တန်တစ်ထောင် သံလုံး
Vol. 120 Ch. 1796
သူ့ရင်ထဲရှိ မအီမသာ ခံစားချက်ကို ဖိနှိမ်ပြီးနောက် သွမ့်ထျန်လန်က ခပ်စိမ်းစိမ်း ပြန်စိုက်ကြည့်ကာ အံကိုကြိတ်၍ ပြောလိုက်၏။
“ချီးပဲ.. မင်း ငါ့ကို ဘာလာကြည့်နေတာလဲ… မင်းကို အပင်သွားစိုက်ဖို့ ငါပြောနေတယ်မလား.. ငါပြောတာ မကြားဘူးလား”
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး မှင်သေသေဖြင့် ပြောလိုက်လေသည်။
“ငါမသွားချင်ဘူးဆိုရင်ရော..”
သူသည် နှင်းလေတောင်ကြောရိုးမှာ လောလောဆယ် နေထိုင်ဖို့ စိတ်ကူးထားသော်လည်း သူက အပင်များကို စိုက်ပျိုးဖို့ စိတ်ကူးမရှိပေ။ အနည်းဆုံးတော့ ယခုအချိန်မှာ သူသည် သူ၏ ကျင့်ကြံမှုကို တတ်နိုင်သမျှမြန်မြန် ပြန်လည်ထိန်းသိမ်းရယူချင်လေသည်။
“မင်းမလုပ်ချင်ဘူးဆိုရင်တောင် အဲဒါကို လုပ်ရမှာပဲ”
သွမ့်ထျန်လန်၏ အမူအရာက ညိုမည်းလာပြီး သူက အေးစက်စွာ ပြောလိုက်၏။
“ဒီနေရာမှာ ငါက ခေါင်းဆောင်ပဲ.. အဲဒါကို မင်းသဘောနဲ့မင်း ဆုံးဖြတ်လို့ မရဘူး”
ဆူဇီမိုက ပြန်ဖြေခြင်း မရှိဘဲ သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို စေညွှန်လိုက်၏။
တံခါးက ကျွီခနဲ မြည်ပြီး ဖြည်းဖြည်းချင်း ပိတ်သွားလေသည်။
ဘာကြောင့်ရယ်မသိ.. သွမ့်ထျန်လန်သည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာသည်ဟု ခံစားလိုက်ရ၏။
“မင်း ဘာလုပ်နေတာလဲ”
သွမ့်ထျန်လန်က အော်ငေါက်လိုက်၏။
ဆူဇီမိုက အသံတိတ်နေလေသည်။
ကောက်ရိုးတဲအတွင်းရှိ လေထုက ထူးဆန်း၍ တင်းကျပ်လာခဲ့၏။
“ငါ့ရှေ့မှာ လာပြီး ယီးတီးယားတား လုပ်မနေနဲ့.. မင်းက စည်းကမ်းမလိုက်နာဘူးဆိုမှတော့ ငါ မင်းကို သင်ခန်းစာတစ်ခု ပေးရတော့မှာပေါ့”
နောက်ဆုံးမှာတော့ သွမ့်ထျန်လန်သည် ဆက်လက်၍ သည်းမခံနိုင်တော့ပေ။ သူက ရှေ့သို့ တက်လှမ်းပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ ဆူဇီမို၏ မျက်နှာကို ရိုက်ချလိုက်၏။
ရွှစ်..
သွမ့်ထျန်လန် လှုပ်ရှားလိုက်သည့် ခဏမှာပင်.. သူ၏ အမြင်အာရုံက ဝေဝါးသွားပြီး အစိမ်းရောင် အရိပ်တစ်ခု ဖျတ်ခနဲလက်သွားသည်ဟု ခံစားလိုက်ရ၏။
သူ မတုံ့ပြန်နိုင်ခင်မှာပင်.. သူ၏ ဝဖိုင့်သော ခန္ဓာကိုယ်က လေထဲသို့ မြောက်တက်သွားလေသည်။
နောက်ခဏမှာ သူသည် အလွန်တရာ နာကျင်ရသော မွန်းကျပ်ဖွယ်ရာ ခံစားချက်တစ်ခုကို ရရှိလိုက်၏။
မသိလိုက် မသိဘာသာနှင့်ပင်.. ဆူဇီမိုသည် ခုတင်ပေါ်ကနေ ခုန်ဆင်း၍ သူ၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ ဆူဇီမိုသည် သူ၏ လည်ပင်းကို ဖမ်းဆုပ်ပြီး မြေပြင်နှင့် လွတ်အောင် မ,တင်လိုက်လေသည်။
သွမ့်ထျန်လန်၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွားပြီး သူ၏ မျက်နှာက ထိတ်လန့်တကြားဖြင့် နီမြန်းသွား၏။
ဆူဇီမို၏ လက်ဖဝါးဖြင့် ဖမ်းဆုပ်ထားခြင်းမှာ သူသည် မည်သည့်ခွန်အားကိုမှ စိုက်ထုတ်၍ မရတော့ပေ။
သူ၏လည်ပင်းကို ဖမ်းဆုပ်ထားသည်က လက်တစ်ဖက် မဟုတ်ဘဲ အေးစက်မာကြောနေသော သံမဏိချိတ်ကွင်းတစ်ကွင်းဖြစ်သည်ဟု ခံစားရလေသည်။
သံမဏိချိတ်ကွင်းကို အနည်းငယ် တင်းကျပ်လိုက်သည်နှင့်အမျှ သူ၏လည်ပင်းက ကျိုးကြေသွားပေလိမ့်မည်။
“အဲဒါ ဘယ်လိုဖြစ်ရတာလဲ”
သွမ့်ထျန်လန်က ထိတ်ထိတ်ပျာပျာဖြစ်သွား၏။
အခုမှ တက်လှမ်းလာတဲ့ ဒီအဆင့်တစ် မဟူရာအင်မော်တယ်က ဒီလိုမျိုးခွန်အားကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နေရတာလဲ။
မဟုတ်သေးဘူး.. ။ သူက အဆင့်တစ် မဟူရာအင်မော်တယ်တစ်ယောက် မဟုတ်ဘူး။
သွမ့်ထျန်လန်သည် သူ၏ စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ ဆူဇီမိုကို အလိုလိုစစ်ဆေးအကဲခတ်လိုက်၏။
အဆင့်နှစ် မဟူရာအင်မော်တယ်…
ဤတစ်ခေါက်မှာတော့ သွမ့်ထျန်လန်က တုန်လှုပ်သွားလေသည်။
နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ပါးလွှာသော ကောင်းကင်နှင့်မြေကြီး အမြုတေချီနှင့် ကျင့်ကြံရေး အရင်းအမြစ်များ၏ ရှားပါးမှုကြောင့် ကျင့်ကြံမှုနယ်ပယ်တစ်ခုကို မြှင့်တင်ဖို့က အင်မတန် ခက်ခဲလေသည်။
နှင်းလေတောင်ကြောရိုးမှာ တစ်ယောက်ယောက်သည် အဆင့်ချိုးဖျက်တက်လှမ်းသွားပါက ထိုသတင်းသည် နေရာတစ်ခုလုံးကို ပျံ့နှံ့သွားပေလိမ့်မည်။
ဆူဇီမိုသည် မနေ့ကမှ တက်လှမ်းလာခဲ့ပြီး ဤနေရာသို့ သူရောက်ရှိလာသည်မှာ တစ်ညသာ ကြာသေးလေသည်။
ဆူဇီမိုသည် အဆင့်နှစ် မဟူရာအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းသွားလိမ့်မည်ဟု သွမ့်ထျန်လန်က လုံးဝ ထင်မှတ်မထားခဲ့ပေ။
ယခု အသက်အန္တရာယ်ရှိသော အခြေအနေဖြင့် ဆူဇီမို၏ လက်ထဲသို့ ကျဆင်းသွားသောအခါမှသာ သူက အဲဒါကို နားလည်သိရှိလိုက်၏။ သူက တုန်လှုပ်လာခဲ့လေသည်။
သူသည် ဆူဇီမို၏ ကျင့်ကြံမှုက ညတွင်းချင်း အဆင့်တစ်ခုကို ဘယ်လိုလုပ် ခုန်ပေါက်တက်သွားသလဲ စဉ်းစားတွေးတောနေလိုစိတ် မရှိတော့ပေ။
ယခုအချိန်တွင် သူ့စိတ်ထဲတွင် ရှိနေသည့် တစ်ခုတည်းသောအရာမှာ အသက်ရှင်သန်ဖို့သာ ဖြစ်လေသည်။
“မင်း.. မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
သွမ့်ထျန်လန်က သူ၏ ခြေကို ယက်ကန်ပြီး ခက်ခက်ခဲခဲဖြင့် မေးလိုက်၏။
“ငါ လောလောဆယ်မှာ အေးအေးဆေးဆေး ကျင့်ကြံချင်တယ်.. ငါ့ကိုလာပြီး မနှောင့်ယှက်နဲ့”
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
“အပြင်ဘက်က စိတ်ဝိညာဉ်စိုက်ခင်းကိုတော့ ငါ့အစား မင်း ငါ့ကို ကူစိုက်ပေး.. ဘယ်လိုလဲ”
“ရတာပေါ့.. ရတာပေါ့.. အဲဒါကို ကျုပ်လုပ်လိုက်မယ်”
သွမ့်ထျန်လန်က တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ချက်ချင်းပင် သဘောတူလိုက်၏။
သူ့ရှေ့မှ လူက သူ၏ လည်ပင်းကို ချိုးခြေလိုက်မည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်က လုံးဝကို ပျက်စီးသွားပေလိမ့်မည်။
သူ၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပြေးလွတ်မြောက်နိုင်မည်ဆိုလျှင်တောင် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေး သူ့မှာ မရှိပေ။
“ဟုတ်ပြီလေ”
ဆူဇီမိုက သူ၏ လက်ကို ဖြေလျှော့ပြီး သွမ့်ထျန်လန်ကို လွှတ်ချပေးလိုက်၏။
သွမ့်ထျန်လန်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဒယီးဒယိုင် ဆုတ်သွားပြီး ပိတ်ထားသော တံခါးကို မှီကာ သူ၏ ရင်ဘတ်ကို လက်ဖြင့်အုပ်၍ သည်းထန်စွာ မောဟိုက်နေ၏။
သူသည် ပြန်လည်အားယူနေသည်ဟု ထင်ရသော်လည်း တကယ်တော့ သူ၏ မျက်ဝန်းထောင့်ကနေ ဆူဇီမိုကို ခိုးကြည့်နေလေသည်။
နှင်းလေတောင်ကြောရိုး၏ ရိက္ခာမှူးတစ်ယောက်နှင့် အဆင့်-၂ မဟူရာအင်မော်တယ်တစ်ယောက်အနေဖြင့် သူက ဘယ်လိုလုပ်ပြီး အခြားသူတစ်ယောက်၏ အလွယ်တကူ ထိန်းချုပ်ခြင်းကို ခံလိုက်ရတာလဲ။
ဒါ့အပြင် အဲဒါသည် မကြာသေးခင်ကမှ တက်လှမ်းလာသည့် လူတစ်ယောက်ဖြစ်နေ၏။
“ငါ စောစောက တော်တော်နမော်နမဲ့နိုင်ခဲ့တာပဲ.. ဒီကောင်လေးမှာလည်း အဆင့်-၂ မဟူရာအင်မော်တယ်တစ်ယောက်ရဲ့ ခွန်အားရှိနေတယ်ဆိုတော့”
သွမ့်ထျန်လန်သည် သုန်မှုန်နေသော အမူအရာနှင့်အတူ သူ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး သူ့ဘာသာသူ စဉ်းစားတွေးတောနေ၏။
“ငါ့ရဲ့ မဟူရာအဆင့် ဓမ္မရတနာကို ထုတ်သုံးမယ်ဆိုရင် ငါက ဒီကောင်လေးကို သေချာပေါက် ဖိနှိမ်နိုင်လိမ့်မယ်”
“ဒီကောင်လေးက အခုမှ တက်လှမ်းလာတာ.. သူ့မှာ အောက်ဘုံက သတ္တုပျက်တွေပဲ ရှိလိမ့်မယ်.. သူ့မှာ မဟူရာအဆင့် ဓမ္မရတနာတစ်ခု ဘယ်လိုမှ ရှိစရာ အကြောင်းမရှိဘူး”
“ငါက ဒီကောင်လေးကို ဒီနေ့ မဖိနှိမ်နိုင်ဘူးဆိုရင် နောက်နေ့ကျရင် သူက ငါ့ဂုတ်ကို ခွစီးလိမ့်မယ်.. အဲဒီအချိန်ကျရင် ငါ့မျက်နှာကို ဘယ်နားသွားထားရမှာလဲ.. ငါက နှင်းလေတောင်ကြောရိုးမှာ ဘယ်လိုရှင်သန်နေထိုင်ရတော့မှာလဲ”
ထိုသို့အတွေးဖြင့် သွမ့်ထျန်လန်က ဆုံးဖြတ်ချက်ချလိုက်၏။
သွမ့်ထျန်လန်သည် သူ၏ ခေါင်းကို ငုံ့၍ စဉ်းစားတွေးတောနေစဉ် ဆူဇီမိုက မည်သည့်စကားမှ မဆိုဘဲ ပြုံးစစဖြင့်သာ သူ့ကို ကြည့်နေ၏။
နောက်ဆုံးမှာတော့ သွမ့်ထျန်လန်သည် သူ၏ ခေါင်းကို မော့ပြီး ပြူးကျယ်သော မျက်လုံးများနှင့်အတူ အော်ဟစ်လိုက်လေသည်။
“ကောင်လေး.. ဒီနေ့ အင်မော်တယ်တွေရဲ့ အစွမ်းအစက ဘာလဲဆိုတာ မင်းကို ပြပေးမယ်”
သွမ့်ထျန်လန်သည် သူ၏ သိုလှောင်အိတ်ကို လက်ဖြင့်ပုတ်ပြီး မျက်နှာတစ်ခုအရွယ် အနက်ရောင် အုတ်ခဲတစ်လုံးကို ဆွဲထုတ်လိုက်၏။
သူသည် သူ၏ အမြုတေချီကို လှည့်ပတ်လိုက်ပြီး အနက်ရောင် အုတ်ခဲပေါ်တွင် အင်းကွက်တစ်ခုက တောက်ပလာခဲ့၏။ သူ၏အော်ရာက ထိုးတက်လာပြီး အင်မော်တယ်အလင်းက သူ့ကို ရစ်ပတ်ကာ ထူးခြားဆန်းပြားသည့်ပုံပေါ်နေ၏။
“သွား”
သွမ့်ထျန်လန်က အနက်ရောင် အုတ်ခဲကို လေထဲသို့ ပစ်ထုတ်ပြီး ဆူဇီမို ရှိရာသို့ စေညွှန်လိုက်၏။
အနက်ရောင် အုတ်ခဲသည် ဆူဇီမို၏ ပခုံးပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာလေသည်။
နှင်းလေတောင်ကြောရိုးရှိ ကျင့်ကြံသူများက မည်သည့်အဆင့်အတန်းမှာ ရှိနေပါစေ.. သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွယ်တကူ မသတ်ဖြတ်တတ်ကြပေ။
သွမ့်ထျန်လန်ကလည်း တစ်ဖက်လူကို သတ်ဖြတ်ရဲခြင်း မရှိပေ။
ဒါ့အပြင် သူသည် ဆူဇီမိုကို မှတ်လောက်သားလောက်ဖြစ်အောင် ပြုလုပ်ချင်ရုံသာ ဖြစ်လေသည်။
ဆူဇီမိုက မလှုပ်မယှက် ငြိမ်သက်နေပြီး ဆင်းသက်လာသော အနက်ရောင် အုတ်ခဲကို တည်ငြိမ်စွာ ကြည့်နေ၏။
“ဒါက တန်တစ်ထောင်အုတ်ခဲပဲ.. မင်းရဲ့ ခန္ဓာကိုယ်က သန်မာပါပေတယ်.. ဒါပေမဲ့ မင်းဘယ်လောက်ပဲ သန်မာသန်မာ.. ငါ့ရဲ့ မဟူရာအဆင့် ဓမ္မရတနာကို ဘယ်လိုယှဉ်နိုင်မှာလဲ”
ဆူဇီမိုသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပုံရသည်ကို တွေ့မြင်သောအခါ သူက အူမြူးအားရစွာ ရယ်မောလိုက်၏။
“တောသားလူနုံ.. ငါ့အုတ်ခဲကို မင်းမြည်းကြည့်လိုက်ဦး”
အဲဒီနောက် ထွက်ပေါ်လာသော မြင်ကွင်းက သူ့မျက်နှာပေါ်ရှိ အပြုံးကို ချက်ချင်းပင် အေးခဲတောင့်တင်းသွားစေ၏။
ရုတ်တရက် ဆူဇီမိုသည် သူ၏လက်ကို ဆန့်ထုတ်ပြီး အနက်ရောင်အလင်းဖြင့် လွှမ်းခြုံနေသည့် ကြမ်းကြုတ်ခက်ထန်သော တန်တစ်ထောင် အုတ်ခဲကို ဖမ်းဆွဲလိုက်လေသည်။ သူက အဲဒါကို လက်ဖဝါးထဲမှာ ဆုပ်ကိုင်ပြီး ဘယ်ညာ စစ်ဆေးကြည့်ရှုနေ၏။
“အား..”
သွမ့်ထျန်လန်က မှင်တက်သွားပြီး သူ၏ အပြုံးက ပျောက်ကွယ်သွား၏။
ထို့နောက် ချက်ချင်း.. သွမ့်ထျန်လန်သည် နောက်ထပ်တွေ့မြင်ရသော မြင်ကွင်းမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့လေသည်။
“မင်းမှာရှိတဲ့ အင်မော်တယ်နည်းလမ်းတွေက ဒါအကုန်ပဲလား”
ဆူဇီမိုသည် တန်တစ်ထောင် အုတ်ခဲကို ဆုပ်ကိုင်ပြီး သူ၏လက်ထဲမှာ ချိန်ဆကြည့်နေ၏။ သူသည် တန်တစ်ထောင် အုတ်ခဲ၏ ဘေးနှစ်ဖက်ကို သာမန်ကာလျှံကာ ဆုပ်ကိုင်ပြီး စတင်ပွတ်သပ်လိုက်၏။
တစ်ခဏချင်းမှာပင် လေးထောင့်စပ်စပ် တန်တစ်ထောင် အုတ်ခဲသည် အနက်ရောင် သံလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားလေသည်။
သွမ့်ထျန်လန်၏ မျက်လုံးနှစ်ဖက်က ကျွတ်ထွက်တော့မည်ပင်။
အထက်ဘုံမှာ မဟူရာအင်မော်တယ်၊ ကမ္ဘာမြေအင်မော်တယ်နှင့် ကောင်းကင်အင်မော်တယ်များ ရှိပြီး ဓမ္မရတနာများကိုလည်း မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်ဟူ၍ အဆင့်သုံးဆင့် ခွဲထားလေသည်။
အဆင့်တစ်ဆင့်ချင်းစီက သိသာထင်ရှားစွာ ကွာခြားသွားလေသည်။
အောက်ဘုံမှာနှင့် ဆင်တူစွာ အဲဒါကို နိမ့်ကျ၊ အလယ်အလတ်၊ သာလွန်၊ ထိပ်တန်း၊ ပကတိနှင့် မူလအဆင့်များဟူ၍ ခွဲခြားထားလေသည်။
သွမ့်ထျန်လန်၏ တန်တစ်ထောင် အုတ်ခဲသည် နိမ့်ကျမဟူရာအဆင့်မှာသာ ရှိသော်လည်း သူသည် အဲဒါကို သူ၏ နှစ်နှစ်သောင်းစာ စုဆောင်းမှုများဖြင့် ဖလှယ်ရယူခဲ့ရလေသည်။
နှင်းလေတောင်ကြောရိုး၏ ရိက္ခာမှူးများစွာမှာ နိမ့်ကျမဟူရာအဆင့် ဓမ္မရတနာများပင် မရှိကြပေ။
သွမ့်ထျန်လန်သည် တန်တစ်ထောင်အုတ်ခဲကို ရတနာတစ်ခုအဖြစ် သဘောထားပြီး အဲဒါကို အလွယ်တကူ ထုတ်ဖော်ပြလေ့ မရှိပေ။ သူ အဲဒါကို ဖလှယ်ရယူခဲ့စဉ်က များစွာသော လူများက သူ့ကို အားကျခဲ့ရ၏။ သို့သော် ယခု တန်တစ်ထောင်အုတ်ခဲက သွားရှာပြီဖြစ်ပြီး အဲဒီမှာ နက်မှောင်နေသော သံလုံးတစ်လုံးသာလျှင် ကျန်ရစ်တော့လေသည်။