← Chapters

ပေါက်ကြားသွားခြင်း

Vol. 120 Ch. 1800

ပေါက်ကြားသွားခြင်း

Vol. 120 Ch. 1800

ဤနေ့မှာ ဆူဇီမိုသည် ကောက်ရိုးတဲထဲမှာ ကျင့်ကြံနေရင်း သူ၏ နားနှစ်ဖက်က လှုပ်သွားကာ အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံတစ်ခုကို ကြားလိုက်ရ၏။

ရှုပ်ထွေးနေသော ခြေသံများက ထွက်ပေါ်လာခဲ့လေသည်။

“ဒီကို လာနေတာပဲ”

ဆူဇီမိုက သူ၏ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ သူက တံခါးကို​ တွန်းဖွင့်ပြီး လျှောက်လှမ်းထွက်လာခဲ့၏။

သွမ့်ထျန်လန်သည် စိုးရိမ်ထိတ်လန့်သော အမူအရာတစ်ခုနှင့်အတူ မောဟိုက်နေပြီး အပြေးအလွှားရောက်ရှိလာ၏။ သူက ဆူဇီမို ရှေ့သို့ ရောက်ရှိသောအခါ ချွေးများဖြင့် စိုရွှဲနေပြီဖြစ်၏။

“ဆရာဆူ.. သတင်းဆိုးပဲ.. သခင်မလေးက အဲဒီကိစ္စကို သိသွားလို့ ဒီကိုလာနေပြီ”

သွမ့်ထျန်လန်က မောဟိုက်စွာဖြင့် ပြောလိုက်လေသည်။

ဆူဇီမိုက သွမ့်ထျန်လန်ကို တစ်ချက်ကြည့်လိုက်၏။

သွမ့်ထျန်လန်က ဆတ်ခနဲ တုန်ယင်သွားပြီး အလောတကြီး လက်ကာပြလိုက်၏။

“ဆရာဆူ.. အဲဒီသတင်းက ကျုပ်ဆီကနေ ပေါက်ကြားသွားတာ မဟုတ်ဘူး.. ဒီစိတ်ဝိညာဉ်စိုက်ခင်းထဲမှာ ရှိတဲ့ အင်မော်တယ်ဆေးပင်တွေက ဒီလောက် မြန်မြန်ဆန်ဆန် ကြီးထွားလာတော့ အဲဒါကို သခင်မ သိဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတယ်”

ထိုစဉ်မှာပင် လူတစ်အုပ်စုက မလှမ်းမကမ်းမှာ ပေါ်ထွက်လာကြ၏။

သူတို့၏ ခေါင်းဆောင်က နှင်းလေတောင်ကြောရိုး၏ သခင်မလေး ရှချင်းယင်ပင် ဖြစ်လေသည်။

ခေါင်းဆောင်မှူးလမ့်ချိုးသည် ရှချင်းယင်၏ နောက်ကနေ နီးကပ်စွာ လိုက်ပါလာဆဲဖြစ်၏။ သူက ဆူဇီမိုကို လှမ်းကြည့်ပြီး လှောင်ရယ်လိုက်လေသည်။

ဆေးပင်စိုက်ပျိုးရေးသမားများစွာက ရှချင်းယင်ကို ခြံရံလာပြီး သူတို့ထဲမှာ လူအိုကြီးယန်လည်း ပါဝင်ကာ သူက ဆူဇီမိုကို စိုးရိမ်ပူပန်စွာဖြင့် ကြည့်နေ၏။

ရှချင်းယင်က တစ်နှစ်ကြာပြီးနောက် များစွာပြောင်းလဲသွားခြင်း မရှိပေ။

သူမသည် စိတ်ဝိညာဉ်စိုက်ခင်းထဲရှိ ရင့်မှည့်တော့မည့်ဆဲဆဲ အမြုတေအားဖြည့်မြက်နှင့် မိုးနှင်းပန်းတို့ကို ကြည့်ကာ သူမ၏ မျက်လုံးက ဝင်းလက်သွား၏။

သူမသည် လွန်ခဲ့သည့် တစ်နှစ်က ဤနေရာသို့ ကိုယ်တိုင်ရောက်ရှိလာခဲ့ပြီး ဤစိတ်ဝိညာဉ်စိုက်ခင်းထဲရှိ အင်မော်တယ်ဆေးပင်များက ပျက်စီးသွားခဲ့သည်ကို သူမ၏ မျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရလေသည်။

သို့သော်လည်း တစ်နှစ်တာမျှနှင့် စိတ်ဝိညာဉ်စိုက်ခင်းထဲရှိ အင်မော်တယ်ဆေးပင်များက ဤမျှအထိ ကြီးထွားနေကြလေပြီ။

အစကတော့ ရှချင်းယင်သည် ကောလာဟလ သတင်းများကို ကြားရသည့်အခါ သူမက ပြုံးရုံသာ ပြုံး၍ အဲဒါကို ဂရုမစိုက်ခဲ့ပေ။ ဆေးပင်စိုက်ပျိုးရေးသမားများက ပေါက်တတ်ကရ စကားများကို ပြောဆိုနေခြင်းဖြစ်မည်ဟု သူမက တွေးထင်ခဲ့၏။

သို့သော်လည်း ဤအချိန်အတောအတွင်း ထိုသတင်းက ပို၍ပင် ရိုက်ခတ်မှု ရှိလာခဲ့၏။ နှင်းလေတောင်ကြောရိုး၏ အစောင့်များပင်လျှင် ထိုကိစ္စကို ဆွေးနွေးပြောဆိုလာကြပြီး နောက်ဆုံးမှာ သူမက အဲဒါကို အာရုံစိုက်လာရလေသည်။

“ဘာတွေဖြစ်ခဲ့တာလဲ”

ရှချင်းယင်၏ အကြည့်က ဆူဇီမိုအပေါ်မှာ ခဏမျှ ရပ်တန့်သွားပြီးနောက် သွမ့်ထျန်လန်၏ မျက်နှာပေါ်သို့ ဆင်းသက်သွားကာ ဖြည်းဖြည်းချင်း မေးလိုက်၏။

“ဒါ.. အဲဒါက…”

သွမ့်ထျန်လန်က အထစ်ထစ်အငေ့ါငေါ့ ဖြစ်နေပြီး သူ၏ အကြည့်ကို လွှဲကာ သူ့မျက်နှာပေါ်ရှိ ချွေးများကို အဆက်မပြတ် သုတ်နေရ၏။

“အဲဒါကို ကျုပ်လုပ်လိုက်တာ”

ရုတ်တရက် ဆူဇီမိုက ပြောလိုက်၏။

“ကျုပ်က တစ်ခါတုန်းက ကြယ်တာရာကောင်းကင်ထဲမှာ စိတ်ဝိညာဉ်အရည်တစ်စက်ပါတဲ့ ကျောက်စိမ်းပုလင်းတစ်လုံးကို ရရှိခဲ့တယ်.. အဲဒါကို ဘာအတွက် သုံးရတာလဲ ကျုပ်မသိဘူး”

“ကျုပ်က တိမ်စိုင်မိုးနည်းစနစ်ကို အသုံးပြုတုန်းက အဲဒီကျောက်စိမ်းပုလင်းကို အမှတ်တမဲ့ ဖျက်ဆီးမိသွားတယ်.. အဲဒီ စိတ်ဝိညာဉ်အရည်က တိမ်စိုင်မိုးနဲ့ ရောသွားပြီးတော့ ဒီစိတ်ဝိညာဉ်စိုက်ခင်းတွေထဲကို ကျဆင်းသွားတော့တာပဲ.. ဒီစိတ်ဝိညာဉ်စိုက်ခင်းက ဒီလောက်ထိ မြန်မြန်ကြီးထွားလာတယ်ဆိုတာ အဲဒီ စိတ်ဝိညာဉ်အရည်ကြောင့်ပဲဖြစ်မယ်”

ဆူဇီမိုသည် ဤကိစ္စကို သေချာပေါက် ဖုံးကွယ်ထားလို့ မရမည်ကို တွေးထားခဲ့ပြီးသားဖြစ်၏။ အဲဒါကြောင့် သူသည် အကြောင်းပြချက်တစ်ခုကို တွေးထားခဲ့သည်မှာ ကြာခဲ့လေပြီ။

သူ၏ စကားမှာ ဟာကွက်တချို့ ရှိနေသော်လည်း သူက အမှန်ကို ပြောနေခြင်း ဟုတ် မဟုတ်.. အခြားသူများအနေဖြင့် စဉ်းစားဆုံးဖြတ်ဖို့ တကယ်ပင် ခက်ခဲလေသည်။

ဆူဇီမိုသည် သူ၏ ကောက်ရိုးတဲထဲမှာ တစ်ချိန်လုံး ကျင့်ကြံနေခဲ့ပြီး တိမ်စိုင်မိုးနည်းစနစ်ကို ဘယ်တုန်းကမှ ထုတ်ဖော်ခဲ့ခြင်း မရှိသည်ကို သွမ့်ထျန်လန်ကသာလျှင် သိရှိထားလေသည်။

ဤစိတ်ဝိညာဉ်စိုက်ခင်းထဲမှာ တိမ်စိုင်မိုးနည်းစနစ်ကို ထုတ်ဖော်ခဲ့သည့်သူက သူသာဖြစ်ပြီး သူသည် မည်သည့် စိတ်ဝိညာဉ်အရည်ကိုမှ ရရှိထားခဲ့ခြင်း မရှိချေ။

သို့သော်လည်း သွမ့်ထျန်လန်က သူ၏ ခေါင်းကို တိတ်တဆိတ်ဖြင့် ငုံ့ထား၏။

“ဘယ်လိုစိတ်ဝိညာဉ်အရည်ကများ အဲ့လောက်ထိ စွမ်းအားကြီးမားတာပါလိမ့်”

“တစ်စက်တည်းနဲ့တောင် အဲဒါက အမြုတေအားဖြည့်မြက်နဲ့ မိုးနှင်းပန်းတွေရဲ့ ကြီးထွားမှုနှုန်းကို အဆတစ်ရာတောင် တိုးလာစေခဲ့တာပဲ”

“အမှန်ပဲ.. ရင့်မှည့်ဖို့အတွက် နှစ်တစ်ရာလိုတဲ့ အင်မော်တယ်ဆေးပင်တွေက တစ်နှစ်တည်းနဲ့ ဒီလောက်ထိတောင် ကြီးထွားလာခဲ့ပြီ”

ဘေးပတ်လည်ရှိ ဆေးပင်စိုက်ပျိုးရေးသမားများက တုန်လှုပ်စွာဖြင့် ဆွေးနွေးပြောဆိုလိုက်ကြ၏။

“ဟမ့်”

လျန့်ချိုးက လှောင်ရယ်လိုက်၏။

“ဘယ်လို ပေါက်တတ်ကရ စကားလဲ.. ဘယ်စိတ်ဝိညာဉ်အရည်ကများ အင်မော်တယ်ဆေးပင်နှစ်မျိုးကို တစ်နှစ်အတွင်း ဒီလောက်ထိ ရင့်မှည့်လာအောင် ပြုလုပ်နိုင်မှာလဲ”

“မင်း အဲဒါကို အရင်က မမြင်ဖူးတာနဲ့ပဲ အဲဒါကို မဟုတ်ဘူးလို့ ပြောလို့မရဘူး”

ဆူဇီမိုက ဂရုမစိုက်ဟန်ဖြင့် ပြောဆိုလိုက်လေသည်။

“အဲဒီစိတ်ဝိညာဉ်အရည်ကြောင့် မဟုတ်ဘူးဆိုရင် ဒီစိတ်ဝိညာဉ်စိုက်ခင်းမှာ ဘာဖြစ်သွားခဲ့တာလဲ မင်း ငါ့ကို ရှင်းပြလို့ ရမလား”

“မင်း..”

လျန့်ချိုးက အံကို ကြိတ်ပြီး ပြောစရာစကား ပျောက်ဆုံးသွားလေသည်။

သူ့ရှေ့ရှိ မြင်ကွင်းသည် အင်မော်တယ်ဖြစ်စဉ်တစ်ခုဟု အမှန်တကယ်ပင် ဆိုနိုင်ပြီး သူက အခြား မည်သည့်အကြောင်းပြချက်ကိုမှ မစဉ်းစားမိနိုင်ပေ။

ရှချင်းယင်က ခဏမျှ စဉ်းစားတွေးတောပြီးနောက် မေးလိုက်၏။

“ရှင့်မှာ အဲဒီ စိတ်ဝိညာဉ်အရည် ဘယ်လောက်များများ ရှိသေးလဲ”

“အဲဒါ အကုန်ပဲ”

ဆူဇီမိုက ပခုံးတွန့်ပြလိုက်၏။

“ကျုပ်မှာ အဲဒီတစ်စက်ပဲ ရှိတာ.. အဲဒါကိုလည်း သုံးပြီးသွားပြီ”

ထိုသို့ဖြင့်သာ ဤအကြောင်းနှင့် ပတ်သက်၍ အခြားသူများ စဉ်းစားတွေးတောနေခြင်းကို သူက ရပ်တန့်နိုင်ပေလိမ့်မည်။

“နှမြောဖို့ကောင်းလိုက်တာ”

“ငါတို့သာ အဲ့လို စိတ်ဝိညာဉ်အရည် များများစားစား ရထားမယ်ဆိုရင် အင်မော်တယ်ဆေးပင်တွေရဲ့ ကြီးထွားမှုက အဆတစ်ရာ ပိုမြန်လာမှာ.. အဲဒါဆိုရင် ငါတို့က ကျင့်ကြံဖို့အတွက် အမြုတေစုဖွဲ့ဆေးလုံးတွေကို အများကြီး ပိုရနိုင်ပြီ”

ဆေးပင်စိုက်ပျိုးရေးသမားများစွာက သူတို့၏ ခေါင်းကို ခါယမ်းပြီး သက်ပြင်းချလိုက်ကြ၏။

ရှချင်းယင်ကလည်း အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့လေသည်။

“ဟမ့်”

လျန့်ချိုးက စိမ်းသက်သော အမူအရာတစ်ခုနှင့်အတူ သူ၏ ခေါင်းကို မော့လိုက်လေသည်။ သူက ဆူဇီမို၏ မျက်လုံးကို စိုက်ကြည့်ပြီး လှောင်ရယ်လိုက်၏။

“လောကမှာ အဲ့လောက်ထိ တိုက်ဆိုင်တာ ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ.. မင်းမှာ အဲဒီ စိတ်ဝိညာဉ်အရည် တစ်စက်ပဲ ရှိတယ်လို့ ငါမယုံဘူး”

“မင်း ငါ့ကို မယုံဘူးဆိုလည်း ငါတတ်နိုင်တာ ဘာမှမရှိဘူး”

ဆူဇီမိုက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။

“တကယ်တော့ နည်းလမ်းတစ်ခု ရှိပါတယ်”

လျန့်ချိုး၏ အကြည့်က အေးစက်ခက်ထန်လာပြီး သူက ရုတ်တရက် ရှေ့သို့ တက်လှမ်းကာ အော်ပြောလိုက်၏။

“မင်းရဲ့ သိုလှောင်အိတ်ကို ထုတ်ပေး.. အဲဒါကို ငါစစ်ဆေးကြည့်မယ်”

“မလုပ်နဲ့”

ရှချင်းယင်က မျက်မှောင်ကြုတ်ပြီး သူ့ကို အလောတကြီး တားဆီးလိုက်၏။

သို့သော်လည်း လျန့်ချိုး၏ လှုပ်ရှားမှုက အလွန်တရာ မြန်ဆန်လေသည်။ ဆိုင်းမဆင့် ဗုံမဆင့်နှင့် သူက ရှချင်းယင်၏ ဘေးကနေ ရိပ်ခနဲဖြတ်ပြီး ဆူဇီမို ရှေ့သို့ ရောက်ရှိလာကာ ထိုသူ၏ ခါးကို သူ၏ လက်ဝါးဖြင့် လှမ်းရိုက်လိုက်လေသည်။

ဆူဇီမို၏ ခါးပေါ်မှာ သိုလှောင်အိတ်တစ်အိတ်ကို အမှန်တကယ်ပင် ချိတ်ဆွဲထား၏။

သို့သော်လည်း လျန့်ချိုးသည် သူ၏ သိုလှောင်အိတ်ကို ချိန်ရွယ်ခြင်း မဟုတ်သည်မှာ သိသာပြီး သူ၏ ခွန်အားကိုလည်း ထိန်ချန်ထားခြင်း မရှိပေ။

ထိုလက်ဝါး ဆင်းသက်လာပါက ဆူဇီမို၏ ကျောရိုးက ကျိုးသွားရပေလိမ့်မည်။

အထက်ဘုံလောကမှာ ကျောရိုးကျိုးခြင်းကို ဒဏ်ရာအပြင်းအထန် ရရှိခြင်းဟု ဆိုနိုင်လေသည်။ အဲဒါကို ကောင်းကောင်းမကုသနိုင်ဘူးဆိုလျှင် သူ၏ ခန္ဓာကိုယ်အောက်ပိုင်းက သုံးစားမရ ဖြစ်သွားနိုင်လေသည်။

လျန့်ချိုး၏ လက်ဝါးရိုက်ချက်က တကယ့်ကို ရက်စက်ကြမ်းတမ်းလွန်း၏။

ဆေးပင်စိုက်ပျိုးရေးသမားများစွာက တုံ့ပြန်၍ အံ့အားတသင့် အော်ဟစ်လိုက်ကြ၏။

“သွားပါပြီ”

“ခေါင်းဆောင်တပ်မှူးလျန့်က အဆင့်လေး မဟူရာအင်မော်တယ်တစ်ယောက်ပဲ.. သူကသာ ခွန်အားကုန်နဲ့ တိုက်ခိုက်မယ်ဆိုရင် ဆူဇီမိုက သေလုနီးပါးဖြစ်သွားရလိမ့်မယ်”

“ဒီလူငယ်လေးက တက်လှမ်းလာတာ မကြာသေးဘူးဆိုတော့ တော်တော်မရင့်ကျက်သေးတာပဲ.. သူက ခေါင်းဆောင်တပ်မှူးလျန့်နဲ့ ဘာလို့သွားပြီး အတိုက်အခံလုပ်ရတာလဲ.. အား.. သနားစရာကောင်းလိုက်တာ”

လူတိုင်းက သနားကရုဏာသက်စွာဖြင့် အဲဒါကို မကြည့်ရက်ကြပေ။

ဖောင်း…

အဲဒီမှာ ကြွပ်ဆတ်ဆတ် အသံတစ်သံ ထွက်ပေါ်လာ၏။

လျန့်ချိုး၏ ပုံရိပ်က ချက်ချင်းပင် အေးခဲရပ်တန့်သွား၏။

ဆေးပင်စိုက်ပျိုးရေးသမားများစွာက မယုံကြည်နိုင်စွာဖြင့် သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကြ၏။

လျန့်ချိုး၏ လက်ဖဝါးက ဆူဇီမို၏ ခါးပေါ်သို့ မဆင်းသက်ခင်မှာပင် လေထဲမှာ အေးခဲရပ်တန့်နေ၏။

ဆူဇီမိုက ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး လျန့်ချိုး၏ လက်ကောက်ဝတ်ကို​ ဖမ်းဆုပ်ထားလေသည်။

ဆူဇီမိုကို မည်သို့တိုက်ခိုက်လိုက်သည်ကို မည်သူကမှ မမြင်ခဲ့ကြပေ။

သို့သော်လည်း လျန့်ချိုး၏ လက်ကောက်ဝတ်က လေထဲမှာ ရပ်တန့်နေ၏။ သူက သူ၏ ခွန်အားကို ဘယ်လိုပင် လှည့်ပတ်သည်ဖြစ်စေ… သူက ဆက်လက်ဖိချခြင်း သို့မဟုတ် လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

ဆေးပင် လယ်သမားများစွာက ရုတ်ရုတ်သဲသဲ​ ဖြစ်ကုန်ကြ၏။

“ဒီလူငယ်လေးက ခေါင်းဆောင်တပ်မှူးလျန့်ရဲ့ တိုက်ခိုက်မှုကို တကယ်ကြီး ခုခံနိုင်ခဲ့တာပဲ”

“မဟုတ်သေးဘူး.. ဒီလူငယ်လေးက တက်လှမ်းလာတာဖြင့် မကြာသေးဘူး.. သူက အဆင့်တစ် မဟူရာအင်မော်တယ်တစ်ယောက်ပဲ ဖြစ်ဦးမယ်.. အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”

ချက်ချင်းပင် လူအုပ်ကြီးထဲမှာ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာ၏။

ထိုစဉ်မှာပင် ရှချင်းယင်က ဆူဇီမို၏ မျက်နှာကို ကြည့်ပြီး သူမ၏ မျက်လုံးနှစ်ဖက်က ဝင်းလက်သွား၏။

“အဆင့်လေး မဟူရာအင်မော်တယ်ပဲ”

ဆေးပင် လယ်သမားအချို့သည်လည်း တုံ့ပြန်လာနိုင်ကြပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ဆူဇီမိုကို စစ်ဆေးကြည့်ရှုကာ တုန်လှုပ်သွားကြလေသည်။

“အဲဒါက တစ်နှစ်ပဲ ကြာသေးတယ်.. ဒီရောင်းရင်းလေးက အဆင့်လေး မဟူရာအင်မော်တယ်အထိ ကျင့်ကြံနိုင်ခဲ့ပြီလား”

“ဘယ်.. ဘယ်လို ကျင့်ကြံမှု​ အမြန်နှုန်းပါလိမ့်”

လူအုပ်ကြီးထဲမှာ သွမ့်ထျန်လန် တစ်ယောက်ကသာလျှင် တည်ငြိမ်နေလေသည်။

ဆူဇီမိုသည် သတ်ဖြတ်လိုစိတ် တစ်စွန်းတစ်စနှင့်အတူ သူ၏ မျက်လုံးကို​ အနည်းငယ် မှေးကျဉ်းပြီး လျန့်ချိုးကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်၏။

“ခေါင်းဆောင်တပ်မှူးလျန့်.. မင်းက ဘာဖြစ်ချင်နေတာလဲ”

All Chapters