်၏။
“ပုံမှန်အခြေအနေမှာဆိုရင် ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက တစ်ခုကို ဖြတ်ကျော်ပြီး အထက်ဘုံကို တက်လှမ်းလာတဲ့သူတွေက အထက်ဘုံရဲ့ ပတ်ဝန်းကျင်နဲ့ အသားကျပြီး ကောင်းကင်နဲ့ မြေကြီး အမြုတေချီနဲ့ ပေါင်းစည်းနိုင်တာနဲ့ သူတို့ရဲ့ ကျင့်ကြံမှုက တည်ငြိမ်လာပြီး အဆင့်တစ် မဟူရာအင်မော်တယ်တစ်ယောက် ဖြစ်လာလိမ့်မယ်”
“ဆက်ပြောရရင်.. ကောင်းကင်ဘုံကပ်ဘေး နှစ်ခုကို ဖြတ်ကျော်လာတဲ့သူတွေက သူတို့ရဲ့ ကျင့်ကြံမှုအဆင့် တည်ငြိမ်သွားတာနဲ့ အဆင့်နှစ် မဟူရာ အင်မော်တယ်တွေ ဖြစ်လာမယ်.. ကောင်းကင်ဘုံကပ်ဘေး လေးခုကို ဖြတ်ကျော်လာတဲ့ သူတွေကတော့ အဆင့်လေး မဟူရာ အင်မော်တယ်တွေ ဖြစ်လာလိမ့်မယ်.. အဲဒါက သခင်မနဲ့ ခေါင်းဆောင်တပ်မှူးလမ့်တို့နဲ့ အဆင့်တူပေါ့”
ထိုစကားကို ကြားသောအခါ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး နားလည်သဘောပေါက်လာခဲ့၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် သူသည် ကောင်းကင်ဘုံကပ်ဘေး လေးခုကို ဖြတ်ကျော်၍ အထက်ဘုံသို့ တက်လှမ်းလာပြီးနောက်.. ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီနှင့် အပြန်အလှန် တုံ့ပြန်ပြီး သူက အဆင့်လေး မဟူရာအင်မော်တယ်တစ်ယောက် ဖြစ်လာရပေမည်။
သို့သော်လည်း သူ၏ တက်လှမ်းခြင်းဖြစ်စဉ်သည် လမ်းခုလတ်မှာပင် ဘုရင်ယွင်ယို၏ ဟန့်တားနှောင့်ယှက်ခြင်းကို ခံခဲ့ရ၏။
အဲဒီနောက် သူသည် စတုရန်းကြေးမီးဖိုထဲမှာ ဝင်ရောက်ပုန်းကွယ်ပြီး မဟူရာတွင်းနက်၏ ဝါးမျိုခြင်းကို ခံခဲ့ရ၏။
သို့သော်လည်း မဟူရာတွင်းနက်ထဲမှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီ၊ လေ၊ စိတ်ဝိညာဉ်ချီ၊ သို့မဟုတ် အခြား မည်သည့်အရာမှ မရှိပေ။
အဲဒါကြောင့် သူ၏ ကျင့်ကြံမှုအဆင့်သည် အဆင့်တစ် မဟူရာအင်မော်တယ်အဖြစ်သာ ဆက်ရှိနေခြင်း ဖြစ်၏။
ယခု သူသည် အထက်ဘုံသို့ တက်လှမ်းလာပြီး နဂါးအသူရာချောက်နယ်ကြယ်သို့ ဆင်းသက်ရောက်ရှိလာခဲ့၏။
လူအိုကြီးယန်ပြောပုံအရ.. သူသည် နဂါးအသူရာချောက်နယ်ကြယ်မှာ အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ပြီး ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နဲ့မြေကြီး အမြုတေချီနှင့် အပြန်အလှန် တုံ့ပြနိုင်သည်နှင့်အမျှ သူ၏ ကျင့်ကြံမှုအဆင့်သည် အလျင်အမြန် မြင့်တက်လာပြီး အဆင့်လေး မဟူရာအင်မော်တယ်အဖြစ်သို့ ရောက်ရှိလာပေလိမ့်မည်။
“အထက်ဘုံက ကျယ်ပြောပြီးတော့ နေရာတိုင်းမှာ ကောင်းကင်နဲ့မြေကြီး အမြုတေချီက ပြည့်နှက်နေတယ်… နဂါးအသူရာချောက်နက်ထဲမှာ ရှိတဲ့ ကောင်းကင်နဲ့မြေကြီး အမြုတေချီကတော့ ဘာလို့ အဲ့လောက်ထိ ပါးလွှာနေရတာလဲ”
ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
“အဲဒါကိုတော့ ငါမသိဘူး”
လူအိုကြီးယန်က ခေါင်းခါပြလိုက်၏။
“တကယ်တော့ ငါတို့က စွန့်ပယ်ခံထားရတဲ့ လူတချို့ပဲ.. အဲဒီ စွမ်းအားကြီးမားတဲ့ အဆင့်မြင့် အင်မော်တယ်တွေက အောက်ဘုံကနေက တက်လှမ်းလာတဲ့ ငါတို့ကို လုံးဝ အလေးအနက်မထားဘူး… အဲဒါကြောင့် ငါတို့က ဒီနေရာမှာ ကိုယ့်အားကိုယ်ကိုးပြီး ရှင်သန်နေထိုင်ရတယ်”
“ညီအစ်ကိုဆူ.. ငါ့နောက်က ခဏလိုက်ခဲ့”
ရုတ်တရက် လူအိုကြီးယန်က ရှေ့ကနေ ဦးဆောင်ထွက်သွားပြီး ဝေးကွာလွန်းသော မိုးကောင်းကင်တစ်နေရာကို လက်ညိုးထိုးပြလိုက်၏။
ဆူဇီမိုက လိုက်ပါကြည့်ရှုလိုက်လေသည်။
“ညီအစ်ကိုဆူ.. အဲဒါကို မင်းမြင်ရလား”
လူအိုကြီးယန်က မိုးကောင်းကင်၏ တစ်ဖက်စွန်းကို လက်ညိုးထိုးပြလိုက်၏။
“အဲဒီမှာ ဧရာမ အရိပ်ကြီးတစ်ခု ရှိနေတယ် တွေ့လား.. အဲဒီမှာ အစိမ်းရောင်တိမ်စိုင်တိုင်းပြည် ရှိတယ်လို့ ငါကြားထားတယ်.. အဲဒီမှာ ရှိတဲ့ ကောင်းကင်နဲ့မြေကြီး အမြုတေချီက နဂါးအသူရာချောက်နက်ကြယ်မှာထက် ဆယ်ဆကျော် ပိုပြီးကြွယ်ဝတယ်”
ဆူဇီမိုသည် မဟူရာတွင်းနက်ထဲကနေ ထွက်ခွာလာခဲ့သောအခါ သူသည် ဧရာမ အရိပ်တစ်ခုကို အနီးကပ် မြင်တွေ့ခဲ့ရလေသည်။ အဲဒါသည် ကောင်းကင်တစ်ခွင် အုပ်မိုးနေပြီး အလွန်တရာ ကျယ်ပြော၍ တုန်လှုပ်စရာကောင်းလေသည်။
“နဂါးအသူရာချောက်နက်ကြယ်ကို တက်လှမ်းလာတဲ့ ကျင့်ကြံသူတိုင်းရဲ့ စိတ်ကူးအိပ်မက်က ဒီနေရာကနေ ထွက်ခွာပြီး ဒဏ္ဍာရီလာ အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ကို သွားရောက်နိုင်ဖို့ပဲ”
“ဒါဆို ခင်ဗျားက ဘာလို့ ထွက်မသွားတာလဲ”
ဆူဇီမိုက မေးလိုက်၏။
လူအိုကြီးယန်က ခါးသက်စွာ ပြုံးလိုက်လေသည်။
“နဂါးအသူရာချောက်နက်ကြယ်နဲ့ အဲဒီနေရာကြားမှာ အရမ်းကို ဝေးကွာလွန်းတဲ့ ကြယ်တာရာကောင်းကင်တစ်ခု ရှိတယ်.. ဒဏ္ဍာရီလာ ကောင်းကင်ဘုံအင်မော်တယ် ပညာရှင်တွေကပဲ အဲဒီကြယ်တာရာကောင်းကင်ကို ဖြတ်ကျော်နိုင်လိမ့်မယ်”
ဆူဇီမိုက တုန်လှုပ်သွားရ၏။
သူသည် နဂါးအသူရာချောက်နက်ကြယ်ကနေ ထွက်ခွာဖို့ဆိုလျှင် ကောင်းကင်ဘုံအင်မော်တယ်အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံရမည်ဟု ဆိုလိုသည် မဟုတ်ပါလား။
လူအိုကြီးယန်က ပြောလိုက်၏။
“တကယ်တော့ နဂါးအသူရာချောက်နက်မြို့မှာ လူတွေကို ပို့ဆောင်ပေးနိုင်တဲ့ တည်နေရာရွှေ့ပြောင်း အစီအရင်တစ်ခု ရှိတယ်လို့ ငါကြားထားတယ်.. ဒါပေမဲ့ အဲဒါကို အသုံးပြုဖို့အတွက် ကန့်သတ်ချက်တွေက အရမ်းကို တင်းကျပ်တယ်”
“နဂါးအသူရာချောက်နက်ကြယ်မှာ ရှိတဲ့ လူအများစုကတော့ သူတို့ တစ်ဘဝလုံး ကုန်ဆုံးတဲ့အထိ အဲဒီအခွင့်အရေးကို ရရှိမှာ မဟုတ်ဘူး”
ထိုစကားကို ပြောဆိုချိန်မှာ လူအိုကြီးယန်၏ မျက်လုံးက မှေးမှိန်သွားလေသည်။
“အောက်ဘုံမှာတုန်းကဆို ငါက ထင်ရှားကျော်ကြားခဲ့တဲ့ ငရဲဧကရာဇ်ပဲ.. ငါက ရာမ ပြန်ဝင်စားတာလို့ လူတိုင်းက ပြောဆိုခဲ့ကြတယ်”
လူအိုကြီးယန်က ခါးသက်စွာ ပြုံးလိုက်၏။
“’ဒါပေမဲ့ ငါက အထက်ဘုံကို တက်လှမ်းလာပြီးတဲ့နောက်.. ဒီလိုအခြေအနေနဲ့ အဆုံးသတ်သွားရတာပဲ”
ဆူဇီမိုက အသံတိတ်နေ၏။
လူအိုကြီးယန် ပြောသည့်အတိုင်းပင်.. အောက်ဘုံကနေ တက်လှမ်းလာသော မည်သူမဆို သာမန် အညတရများ မဟုတ်ကြပေ။
သူတို့အားလုံးသည် အောက်ဘုံလောကမှာ ပြိုင်စံရှားများနှင့် ပြန်ဝင်စား မွန်းစတားများ ဖြစ်ခဲ့ကြ၏။
သို့သော်လည်း ဤလူများသည် အထက်ဘုံသို့ တက်လှမ်းလာပြီးနောက်.. ဝေးကွာလွန်းသော ဤဂြိုဟ်ပေါ်မှာ အပယ်ခံဘဝနှင့် နေထိုင်ရလေသည်။ ဤနေရာမှာ ရှိသော ကောင်းကင်နဲ့မြေကြီး အမြုတေချီက ပါးလွှာပြီး သူတို့၏ ကျင့်ကြံမှု အလျင်အဟုန်ကလည်း နှေးကွေးလွန်းလေသည်။ သူတို့၏ စိတ်ဓာတ်များကပင်လျှင် တဖြည်းဖြည်း မှေးမှိန်သွားပြီး ယခင်ကကဲ့သို့ တူညီစွာ ဆက်လက်၍ မရှိတော့ပေ။
“လူအိုကြီးယန်.. ခင်ဗျား တက်လှမ်းလာတာ ဘယ်လောက်ကြာသွားခဲ့ပြီလဲ”
ဆူဇီမိုက မေးလိုက်၏။
လူအိုကြီးယန်က ခဏမျှ ပြန်ပြောင်းစဉ်းစားတွေးတောရင်း ဝမ်းနည်းစွာ ပြောလိုက်၏။
“နှစ်တစ်သောင်းကျော်ပြီပေါ့”
နှစ်တစ်သောင်းကျော်ကြာပြီးတာတောင် လူအိုကြီးယန်သည် အဆင့်တစ် မဟူရာနယ်ပယ်မှာသာ ရှိနေသေး၏။
နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ အခြေအနေသည် ဆူဇီမို တွေးထင်ထားသည်ထက်ပင်.. များစွာပို၍ ဆိုးရွားနေလေသည်။
လူအိုကြီးယန်က ပြောလိုက်၏။
“နှစ်တစ်သိန်းဆိုတာ ခဏလေးပဲ.. ငါ ဒီဘဝမှာ ဒီနေရာကနေ ထွက်ခွာနိုင်မှာ မဟုတ်တော့ဘူး ထင်တယ်”
အထက်ဘုံသို့ တက်လှမ်းလာပြီးနောက်.. သူ၏ ဘဝသက်တမ်းသည် များစွာပြောင်းလဲသွားခြင်း မရှိဘဲ နှစ်တစ်သိန်းမှာသာ ဆက်ရှိနေသေးသည်ကို ဆူဇီမိုက အာရုံခံမိနိုင်လေသည်။
ဆူဇီမိုက ပြောလိုက်၏။
“အဲ့လိုဆိုရင် အထက်ဘုံကို တက်လှမ်းလာတာက ဘာများကောင်းတာ ရှိလို့လဲ.. ဒီကို ရောက်လာပြီးတဲ့နောက် ခင်ဗျားရဲ့ ဘဝသက်တမ်းက တိုးမလာခဲ့ဘူး.. နောက်ပြီး ခင်ဗျားက တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ဒီဂြိုဟ်ပေါ်မှာ အပယ်ခံဘဝနဲ့ နေရတယ်.. အောက်ဘုံလောကမှာ ပြိုင်ဘက်ကင်းပြီး လွတ်လွတ်လပ်လပ် နေရတာမှ ပိုကောင်းဦးမယ်”
“အဲဒါက တူတော့ မတူဘူးလေ”
ထိုစကားကို ကြားသောအခါ လူအိုကြီးယန်၏ မျက်လုံးက တောက်ပစွာ ဝင်းလက်သွား၏။ သူက စိတ်အားမာန် တက်ကြွလာပုံရပြီး စောစောက သူ၏ စိတ်ပျက်လက်ပျက် အမူအရာက ပျောက်ကွယ်သွားလေသည်။
“ညီအစ်ကိုဆူ မင်းသိလား.. အထက်ဘုံမှာ မွေးလာတဲ့ ကလေးတွေက ကောင်းကင်နဲ့မြေကြီး အမြုတေချီနဲ့ သဘာဝအလျောက် ပေါင်းစည်းနိုင်ကြတယ်.. သူတို့က အဆင့်တစ် မဟူရာအင်မော်တယ်နယ်ပယ်ကနေ စတင်ရတာ.. သူတို့ရဲ့ ကျင့်ကြံမှုမှာ အားထုတ်မှု အများကြီး သက်သာတယ်”
“အထက်ဘုံမှာ မွေးဖွားလာတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အခြေခံအုတ်မြစ်က ငါတို့ အောက်ဘုံက သူတွေထက် အများကြီး ပိုပြီးမြင့်မားတယ်.. သူတို့ရဲ့ အနာဂတ် အောင်မြင်ထွန်းပေါက်မှုက ငါတို့ကို အပြတ်အသတ် ကျော်တက်သွားလိမ့်မယ်”
“ငါ မင်းကို ပြောပြမယ်.. အဲဒီ အဆင့်မြင့် အင်မော်တယ်တွေရဲ့ မျိုးဆက်တွေက သူတို့ရဲ့ အသား၊ အရွတ်နဲ့ အရိုးတွေကို သန့်စင်အားဖြည့်ဖို့အတွက် လောကဆိုင်ရာ ရတနာတွေကို အသုံးပြုကြရတယ်.. အဲဒီမှာ သူတို့အတွက် အမြုတေစိတ်ဝိညာဉ်တွေကို ဖန်တီးပေးနိုင်တဲ့ သာလွန်အဆင့် စိတ်ဝိညာဉ်စုဆောင်း နည်းစနစ်တစ်ခုတောင် ရှိတယ်”
လူအိုကြီးယန်က ပြုံးလိုက်လေသည်။
“ရိုးရိုးသားသား ပြောရရင်.. ငါ့ရဲ့သားက အခုမှ အသက်နှစ်လပဲ ရှိသေးတယ်.. ငါက အမြုတေစုဖွဲ့ဆေးလုံးတွေကို တတ်နိုင်သမျှ များများစုဆောင်းရမယ်.. လောကဆိုင်ရာ ရတနာတစ်ခုခု မရဘူးဆိုရင်တောင် အမြုတေစိတ်ဝိညာဉ်တွေကို စုဖွဲ့နိုင်မယ့် ကျင့်ကြံရေး နည်းစနစ်တစ်ခုကို ငါ လဲလှယ်ရယူရမယ်.. ငါ သူ့အတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခုကို တည်ဆောက်ပေးမယ်”
“ငါက ဒီဘဝမှာ နဂါးအသူရာချောက်နက်ထဲကနေ ထွက်ခွာဖို့ မျှော်လင့်ချက် မရှိတော့ဘူးဆိုပေမဲ့ သူကတော့ အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ကို သွားရောက်နိုင်ရမယ်”
ထိုစကားကို ပြောချိန်တွင် လူအိုကြီးယန်က ပို၍ပင် စိတ်လှုပ်ရှားတက်ကြွလာ၏။
ဆူဇီမိုကလည်း ပြုံးလိုက်လေသည်။
ထိုအခိုက်အတန့်မှာ သူ့ရှေ့ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ငရဲဧကရာဇ် မဟုတ်သလို.. အောက်ဘုံလောကမှာ စိုးမိုးခြယ်လှယ်ခဲ့သည် လူအိုကြီးယန်လည်း မဟုတ်တော့ပေ။
သူသည် ဖခင်တစ်ဦးသာ ဖြစ်လေသည်။