အင်မော်တယ်လက်ရာ
Vol. 120 Ch. 1798
စိတ်ဝိညာဥ်စိုက်ခင်း ၁၃မူထဲမှာ အင်မော်တယ်ဆေးပင်နှစ်မျိုးကို စိုက်ပျိုးဖို့အတွက် အားထုတ်မှုများစွာ လိုအပ်လေသည်။
သွမ့်ထျန်လန်သည် အချိန်ကြာမြင့်စွာ အလုပ်လုပ်ခဲ့ပြီးနောက် စိတ်ဝိညာဥ်စိုက်ခင်း ၁၃မူထဲမှာ အင်မော်တယ်ဆေးပင်မျိုးစေ့ တစ်ထောင်ကို စိုက်ပျိုးခဲ့ပြီးလေပြီ။ သူက ချွေးများဖြင့်စိုရွှဲနေပြီဖြစ်၏။
ညအချိန်သို့ ရောက်ရှိလာခဲ့လေသည်။
ယခုအချိန်မှာ အခြားသော ဆေးပင်စိုက်ပျိုးရေးသမားများက အနားယူဖို့အတွက် ပြန်သွားကြပြီဖြစ်၏။ သွမ့်ထျန်လန်သည် ဤကဲ့သို့စွမ်းအင်အမြောက်အမြားကို မသုံးစွဲခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲနေလေသည်။ ဆူဇီမိုထံမှ သူရရှိခဲ့သော စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်နှင့်ပေါင်းစပ်လိုက်သောအခါ သူက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေပြီဖြစ်၏။
သူသည် စိတ်ဝိညာဥ်စိုက်ခင်းထဲမှာ ထိုင်ချပြီး ခါးသက်သက်အမူအရာတစ်ခုနှင့်အတူ အဝေးမှာရှိသော ကောက်ရိုးတဲကို ကြည့်ကာ တံတွေးတစ်ချက်ထွေးလိုက်လေသည်။
“ချီးပဲကွာ... တစ်နေ့ ငါမင်းကို ငါ့ခြေဖဝါးအောက်မှာ နင်းခြေပစ်မယ်”
သွမ့်ထျန်လန်သည် မကျေမနပ်ပြောဆိုရင်း မြေပြင်ပေါ်ရှိရွှံ့များကို ဂရုမစိုက်ဘဲ လှဲချလိုက်လေသည်။ သူသည် ကောင်းကင်ထက်မှာပြည့်နှက်နေသည့်ကြယ်များကိုကြည့်ပြီး ပင်ပန်းနွမ်းလျမှုကို ခံစားလာရ၏။
သူ၏ မျက်ခွံများက လေးလံလာပြီး စိတ်ဝိညာဥ်စိုက်ခင်းထဲမှာ အိပ်မောကျသွားလေသည်။
ဆူဇီမိုသည် ကောက်ရိုးတဲထဲမှာ ကျင့်ကြံနေခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီကို စုပ်ယူနေကာ စတုရန်းကြေးမီးဖိုပေါ်ရှိ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို အဆက်မပြတ်နားလည်ဆင်ခြင်နေ၏။
ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်က အလွန်တရာ လေးနက်သိမ်မွေ့လေသည်။ ၎င်းက ပြီးပြည့်စုံခြင်းမရှိသော်လည်း ဆူဇီမိုသည် ဗုဒ္ဓဝါဒအပေါ် သူ၏ လက်ရှိအောင်မြင်ထွန်းပေါက်မှုအရ အဲ့ဒါကို အကုန်အစင်နားလည်ဆင်ခြင်နိုင်ခြင်း မရှိပေ။
ဤလျှို့ဝှက်အတတ်သည် အမြုတေစိတ်ဝိညာဥ်ကိုကျင့်ကြံခြင်းအပေါ် ပို၍တိမ်းညွှတ်သည်ဟုသာ သူက နားလည်နိုင်လေသည်။ အကြောင်းမှာ ထိုလျှို့ဝှက်အတတ်ကနေ စုဖွဲ့လာသော စွမ်းအားသည် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်နှင့် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်တို့ကို ပေါင်းစည်းခြင်းကနေ ဖြစ်ပေါ်လာသည့် ယင်နှင့်ယန် ပဋိပက္ခကို ချေဖျက်ပေးနိုင်ခဲ့သောကြောင့်ဖြစ်၏။
“ထူးဆန်းတယ်”
ဆူဇီမိုက စိတ်ထဲကနေ ရေရွတ်လိုက်၏။
“ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်က ဗုဒ္ဓကျောင်းတော်တွေရဲ့ လျှို့ဝှက်ကျမ်းတစ်ခုဆိုတာ သိသာတယ်... အဲ့ဒါကို ဘာလို့ စတုရန်းကြေးမီးဖိုထဲမှာ ရေးထိုးထားတာလဲ”
“ဒီကြေးမီးဖိုရဲ့ပိုင်ရှင်က ဗုဒ္ဓကျောင်းတော်တွေက ပညာရှင်တစ်ဦးများဖြစ်နေမလား”
“စတုရန်းကြေးမီးဖိုရဲ့ အပြင်ဘက်နံရံပေါ်မှာ ထွင်းထုထားတဲ့ နတ်နဂါးကရောဘာလဲ”
ထိုအတွေးများက ဆူဇီမို၏ စိတ်ထဲသို့ ဝင်ရောက်လာသော်လည်း သူကအဲ့ဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောနိုင်ခြင်း မရှိပေ။
သူသည် ကောင်းကင်နှင့်မြေကြီး အမြုတေချီကိုစုပ်ယူပြီး သူ၏ ကျင့်ကြံမှုကို မြှင့်တင်ဖို့သာ အတတ်နိုင်ဆုံးကြိုးစားနေ၏။
ကောင်းကင်နှင့်မြေကြီး အမြုတေချီက လေကဲ့သို့ မမြင်ရပေ။
သို့သော်လည်း အထက်ဘုံလောကမှာ ထိပ်သီးပညာရှင်များသည် နဂါးအသူရာချောက်နက်ကြယ်သို့ ဆင်းသက်လာမည်ဆိုပါက နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီများသည် နှင်းလေတောင်ကြောရိုးမှာရှိသော မထင်မရှားကောက်ရိုးတဲလေးတစ်လုံးဆီသို့ လာရောက်စုဝေးနေသည်ကို သူတို့က သေချာပေါက်ခံစားသိမြင်ပေလိမ့်မည်။
ကောက်ရိုးတဲသည် အဆက်မပြတ်လည်ပတ်လာသော ဧရာမဝဲကတော့တစ်ခုကဲ့သို့ ဖြစ်လာပြီး ဝေလငါးတစ်ကောင်ကဲ့သို့ ဘေးပတ်ဂန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီများကို ဝါးမျိုစုပ်ယူနေ၏။
ဝေးကွာသောမိုးကောင်းကင်၏ အစွန်းတစ်ဘက်၌ ကြယ်တာရာကောင်းကင်ထဲရှိ ဧရာမအရိပ်ကြီးပေါ်မှ အမြုတေချီများသည် နဂါးအသူရာချောက်နက်ကြယ်ပေါ်သို့ လာရောက်စုဝေးနေသည်ဟုထင်ရ၏။
တကယ်တော့... မဟူရာအင်မော်တယ်များသည် ဤကဲ့သို့သော အပြောင်းအလဲတစ်ရပ်ကို ခံစားသိမြင်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ယခုအချိန်မှာ တစ်ယောက်ယောက်က ဆူဇီမို၏ အခန်းထဲသို့ ဝင်ရောက်လာနိုင်မည်ဆိုလျှင် သူတို့သည် သေချာပေါက်တုန်လှုပ်သွားပေလိမ့်မည်။
ကောက်ရိုးတဲအတွင်းမှာ ဆူဇီမို၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး သူ၏ နေရာမှာ ညင်သာစွာယိမ်းနွဲ့နေသော အစိမ်းရောင်ကြာပင်တစ်ပင်က ပေါ်ထွက်လာခဲ့၏။
ကြာရွက်များက ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေ၏။
ပန်းရောင်ကြာဖူးက ပွင့်ဟလာပြီး ပွင့်ချပ် ၈၁ချပ်ပေါ်မှာ အင်မော်တယ်နှင်းရည်များက စုဖွဲ့လာခဲ့၏။ တဖျတ်ဖျတ်တလက်လက် အရောင်အဝါတစ်ခုက ကြာခုံထက်ကနေ လျှံထွက်လာခဲ့လေသည်။
ဤဖြစ်စဥ်အတွင်း... ဆူဇီမိုသည် လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုကိုရရှိနေ၏။
သူသည် ဖန်တီးခြင်းကြာပဒုမ္မာအဖြစ် အသွင်ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေကြီးအမြုတေချီများကို ရူးသွပ်စွာ စုပ်ယူနေရသည့်အလားပင်။
ထိုအခိုက်အတန့်မှာ သူ၏ စိတ်ဝိညာဥ်အသိစိတ်သည် အဘက်ဘက်သို့ဖြန့်ကြက်ထားသော အမြစ်သန်းပေါင်းများစွာအဖြစ် အသွင်ပြောင်းလဲသွားသည်ဟုထင်ရ၏။
တကယ်ဆို.... ဘေးပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စိုက်ခင်းထဲမှာ မကြာသေးခင်ကမှစိုက်ပျိုးထားသည့် အင်မော်တယ်ဆေးပင်မျိုးစေ့များကို သူကရှင်းလင်းစွာ အာရုံခံစားမိနေ၏။
သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အာရုံခံမိသွားပြီး အင်မော်တယ်ဆေးပင်မျိုးစေ့များသည် အသိစိတ်ဝင်လာပုံရပြီး ဝမ်းသာပျော်ရွှင်မှုနှင့် အညံ့ခံမှု ခံစားချက်တစ်ခုကို ထုတ်ဖော်လိုက်ကြ၏။
အဲ့ဒါက အလွန်တရာလျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုဖြစ်၏။
ဆူဇီမိုသည် ထိုအထဲမှာ နစ်မျောသွားပြီး မသိလိုက်မသိဘာသာနှင့်ပင် တစ်ညတာက ကုန်ဆုံးသွား၏။
ကောင်းကင်ထက်သို့ အလင်းရောင်ဝင်ရောက်လာခါစဖြစ်လေသည်။
သွမ့်ထျန်လန်သည် အကြောဆန့်၍ ထထိုင်လိုက်ပြီး အိပ်ချင်မူးတူးဖြစ်နေ၏။
သူသည် အခုတင်နိုးထလာသောကြောင့် အနည်းငယ်ငေးငေးငိုင်ငိုင်ဖြစ်နေလေသည်။ ခဏမျှ ဝင်သက်ထွက်သက်ရှုရှိုက်ပြီးနောက် သူ၏ အသိစိတ်ကို တဖြည်းဖြည်း ပြန်လည်ရရှိလာ၏။
“သေစမ်း... ငါက စိတ်ဝိညာဥ်စိုက်ခင်းထဲမှာ တကယ်အိပ်ပျော်သွားခဲ့တာပဲ”
သွမ့်ထျန်လန်က ဆဲဆိုပြောဆိုလိုက်ပြီး ထွက်ခွာဖို့ပြင်လိုက်လေသည်။
ရုတ်တရက်ဆိုသလို...။
သွမ့်ထျန်လန်၏ အကြည့်က တောင့်တင်းသွားခဲ့လေသည်။
သူ၏ မြင်ကွင်းထဲမှာ သူ့အောက်ဘက်ရှိ စိတ်ဝိညာဥ်စိုက်ခင်းပေါ်မှာ အစိမ်းရောင် အစို့အညှောက်များက အစီအရီဖြင့်ကြီးထွားနေကြ၏။
“ငါ.. အိပ်တာအရမ်းများသွားလို့ ထင်ယောင်ထင်မှားမြင်နေတာလား”
သွမ့်ထျန်လန်က တီးတိုးရေရွတ်လိုက်ပြီး သူ၏ မျက်လုံးကို ပွတ်သပ်ကာ တစ်ဖန်ပြန်ဖွင့်၍ သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
သူ၏ သူငယ်အိမ်နှစ်ဖက်က တဖြည်းဖြည်း တင်းကျပ်လာခဲ့၏။
သူသည် ဘေးပတ်လည်ကို အလောတကြီး လှည့်ပတ်ကြည့်ရှုလိုက်လေသည်။
စိတ်ဝိညာဥ်စိုက်ခင်းပေါ်ရှိ အစို့အညှောက်များသည် ခြွင်းချက်မရှိ တစ်ခုပြီးတစ်ခု ကြီထွားလာပြီး အသက်ဓာတ်အားဖြင့် ပြည့်နှက်နေ၏။
“ဒါ.... ဒါက ဘယ်လိုဖြစ်ရတာလဲ”
သွမ့်ထျန်လန်က မှင်တက်သွားလေသည်။
သူသည် ဤစိတ်ဝိညာဥ်စိုက်ခင်းထဲမှာ အင်မော်တယ်ဆေးပင်မျိုးစေ့များကို မနေ့ကမှ စိုက်ပျိုးခဲ့ခြင်းဖြစ်လေသည်။
တစ်ညတာမျှနှင့် မျိုးစေ့များအားလုံးသည် အညှောင့်ပေါက်၍ မြေကြီးထဲကနေ ထိုးထွက်လာခဲ့လေသည်။
သွမ့်ထျန်လန်သည် နှင်းလေတောင်ကြောရိုးတွင် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းတစ်သောင်းကျော် ကြာသွားခဲ့ပြီဖြစ်ပြီး သူသည် ဆေးပင်စိုက်ပျိုးရေးသမားတစ်ယောက်ဘဝကနေ စတင်ခဲ့ရလေသည်။ သူသည် အင်မော်တယ်ဆေးပင်များ၏ ကြီးထွားမှုပုံစံနှင့်ပတ်သက်၍ အလွန်တရာရင်းနှီးကျွမ်းဝင်မှုရှိလေသည်။
နဂါးအသူရာချောက်နက်ကြယ်မှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီက အရမ်းကိုပါးလွှာလေသည်။
အင်မော်တယ်ဆေးပင်များသည် နှေးကွေးစွာကြီးထွားရပြီး သူတို့အနေဖြင့် အပြည့်အဝ ရင့်မှည့်လာဖို့အတွက် နှစ်တစ်ရာလုံးလုံးအချိန်ယူရပေလိမ့်မည်။
အမြုတေအားဖြည့်မြက်နှင့် မိုးနှင်းပန်းတို့သည် အညှောင့်ပေါက်ပြီး မြေကြီးထဲကနေ ထိုးထွက်လာဖို့အတွက် တစ်နှစ်နီးပါး အချိန်ယူရပေလိမ့်မည်။
သို့သော်လည်း အင်မော်တယ်ဆေးပင်နှစ်မျိုးစလုံးက ယခုအခါ ညတွင်းချင်းမှာ အစို့အညှောက်များပေါက်လာခဲ့လေပြီ။
“ငါ့လခွမ်းတဲ့မှ...”
သွမ့်ထျန်လန်က ဤစိတ်ဝိညာဥ်စိုက်ခင်းကို ကိုယ်တိုင်စိုက်ပျိုးခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူသည် ယခုတွေ့မြင်နေရသည့်အရာများက အစစ်အမှန်ဖြစ်လိမ့်မည်ဟု ယုံကြည်မိလိမ့်မည် မဟုတ်ပေ။
“ဘာတွေဖြစ်ကုန်တာလဲ”
သွမ့်ထျန်လန်က အတွေးနက်စွာမျက်မှောင်ကြုတ်ပြီး သူ့ဘာသာသူစဥ်းစားတွေးတောနေ၏။
“ငါက အဆင့်မြင့်အင်မော်တယ်တစ်ပါး ပြန်ဝင်စားလာတာများလား... ငါ့ရဲ့သာမန်ကာလျှံကာ အပြုအမူတစ်ခုက ဒီလိုမျိုး အင်မော်တယ်ဖြစ်စဥ်တစ်ခုကို ဖန်တီးနိုင်တာလား”
သူက တွေဝေရှုပ်ထွေးနေ၏။
အတန်ကြာပြီးနောက် သွမ့်ထျန်လန်သည် သူ၏ ငေးငိုင်နေရာကနေ နိုးထလာပြီး သူ၏ ကျင့်ကြံမှုအဆင့်ကလည်း တိုးတက်လာခဲ့သည်ကို အံ့အားသင့်ဖွယ်ရာတွေ့ရှိလိုက်ရ၏။
သူသည် အဆင့်-၃ မဟူရာအမြုတေနယ်ပယ်သို့ မတက်လှမ်းနိုင်သေးသော်လည်း ပြီးခဲ့သည့်တစ်ညတာသည် ယခင်သူ၏ ရက်တစ်ရာစာ ကျင့်ကြံမှုနှင့်တူညီလေသည်။
သွမ့်ထျန်လန်၏ မျက်လုံးက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာ၏။
“ဒီလိုကျင့်ကြံမှုအရှိန်အဟုန်နဲ့ဆို ငါက သိပ်မကြာခင် အဆင့်သုံးမဟူရာအမြုတေနယ်ပယ်ကို ချိုးဖျက်တက်လှမ်းနိုင်လိမ့်မယ်”
သွမ့်ထျန်လန်သည် ခပ်ဝေးဝေးမှာရှိသော ကောက်ရိုးတဲကို စိုက်ကြည့်ပြီး အံကိုကြိတ်ကာ ပြောလိုက်လေသည်။
“ဆူဇီမို... အဲ့ဒီအချိန်ကျရင် ငါမင်းကို သင်ခန်းစာကောင်းကောင်းပေးပြမယ်... ချီးပဲ”
သိပ်မကြာခင် ကောင်းကင်က လင်းထိန်လာခဲ့လေသည်။
ဆေးပင်လယ်သမားများသည် ဤနေရာသို့ဖြတ်သန်းလာသောအခါ သူတို့သည် စိတ်ဝိညာဥ်စိုင်ခင်းထဲရှိမြင်ကွင်းကို သတိထားမိသွားပြီး ပါးစပ်အဟောင်းဖြစ်ကုန်ကြ၏။
“မဟုတ်သေးဘူး... လူဝကြီးသွမ့်က ဒီစိတ်ဝိညာဥ်စိုက်ခင်းကို မနေ့ကမှ စိုက်ပျိုးခဲ့တာလေ... အဲ့ဒါကို ငါကိုယ်တိုင်မြင်ခဲ့ပါတယ်”
“လူဝကြီးသွမ့်... ဘယ်လိုဖြစ်သွားတာလဲ... ခင်ဗျားရဲ့ စိတ်ဝိညာဥ်စိုက်ခင်းထဲမှာ အင်မော်တယ်ဆေးပင်တွေက ဘယ်လိုဖြစ်လို့ ဒီလောက်ထိမြန်မြန်ဆန်ဆန်ကြီးထွားလာတာလဲ”
“လခွမ်းတဲ့မှ... အဲ့ဒါက အင်မော်တယ်လက်ရာတစ်ခုပဲ”
များစွာသော ဆေးပင်စိုက်ပျိုးရေးသမားများက တုန်လှုပ်ကုန်ကြ၏။
သွမ့်ထျန်လန်က စိတ်ဝိညာဥ်စိုက်ခင်းထဲမှာ ခေါင်းမော့ရင်ကော့ကာ မတ်တတ်ရပ်နေ၏။ သူက ထူးခြားအံ့မခန်းအမူအရာတစ်ခုနှင့်အတူ အဝေးတစ်နေရာသို့ ငေးကြည့်ကာ မှင်သေသေဖြင့် ပြောလိုက်၏။
“အဲ့ဒါက လှည့်ကွက်လေးတချို့ပါပဲ... မင်းတို့တွေက အဲ့လောက်ထိအထူးတဆန်းလုပ်ပြနေစရာမလိုဘူး”
“ရိက္ခာမှူးသွမ့်....ဘာတွေဖြစ်နေတာလဲ”
နောက်ထပ် နှင်းလေတောင်ကြောရိုး ရိက္ခာမှူးတစ်ယောက်က မနေနိုင်ဘဲ ဝင်ရောက်မေးမြန်းလိုက်၏။
“လူဝကြီးသွမ့်... အဲ့ဒါက ပုံရိပ်ယောင်နည်းစနစ်လား”
နောက်ထပ်လူတစ်ယောက်ကလည်း အော်မေးလိုက်လေသည်။
သွမ့်ထျန်လန်က မကျေမနပ်ဖြစ်သွားပြီး သူ၏ အင်္ကျီလက်စကို ဟန်ပါပါခါယမ်းလိုက်၏။
“ဒီအင်မော်တယ်ဆေးပင်တွေကို ငါကိုယ်တိုင်စိုက်ပျိုးခဲ့တာပဲ... အဲ့ဒါကြောင့်မလို့ သူတို့က မဟာကံကြမ္မာအခွင့်အလမ်းတွေကို ရရှိလာတာပေါ့... အဲ့ဒါက မင်းတို့လို သာမန်လူတွေ နားလည်နိုင်တဲ့အရာမဟုတ်ဘူး”
လူတိုင်းက ကြက်သေသေသွားကြလေသည်။
“အာ...”
သွမ့်ထျန်လန်က လေးတွဲ့စွာ သက်ပြင်းချလိုက်၏။
“ငါက ကိုယ်တိုင်စိုက်မပျိုးတော့တာ အရမ်းကိုကြာသွားခဲ့ပြီ... ငါ့ရဲ့နည်းစနစ်ကတောင် နည်းနည်းချေးတက်နေပါလား... ဒီအင်မော်တယ်ဆေးပင်တွေ ကြီးထွားမှုနှုန်းက ဘာလို့အဲ့လောက်ထိ နှေးကွေးနေရတာလဲ”
လူတိုင်းက သူ၏ မှတ်ချက်စကားမှာ ငေးမောမှင်တက်သွားကြလေသည်။
သွမ့်ထျန်လန်၏ စကားလုံးများက ဆိုးဆိုးဝါးဝါးပင် ရယ်စရာကောင်းနေသည်ဟု လူတိုင်းကခံစားရ၏။
သို့သော်လည်း သူတို့ရှေ့ရှိ မြင်ကွင်းက တကယ့်ကိုအစစ်အမှန်ဖြစ်ပြီး မည်သို့မှ အတုအယောင်မဖြစ်နိုင်ပေ။