အခန်း (၁၉)
Vol. 2 Ch. 19
"ဟ.. ဒီကောင်က တကယ်ပဲ မုန့်သုန်ရှင်းကို စိန်ခေါ်ရဲတဲ့ အထိ အတင့်ရဲနေတာလား.. မေဘေးက အရှင်လတ်လတ် အရေခွံခွာခံရမှာကို ငါစိုးရိမ်မိတယ်"
မုန့်သုန်ရှင်း၏ လှုပ်ရှားမှုကို မြင်လျှင် အားလုံးက မျက်မှောင်ကြုတ်သွားခဲ့သည်။
သူတို့အားလုံးနီးပါးသည် ကျန်းချန် ဒုက္ခရောက်တော့မည်ဟု မှန်းဆခဲ့ကြ၏။
သို့သော့ သူတို့ မျှော်လင့်ထားသလို အဖြစ်ဆိုးကြီးက လက်တွေ့တွင် ဖြစ်မလာခဲ့ပေ။
မုန့်သုန်ရှင်း၏ အမြန်နှုန်းသည် အလွန်မြန်သော်လည်း ကျန်းချန်၏ အမြန်နှုန်းက ပိုမြန်နေခဲ့သည်။
ကျန်းချန်သည် နက်နဲမှုအဆင့် ဝိညာဥ်အလင်းခြေလှမ်းဖြင့် မုန့်သုန်ရှင်း၏ ကုတ်ဆွဲချက်ကို လျှပ်တစ်ပြက် ရှောင်တိမ်းသွားခဲ့သည်။
"တကယ်ကြီး ရှောင်တိမ်းသွားတာဟ"
လူအတော်များများ၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။
မုန့်သုန်ရှင်းက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး မီတာအနည်းငယ်အကွာတွင် ပေါ်လာသည့် ကျန်းချန်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
"ငါမင်းကို လျှော့တွက်ခဲ့မိပြီထင်တယ်.. မင်းမှာ အစွမ်းအစ နည်းနည်းပါးပါး ရှိမယ်လို့ မထင်မိခဲ့ဘူး"
"မုန့်သုန်ရှင်း.. လင်ယွင်ကျောင်းတော်က ပြိုင်ကွင်း အပြင်ဘက်မှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်.. မင်းဒီလိုလုပ်နေရင် လင်ယွင်ကျောင်းတော်ကနေ ထုတ်ပစ်ခံရမှာ မကြောက်ရွံ့ဘူးလား"
ကျန်းချန်က မုန့်သုန်ရှင်းကို တည်ငြိမ်စွာကြည့်ရင်း ပြောလိုက်သည်။
သူ့မျက်လုံးများက ပို၍ပင် အေးစက်လာခဲ့သည်။
"ဟက်.. လင်ယွင်ကျောင်းတော်ရဲ့ စည်းမျဉ်းတွေနဲ့ ငါ့ကို ဖိအားပေးချင်တာလား.. ကျောင်းတော်ရဲ့ စည်းမျဉ်းတွေက အားနည်းသူတွေအတွက်ပဲ...မင်းယုံမယုံတော့ ငါမသိဘူး.. မင်းကို မင်းအနိုင်ကျင့်ရင်တောင် လင်ယွင်ကျောင်းတော်က ငါ့ကို ဘာမှအရေးယူမှာ မဟုတ်ဘူး"
မုန့်သုန်ရှင်းက လှောင်ရယ်ကာ ပြောလိုက်သည်။
သူက အပြင်စည်းနန်းတော်၏ နံပါတ်တစ် ရွှေအဆင့် ကျောင်းသား ဖြစ်သည်။
စည်းမျဥ်းကို ချိုးဖောက်ခဲ့လျှင်ပင် သတိပေးခံရရုံလောက်သာပြစ်ဒဏ်ကို ခံရမည် ဖြစ်၏။
ကျောင်းတော်၏ နောက်တံခါးကနေ ဝင်လာသည့် ဖွတ်ကျားအတွက် ကျောင်းတော်သည် အပြင်စည်းကျောင်းသားများ၏ နံပါတ်တစ် ရွှေအဆင့် ကျောင်းသားကို မည်သို့မှ မောင်းထုတ်မည် မဟုတ်ပေ။
"မင်းက ငါ့ကို ရိုက်နှက်ဖို့ ထိုက်တန်လို့လား.. ငါ့မျက်လုံးထဲမှာတော့ မင်းက အပြင်စည်းနန်းတော်ရဲ့ နံပါတ်တစ် ရွှေအဆင့် ကျောင်းသားဆိုတာက လွဲရင် ဘာမှ မဟုတ်ဘူး"
ကျန်းချန်က မုန့်သုန်ရှင်းကို မထီမဲ့မြင် ကြည့်ရင်း အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"မုန့်သုန်ရှင်း.. ငါနဲ့မင်းနဲ့ ကြားမှာ ဘာပြဿနာမှ မရှိခဲ့ဖူးဘူး.. ဒါပေမယ့် မင်းက သူတပါးရဲ့ နောက်လိုက်ခွေးအဖြစ်နဲ့ ငါ့ကို ဒုက္ခပေးဖို့ လာခဲ့တယ်"
"ဒီလိုဆိုမှတော့ ငါတို့တွေ ပြိုင်ကွင်းမှာ ယှဉ်ပြိုင်ကြရအောင်.. မင်းရဲ့ နံပါတ်တစ် ရွှေအဆင့်ကျောင်းသားဆိုတဲ့ ဂုဏ်ပုဒ်ကို ငါလိုချင်တယ်"
ကျန်းချန်၏ အေးစက်စက် စကားလုံးများသည် လူတိုင်းကို မှင်တက်စေခဲ့သည်။
"ဒီကောင်လေး ဦးနှောက်ပျက်သွားပြီလား"
"မုန့်သုန်ရှင်းက အပြင်စည်းနန်းတော်ရဲ့ နံပါတ်တစ် ရွှေအဆင့် ကျောင်းသား ဖြစ်တဲ့အပြင် ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၉ရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့သူပဲ.. သူက နက်နဲမှုအဆင့် ကာကွယ်ရေး နည်းစနစ်ကိုလဲ ကျင့်ကြံထားတယ်.. ဒါကြောင့် သူ့ရဲ့ တိုက်ပွဲဝင်စွမ်းရည်က ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်ကိုတောင် ကျော်လွန်နေခဲ့ပြီ.. တစ်ခါကဆို ချီကာကွယ်ရေးအဆင့်က ကျင့်ကြံသူနဲ့ ရင်ဆိုင်ရတောင် မုန့်သုန်ရှင်းက မရှုံးနိမ့်ခဲ့ဘူး"
"ဒီရွှေအဆင့် ကျောင်းသားသစ်က မုန့်သုန့်ရှင်းကို စိန်ခေါ်ပြီး အပြင်စည်းနန်းတော်ရဲ့ နံပါတ်တစ် ရွှေအဆင့်ကျောင်းသား နေရာကို လုယူမယ်လို့ ခြိမ်းခြောက်နေတယ်ဟ"
-------------
"ကောင်းတာပေါ့.. သိပ်ကောင်းတဲ့အစီအစဥ်ပဲ"
မုန့်သုန်ရှင်းက မဲ့ပြုံး ပြုံးလိုက်သည်။
"မင်းမှာ သတ္တိရှိနေမှတော့ ပြိုင်ကွင်းကိုသွားကြတာပေါ့"
စကားဆုံးသည်နှင့် မုန့်သုန်ရှင်းက လှည့်ထွက်သွားခဲ့သည်။
သူဒီနေ့ ဤနေရာကို လာသည်မှာ ကျန်းချန်ကို ရှင်းပစ်ဖို့ ဖြစ်သည်။
ယခုတော့ ဤကောင်လေးက သေမင်းခံတွင်းဝသို့ သူ့ဘာသာသူ လှမ်းဝင်လာခဲ့ရာ သူ့အနေဖြင့် ဘာမှ ယဥ်ကျေးနေစရာ မလိုတော့ပေ။
ကျန်းချန်က တွန့်ဆုတ်မှုမရှိဘဲ လိုက်သွားခဲ့သည်။
"အံမယ်.. ဒီကောင်က တကယ်ပဲ မုန့်သုန်ရှင်းကို စိန်ခေါ်ဖို့ ရည်ရွယ်နေတာလား"
"ဒါက စိတ်ဝင်စားစရာပဲ.. ငါတို့တွေ သွားကြည့်ကြရအောင်"
ပတ်ဝန်းကျင်မှ ကြည့်ရှုနေသည့် ကျောင်းသားအားလုံးသည် သူတို့နောက်သို့ လိုက်လာခဲ့ကြသည်။
ဤသတင်းက လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး လင်ယွင်ကျောင်းတော်မှ ကျောင်းသားများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ရွှေအဆင့်ကျောင်းသား အသစ်က နံပါတ်တစ် ရွှေအဆင့် ကျောင်းသား မုန့်သုန်ရှင်းကို စိန်ခေါ်လိုက်မှန်း သိသွားကြ၍ ပြိုင်ကွင်းရှိရာသို့ ရောက်လာခဲ့ကြသည်။
ဆယ်မိနစ်အကြာတွင် အပြင်စည်းနန်းတော်၏ ဧရာမရင်ပြင်ပေါ်တွင် ရာနဲ့ချီသည့် ကျင့်ကြံသူများသည် ရင်ပြင်အလယ်ရှိစင်မြင့်ကို ဝိုင်းရံထားခဲ့ကြသည်။
စင်မြင့်ပေါ်၌ မုန့်သုန်ရှင်းနှင့်ကျန်းချန် မျက်နှာချင်းဆိုင်နေသည်ကို မြင်လျှင် လူအတော်များများသည် ဆွံ့အသွားကြသည်။
"စင်မြင့်ပေါ်ကကောင်က ဘယ်သူလဲ.. မုန့်သုန်ရှင်းကိုတောင် စိန်ခေါ်ရဲတယ်"
"ငါအမှတ်ရမိသလောက် ပြောရရင် လွန်ခဲ့တဲ့ တစ်နှစ်တုန်းက အပြင်စည်းကျောင်းသားတွေထဲက နံပါတ်နှစ် ရွှေအဆင့်ကျောင်းသား လီရှန့်ကျယ်လဲ မုန့်သုန်ရှင်းကို စိန်ခေါ်ခဲ့ဖူးတယ်.. ဒါပေမယ့် ဆိုးဆိုးရွားရွား အရိုက်နှက်ခံရခြင်းနဲ့ပဲ အဆုံးသတ်သွားခဲ့တယ်"
"ဟက်.. ဒီကောင်လေးက တကယ်ကို စိတ်ဝင်စားဖို့ကောင်းသားပဲ"
အခန်း(၁၉) ပြီး၏