← Chapters

ပြဿနာ

Vol. 120 Ch. 1795

ပြဿနာ

Vol. 120 Ch. 1795

“အဲဒီအကြောင်းကို ထပ်ပြီးမပြောကြရတော့အောင်”

လူအိုကြီးယန်က သူ၏ ငေးမောနေရာကနေ နိုးထလာပြီး ပြုံး၍ ပြောလိုက်၏။

“ငါ အချိန်ရတဲ့အခါ မင်းကို ငါ့သားလေးနဲ့​​ တွေ့ဖို့ ခေါ်သွားပေးဦးမယ်.. သူက ငါနဲ့ တကယ်ကို တူတာ ဟီးဟီး”

“ဒါပေါ့.. တူရမှာပေါ့”

ဆူဇီမိုကလည်း ပြုံး၍ ပြောလိုက်၏။

လူအိုကြီးယန်က ပြောလိုက်လေသည်။

“အတည်အတံ့ကိစ္စတချို့ ပြောကြရအောင်.. မင်းက ဟိုဖက်တီးကို အတိုက်အခံလုပ်ထားတော့ သူက မင်းကို သေချာပေါက် ပြဿနာ လာရှာလိမ့်မယ်.. မင်း သတိထားရမယ်”

“ဒါပေမဲ့ မပူပါနဲ့.. နှင်းလေတောင်ကြောရိုးက လူတွေက တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်တာမျိုး မရှိကြဘူး.. အလွန်ဆုံး သူက မင်းကို ပြဿနာ လာရှာပြီး အော်ငေါက်ရုံပဲ… အဲဒါကို ဒီတိုင်းသာ သည်းခံလိုက်… သူနဲ့ ဖက်ပြိုင်ပြီး ရန်သွားဖြစ်မနေနဲ့”

ဆူဇီမိုက ပြန်မဖြေဘဲ ပြုံးရုံသာ ပြုံးနေ၏။

လူအိုကြီးယန်သည် သူ၏ သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းစာလိပ်နှစ်ခုကို ထုတ်ယူ၍ သူ၏ နဖူးပေါ်မှာ ခဏမျှ တင်ပြီးနောက် ဆူဇီမိုကို ကမ်းပေးလိုက်လေသည်။

“ဒါတွေက အထက်ဘုံရဲ့ သာမန်အင်မော်တယ် ပညာရပ်နှစ်ခုပဲ.. သူတို့ကို တိမ်စိုင်မိုးနည်းစနစ်နဲ့ ဒေသပေါက်ပင်အတတ်လို့ ခေါ်တယ်.. အဲဒါတွေကို ယူထားပြီး တတ်နိုင်သမျှ မြန်မြန်နားလည်အောင်လုပ်”

ဆူဇီမိုသည် ကျောက်စိမ်းစာလိပ်နှစ်ခုကို လက်ခံယူပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ရှုလိုက်၏။

ကျောက်စိမ်းစာလိပ်ထဲမှာ တကယ်ပင် ကျင့်ကြံရေး နည်းစနစ်နှစ်ခု ရှိနေ၏။ ဆူဇီမို၏ အတွေ့အကြုံအရ.. သူသည် တစ်ချက်ကြည့်ပြီးနောက် အဲဒါကို အကြမ်းဖျဉ်းနားလည်သွားလေသည်။

တိမ်စိုင်မိုးနည်းစနစ်သည် စိတ်ဝိညာဉ်စိုက်ခင်းများကို ရေပေးရန်အတွက် တိမ်စိုင်များကို ဖန်တီးပြီး မိုးရွာသွန်းစေရသော နည်းစနစ်တစ်ခု ဖြစ်၏။

ဒေသပေါက်ပင်အတတ်က ပို၍ပင် ရိုးရှင်းလေသည်။ စိတ်ဝိညာဉ်စိုက်ခင်းထဲရှိ ပေါင်းပင်များကို ဖယ်ရှားရှင်းလင်းပြီး ထိုပေါင်းပင်များ၏ အဆီအနှစ်ကို အသုံးချကာ အင်မော်တယ်ဆေးပင်များကို အားဖြည့်ပေးရန်အတွက် အဲဒါကို အသုံးပြုရလေသည်။

“တိမ်စိုင်မိုးနည်းစနစ်နဲ့ ဒေသပေါက်ပင်အတတ်က အထက်ဘုံရဲ့ ပညာရပ်တွေဆိုပေမဲ့.. အဲဒါတွေက အောက်ဘုံလောကက ဓမ္မပညာရပ်တွေနဲ့ အတော်လေး ဆင်တူတယ်”

လူအိုကြီးယန်က ပြောလိုက်၏။

“ငါတို့အနေနဲ့ အဲဒီ အင်မော်တယ်ပညာရပ်နှစ်ခုကို ကျင့်ကြံဖို့က ဘာမှမခက်ဘူး.. အရင်တုန်းက ငါက တစ်နှစ်လောက်ပဲ ကျင့်ကြံ​ပြီး အဲဒီပညာရပ်နှစ်ခုလုံးကို တတ်ကျွမ်းသွားတယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ထိုအင်မော်တယ်ပညာရပ်နှစ်ခုသည် အလွန်တရာ အပေါ်ယံဆန်ပြီး သူတို့ အပြန်အလှန် စကားပြောဆိုနေစဉ်အတွင်းမှာပင် ဆူဇီမိုက အတော်များများကို နားလည်မိသွားပြီဖြစ်၏။

“တကယ်တော့ စိတ်ဝိညာဉ်စိုက်ခင်း ၁၃မူကို စိုက်ပျိုးပေးဖို့က သိပ်ပြီး ခဲယဉ်းတဲ့ ကိစ္စမဟုတ်ဘူး”

လူအိုကြီးယန်က ပြောလိုက်၏။

“ရှင်းရှင်းပြောရရင် ငါတို့က ရေလောင်းပေါင်းသင်ပြီး သူတို့ ရင့်မှည့်လာမယ့်အချိန်ထိ စောင့်ရှောက်ပေးနေရုံပဲ”

“အဲဒီ အင်မော်တယ်ဆေးပင်နှစ်မျိုး ရင့်မှည့်ဖို့က အချိန်ဘယ်လောက်ယူရလဲ”

ဆူဇီမိုက မေးလိုက်၏။

လူအိုကြီးယန်က သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်၏။

“နှစ်တစ်ရာပေါ့”

“ဘာဖြစ်တယ်”

ဆူဇီမိုက တုန်လှုပ်သွား၏။

အင်မော်တယ်ဆေးပင်နှစ်မျိုးသည် ရင့်မှည့်ဖို့အတွက် နှစ်တစ်ရာ အချိန်ယူရမည်ဖြစ်၏။

အထက်ဘုံမှာ ကျင့်ကြံခြင်းအချိန်သည် နှစ်တစ်ထောင်လောက်ကို အသာကလေး ကုန်ဆုံးတတ်လေသည်။

အဆင့်မြင့် အင်မော်တယ်အချို့အနေဖြင့် နှစ်ပေါင်းသောင်းချီ ကြာအောင် တံခါးပိတ်ကျင့်ကြံတတ်ကြသည်မှာ ပုံမှန်သာ ဖြစ်လေသည်။

လူအိုကြီးယန်က ခါးသက်စွာ ပြုံးလိုက်၏။

“အဲဒါနဲ့ ပတ်သက်ပြီး ငါတို့ တတ်နိုင်တာ ဘာမှမရှိဘူး.. နဂါးအသူရာချောက်နက်ကြယ်မှာ ကောင်းကင်နဲ့မြေကြီး အမြုတေချီက ပါးလွှာတဲ့အတွက် အင်မော်တယ်ဆေးပင်တွေက ဖြည်းဖြည်းချင်းပဲ ရှင်သန်ကြီးထွားနိုင်တယ်… အစိမ်းရောင်တိမ်စိုင် တိုင်းပြည်မှာဆိုရင်တော့ ကောင်းကင်နဲ့မြေကြီး အမြုတေချီက ကြွယ်ဝတဲ့အတွက် အဲဒီမှာ ရှိတဲ့ အင်မော်တယ်ဆေးပင်တွေက ပိုပြီး မြန်မြန်ဆန်ဆန် ရင့်မှည့်တယ်လို့ ငါကြားမိတယ်”

ဆူဇီမိုက အသံတိတ်သွား၏။

လူအိုကြီးယန်သည် အထက်ဘုံသို့ တက်လှမ်း၍ နှစ်ပေါင်းတစ်သောင်းကြာပြီးနောက် မဟူရာအင်မော်တယ်၏ အဆင့်တစ်မှာသာ ရှိနေသေးသည်မှာ မထူးဆန်းတော့ပေ။

အခြားသော သူများထဲ အများစုကလည်း အဆင့်တစ် သို့မဟုတ် အဆင့်နှစ်မှာသာ ရှိကြလေသည်။

နဂါးအသူရာချောက်နက်ကြယ်၏ ကောင်းကင်နဲ့မြေကြီး အမြုတေချီသည် အစကတည်းက ပါးလွှာလေသည်။ အင်မော်တယ်ဆေးပင်များက ဖြည်းဖြည်းချင်းသာ ကြီးထွားပြီး ကျင့်ကြံရေး ရင်းမြစ်များကလည်း ရှားပါးသည့်အတွက် သူတို့၏ ကျင့်ကြံမှု အလျင်အဟုန်က တိုးမြင့်မလာတော့သည်မှာ သဘာဝကျလေသည်။

လူအိုကြီးယန်က ခဏမျှ တွေးတောပြီး ဆက်ပြောလိုက်၏။

“တကယ်တော့ အင်မော်တယ်ဆေးပင်တွေ ရင့်မှည့်လာတော့မယ့်အချိန်မှာ ငါတို့က ဂရုစိုက်ဖို့လိုတယ်.. တခြားသက်ရှိတွေ ဒါမှမဟုတ် သူခိုးဓားပြတွေက အဲဒါကို လာလုယူမှာ ခွင့်ပြုပေးလို့ မရဘူး”

“တခြားသက်ရှိတွေလား”

ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

လူအိုကြီးယန်က ပြောလိုက်လေသည်။

“နဂါးအသူရာချောက်နက်ကြယ်မှာ ရှိတဲ့ လူအများစုက လူသားတွေပါပဲ.. တကယ်တော့ အဲဒီမှာ တက်လှမ်းလာတဲ့ တခြားသတ္တဝါအချို့လည်း ရှိတယ်.. ဒါပေမဲ့ သူတို့က အနည်းအကျဉ်းပါပဲ.. ဘာမှ စိုးရိမ်နေစရာ မလိုဘူး”

“အစောင့်တွေက နှင်းလေတောင်ကြောရိုးကို နေ့နေ့ညည ကင်းလှည့်နေကြလိမ့်မယ်… ကျူးကျော်လာတဲ့လူ တစ်ယောက်ယောက်ကို တွေ့မယ်ဆိုရင် မင်းလုပ်ရမှာက အော်ပြောဖို့ပဲ.. နှင်းလေတောင်ကြောရိုးရဲ့ ခွန်အားနဲ့ဆို ငါတို့က အားနည်းတဲ့ သူခိုးဓားပြတချို့ကို အလွယ်တကူ မောင်းထုတ်ပစ်နိုင်တယ်”

“ငါ အပြင်ကို ထွက်လာတာ နည်းနည်းကြာသွားပြီ.. ငါ့ရဲ့ စိတ်ဝိညာဉ်စိုက်ခင်းကို သွားပြန်ကြည့်လိုက်ဦးမယ်”

လူအိုကြီးယန်က အရှေ့ဘက်အရပ်ကို လက်ညိုးထိုးပြလိုက်၏။

“ငါ့ရဲ့နေရာက မင်းနဲ့ သိပ်မဝေးဘူး.. မင်းမှာ ကိစ္စတစ်ခုခုရှိရင် ငါ့ကို အဲ့မှာ လာရှာလိုက်”

“ကောင်းပါပြီ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

လူအိုကြီးယန်ကို လိုက်ပို့ပြီးနောက် ဆူဇီမိုသည် သူ၏ အခန်းထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့၏။ သူသည် သူ့စိတ်ထဲရှိ မေးခွန်းပေါင်းများစွာနှင့်အတူ ဝါးခုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်လေသည်။

ခဏမျှ စဉ်းစားတွေးတောပြီးနောက်.. သူသည် သိုလှောင်အိတ်ထဲကနေ စတုရန်းကြေးမီးဖိုကို ထုတ်ယူကာ ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်၏။

ယခု သူသည် နဂါးအသူရာချောက်နက်ကြယ်၏ နှင်းလေတောင်ကြောရိုးသို့ ရောက်ရှိလာခဲ့ပြီး ယာယီအားဖြင့် ဤနေရာမှာ အထိုင်ကျသွားခဲ့လေပြီ။ သူသည် မဟူရာတွင်းနက်ထဲရှိ သူ၏ အတွေ့အကြုံကို ပြန်လည်စဉ်းစားမိသွားခဲ့လေသည်။

စတုရန်းကြေးမီးဖိုသည် ပညာရှင်တစ်ဦး၏ လက်နက်ကို ဝါးမျိုပြီးနောက် ၎င်း၏ နံရံတစ်ဘက်ကို ပြန်လည်ပြုပြင်လာနိုင်ခဲ့၏။

မီးဖို၏ အတွင်းဘက်နံရံမှာ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ရေးထိုးထားလေသည်။

အပြင်ဘက် နံရံပေါ်မှာတော့ အသက်ဝင်နေသော နတ်နဂါးတစ်ကောင်ကို ထွင်းထုထားလေသည်။ ၎င်းသည် တစ်ကိုယ်လုံး အစိမ်းရောင်ဖြစ်ပြီး သူ၏ ခေါင်းကို မော့ကာ သူ၏ ထက်ရှသော လက်သည်းများနှင့် သွားစွယ်များကို လှစ်ဟပြ၍ ရစ်ခွေနေလေသည်။

သို့သော်လည်း နတ်နဂါး၏ မျက်လုံးများကို မှိတ်ထားပြီး အဲဒါက သိပ်ပြီး အသက်မဝင်သည့်ပုံပေါ်နေ၏။

သူသည် မဟူရာတွင်းနက်ထဲကနေ မည်သို့ မည်ပုံ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့လဲ သေချာမသိရှိပေ။

သို့သော်လည်း သူ လွတ်မြောက်မလာခင်.. ကျယ်လောင်ရှင်းလင်းသော နဂါးဟိန်းသံကို ကြားခဲ့ရလေသည်။

“အဲဒါက စတုရန်းကြေးမီးဖိုက နတ်နဂါးနဲ့ ဆက်စပ်နေမလား”

ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

အတန်ကြာ စဉ်းစားတွေးတောပြီးနောက် သူက ဘာကိုမှ ရှာဖွေမဖော်ထုတ်နိုင်ပေ။

ဆူဇီမိုသည် သူ၏ နှလုံးသားထဲကနေ သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်ဖို့ ကြိုးစားကြည့်လိုက်၏။

သူသည် သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုကို ဝိုးတဝါး အာရုံခံမိနိုင်၏။ သို့သော်လည်း ထိုသူ့ထံမှ ပြန်ဖြေစကား ရှိမလာခဲ့ပေ။ သူသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို သန့်စင်မွမ်းမံနေပြီး စိတ်အာရုံပျက်ယွင်းမခံနိုင်တာ ဖြစ်နိုင်လေသည်။

ဤကိစ္စကို လောလောဆယ် ခဏဘေးဖယ်ထားပြီး ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို သိမ်းဆည်းကာ စတင်ကျင့်ကြံလိုက်၏။

သူသည် ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နဲ့မြေကြီး အမြုတေချီကို အာရုံခံပြီး သူ၏ ကျင့်ကြံမှုအဆင့်ကို ပြန်လည်ထိန်းသိမ်းရပေမည်။

သူ၏ ကျင့်ကြံမှုအဆင့်ကို အဆင့်လေး မဟူရာအင်မော်တယ်တစ်ယောက်အဖြစ် ပြန်လည်ထိန်းသိမ်းနိုင်သည်နှင့်.. သူသည် အနည်းဆုံးတော့ နှင်းလေတောင်ကြောရိုးမှာ သူ့ကိုယ်သူ ကာကွယ်လာနိုင်ပေလိမ့်မည်။

သိပ်မကြာခင် ညကို ရောက်ရှိလာခဲ့၏။

စိတ်ဝိညာဉ်စိုက်ခင်းထဲမှာ ဖားများနှင့် ပုရစ်များ၏ တစီစီအော်သံကို မကြာခဏ ကြားရတတ်လေသည်။

ထိုအသံများက လွဲလျှင် ညက တိတ်ဆိတ်ငြိမ်သက်နေ၏။

မနက်ခင်းမှာ ဆူဇီမိုသည် သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်ပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

သူ၏ မျက်လုံးထဲကနေ တဖျပ်ဖျပ် တလက်လက် အလင်းနှစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီးနောက် အလျင်အမြန် ပျောက်ကွယ်သွား၏။

အဆင့်နှစ် မဟူရာအမြုတေနယ်ပယ်…

တစ်ညတာမျှနှင့် ဆူဇီမို၏ ကျင့်ကြံမှုသည် အဆင့်နှစ် မဟူရာအင်မော်တယ်တစ်ယောက်အဖြစ်ကို ပြန်လည်ထိန်းသိမ်းလာနိုင်ခဲ့လေပြီ။

ထိုအလျင်အဟုန်အရ.. သူ့အနေဖြင့် အဆင့်လေး မဟူရာအင်မော်တယ်တစ်ယောက်​ဖြစ်လာဖို့ သိပ်ကြာလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ကာ ပတ်ဝန်းကျင်ရှိ ကောင်းကင်နဲ့မြေကြီး အမြုတေချီကို ဆက်လက်စုပ်ယူသန့်စင်နေ၏။

ထိုစဉ်မှာပင် သူ၏ နားနှစ်ဖက်က လှုပ်သွားပြီး ခြေသံများကို ကြားလိုက်ရ၏။

ထိုခြေသံသည် အတော်လေး သိပ်သည်းလေးလံပြီး သူ၏ ကောက်ရိုးတဲဆီသို့ တန်းတန်းမတ်မတ် လာနေလေသည်။ အဲဒါသည် မနေ့က လူအိုကြီးယန်၏ ခြေသံမဟုတ်သည်မှာ သိသာလေသည်။

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

ဘုန်း…

အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။

တံခါးသည် ပြင်းထန်စွာ ကန်ဖွင့်ခံလိုက်ရ​ပြီး မျက်နှာဝိုင်းဝိုင်းနှင့် လူဝကြီးတစ်ယောက်က ဝင်ပေါက်ဝမှာ မတ်တတ်ရပ်လိုက်လေသည်။ သူက ဆူဇီမိုကို စိမ်းသက်သော အမူအရာဖြင့် စိုက်ကြည့်လိုက်၏။ အဲဒါက သွမ့်ထျန်လန် ဖြစ်လေသည်။

တစ်ညမျှကြာသွားရုံနှင့် သွမ့်ထျန်လန်သည် အဲဒါကို ဆက်လက်၍ သည်းမခံနိုင်တော့သည့်ပုံပင်။

“ဟေး တောသားလူနုံ..”

သွမ့်ထျန်လန်က သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး အော်ငေါက်လိုက်၏။

“အဲဒီမှာ သေချင်ယောင်ဆောင်မနေနဲ့.. မြန်မြန်ထပြီး စိတ်ဝိညာဉ်စိုက်ခင်း ၁၃ခုမှာ အင်မော်တယ်ဆေးပင်တွေကို စိုက်ပျိုးဖို့ လုပ်တော့”

“ဒါတွေက အင်မော်တယ်ဆေးပင်နှစ်မျိုးရဲ့ မျိုးစေ့တွေပဲ.. မြန်မြန်သွားတော့.. လေးကန်မနေနဲ့”

ထိုသို့ပြောရင်း သွမ့်ထျန်လန်က သိုလှောင်အိတ်တစ်အိတ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချပေးလိုက်၏။

ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ဖွင့်ပြီး သွမ့်ထျန်လန်ကို တိတ်တဆိတ် ကြည့်လိုက်လေသည်။ သူ၏ မျက်လုံးများက နက်ရှိုင်း၍ တောက်ပနေသော်လည်း သူက မည်သည့်စကားကိုမှ မဆိုပေ။

ဘာကြောင့်ရယ်မသိ.. သွမ့်ထျန်လန်သည် ထိုမျက်လုံးများနှင့် စိုက်ကြည့်ခြင်း ခံရသောအခါ ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာသည်ဟု ခံစားလိုက်ရ၏။

သူသည် ယခုမှ တက်လှမ်းလာသော တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ အလွန်တရာ ကြောက်စရာကောင်း၍ စွမ်းအားကြီးမားသော တည်ရှိမှုတစ်ခုနှင့် ရင်ဆိုင်နေရသည့်အလားပင်။

သွမ့်ထျန်လန်သည် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး သူ၏ ထင်ယောင်ထင်မှား ခံစားချက်ကို ဖယ်ရှားပစ်ချင်သည့်အလား သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

တကယ်တော့ အဲဒါသည် သွမ့်ထျန်လန်၏ စိတ်ကူးစိတ်သန်း မဟုတ်ပေ။

ယခုအချိန်မှာ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်သည် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်နှင့် နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်ကို ပေါင်းစည်းထားခြင်း ဖြစ်လေသည်။

အဲဒါသည် တကယ့်ကို ကြောက်စရာကောင်းသော တဗူးသက်ရှိဖြစ်လေသည်။

အဲဒါသည် သွမ့်ထျန်လန် မဟုတ်ဘဲ အခြားသော မျိုးနွယ်မှ စွမ်းအားကြီးမားသော သက်ရှိများဆိုလျှင်တောင် သူတို့သည် ဆူဇီမို၏ အကြည့်နှင့် ရင်ဆိုင်ရချိန်မှာ ရင်တထိတ်ထိတ် ခံစားရပေလိမ့်မည်။

All Chapters