အခန်း (၁၆)
Vol. 2 Ch. 16
"..........."
ကျန်းချန်က စုလင်းရှန်း၏ စကားကြောင့် ရုတ်တရက် စိတ်ရှုပ်သွားခဲ့သည်။
သူက ရိုးရှင်းစွာ ငြင်းပယ်ခဲ့ခြင်းသာ ဖြစ်သည်။
အဘယ်ကြောင့် လူများစွာအတွက် တာဝန်ရှိသွားပါသနည်း။
"ဆရာမစု.. ကျွန်တော်က အဂ္ဂိရတ်ပညာ တစ်ခုထဲကို ဇောက်ချမလေ့လာချင်လို့ပါ.. အဂ္ဂိရတ်ပညာကို ဆက်မလေ့လာတော့မှာ မဟုတ်ပါဘူး"
ကျန်းချန်က ပြောလိုက်သည်။
“လူတစ်ယောက်ရဲ့ ပါရမီက အကန့်အသတ်ရှိတယ်.. ဒီကမ္ဘာကြီးမှာ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ ပါရမီရှင်တွေ အများအပြား ရှိကြတယ်.. သူတို့က မင်းနဲ့ အတွေးအမြင်ချင်း တူညီကြပြီး နယ်ပယ်ပေါင်းစုံကို လေ့လာချင်ခဲ့ကြတယ်...ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့ရဲ့ အကန့်အသတ်ရှိတဲ့ ပါရမီကြောင့် သူတို့က နယ်ပယ်ပေါင်းစုံမှာ မြင့်မားတဲ့အဆင့်ကို မရောက်ရှိခဲ့ဘူး.. သူတို့က သူတို့ရဲ့ပါရမီတွေကို အလဟဿ ဖြုန်းတီးလိုက်သလို ဖြစ်သွားခဲ့တယ်"
စုလင်းရှန်းက ကျန်းချန်ကို လေးနက်စွာ ကြည့်နေခဲ့သည်။
"ငါ မင်းကို ဒီလူတွေလို မဖြစ်စေချင်ဘူး.. ငါ့စကားကို နားလည်လား"
"သတိပေးလို့ကျေးဇူးတင်ပါတယ် ဆရာမစု"
ကျန်းချန်က ကျေးဇူးတင်ကြောင်း ပြောပြီးနောက်တွင် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဒါပေမယ့်လဲ ကျွန်တော်က ကိုယ်ခံပညာမှာ အောင်မြင်မှုတွေ ရချင်နေတုန်းပဲ ဆရာမစု"
"မင်း"
စုလင်းရှန်း ရုတ်တရက် ဒေါသထွက်လာခဲ့သည်။
သူမက အာပေါက်မတတ် နားချခဲ့သော်လည်း ဤကောင်လေးက နားမဝင်ခဲ့ပေ။
"မင်းကို ငါတကယ်စိတ်ဆိုးလာပြီ.. ထားလိုက်တော့.. ငါ့ကတိအတိုင်း ရွှေအဆင့် ကျောင်းသား အဖြစ် သတ်မှတ်ခံရဖို့ ငါတာဝန်ယူတယ်"
စကားဆုံးသည်နှင့် စုလင်းရှန်းက ဒေါသတကြီး ထွက်သွားခဲ့သည်။
သူ့ရှေ့မှ ခေါင်းမာသည့် လူငယ်ကို စည်းရုံးရန် သူမ ဘာမှမတတ်နိုင်ပေ။
ဤအကြောင်းကို သူမဆရာ ယန်ချင်းရွှယ်ကို ပြောပြ၍ သူမ ဆရာကိုသာ ခေါင်းစားခိုင်းရပေမည်။
စုလင်းရှန်း ထွက်သွားပြီးနောက် ကျန်းချန်သည် လင်းယန်ကို တိုက်ရိုက်ကြည့်ကာ ရယ်မောလိုက်သည်။
"လင်းယန်.. မင်း ဒီကနေ အခုချက်ချင်း ထွက်သွားဖို့သင့်ပြီ"
"............."
လင်းယန်က ကျန်းချန်၏စကားကို မထီမဲ့မြင်ပြုလိုက်ပြီး အခန်းထဲမှ ထွက်မသွားခဲ့ပေ။
လင်းယန်က ကျန်းချန်ကို ဘုကြည့် ပြန်ကြည့်လိုက်သည်။
"ငါထွက်မသွားတော့ မင်းဘာလုပ်ချင်လဲ"
"မင်းအနေနဲ့ ကိုယ့်အဆင့် ကိုယ်သိသင့်ဖို့ ငါသတိပေးချင်တယ်.. မင်း မသိရင် ငါသင်ပေးရမလား"
ကျန်းချန်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"ကျန်းချန် မင်းသိပ်ပြီး အနိုင်မကျင့်နဲ့"
လင်းယန်သည် ကျန်းချန်ကို စိုက်ကြည့်ကာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။
ဤလူယုတ်မာသည် သူ့ကို လူတိုင်းရှေ့တွင် စာသင်ခန်းထဲမှ ထွက်သွားခိုင်းခဲ့သည်။
"ငါ မင်းကို အနိုင်ကျင့်တယ်ကွာ.. ဘာဖြစ်လဲ.. မင်းငါ့ကို ဘာလုပ်နိုင်လို့လဲ"
ကျန်းချန်က ရယ်မော၍ ပြောလိုက်သည်။
"ပေါက်ကရ စကားတွေ ပြောနေတာ ရပ်လိုက်စမ်း.. မင်းဘာသာ သွားမလား.. ငါကိုယ်တိုင် မင်းကို မောင်းထုတ်ရမလား"
"ငါ့ကို ခြိမ်းခြောက်ရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ"
လင်းယန်သည် မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
ကျန်းချန်က သူ့ကို တစ်ခုခုလုပ်ဝံ့မည်ဟု သူ မယုံခဲ့ပေ။
ထိုခဏတွင် ကျန်းချန်သည် မျက်လုံးများ အေးစက်လာခဲ့ပြီး သူ၏ အံ့ဖွယ် ခြေလှမ်းကို အသုံးပြုလိုက်သည်။
နောက်ထပ် အခိုက်အတန့်တွင် သူ၏ပုံရိပ်သည် လင်းယန်၏ ဘေးတွင် တစ္ဆေသရဲ ကဲ့သို့ ပေါ်လာခဲ့၏။
သူက လင်းယန်၏ ပုခုံးကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
လင်းယန်က ဘာမှမတုံ့ပြန်နိုင်ဘဲ တုန်တုန်ယင်ယင်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
"ကျန်းချန် မင်း ဘာလုပ်မလို့လဲ.. ငါ့ဆံပင်တစ်မွေးကို ထိဝံ့ရင်တောင် ငါ့အကိုက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူးနော်"
လင်းယန်က ထိတ်လန့်တကြား အော်လိုက်သည်။
ကျန်းချန်က လင်းယန်၏ ထိတ်လန့်နေသော အမူအရာအောက်မှာပင် ညာခြေကို အနည်းငယ် မြှောက်လိုက်ကာ လင်းယန်၏ ဘောကို သေသေသပ်သပ် ကန်ထည့်လိုက်သည်။
လင်းယန်၏ခန္ဓာကိုယ်သည် ချက်ချင်းပင် ဘောလုံးတစ်လုံးလို ဖြစ်သွားခဲ့ပြီး စာသင်ခန်း အပြင်ဘက်သို့ တိုက်ရိုက် လွှင့်ထွက်သွားခဲ့သည်။
သူတို့ရှေ့မှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကြောင့် စာသင်ခန်းအတွင်းရှိ ကြေးအဆင့် ကျောင်းသားတစ်စုသည် အချိန်အတော်ကြာ မှင်တက်သွားခဲ့ရသည်။
"ဒီကောင်က လင်းယန်ကို စာသင်ခန်းထဲက ကန်ထုတ်လိုက်တယ်ဟ"
အခန်း(၁၆) ပြီး၏