ဆရာဆူ
Vol. 120 Ch. 1797
သူ၏ သွေးချီကို လှည့်ပတ်ခြင်းပင်မရှိဘဲ ဆူဇီမို၏ လက်ရှိအစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် နိမ့်ကျမဟူရာအဆင့် ဓမ္မရတနာများထက် များစွာပိုမိုသန်မာလေသည်။
သူ၏ လက်ထဲမှာ ထိုနိမ့်ကျမဟူရာအဆင့် ဓမ္မရတနာသည် အလွယ်တကူလုံးခြေပစ်နိုင်သည့် ရွှံ့ပျော့တစ်တုံးကဲ့သို့ ဖြစ်နေ၏။
ဆူဇီမိုသည် သူ့လက်ထဲရှိ အနက်ရောင်သံလုံးကိုချိန်ဆပြီး သွမ့်ထျန်လန်ကို ပြုံးစစဖြင့် ကြည့်နေ၏။
ဆူဇီမိုက ပြုံးပြနေလေသည်။
သို့သော်လည်း သွမ့်ထျန်လန်က ငိုတော့မည့်ဆဲဆဲ ဖြစ်၏။
ယခုမှတက်လှမ်းလာပြီး ဘာကိုမှမသိသေးသည့် ထိုတောသားလူနုံသည် ဤကဲ့သို့ ကြမ်းကြုတ်ခက်ထန်သော အကောင်တစ်ကောင်ဖြစ်နေလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
ထိုလူက သူ့ကိုသတ်ဖြတ်ချင်သည်ဆိုလျှင် အဲ့ဒါက ကြက်တစ်ကောင်ကို သတ်ဖြတ်ရသကဲ့သို့ ရိုးရှင်းနေပေလိမ့်မည်။
အဆင့်သုံး သို့မဟုတ် အဆင့်လေး မဟူရာအင်မော်တယ်များပင်လျှင် ယခုသူပြုလုပ်လိုက်သကဲ့သို့ ပြုလုပ်နိုင်သောခွန်အားကို ပိုင်ဆိုင်ချင်မှပိုင်ဆိုင်ပေလိမ့်မည်။
“ဆရာဆူ... ကျုပ်မှားပါတယ်”
သွမ့်ထျန်လန်က မြေပြင်ပေါ်မှာ ဒူးထောက်ပြီး ရှိခိုးဦးချလိုက်လေသည်။
လူတစ်ယောက်သည် ဘယ်ကမ္ဘာမှာနေနေ ကျင့်ကြံခြင်းလမ်းကြောင်းက ကောင်းကင်ဘုံကိုဖီဆန်ရပြီး အန္တရာယ်များဖြင့် ပြည့်နှက်နေ၏။
သူသည် ဤအဆင့်ထိကျင့်ကြံပြီး အထက်ဘုံသို့ တက်လှမ်းလာနိုင်သည်မှာ သူသည် အခြေအနေနှင့် လိုက်လျောညီထွေရှိအောင် နေတတ်သောကြောင့်ဖြစ်လေသည်။ သူ့အတွက်တော့ ဂုဏ်သိက္ခာသည် အပေါ်ယံပိုင်ဆိုင်မှုတစ်ခုမျှသာဖြစ်လေသည်။
သူ့အတွက် အသက်ရှင်သန်ဖို့ကသာ အရေးကြီးဆုံးအရာဖြစ်၏။
သူ၏ ဘဝမှာ သူသည် လူပေါင်းများစွာရှေ့မှာ ဒူးထောက်ခဲ့ဖူးပြီး လူပေါင်းများစွာ၏ နင်းခြေခြင်းကိုလည်း ခံခဲ့ရဖူးလေသည်။ သို့သော်လည်း နောက်ဆုံးမှာ သူကသာလျှင် ရယ်မောနိုင်သူဖြစ်ပြီး အထက်ဘုံသို့ တက်လှမ်းလာခဲ့လေသည်။
“ညီကိုဆူ... ခင်ဗျားရဲ့အစွမ်းအစတွေကို မမြင်ရလောက်အောင် ကျုပ်က ကန်းနေခဲ့တာပါ”
သွမ့်ထျန်လန်က သူ့ကိုယ်သူ ပြင်းထန်စွာ ထုရိုက်နေ၏။
“ကျုပ်က တကယ်ကို ကိုယ့်နေရာကို မသိတဲ့ကောင်ပဲ... ကျုပ်က ခင်ဗျားလိုမျိုး ပုဂ္ဂိုလ်ရှေ့မှာ ဘယ်လိုတောင်ကြွားဝါခဲ့မိပါလိမ့်”
“ခင်ဗျားက မိုးကောင်းကင်ထက်က တောက်ပဝင်းလက်နေတဲ့ ကြယ်တစ်စင်းပဲ... မဟုတ်သေးဘူး ခင်ဗျားက တောက်ပနေတဲ့ လပြည့်ဝန်းတစ်ခုပဲ ခင်ဗျားနဲ့ယှဥ်ရင် ကျုပ်က ပိုးစုန်းကြူးတစ်ကောင်ပါပဲ”
သွမ့်ထျန်လန်သည် ထိုကဲ့သို့သော စကားများကို ကြိမ်ဖန်များစွာ ပြောဆိုဖူးသည့်အလား အထူးတလည်စဥ်းစားနေစရာမလိုဘဲ ထိုမြှောက်လုံးပင့်လုံးများကို တတွတ်တွတ်ပြောဆိုလိုက်လေသည်။
ဆူဇီမိုက မှင်သေသေအမူအရာဖြင့် စိတ်ယိမ်းယိုင်သွားခြင်း မရှိပေ။
အထက်ဘုံသို့ တက်လှမ်းလာနိုင်သောမည်သူမဆို အောက်ဘုံလောကမှာတုန်းက အနှိုင်းမဲ့ပြိုင်စံရှားများဖြစ်ခဲ့ကြပေလိမ့်မည်။ သူတို့က ဘယ်လိုလုပ်အလွယ်တကူအညံ့ခံနိုင်ပါ့မလဲ။
ဆူဇီမို၏ အကြည့်က နက်ရှိုင်းနေပြီး အေးစက်စွာပြောလိုက်၏။
“မင်း... ငါနဲ့လာမရှုပ်တာကောင်းလိမ့်မယ် မဟုတ်ရင်တော့ ငါမင်းကို ဒီလိုမျိုးလုံးခြေပစ်လိုက်မယ်”
သူက သူ့လက်ထဲရှိအနက်ရောင်သံလုံးကို မြှောက်ပြလိုက်လေသည်။
သွမ့်ထျန်လန်က ကြောက်ရွံ့မှုဖြင့် ဆတ်ခနဲတုန်ယင်သွား၏။
အစကတော့ ဤနေရာက လွတ်မြောက်ခဲ့ပြီးလျှင် နောက်ထပ်ကြံစည်လှုပ်ရှားဖို့ သူက စဥ်းစားတွေးတောနေခဲ့၏။
သို့သော် ယခု... သွမ့်လန်ထန်သည် အမှန်တကယ်ပင် ကြောက်ရွံ့သွားခဲ့လေပြီ။
“ဆရာဆူ... ခင်ဗျားအဲ့လိုမနောက်ပါနဲ့... အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”
သွမ့်ထျန်လန်က အလောတကြီးပြောလိုက်၏။
“ဒီနေ့ကစပြီး ကျုပ်က ခင်ဗျားရဲ့ဦးဆောင်မှုနောက်ကိုလိုက်မယ်... ခင်ဗျားက အရှေ့အရပ်ကိုဦးတည်စေချင်ရင် ကျုပ်က သေချာပေါက်အနောက်ဘက်ကို ခေါင်းမလှည့်ဘူး”
“ဟုတ်ပြီလေ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“ဒါဆိုလည်း... အပြင်ဘက်က စိတ်ဝိညာဥ်စိုက်ခင်း ၁၃ မူကို ငါ့အတွက်ကူစိုက်ပေးဦး”
သွမ့်ထျန်လန်၏ အမူအရာက အေးခဲတောင့်တင်းသွားလေသည်။
သူသည် အဆင့်-၂ မဟူရာအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းပြီး ရိက္ခာမှူးတစ်ယောက်ဖြစ်ခဲ့စဥ်မှစ၍ သူက ကိုယ်တိုင်စိုက်ပျိုးရခြင်း မရှိတော့ပေ။
“ဘာလို့လဲ... မင်းစိတ်မပါဘူးလား”
ဆူဇီမိုက မျက်ခုံးပင့်၍ မေးလိုက်၏။
“ဘယ်ကသာ...”
သွမ့်ထျန်လန်က ဆတ်ခနဲတုန်ယင်သွားပြီး လွှတ်ခနဲပြောဆိုလိုက်၏။
“ကျုပ်က စိတ်ပါတာထက်တောင်ပိုသေးတယ်... စိုက်ပျိုးရေးဆိုတာ ကျုပ်နဲ့တစ်သားတည်းတောင်ကျနေပြီ... ဆရာဆူ ခင်ဗျားရဲ့ယုံကြည်မှုကို အခုလိုရရှိတာ ကျုပ်အတွက် တကယ့်ကိုဂုဏ်ယူစရာပဲ”
“ဒါဆိုလည်း အရေးကြီးတဲ့ကိစ္စမရှိရင် လောလောဆယ်မှာ ငါ့ကိုလာပြီးမနှောက်ယှက်နဲ့”
ဆူဇီမိုက ဂရုမထားဟန်ဖြင့် ပြောဆိုပြီး သူ့လက်ထဲရှိအနက်ရောင်သံလုံးကို သွမ့်ထျန်လန်ထံသို့ ပစ်ပေးလိုက်၏။
သွမ့်ထျန်လန်က ရင်နာနာဖြင့် အဲ့ဒါကိုလက်ခံယူလိုက်လေသည်။
ပကတိအကောင်းတိုင်းရှိခဲ့သော နိမ့်ကျမဟူရာအဆင့် ဓမ္မရတနာသည် ယခုအခါ သံလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
“မင်းသွားလို့ရပြီ”
ဆူဇီမိုက သူ၏ အင်္ကျီလက်စကို ညင်သာစွာခါပြီး ဝါးကုတင်ပေါ်သို့ ပြန်လည်ရောက်ရှိသွား၏။
သွမ့်ထျန်လန်သည် လွတ်ငြိမ်ချမ်းသာခွင့်ရရှိလိုက်သည့်အလား ခံစားရလေသည်။ သူကနောက်ဆုတ်ရင်း တတွတ်တွတ်ပြောဆိုသွား၏။
“ဆရာဆူအတွက် ကူညီစိုက်ပျိုးပေးနိုင်အောင် ကျုပ်ရဲ့ဘိုးဘေးတွေက ကျုပ်ကိုကောင်းချီးပေးခဲ့တာပဲ... အဲ့ဒါက ကျုပ်ဘဝတစ်လျှောက်လုံးအတွက် တကယ့်ကိုကောင်းချီးမင်္ဂလာတစ်ခုပဲ... ကျုပ်ဘဝမှာ နောင်တဆိုတာ ရှိမှာမဟုတ်တော့ဘူး”
သွမ့်ထျန်လန်သည် ဆူဇီမို၏ ကောက်ရိုးတဲထဲကနေ ထွက်ခွာပြီး တံခါးကိုညင်သာစွာပိတ်လိုက်၏။
သူ့မျက်နှာပေါ်ရှိ မျက်နှာချိုသွေးနေသောအမူအရာက ချက်ချင်းပင်ပျောက်ကွယ်သွားပြီး သူ၏ အကြည့်က သုန်မှုန်လာခဲ့၏။
သွမ့်ထျန်လန်သည် ညိုမည်းနေသောအမူအရာနှင့်အတူ တံခါးကို စိုက်ကြည့်နေလေသည်။
ခဏကြာပြီးနောက် သွမ့်ထျန်လန်သည် သူ၏ မျက်လုံးနှစ်ဖက်ကိုမှေးပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ လှည့်ထွက်သွား၏။
သူက မချင့်မရဲ ဖြစ်နေဆဲပင်။
သို့သော်လည်း လက်ရှိအခြေအနေမှာ သူတတ်နိုင်တာဘာမှမရှိဘဲ လောလောဆယ်မှာ သူက အဲ့ဒါကို သည်းခံရပေမည်။ နောက်မှသာ အခွင့်အလမ်းတစ်ခုကို ထပ်မံရှာဖွေရပေမည်။
သွမ်ထန်လန်သည် ပျက်စီးနေသော စိတ်ဝိညာဥ်စိုက်ခင်းရှေ့သို့ ရောက်ရှိလာပြီး အံကိုကြိတ်လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်ကို ကိုင်းညွှတ်ပြီး သူ၏ တင်ပါးကို နောက်ပစ်ကာ စတင်၍စိုက်ပျိုးလိုက်လေသည်။
ထိုအခါမှာ အချိန်က မွန်းတည့်ချိန်သို့ ရောက်နေခဲ့လေပြီ။
နှင်းလေတောင်ကြောရိုး၏ စိုက်ပျိုးရေးသမားများစွာက နိုးထလာကြပြီဖြစ်ပြီး သူတို့တာဝန်ယူထားသော စိတ်ဝိညာဥ်စိုက်ခင်းများဆီသို့ ထွက်ခွာလာကြ၏။
သူတို့ထဲမှအချို့သည် မိုးရေများကိုဆင့်ခေါ်ပြီး တချို့ကတော့ ပေါင်းပင်များကို ဖယ်ရှားရှင်းလင်းနေကြ၏။
“အား... အဲ့ဒါက လူဝကြီးသွမ့်မဟုတ်လား”
“ထူးဆန်းတယ်... အဲ့ဒီစိတ်ဝိညာဥ်စိုက်ခင်းကို အသစ်ရောက်လာတဲ့ ညီကိုဆူက စိုက်ပျိုးရမှာမလား လူဝကြီးသွမ့်က ဘာလို့အဲ့ဒါကို ကိုယ်တိုင်စိုက်ပျိုးနေတာလဲ”
ထိုသည်ကိုတွေ့မြင်သော ဆေးပင်စိုက်ပျိုးရေးသမားများအားလုံးက စိတ်ထဲမှာ အူမြူးအားရသွားကြ၏။
ဤသတင်းက တစ်ဆင့်ပြီးတစ်ဆင့် ပျံ့နှံ့သွားလေသည်။
ဆေးပင်စိုက်ပျိုးရေးသမားများအားလုံးသည် ထိုအကြောင်းကိုကြားသိသွားပြီး စပ်စုလိုစိတ်ဖြင့် လာရောက်ကြည့်ရှုကြလေသည်။
“ရိက္ခာမှူးသွမ့်... ခင်ဗျားက ဘာလို့ကိုယ်တိုင်စိုက်ပျိုးနေတာလဲ... အဲ့ဒီစိတ်ဝိညာဥ်စိုက်ခင်းကို ညီကိုဆူက စိုက်ပျိုးရမှာမလား”
နှင်းလေတောင်ကြောရိုး၏ နောက်ထပ်ရိက္ခာမှူးတစ်ယောက်က မနေနိုင်တော့ဘဲ ဝင်ရောက်မေးမြန်းလိုက်၏။
သွမ့်ထျန်လန်က မကျေမချမ်းဖြင့် ဆူဇီမို၏ တဲရှိရာဘက်သို့ ကြည့်လိုက်လေသည်။
သူက ဆူဇီမို၏ ရှေ့မှာ နာခံတတ်ခဲ့လေသည်။ သို့သော်လည်း အခြားသူများ၏ ရှေ့မှာ အဲ့ဒါကို ဝန်မခံလိုပေ။
သွမ့်ထျန်လန်က ညင်သာစွာ ချောင်းဟမ့်လိုက်၏။
“အသစ်ရောက်လာတဲ့ အဲ့ဒီရောင်းရင်းက ဒဏ်ရာအပြင်းအထန် ရထားတယ်လေ... သူက ကောင်းကောင်းတောင်မလှုပ်ရှားနိုင်သေးဘူး... သူ့ရဲ့ဒဏ်ရာတွေသက်သာပျောက်ကင်းဖို့ အချိန်ဘယ်လောက်ယူရမလဲ ဘယ်သူသိနိုင်ပါ့မလဲ”
“နှင်းလေတောင်ကြောရိုးမှာ ကျုပ်တို့အားလုံးက မိသားစုဝင်တွေပဲ... နှင်းလေတောင်ကြောရိုးရဲ့ ရိက္ခာမှူးတစ်ယောက်အနေနဲ့... သူအဆင်မပြေသေးတဲ့အချိန်မှာ ကျုပ်က ကူညီပေးရမှာပေါ့”
“နောက်ပြီး... ကျုပ်တို့က အင်မော်တယ်ဆေးပင်တွေကို ပိုပြီးတော့စောစောစိုက်ပျိုးလေလေ အဲ့ဒါတွေက ပိုပြီးမြန်မြန်ရင့်မှည့်လေပဲ... အဲ့ဒါက နှင်းလေတောင်ကြောရိုးနဲ့ ကျုပ်တို့အားလုံးအတွက် ကောင်းတဲ့အရာပဲမလား”
သွမ့်ထျန်လန်၏ စကားလုံးများက စိတ်ပြင်းပြမှုနှင့်အတူ ဖြောင့်မတ်မှန်ကန်မှုရှိနေလေသည်။
သို့သော်လည်း ထိုစကားလုံးများသည် သူ့ထံမှထွက်လာခြင်းက အနည်းငယ်တော့ထူးဆန်းနေ၏။
“လူဝကြီးသွမ့်က ဆေးမှားသောက်မိတာလား”
“သူက လေဖြန်းသွားတာများလား... သူက ဘာလို့အဲ့လောက်ထိ ရုတ်တရက် ကြင်နာတတ်သွားရတာလဲ”
ဆေးပင်စိုက်ပျိုးရေးသမားများစွာက တီးတိုးပြောဆိုလိုက်ကြ၏။
“တစ်ခုခုတော့လွဲနေပြီ”
ထိုစဉ်မှာပင် လူအိုကြီးယန်က အပြေးအလွှားရောက်ရှိလာ၏
“ကျုပ်မနေ့ကတင် ညီကိုဆူရဲ့တဲကိုရောက်ခဲ့သေးတယ်... သူ့ရဲ့ဒဏ်ရာတွေက သခင်မပေးတဲ့ဆေးလုံးတွေကြောင့် သက်သာပျောက်ကင်းကုန်ပါပြီ”
“ချီးပဲ”
သွမ့်ထျန်လန်သည် စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီး လူအိုကြီးယန်၏ ပါးစပ်ကို သူ၏ သိုလှောင်အိတ်ထဲရှိ တန်တစ်ထောင်သံလုံးဖြင့် ပိတ်ဆို့ချင်မိလေသည်။
“ညီကိုဆူမှာ သူ့ရဲ့အပေါ်ယံဒဏ်ရာတွေပဲ သက်သာပျောက်ကင်းသေးတယ်... ဒါပေမဲ့ သူ့ရဲ့အတွင်းဒဏ်ရာတွေက ကုသဖို့အတွက် အချိန်တစ်ခုလိုနေတုန်းပဲ”
သွမ့်ထျန်လန်က သူ့ကိုယ်သူဟန်မပျက်ဖို့ကြိုးစားပြီး ရှင်းပြလိုက်၏။
“အဖိုးကြီးသွမ့်”
နောက်ထပ် ရိက္ခာမှူးတစ်ယောက်က ရှေ့သို့လျှောက်လှမ်းလာပြီး ပြောလိုက်လေသည်။
“ခင်ဗျားရဲ့တန်တစ်ထောင်အုတ်ခဲကို ကျုပ်ကိုနောက်တစ်ခေါက်လောက်ပြပါဦး... ကျုပ်လည်းဒီတစ်ခေါက် အမြုတေစုဖွဲ့ဆေးလုံးတချို့ကို စုဆောင်းပြီး အဲ့ဒါကို နိမ့်ကျမဟူရာအဆင့် ဓမ္မရတနာတစ်ခုနဲ့ လဲလှယ်မလို့ လုပ်နေတာ”
“သွားစမ်းပါကွာ”
ထိုစကားကိုကြားချိန်မှာ သွမ့်ထျန်လန်၏ အမူအရာက ညိုမည်းသွားပြီး အော်ဟစ်လိုက်လေသည်။
ထိုရိက္ခာမှူးက ကြောင်အ,မှက်တက်သွား၏။
သွမ့်ထျန်လန်သည် ပျက်ယွင်းနေသောအမူအရာနှင့်အတူ လူအုပ်ကြီးကို ကြည့်ပြီးအော်ငေါက်လိုက်လေသည်။
“ဘာတွေလာပြီး စုရုံးစုရုံးနေကြတာလဲ... လူစုခွဲကြလေ... မင်းတို့တွေက ဘာကိုလာကြည့်နေတာလဲ... မင်းတို့မှာ တာဝန်ယူထားတဲ့ စိတ်ဝိညာဥ်စိုက်ခင်းတွေ မရှိကြတော့ဘူးလား”
ဆေးပင်စိုက်ပျိုးရေးသမားများစွာက သူတို့၏ ခေါင်းများကို ခါ၍ လူစုခွဲလိုက်ကြ၏။
ထိုရိက္ခာမှူးက ငေးငိုင်မှင်တက်နေပြီး သူ့စကားက ဘယ်နေရာမှာ မှားသွားသည်ကို မသိရှိပေ။
အရင်တုန်းကဆို လူဝကြီးသွမ့်သည် လူတိုင်း၏ ရှေ့မှာ သူ၏ ထိုရတနာကိုထုတ်ကာ ကြွားဝါနေတတ်ခဲ့လေသည်။
ဆူဇီမိုက ကောက်ရိုးတဲထဲမှာ ထိုင်နေ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အကြားအာရုံက တုန်လှုပ်စရာကောင်းပြီး သူသည် စိတ်ဝိညာဥ်စိုက်ခင်းထဲမှာ သွမ့်ထျန်လန်ပြောနေသောစကားများအားလုံးကို ရှင်းလင်းစွာကြားရလေသည်။
သို့သော်လည်းသူက အဲ့ဒါကိုအရေးလုပ်မနေပေ။
သွမ့်ထျန်လန်က သူ့ကိုလာမရှုပ်သရွေ့ ဆူဇီမိုကလည်း သူ့ကိုဂရုစိုက်နေလိမ့်မည်မဟုတ်ပေ။
ယခုအချိန်မှာ သူ့အတွက် အရေးကြီးဆုံးအရာသည် သူ၏ ကျင့်ကြံမှုကို တတ်နိုင်သမျှမြန်မြန် ပြန်လည်ထိန်းသိမ်းရယူဖို့ဖြစ်လေသည်။