ချိုးနှိမ်ခြင်း
Vol. 120 Ch. 1799
ရုတ်ရုတ်သဲသဲအခြေအနေဖြစ်ပွားပြီးနောက် လူတိုင်းက တဖြည်းဖြည်းလူစုခွဲလိုက်ကြ၏။
သွမ့်ထျန်လန်သည် များစွာသော ဆေးပင်စိုက်ပျိုးရေးသမားများနှင့် ရိက္ခာမှူးများကြားမှာ တစ်ဖန်ရေပန်းစားလာခဲ့၏။ သူ၏ မျက်နှာက နီမြန်းနေသော်လည်း စိတ်ထဲကနေ အူမြူးအားရနေ၏။
သို့သော်လည်း သူ၏ စိတ်က အလျင်အမြန်တည်ငြိမ်လာခဲ့၏။
အကြောင်းမှာ အင်မော်တယ်ဆေးပင်မျိုးစေ့များကို စိုက်ပျိုးခဲ့သောသူက သူဖြစ်သော်လည်း သူတို့ညတွင်းချင်းကြီးထွားလာသည့်အချက်သည် သူနှင့်ဘာမှပတ်သက်လိမ့်မည် မဟုတ်ပေ။
စိတ်ဝိညာဥ်စိုက်ခင်း ၁၃မူ မှာ စုဝေးနေသော အမြုတေချီက ရုတ်တရက် ညတွင်းချင်း ပေါကြွယ်ဝလာပြီး အင်မော်တယ်ဆေးပင်နှစ်မျိုးကို အလျင်အမြန်ကြီးထွားစေခဲ့သည့်ပုံပင်။
“ထူးဆန်းတယ်”
သွမ့်ထျန်လန်က တွေဝေရှုပ်ထွေးစွာဖြင့် သူ၏ မေးကို ပွတ်သပ်နေ၏။
သူသည် အဲ့ဒါကိုဆူဇီမိုနှင့် ချိတ်ဆက်ကြည့်နိုင်လိမ့်မည် မဟုတ်ပေ။
မကြာသေးခင်ကမှ အောက်ဘုံကနေတက်လှမ်းလာသည့် လူတစ်ယောက်ကိုမပြောနှင့် ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များပင်လျှင် ထိုကဲ့သို့သောအရာတစ်ခုကို ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။
သွမ့်ထျန်လန်သည် ဤနေရာမှာရှိသောအခြေအနေကို စစ်ဆေးဖော်ထုတ်ရန် ဆက်လက်စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် အပြင်ဘက်မှာဖြစ်ပျက်နေသည့်အရာကို အာရုံခံမိသွားပြီး တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့၏။
ဖန်တီးခြင်းကြာပဒုမ္မာသည် ကောင်းကင်နှင့်မြေကြီး၏ ဖန်တီးမှုကို ခိုးယူနိုင်သော အဆုံးစွန်ရတနာတစ်ခုဖြစ်လေသည်။
အဆင့်-၉ သို့ တက်လှမ်းလာပြီးနောက် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အလွန်တရာမြင့်မားသော အနေအထားတစ်ခုကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူ့အနေဖြင့် ကောင်းကင်နှင့်မြေကြီး အမြုတေချီများကို စုပ်ယူသန့်စင်ဖို့က အခက်အခဲမရှိပေ။
ဆူဇီမိုအလိုရှိသည်ဆိုလျှင် သူသည် ၅ကီလိုမီတာအတွင်းရှိ အင်မော်တယ်ဆေးပင်များအားလုံး၏ အသက်ဓာတ်အားအဆီနှစ်ကို စုပ်ယူသန့်စင်နိုင်လေသည်။
ဖန်တီးခြင်းကြာပဒုမ္မာက အပင်များ၏ အထွတ်အထိပ်မှာ ရပ်တည်လေသည်။
တကယ်တော့ ထိုသို့ပြုလုပ်ပါက ၅ ကီလိုမီတာအတွင်းရှိ အင်မော်တယ်ဆေးပင်များက ညှိုးခြောက်သွားပေလိမ့်မည်။
ယခုက နေ့အချိန်ဖြစ်ပြီး ဆေးပင်စိုက်ပျိုးရေးသမားများစွာက လှုပ်ရှားသွားလာနေကြ၏။
သတိထားသည့်အနေဖြင့် ဆူဇီမိုသည် ကျင့်ကြံခြင်းနှင့် ကောင်းကင်နှင့်မြေကြီး အမြုတေချီများကို စုပ်ယူသန့်စင်ခြင်း မပြုလုပ်တော့ပေ။
ကောင်းကင်နှင့်မြေကြီးအမြုတေချီများကို မမြင်ရသော်လည်း သူကျင့်ကြံသည်နှင့် စိတ်ဝိညာဥ်စိုက်ခင်း ၁၃ မူပတ်လည်ရှိ အမြုတေချီများက ဆပွားများစွာတိုးလာပေလိမ့်မည်။ ၎င်းသည် တခြားနေရာများမှာထက် များစွာပိုမိုကြွယ်ဝလာပြီး အခြားသူများက အလွယ်တကူအာရုံခံမိသွားပေလိမ့်မည်။
ဤကိစ္စသည် ဖန်တီးခြင်းကြာပဒုမ္မာနှင့် ပတ်သက်နေပြီး အဲ့ဒါကို ပေါက်ကြားခံလို့ မဖြစ်ပေ။
အဲ့ဒါကို လူနည်းနည်းပဲသိလေ ပိုကောင်းလေလေ ဖြစ်၏။
တကယ်တော့... ဆူဇီမိုသည် နေ့ဘက်မှာ ဒီတိုင်းထိုင်မနေခဲ့ပေ။ ထိုအစားသူသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်မှာပါဝင်သည့် စကားလုံးများကို ဆက်လက်၍ နားလည်ဆင်ခြင်နေ၏။
မီးဖို၏ နံရံပေါ်မှာ ရေးထိုးထားသော သက္ကတဘာသာစကားများစွာမရှိပေ။ သို့သော်လည်း ထိုစကားလုံးတစ်လုံးချင်းစီမှာ လျှို့ဝှက်ဆန်းကြယ်သော အမှန်တရားတစ်ခု ပါဝင်နေသည်ဟု ထင်ရ၏။
သိပ်မကြာခင် ညဘက်သို့ရောက်ရှိလာခဲ့၏။
ဘေးပတ်ဝန်းကျင်ရှိ ဆေးပင်စိုက်ပျိုးရေးသမားများက လူစုခွဲထွက်ခွာသွားကြလေပြီ။
သွမ့်ထျန်လန်တစ်ယောက်ကသာလျှင် စိတ်ဝိညာဥ်စိုက်ခင်းအနားမှာ ရစ်ဝဲ၍ ကျန်ရစ်နေခဲ့၏။
သွမ့်ထျန်လန်သည် တစ်နေ့လုံး ကြာအောင် စိတ်ဝိညာဥ်စိုက်ခင်းကို စောင့်ကြည့်နေခဲ့လေသည်။ နောက်ဆုံးမှာတော့ သူသည် တစ်ခုခုထူးခြားနေသည်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းမရှိပေ။ သူက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့၏။
သို့သော်လည်း အဲ့ဒါကိုပြန်လည်စဥ်းစားကြည့်ပြီးနောက် သူသည် မချင့်မရဲ ဖြစ်နေဆဲဖြစ်ပြီး စိတ်ဝိညာဥ်စိုက်ခင်းထဲသို့ သစ်သားကုလားထိုင်တစ်လုံးကို ရွှေ့ယူလာခဲ့လေသည်။
ဆူဇီမိုသည်ကောက်ရိုးတဲထဲကနေ အဲ့ဒါကိုအာရုံခံမိသော်လည်း သူက ခဏမျှစဥ်းစားတွေးတောပြီးနောက် ကောင်းကင်နှင့်မြေကြီး အမြုတေချီကိုစုပ်ယူကာ ကျင့်ကြံမှုကိုစတင်ဖို့ ဆုံးဖြတ်လိုက်၏။
သူ့အနေဖြင့် အဲ့ဒါကို လူတိုင်းထံကနေ ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ပေ။
ဒါ့အပြင် ကြည့်ရသည်မှာ သွမ့်ထျန်လန်သည် ဤစိတ်ဝိညာဥ်စိုက်ခင်းကို တစ်ချိန်လုံးစောင့်ကြည့်နေဖို့ ပြင်ဆင်ထားသည့်ပုံပင်။
သွမ့်ထျန်လန်က ဤနေရာကိုစောင့်ကြည့်နေသည့်အတွက်နှင့် ဆူဇီမိုက မကျင့်ကြံလို့မရပေ။
သူက သွမ့်ထျန်လန်တစ်ယောက်ကိုတော့ ထိန်းချုပ်နိုင်ရပေမည်။
သွမ့်ထျန်လန်သည် ဝါးကုလားထိုင်ကိုမှီပြီး အစကတော့ သူသည် အနည်းငယ်တက်ကြွနေခဲ့၏။
သို့သော်လည်း ကောင်းကင်ကိုမော့ကြည့်၍ ဖားများနှင့် ပုရစ်များ၏ အော်သံကိုနားထောင်ရင်း သူ၏အကြည့်က တဖြည်းဖြည်းဝေဝါးလာကာ စတင်၍အိပ်ပျော်သွားလေသည်။
သွမ်ထန်လန်သည် ထိုကိစ္စကို တစ်ချိန်လုံး စဥ်းစားတွေးတောနေခဲ့၏။
သူက အိပ်ပျော်သွားလျှင်တောင် အိပ်မောကျသွားလိမ့်မည် မဟုတ်ပေ။
ရုတ်တရက် သွမ့်ထျန်လန်က နိုးလာခဲ့၏။
အချိန်က ညနက်ပိုင်းသို့ ရောက်ရှိနေခဲ့လေပြီ။
သွမ့်ထျန်လန်သည် တစ်စုံတစ်ရာထူးခြားနေသည်ကို ရုတ်တရက်ခံစားမိလိုက်၏။
သူ၏ ဘေးပတ်လည်ရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီက အလွန်တရာပေါကြွယ်ဝနေ၏။
သွမ့်ထျန်လန်၏ မျက်လုံးကပြူးကျယ်သွားပြီး သူက ချက်ချင်းပင် စိတ်အားမာန်တက်ကြွသွားလေသည်။
သူက အဲ့ဒါကိုမယုံကြည်နိုင်သေးဘဲ ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ခံစားနေရ၏။ သူသည် စိတ်ဝိညာဥ်စိုက်ခင်း ၁၃မူ၏ အပြင်ဘက်သို့ပင် ပြေးထွက်ကြည့်လိုက်လေသည်။
အခြားနေရာများမှာရှိသော ကောင်းကင်နှင့်မြေကြီး အမြုတေချီက အလွန်တရာပါးလွှာနေဆဲ ဖြစ်၏။
ဤစိတ်ဝိညာဥ်စိုက်ခင်း ၁၃မူ၏ ဧရိယာအတွင်းမှာသာ အမြုတေချီက တုန်လှုပ်စရာကောင်းလောက်အောင် ပေါကြွယ်ဝနေခြင်းဖြစ်၏။
သွမ့်ထျန်လန်သည် စိတ်ဝိညာဥ်စိုက်ခင်းထဲရှိ အင်မော်တယ်ဆေးပင်နှစ်မျိုးကို ကြည့်လိုက်၏။
နာရီအနည်းငယ်အကြာမှာပင် အင်မော်တယ်ဆေးပင်နှစ်မျိုး၏ အစို့အညှောက်များက ပို၍ရှည်ထွက်လာသည်ဟုထင်ရ၏။
“အဲ့ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”
သွမ့်ထျန်လန်၏ မျက်လုံးက တဖျပ်ဖျပ်ခတ်သွားပြီး သူ၏ အမူအရာက အိုးတိုးအမ်းတမ်းဖြစ်နေ၏။
ခဏမျှစဥ်းစားတွေးတောပြီးနောက် သူသည် စိတ်ဝိညာဥ်စိုက်ခင်း၏ အလယ်ရှိ သာမန်ကောက်ရိုးတဲလေးကို မော့ကြည့်မိသွားလေသည်။
“အဲ့ဒါက... သူများလား”
သူက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။
အဲ့ဒါက တကယ့်ကို ရယ်စရာကောင်းသော ယူဆချက်တစ်ခုဖြစ်၏။
သူသည် နှင်းလေတောင်ကြားမှာ နေလာခဲ့သည်မှာ နှစ်ပေါင်းတစ်သောင်းကျော် ကြာသွားခဲ့လေပြီ။
ဤကဲ့သို့ ထူးဆန်းသောအခြေအနေတစ်ရပ်သည် ယခင် ဘယ်တုန်းကမှ မဖြစ်ပွားခဲ့ဖူးပေ။ သို့သော်လည်း ထိုလူတက်လှမ်းလာပြီးမှသာ အဲ့ဒါက ဖြစ်ပွားလာခဲ့ခြင်းဖြစ်၏။
တစ်နည်းအားဖြင့်ဆိုလျှင် ဤကိစ္စသည် ထိုလူနှင့် ပတ်သက်ဆက်နွယ်နေဖို့ အခွင့်များလေသည်။
“ဒါက... ကိစ္စကြီးပဲ”
သွမ့်ထျန်လန်၏ အကြည့်က ရွေ့လျားသွားပြီး ဤကိစ္စကို နှင်းလေတောင်ကြောရိုး၏ ပိုင်နက်အရှင်ထံ ညတွင်းချင်းသတင်းပေးပို့ဖို့ ပြင်ဆင်လိုက်လေသည်။
သူက လှည့်ထွက်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်နှင့် ဝင်တိုက်မိတော့မတတ် ဖြစ်သွားလေသည်။
သွမ့်ထျန်လန်က အလိုလို နောက်သို့ခြေနှစ်လှမ်းဆုတ်ပြီး ကျိန်ဆဲဖို့ပြင်လိုက်၏။
သို့သော်လည်း သူ့ရှေ့မှလူကို တွေ့မြင်သောအခါ သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားလေသည်။ သူသည် ဆဲဆိုတော့မည့်စကားလုံးများကို အတင်းပြန်လည်မျိုချလိုက်ရ၏။
“ဆ..ဆရာဆူ... ခင်ဗျားအသံမပေးဘာမပေးနဲ့ ဘာလို့ညနက်ပိုင်းကြီး အပြင်ထွက်လာရတာလဲ... ကျုပ်ဖြင့်လန့်သွားတာပဲ”
သွမ့်ထျန်လန်၏ အသံက တုန်ယင်နေ၏။
“ဒီနေရာမှာကျင့်ကြံတာက... မင်းအတွက် အကျိုးရှိလိမ့်မယ်”
ဆူဇီမိုက ဖြည်းဖြည်းချင်းပြောလိုက်၏။
သူပြောသည့်စကားများက မှန်ကန်လေသည်။
ဤကဲ့သို့ အမြုတေချီကြွယ်ဝသော ပတ်ဝန်းကျင်တစ်ခုမှာ တစ်ညတာကျင့်ကြံရခြင်းသည် ပုံမှန်ရက်တစ်ရာစာ ကျင့်ကြံခြင်းနှင့် တူညီလေသည်။
“ဒါပေမဲ့....”
ဆူဇီမိုက စကားလမ်းကြောင်းပြောင်းလိုက်၏။
“မင်းစိတ်ထဲမှာပဲ သိမ်းထားပြီး တခြားဘယ်သူ့ကိုမှ မပြောပြရမယ့် ကိစ္စတချို့ရှိတယ်”
“ဟုတ်တာပေါ့... သေချာပေါက် ဟုတ်တာပေါ့”
သွမ့်ထျန်လန်က အလောတကြီး ပြောလိုက်၏။
“ဆရာဆူ... မပူပါနဲ့ ဒီနေရာမှာ ကျုပ်က ပါးစပ်အလုံဆုံးပဲ”
တကယ်တော့... သွမ့်ထျန်လန်သည် ဤနေရာကနေ အသက်ရှင်လျက်ထွက်ခွာနိုင်သည်နှင့် ဤကိစ္စကို အစီရင်ခံတင်ပြဖို့ ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်၏။
ဆူဇီမိုက များစွာပြောဆိုခြင်းမရှိပေ။ သူက သွမ့်ထျန်လန်ကို လေးနက်စွာတစ်ချက်စိုက်ကြည့်ပြီးနောက် သူ၏ ကောက်ရိုးတဲရှိရာသို့ ပြန်လှည့်သွားလေသည်။
သွမ့်ထျန်လန်က လှောင်ရယ်၍ ထွက်ခွာဖို့ပြင်ဆင်လိုက်၏။
ဘာကြောင့်ရယ်မသိ သူသည် ရင်တလှပ်လှပ်ခံစားလာရပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ကာ ဆူဇီမိုကိုစစ်ဆေးကြည့်ရှုလိုက်၏။
“အိုး...”
သွမ့်ထျန်လန်သည် တုန်လှုပ်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ပင့်သက်ကိုရှိုက်လိုက်ရ၏။
အဆင့်သုံး မဟူရာအမြုတေနယ်ပယ်...။
ထိုအခိုက်အတန့်မှာ သွမ့်ထျန်လန်၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ်လှုပ်နေပြီး သူ၏ ခေါင်းမွေးများက ထောင်ထလာခဲ့၏။
လွန်ခဲ့သည့်နှစ်ရက်ကတင် ဤလူသည် အဆင့်-၂ မဟူရာအင်မော်တယ်တစ်ယောက်သာ ဖြစ်ခဲ့၏။
တစ်နေ့တာမျှနှင့် ထိုလူသည် အဆင့်သုံးမဟူရာအင်မော်တယ်တစ်ယောက်ဖြစ်လာခဲ့လေပြီ။
“အဲ့ဒါက ဘယ်လိုသောက်ကျိုးနဲ ကျင့်ကြံမှုအမြန်နှုန်းပါလိမ့်”
“ဒီလူက အဆင့်မြင့်အင်မော်တယ်တစ်ယောက် ပြန်ဝင်စားလာတာများလား”
သွမ့်ထျန်လန်က တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုကို ခံစားလာရ၏။
အစကတော့ သူသည် ဤကိစ္စကို အစီရင်ခံတင်ပြဖို့ အမှန်တကယ် စဉ်းစားတွေးတောနေခဲ့၏။
သို့သော်ယခု... ဆူဇီမိုမထွက်ခွာခင် သူ့ကိုကြည့်ခဲ့သည့် နက်ရှိုင်းသောအကြည့်ကို သူကပြန်လည်အမှတ်ရသွားပြီး သူ၏ ခန္ဓာကိုယ်က ဆတ်ခနဲတုန်ယင်သွားလေသည်။
“မဖြစ်သေးဘူး”
သွမ့်ထျန်လန်က တကယ်ကို ထိတ်လန့်နေပြီဖြစ်၏။
“ငါ့ရဲ့လှုပ်ရှားမှုတိုင်းကို အဲ့ဒီလူက စောင့်ကြည့်နေတာပဲ... ငါအခုနေထွက်သွားမယ်ဆိုရင် ငါက ဒီနေရာမှာပဲသေရလိမ့်မယ်ထင်တယ်”
ထိုသို့အတွေးဖြင့် သွမ့်ထျန်လန်သည် သက်ပြင်းရှည်တစ်ချက်မှုတ်ထုတ်ပြီး စိတ်ဝိညာဉ်စိုက်ခင်းဆီသို့ နာခံစွာပြန်လှည့်လာခဲ့၏။
မည်သို့ပင်ဆိုစေ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုသည် တကယ့်ကိုရှားရှားပါးပါး ဖြစ်ပြီး ဤကိစ္စသည် ကံကောင်းခြင်းနှင့်ကံဆိုးခြင်းနှစ်မျိုးစလုံး ရောထွေးပါဝင်နေ၏။
ထိုသို့အတွေးဖြင့် သွမ့်ထျန်လန်က စတင်ကျင့်ကြံလိုက်၏။
တစ်ညတာမျှနှင့် သူ၏ ကျင့်ကြံမှုက သိသိသာသာ တိုးလာခဲ့လေသည်။
စိတ်ဝိညာဉ်စိုက်ခင်းထဲရှိ အင်မော်တယ်ဆေးပင်များက အလျင်အမြန်ကြီးထွားလာပြီး ဤသတင်းက နှင်းလေတောင်ကြောရိုး၏ စိုက်ပျိုးရေးသမားများကြားမှာ အလျင်အမြန်ပျံ့နှံ့သွားလေသည်။ အဲ့ဒါသည် လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားလာသည့် အကြောင်းအရာတစ်ခုဖြစ်လာခဲ့၏။
သို့သော်လည်း စိတ်ဝိညာဉ်စိုက်ခင်း ၁၃မူ မျှက နှင်းလေးတောင်ကြောရိုးတစ်ခုလုံး၏ စိတ်အာရုံကိုဆွဲဆောင်နိုင်ဖို့ မလုံလောက်ပေ။
တစ်ခဏချင်းမှာပင် တစ်နှစ်တာကုန်ဆုံးသွား၏။
သွမ့်ထျန်လန်သည် ပို၍မြန်ဆန်သည်ထက် မြန်ဆန်စွာ ကြီးထွားလာနေသော စိတ်ဝိညာဥ်စိုက်ခင်းထဲရှိ အင်မော်တယ်ဆေးပင်များကို စောင့်ကြည့်နေခဲ့၏။
နှစ်တစ်ရာမှ ရင့်မှည့်မည်ဟု သတ်မှတ်ထားသော အင်မော်တယ်ဆေးပင်များသည် တိုတောင်းသော တစ်နှစ်မှာပင် ရင့်မှည့်လာတော့မည့်ဆဲဆဲ ဖြစ်လာ၏။
ဤကိစ္စသည် နောက်ဆုံးမှာတော့ နှင်းလေတောင်ကြောရိုးမှ မဟူရာအင်မော်တယ်အချို့၏ စိတ်အာရုံကို ဆွဲဆောင်မိသွားလေသည်။