အခန်း (၁၈)
Vol. 2 Ch. 18
ထွားကျိုင်းသော ကောင်လေး၏ ပိုင်စိုးပိုင်နင်း စကားလုံးများသည် ကျန်းချန်ကို အံ့အားသင့်သွားစေသည်။
သူက ထွားကျိုင်းသော ကောင်လေးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"မင်းက ဘယ်သူလဲ"
"ငါ့နာမည်မုန့်သုန်ရှင်း"
ထွားကျိုင်းသောကောင်လေးက ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
"ဒီကောင်က မုန့်သုန်ရှင်းလား"
ကျန်းချန်က မျက်မှောင်ကြုတ်သွားသည်။
သူက လင်ယွင်ကျောင်းတော်သို့ ရောက်သည်မှာ နှစ်ရက်သာရှိသေးသော်လည်း လင်ယွင်ကျောင်းတော်ရှိ အချို့သောလူများအကြောင်းကို သိရှိခဲ့သည်။
ဤမုန့်သုန်ရှင်းသည် လင်ယွင်ကျောင်းတော်၏ အပြင်စည်း နန်းတော်တွင် လူသိများသော ပါရမီရှင်ဖြစ်ပြီး အပြင်စည်း နန်းတော်၏ ရွှေအဆင့် ကျောင်းသားများထဲတွင် နံပါတ်တစ် ဖြစ်သည်။
မုန့်သုန်ရှင်း၏ ခွန်အားသည် ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၉ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ချီကာကွယ်ရေးအဆင့်ကို ခြေတစ်လှမ်းလောက်သာ လိုတော့၍ အတွင်းစည်း နန်းတော်၏ ကျောင်းသားတစ်ဦး ဖြစ်လာနိုင်သည်ဟု ဆိုကြသည်။
ကျန်းချန် နားမလည်သည်မှာ သူနှင့်မုန့်သုန်ရှင်းက တစ်ယောက်နှင့် တစ်ယောက် တစ်ခါမှ မတွေ့ဖူးဘဲ သူ့ကို ပြဿနာလာရှာနေသော အချက် ဖြစ်၏။
"မင်းက အပြင်စည်းနန်းတော်ရဲ့ ရွှေအဆင့်ကျောင်းသားတွေထဲမှာ နံပါတ်တစ်ဖြစ်တဲ့ မုန့်သုန်ရှင်းကိုး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ဒါပေမယ့် ဒီခြံဝင်းက ငါ့အတွက် ကျောင်းတော်ကနေ စီစဉ်ပေးထားတာပဲ.. မင်း ငါ့အိမ်ကို ဒီလိုမျိုး သိမ်းပိုက်ရင် ကျောင်းတော်က သဘောကျမယ်မထင်ဘူး"
"ဘယ်သူ့ဂရုစိုက်ရမလဲ.. ငါသခင်လေးက အရင် ခြံဝင်းထဲမှာနေရတာ ငြီးငွေ့နေပြီ.. ခြားနားတဲ့ ပတ်ဝန်းကျင်မှာ နေချင်တယ်"
"ကျောင်းတော်က မင်းအတွက် ဒီခြံဝင်းကို စီစဉ်ပေးထားလဲ ငါ ဂရုမစိုက်ဘူး.. အခု ငါသဘောကျတဲ့အတွက် ဒီခြံဝင်းက ငါ့အတွက်ပဲ"
"ငါမုန့်သုန်ရှင်း စိတ်ဝင်စားနေသရွေ့ ဒီနေရာကို ဘယ်သူမှ ငါ့ဆီကနေ ယူသွားလို့ မရဘူး.. ငါ့စကားကို နားလည်ရင် ချက်ချင်း နေရာပြောင်းလိုက်တော့"
မုန့်သုန်ရှင်းက ကျန်းချန်ကို မှုန်ကုပ်ကုပ် ကြည့်နေခဲ့သည်။
သူက တစ်လျောက်လုံး အထက်စီးဆန်သော လေသံဖြင့်သာ ပြောဆိုခဲ့၏။
"မင်းက ငါ့ကို နေရာပြောင်းလို့ ပြောတိုင်း ငါကပြောင်းရမှာလား"
ကျန်းချန်၏ မျက်လုံးများက အေးစက်သွားသည်။
"ဒါက ငါ့ခြံဝင်း .. မင်းဆုံးဖြတ်ချက်ချလို့မရဘူး.. လိုချင်ရင် မင်းဘယ်လောက်ထိ အစွမ်းအစ ရှိသလဲဆိုတာ ငါ့ကို ပြစမ်းပါ"
ကျန်းချန် နှင့် မုန့်သုန်ရှင်းတို့ အကြားမှ ပဋိပက္ခသည် ဖြတ်သွားဖြတ်လာ ကျောင်းသားများစွာကို စိတ်ဝင်တစား ကြည့်ရှုရန် လျင်မြန်စွာပင် လှုံ့ဆော်ခဲ့သည်။
"ဟိုမှာကြည့်စမ်း.. တစ်ယောက်ယောက်က မုန့်သုန်ရှင်း နဲ့ ရန်ဖြစ်နေတယ်"
"မဟုတ်သေးဘူး.. လင်ယွင်ကျောင်းတော်ရဲ့ အပြင်စည်း နန်းတော်မှာ မုန့်သုန်ရှင်းကို စိန်ခေါ်ရဲတဲ့လူ ရှိလို့လား"
လူတော်တော်များများ၏ မျက်လုံးများက ပြူးကျယ်သွားကြ၏။
မုန့်သုန်ရှင်းသည် အပြင်စည်းနန်းတော်၏ ရွှေအဆင့်ကျောင်းသားများထဲတွင် နံပါတ်တစ် ဖြစ်သည်။
သူ၏ခွန်အားက အပြင်စည်း ကျောင်းသားများကြားတွင် ပြိုင်ဘက်ကင်းသည့် အပြင် သူ့ကို စိန်ခေါ်ရန် မည်သူမှ သတ္တိမရှိပေ။
မုန့်သုန်ရှင်းကို ဆန့်ကျင်သည်မှာ သူတို့ ယခင်က မကြားဖူးသည့် အကြောင်းအရာ ဖြစ်သည်။
"ကျန်းချန်.. မင်းက ကြေးအဆင့် ကျောင်းသားပဲ.. ဒါပေမယ့် မင်းရဲ့ ကံတရားကြောင့် ရွှေအဆင့်ကျောင်းသား အဖြစ် တိုးမြှင့်ခံခဲ့ရတယ်.. မင်းကိုယ်မင်း ငါ့ဆီက တစ်စုံတစ်ရာကို ရယူဖို့ ထိုက်တန်တယ်လို့ ထင်နေလား"
"မင်းက အရမ်းမာနကြီးတယ်လို့ ငါကြားထားတယ်.. ကျောင်းတော်ကို ပထမဆုံး ရောက်တဲ့နေ့မှာတောင် အကိုလင်းယွီရဲ့ ညီကို ရိုက်နှက်ခဲ့တယ်"
"ဒီနေ့တော့ ငါ အစ်ကို လင်းယွီကိုယ်စား မင်းကို သင်ခန်းစာပေးမှ ဖြစ်တော့မယ်"
မုန့်သုန်ရှင်းက ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။
သူ့တစ်ကိုယ်လုံးတွင် ပြင်းထန်သော လူသတ်ငွေ့များ ပျံ့နှံ့နေခဲ့သည်။
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။
အစောပိုင်းကပင် မုန့်သုန်ရှင်းက ရန်ငြိုးမရှိဘဲ အဘယ်ကြောင့်ရောက်လာသနည်းဟု သူတွေးနေခဲ့၏။
ယခုတော့ သူနားလည်သွားချေပြီ။
လင်းယန်၏ အကိုလင်းယွီသည် ဒေါသကို ရှင်းရှင်းလင်းလင်း မထုတ်ပြနိုင်သောကြောင့် သူ့ကို ပြဿနာရှာရန် မုန့်သုန်ရှင်းကို တမင်တကာ ဤနေရာသို့ စေလွှတ်ခဲ့ခြင်းပင်။
"အပြင်စည်း နန်းတော်ရဲ့ နံပါတ်တစ်က လင်းယွီရဲ့ဘေးက ခွေးတစ်ကောင် ဖြစ်နေလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး"
ကျန်းချန်က ခနဲ့လိုက်ပြီး မုန့်သုန်ရှင်းကို လျစ်လျူရှုကာ ခြံဝင်းဆီသို့ လျှောက်သွားခဲ့သည်။
ထိုခဏတွင် မုန့်သုန်ရှင်း၏ မျက်လုံးများသည် ရုတ်တရက် အေးစက်လာခဲ့သည်။
"ကျန်းချန်...ဒီလင်ယွင်ကျောင်းတော်မှာ မင်းက ငါ့ကို ဒီလိုပြောရဲတဲ့ ပထမဆုံးလူပဲ.. သွားသေလိုက်တော့"
မုန့်သုန်ရှင်းက ကြုံးဝါးလိုက်ပြီး သူ့ညာဘက် လက်ငါးချောင်းကို စွန်ရဲခြေသည်းကဲ့သို့ ရုတ်တရက် ကွေးညွှတ်ကာ ကျန်းချန်၏ လည်ချောင်းဆီသို့ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် လျင်မြန်စွာ ကုတ်ဆွဲလိုက်သည်။
သူက အပြင်စည်းနန်းတော်၏ နံပါတ်တစ် ဖြစ်သည့်အပြင် ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၉၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ကိုယ်ခံပညာ ပါရမီရှင် ဖြစ်သည်။
ဘယ်အမှိုက်ကိုမဆို စိတ်တိုင်းကျ ရှုံ့ချခွင့်ပေးမည် မဟုတ်ပေ။
သူ့ကို စော်ကားခြင်း၏ အဆုံးသတ်သည် သေလမ်း တစ်လမ်းသာ ရှိသည် မဟုတ်ပါလား။
အခန်း(၁၈) ပြီး၏